သွေးရောင် အလင်း
Vol. 8 Ch. 706
ထိုအရာကား ဒီထွိုက်မြို့ ဖြစ်သည်။ မြောက်အမေရိကတိုက်၏ အကြီးမားဆုံး မြို့ကြီး ဆယ်မြို့ထဲမှ တစ်မြို့ ဖြစ်သည်။
သို့သော်လည်း ချန်းပေ့ရွှမ်းသည် ထိုသို့သော မြို့ကြီးကို တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ကမ္ဘာမြေပေါ်မှ အပြီးတိုင် ဖျောက်ဖျက် ပစ်လိုက်ပြီ ဖြစ်သည်။
ထိုစွမ်းအားကား အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်း၏။
အမေရိကန် ပြည်ထောင်စု၊ အိမ်ဖြူတော်၌…
"ဒုက္ခပဲကွာ… မင်းတို့ ပြောတော့ ချန်းပေ့ရွှမ်းရဲ့ လက်နက်က အဆင်သင့် ပြန်ပြီး မဖြစ်သေးဘူးဆို… ခုကျတော့ မူလကထက် ဆယ်ဆ လောက်တောင် ပိုပြီး အင်အားကြီး လာသေးတယ်"
အမေရိကန် သမ္မတက အခြားလူများကို ကြည့်ကာ အော်ငေါက် လိုက်၏။
သူ၏ ပတ်လည်၌ ရှိနေသော လူများမှာ အစိုးရ ဌာန ပေါင်းစုံမှ ဝန်ကြီးများ ဖြစ်သည်။ သူတို့ အားလုံးသည် ခေါင်းများကို ငုံ့ကာ တိတ်ဆိတ် နေကြ၏။
မကြာခင်မှာပင် လုံခြုံရေး အရာရှိ အချို့က သမ္မတထံသို့ လာရောက်ကာ ဆိုလိုက် ကြသည်။
"သမ္မတကြီး… ဒီနေရာက မလုံခြုံတော့ဘူး… ကျုပ်တို့ အရေးပေါ် နားခိုဆောင်ကို ခုချက်ချင်း သွားမှ ဖြစ်မယ်… ချန်းပေ့ရွှမ်းက ဒီနေရာကို အချိန်မရွေး ရောက်လာနိုင်တယ်… ဒီလို အခက်အခဲမျိုးမှာ ကျွန်တော်တို့ အတွက် သမ္မတကြီးရဲ့ ဦးဆောင်မှု လိုအပ်တယ်"
သမ္မတသည် တစ်ခုခု ပြောရန် ကြိုးစား လိုက်၏။ သို့သော်လည်း သူ၏ ပါးစပ်မှ မည်သည့် စကားလုံးမျှ ထွက်မလာခဲ့ချေ။
ထို့နောက် သူသည် ဖြည်းညင်းစွာ ခေါင်းညိတ်၍ လုံခြုံရေး အရာရှိများ၏ ဝန်းရံမှုဖြင့် ဟယ်လီကော်ပတာထံ ထွက်ခွာ သွားတော့သည်။
ထိုအချိန် ပင်တဂွန် စစ်ဌာနချုပ် အတွင်း…
များစွာသော စစ်အရာရှိ ဗိုလ်ချုပ်များသည် ရုပ်တုများ အလား တောင့်တင်း အေးခဲ နေကြ၏။
ဝန်ကြီး အာနိုး၏ မျက်နှာတွင်မူ ကြောက်လန့်ခြင်း၊ အံ့ဩခြင်းများက ရေးခြယ် နေ၏။
"ဝန်ကြီး… ကျုပ်တို့ နောက်ထပ် လုပ်ရမယ့် အစီအစဉ်က ဘယ်လိုလဲ… ဒူးစ်ဒေး လက်နက်ကို အသက်သွင်း လိုက်ရမလား"
(ဒူးစ်ဒေး doomsday - ခရစ်ယာန်ဘာသာအရ၊ နောက်ဆုံး စီရင်ချက်ချမည့်နေ့။)
ဝန်ကြီးချုပ် အာနိုးက လက်ကို မြှောက်ကာ မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်၏။ သူ၏ လက်များက အနည်းငယ် တုန်ရီ၍ နေသည်။
ဒူးစ်ဒေး လက်နက်သည် စစ်အေး တိုက်ပွဲအတွင်း အမေရိကန်တို့ ဖန်တီးခဲ့သည့် နျူကလိယ လက်နက် ဖြစ်သည်။
ထိုနှစ်များ အတွင်းက USSR(ယခု ရုရှား) သည် ခရက်ရှက်ဟု ခေါ်သည့် တန်ချိန် မီလျံ ငါးဆယ် ရှိသော အက်တမ်ဗုံး တစ်လုံးကို စမ်းသပ် ပြခဲ့သည်။
