ကက်ပီတယ်ဟေး
Vol. 8 Ch. 707
ဒီထွိုက်မြို့ ဖျက်ဆီးခံရ အပြီး ရန်ကျင်းတွင်…
"ဖေးဖေး… သူ ဒီလောက် အစွမ်းထက်တယ် ဆိုတာ ငါ့ကို ဘာလို့ မပြောတာလဲ… ငါသာ စောစောတည်းက သိရင် သူ့ကို ရအောင် ယူမှာ"
နင်ရှင်းက အော်ဟစ်လိုက်၏။ သူမ၏ မျက်လုံးများက မနာလိုခြင်းများဖြင့် ပြည့်နှက် နေသည်။
"အစ်မ ဖန့်ချုံးက တကယ် ကံကောင်းတာပဲ"
ရှု့ယုံဖေးက သက်ပြင်းချရင်း တီးတိုး ရေရွတ် လိုက်သည်။ သူမ၏ အသံတွင်မူ ဝမ်းနည်းခြင်း အရိပ်အငွေ့ အချို့က ရောယှက်နေ၏။
***
ဝမ်မိသားစု…
အရာအားလုံးသည် ခြောက်သွေ့ကာ ငြိမ်သက် တိတ်ဆိတ်နေ၏။
ရွှယ်ဟုန်မေ့၊ ဝမ်ကဲ့ချင်တို့ အပါအဝင် တစ်ဦး တစ်ယောက်မျှ စကား မဆိုခဲ့ကြချေ။ သူတို့၏ မျက်နှာများကမူ ဖြူရော်၍ နေသည်။
***
ရှောင်မိသားစု…
"လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ခွန်အားက အထွတ်အထိပ်ကို ရောက်သွားတဲ့ အခါမှာ အာဏာ ပိုက်ဆံ ခြိမ်းခြောက်မှု ဘယ်အရာကမှ အသုံး မဝင်တော့ဘူး… ချန်းပေ့ရွှမ်းက အမြင်သာဆုံး ဥပမာပဲ… သူက လူတွေ ဘယ်လို တွေးမယ် ဆိုတာကို ဂရုမစိုက်ဘူး… တစ်ကမ္ဘာလုံးက သူ့ကို ဆန့်ကျင် တော့ရော ဘာအရေးလဲ… သူက အားလုံးကို သတ်ပစ်နိုင်တယ်…"
အဘိုးကြီးရှောင်က ခေါင်းကိုခါရင်း ဖြူရော်စွာ ပြုံးလိုက်သည်။
ရှောင်ရွှမ်နှင့် အခြား ရှောင်မိသားစုဝင်များကမူ ငြိမ်သက်စွာဖြင့် TV စခရင်ကိုသာ ကြည့်နေခဲ့သည်။
***
မြောက်ပိုင်းချုံးဂိုဏ်း…
အားရှို့၊ ယုဝမ်ကျင်းနှင့် ယူကီရှီရိုဆာတို့မှာ အာခေါင်များပင် ခြောက်ကပ်သလို ခံစား နေကြရသည်။
"ဆရာက အရမ်းကို အစွမ်းထက်တာပဲ… နောက်ကျ ငါလည်း သူ့ကို အစွမ်းထက်လာရင် ဘယ်လောက် ကောင်းလိုက်မလဲ"
အားရှို့က ရေရွတ်လိုက်သည်။
"ဆရာတူ အစ်မလည်း ကျိန်းသေ အစွမ်းထက် လာမှာပါ"
ဟွာရန်ဖန်းက ပြောလိုက်သည်။
သူသည် ချန်းဖန်၏ မှတ်ဉာဏ် အပိုင်းအစ အချို့၌ ကြီးကျယ်သော စကြဝဠာကို မြင်တွေ့ခွင့် ရခဲ့သည်။
ထိုမှတ်ဉာဏ်များထဲမှ တန်ခိုးရှင်များနှင့် ယှဉ်ပါက နျူကလိယ လက်နက်ပင် ကလေး ကစားစရာထက် မပိုချေ။