ထိုခြိမ်းခြောက်မှုကို တုံ့ပြန်ရန် အတွက် အမေရိကန်တို့သည် တန်ချိန် မီလျံ တစ်ရာ နျူကလိယဗုံးကို ဖန်တီးခဲ့သည်။ ထိုဗုံးသည် အလွန် အစွမ်းထက်ရကား နိုင်ငံ တစ်နိုင်ငံကိုပင် ကမ္ဘာ့ မြေပုံမှ ဖျောက်ဖျက် ပစ်နိုင်စွမ်း ရှိ၏။
"ဝန်ကြီး… ဆုံးဖြတ်ချက်ကို မြန်မြန် ချပေးပါ… မဟုတ်ရင် အရမ်း နောက်ကျ သွားလိမ့်မယ်"
များစွာသော ဗိုလ်ချုပ်များက အာနိုးအား ကြည့်လိုက်ကြ၏။
ဝန်ကြီး အာနိုးက အသက် ပြင်းပြင်းရှူရင်း သူ၏ စိတ်များကို ပြန်လည် စုစည်း လိုက်သည်။ သူက အမိန့်ပေးရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်နှာက ချက်ချင်း အရုပ်ဆိုး သွား၏။
"နောက်ကျသွားပြီ…"
လူတိုင်းသည် ပြတင်းပေါက်ကို ဖြတ်၍ အပြင်သို့ ကြည့်လိုက်ရာ အပြာရောင် ကောင်းကင်သည် သွေးအလား တဖြည်းဖြည်း နီရဲလာသည်ကို တွေ့လိုက် ကြရသည်။
တစ်ချိန်တည်းတွင် မရေ မတွက်နိုင်သော လူများသည် ထို လျှို့ဝှက် ဆန်းကြယ်သည့် လူငယ်မှာ မည်သူ ဖြစ်လိမ့်မည်မှန်း ခန့်မှန်း ပြောဆို နေကြသည်။
ချန်းဖန်အား ယခင် ကတည်းက တွေ့ဖူးသူ အချို့ ရှိသော်လည်း အများစုမှာမူ ယနေ့မှ တွေ့မြင်ဖူးကြခြင်း ဖြစ်သည်။
အချို့က ချန်းဖန်မှာ တရုတ် စစ်တပ်မှ ထုတ်လုပ်ထားသည့် အထူး စစ်သား တစ်ယောက်ဟု ဆိုကြသည်။ အချို့က ချန်းဖန်မှာ ခရစ်တန် ဂြိုဟ်မှ စူပါမန်း တစ်ဦးဟု ပြောကြသည်။
များစွာသော လူများကမူ ချန်းဖန်မှာ နတ်ဘုရား တစ်ယောက် ဖြစ်ပြီး အမေရိကန်ကို အပြစ်ပေးရန် ရောက်ရှိ လာခဲ့ခြင်းဟု ယုံကြည် ကြ၏။
ကောလာဟလများသည် အင်တာနက် စာမျက်နှာများ၌ တောမီးများ အလား ပျံ့နှံ့ နေခဲ့သည်။
လူအချို့က ချန်းဖန်သည် မြန်မာ သူတော်စင် ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။ သို့သော် ကွဲပြားသည်ကား မြန်မာ သူတော်စင်သည် အဇူရာ အလင်းဖြင့် ဝန်းရံနေသော ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ကာ ယခု တစ်ယောက်မှာမူ သွေးရောင် တောက်ပနေသည်။
"ပေါက်ကရတွေ လျှောက်ပြော မနေကြနဲ့… သူက ကောင်းကင် သတ်မှတ်ချက် နံပါတ်တစ် ချန်းပေ့ရွှမ်းပဲ… အမေရိကန်က သူ့ဇနီးလောင်းကို ဖမ်းထားလို့ သူသွားပြီး ကယ်နေတာ"
သိုင်းလောကနှင့် နီးစပ်သူ အချို့က ရေးသား ကြသည်။
အစပိုင်း၌ ထိုအရာကို မည်သူမျှ မယုံကြည်ကြချေ။ သို့သော်လည်း မကြာခင်မှာပင် ချန်းဖန် အကြောင်း ပိုမို အသေးစိတ် ကျသည့် အချက်အလက်များက အင်တာနက်ပေါ်သို့ ပျံ့နှံ့လာခဲ့သည်။
"၂၀၀၉ ဇန်နဝါရီလ… ချန်းဖန်သည် ဂျပန်နိုင်ငံ ဆယ့်လေးခုမြောက် ကြည်းတပ်ကို အနိုင်ယူ ခဲ့သည်"
"၂၀၁၀ မတ်လ… ချန်းဖန်သည် ရုရှား ၁၁၆ တပ်ရင်းကို အနိုင်ယူကာ ဒုတိယ ဗိုလ်ချုပ် တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်"
"၂၀၁၂ ဇန်နဝါရီလ… ချန်းဖန်သည် မြေထဲပင်လယ် ရေတပ်ကို အနိုင်ယူကာ ဥရောပ ယူနီယံ၏ တိုက်လေယာဉ် တစ်ဒါဇင်ကို ဖျက်ဆီးပစ်ခဲ့သည်"
သေးငယ်သော အချက်အလက်များစွာ ချိတ်ဆက်မိသည်နှင့် လူများသည် အရာရာကို စတင်ကာ သဘောပေါက် လာခဲ့သည်။ ယနေ့မှ စ၍ ချန်းဖန်သည် သူ၏ အဆင့်အတန်းကို ကမ္ဘာတွင် ဖုံးကွယ်၍ ရတော့မည် မဟုတ်ချေ။
"အဲဒါတွေ တကယ်ကြီးလား… နှစ်ဆယ့်နှစ်နှစ်သား တစ်ယောက်က အဲဒီလိုတွေ လုပ်နိုင်တာလား… သူက ဂျပန် ရုရှား ဥရောပ ယူနီယံတို့ကိုတောင် အနိုင်ယူခဲ့တာလား"
"နောက်ပြီး အမှောင်ကမ္ဘာ ဆိုတာကရော… သွေးစုပ်ဖုတ်ကောင်တွေ သမန်း ဝံပုလွေတွေက တကယ် ရှိတာလား"
"မဟာ အင်အားကြီးချန်း အရှင်ချန်း စိတ်တိုကြီးချန်း… အဲဒီ နာမည်တွေကရော ဘာတွေလဲ"
များစွာသော လူများက အင်တာနက် ပေါ်တွင် မေးခွန်းများ ထုတ်ကြသည်။ မိန်းကလေး အင်တာနက် အသုံးပြုသူများကမူ ဖန့်ချုံးအား ကျိတ်ကာ မနာလို ဖြစ်နေကြသည်။
"ဖန့်ချုံး ဆိုတဲ့ မိန်းကလေးက တကယ်ပဲ ကံကောင်းတာပဲ… တစ်စုံတစ်ယောက်က သူ့ အတွက်နဲ့ အမေရိကန်လို နိုင်ငံမျိုးကို တိုက်ခိုက် ရဲတယ်"
ထိုအချိန်၌ ဖန့်ချုံးကမူ အမေရိကန်၊ ဝါရှင်တန်မြို့၊ အထူး တရားရုံး၌ ရှိနေသေး၏။ အထူး တရားရုံးသည် အမေရိကန် ပါလီမန် အဆောက်အဦနှင့် ဘေးချင်းကပ် တည်ရှိသည်။
တရားရုံး အတွင်း၌ လေထုသည် အေးစက်ကာ ခြောက်သွေ့ တိတ်ဆိတ်နေ၏။
အထူး တရားသူကြီး ကိုးယောက်သည် ထိုင်ခုံ အမြင့်များတွင် ထိုင်ရင်း ဖန့်ချုံး၏ အမှုကို စစ်ဆေးနေကြဆဲ ဖြစ်သည်။
တရားသူကြီးချုပ် ဆူဆန် လီယန်က ဖန့်ချုံးအား ကြည့်ရင်း နှာခေါင်း တစ်ချက် ရှုံ့လိုက်သည်။ ထို သနားစရာ မိန်းကလေးကား သူမ၏ လှည့်ကွက် အတွင်း ကျရောက် ပေတော့မည်။
"တရားခံ ဖန့်ချုံး… သင့်ရဲ့ ချေပချက်တွေက ဘယ်လောက် အားနည်းပြီး အခြေအမြစ် မရှိဘူး ဆိုတာ သင် သိမှာပါ… သက်သေ အထောက်အထားတွေ အရဆို သင့်အနေနဲ့ ဘယ်လိုမှ မလွတ်မြောက် နိုင်တော့ဘူး… ဒါပေမဲ့ စိတ်မပူပါနဲ့… ငါတို့ မကြာခင် သင့်ရဲ့ သတို့သားကိုပါ ဖမ်းနိုင်လိမ့်မယ်… အဲဒီ အခါကျ သင်တို့ နှစ်ယောက် အတူ မခွဲမခွာ ထောင်နန်းစံကြပေါ့"
ဆူဆန် လီယန်က ပြောလိုက်သည်။
"ကျွန်မမှာ အပြစ် မရှိဘူး… နောက်ပြီး ရှောင်ဖန်မှာလည်း အပြစ် မရှိဘူး"
ဖန့်ချုံးက မေးစေ့ကို မော့ကာ ပြောလိုက်၏။ သူမ၏ လေသံကမူ ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်နေသည်။
ဆူဆန် လီယန်က နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူမက တရား ကြားနာခြင်းကို ဆက်လက်ရန် အမိန့်ပေး လိုက်၏။
သို့သော်လည်း တရားရုံး ခန်းမ အတွင်း၌ တစ်ခုခု ထူးဆန်းနေသည်ကို သူမ သတိထား လိုက်မိသည်။ လူများသည် သူမကို ဂရုမစိုက်ပဲ သူတို့၏ ဆဲလ်ဖုန်းများကိုသာ အံ့အားသင့်စွာနှင့် မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
"အမိန့်…"
ဆူဆန် လီယန်က လက်ထဲမီတူဖြင့် ခုံကို ထုရင်း အော်ဟစ်လိုက်သည်။ သို့သော်လည်း မည်သူမျှ သူ့ကို ဂရု မစိုက်ကြချေ။
"ဘာဖြစ်နေတာလဲ…"
လီယန် မျက်မှောင်ကြုတ် လိုက်စဉ်မှာပင် တရားရုံး ခန်းမ တံခါး ပွင့်လာကာ အနက်ရောင်ဝတ် လူတစ်စု ဝင်ရောက် လာခဲ့၏။ ထိုလူစုကို ဦးဆောင်လာသူမှာ စီအိုင်အေ၏ ဒါရိုက်တာ ဖြစ်ကြောင်း သူမ ချက်ချင်းပင် သတိထားမိလိုက်သည်။
စီအိုင်အေ ဒါရိုက်တာသည် တရားရုံး ခန်းမ အတွင်း လျှောက်လာကာ အစွန်ဆုံးရှိ တရားသူကြီး၏ နားသို့ ကပ်၍ တစ်စုံတစ်ခု တီးတိုး ပြောလိုက်သည်။ ထိုတရားသူကြီး၏ မျက်နှာသည် ဖြူရော်သွား၏။
"ဘာဖြစ်လို့လဲ…"
ဆူဆန် လီယန်က အလောတကြီးဖြင့် မေးလိုက်သည်။
တရားသူကြီး လော့ရင့်က မှေးမှိန်စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။
"တရားသူကြီးချုပ်… ဒီနေ့တော့ တရား စစ်ဆေးခြင်းကို ဒီလောက်နဲ့ နားလိုက် ကြရအောင်… နိုင်ငံမှာ ကြီးမားတာ တစ်ခုခု ဖြစ်နေပြီ"
"ဘာလဲ… ဘယ်ကိစ္စက ဒီ တရား စစ်ဆေးခြင်းထက် ပိုပြီး အရေးကြီးလို့လဲ"
ဆူဆန် လီယန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"သူ့ရဲ့ သတို့သားလောင်းက ဒီကို ရောက်လာပြီ"
တရားသူကြီး လော့ရင့်က တိုးတိတ်စွာ ဆိုလိုက်သည်။
"အဲဒီတော့ရော ဘာဖြစ်လဲ… အမေရိကန် သမ္မတတောင် ဒီအခန်းထဲ ရောက်ရင် ငါ့ရဲ့ စည်းမျဉ်းကို လိုက်နာရတယ်… ငါက ဘယ်သူ့ကို ကြောက်ရမှာလဲ"
ဆူဆန် လီယန်က နှာခေါင်းရှုံ့လိုက်သည်။
"ဘုန်း…"
ရုတ်တရက် ပြတင်းပေါက် အပြင်မှ ကျယ်လောင်သော မိုးကြိုးသံများ ထွက်ပေါ် လာခဲ့သည်။
ဆူဆန်လီယန်သည် ထိုနေရာသို့ ကြည့်လိုက်ရာ သူမ တစ်သက် မမေ့နိုင်သော မြင်ကွင်းကို မြင်တွေ့ လိုက်ရ၏။
"ဟူး… ဟူး…"
ကောင်းကင် တစ်ခုလုံးသည် သွေးဖြင့် ရေးခြယ် ထားသည့် အလား ရဲရဲနီနေသည်။ သို့သော် ထိုအရာများကား မိုးတိမ်များ မဟုတ်ချေ။ မီးများသာ ဖြစ်၏။
"ဘုန်း…"
ရုတ်တရက် သွေးရောင် အရိပ် တစ်ခုသည် မိုင်ပေါင်းများစွာကို ဖြတ်သန်းကာ ဝါရှင်တန်၏ ကောင်းကင်တွင် ပေါ်လာခဲ့သည်။
ချန်းဖန်ကား ရောက်ရှိ လာခဲ့ပြီ ဖြစ်လေသည်။
***