"တစ်နေ့မှာ ဆရာက ကမ္ဘာနဲ့ စကြဝဠာထဲက အခြား ဂြိုဟ်တွေ အကုန်လုံးကို စိုးမိုး လိမ့်မယ်… သူ့ရဲ့ တပည့်တွေ အနေနဲ့ ငါတို့ရဲ့ အောင်မြင်မှုကလည်း အဆုံးသတ် ရှိမယ် မထင်ဘူး"
ဟွာရန်ဖန်းက ခိုင်မာစွာ ပြောလိုက်သည်။
***
တစ်ချိန်တည်းတွင် သွေးရောင် တောက်ပသော အလင်းကား ဝါရှင်တန်မြို့၌ ဖုံးလွှမ်းလာခဲ့ပြီ ဖြစ်လေသည်။
ဝါရှင်တန်…
ဝါရှင်တန်သည် အမေရိကန်၏ မြို့တော် ဖြစ်ကာ ကမ္ဘာ၏ အချက်အချာ အကျဆုံး မြို့လည်း ဖြစ်သည်။
သို့သော် ယနေ့တွင်မူ ဝါရှင်တန် တစ်မြို့လုံးသည် ကမ္ဘာပျက်မတတ် တုန်လှုပ် နေခဲ့၏။ လူတိုင်းသည် လူပေါင်း မြောက်မြားစွာကို သတ်ခဲ့သော နတ်ဆိုး ရောက်လာတော့မည် ဖြစ်ကြောင်း သိထားကြသည်။
ထိုနတ်ဆိုးသည် ဒီထွိုက်မြို့ကို ဖျက်ဆီးပစ်ခဲ့သည်။ သူက ဝါရှင်တန်ကိုပါ ထိုသို့ ဖျက်ဆီးပစ်မည်လား မည်သူမျှ မပြောနိုင်ချေ။
"ဝူး… ဝူး…"
မရေမတွက်နိုင်သော ကားများသည် မြို့တော်မှ မောင်းကာ ထွက်ပြေးရန် ကြိုးစား နေကြသည်။ အချို့ သူဌေးကြီးများ ဆိုလျှင် ဟယ်လီကော်ပတာများကို စီးနင်းကာ ကောင်းကင်မှ တစ်ဆင့် ပျံသန်း ထွက်ခွာနေကြ၏။
"မြို့သူ မြို့သား အားလုံးပဲ စိတ်အေးအေး ထားကြပါ… လမ်းမတွေမှာ ပိတ်မနေကြပါနဲ့… အမေရိကန် စစ်တပ်က ခင်ဗျားတို့ကို အဆုံးထိ ကာကွယ်ပေးမှာပါ"
နိုင်ငံအနှံ့အပြားမှ မရေမတွက်နိုင်သော သံချပ်ကာ ယာဉ်များ၊ ခြေလျင် စစ်တပ်များသည် အိမ်ဖြူတော်နှင့် ကက်ပီတယ်ဟေးကို ကာကွယ်ရန် ဝါရှင်တန်သို့ တဖွဲဖွဲ ရောက်ရှိလာနေကြ၏။
"BBC သတင်းဌာနမှ ကြိုဆိုပါတယ်… ကျွန်မကတော့ သတင်းထောက် ကက်တယ် လီနာပါရှင်…"
ဆွဲဆောင်မှု ရှိသော အမျိုးသမီး သတင်းထောက်က ကင်မရာ၏ အရှေ့တွင် ရပ်ရင်း ကြေညာလိုက်သည်။
"ကျွန်မ အခု ရောက်ရှိနေတာကတော့ ကက်ပီတယ်ဟေးရဲ့ အရှေ့ လမ်းမမှာပဲ ဖြစ်ပါတယ်… မကြာခင် အကြမ်းဖက် တိုက်ခိုက်သူဟာ ဝါရှင်တန်မြို့ကို ရောက်ရှိ လာတော့မှာပဲ ဖြစ်ပါတယ်… သူက မြို့တော်ကို ဖျက်ဆီးမလား အမေရိကန် အစိုးရနဲ့ ညှိနှိုင်းမလား ဆိုတာတော့ ခုထိ မသိရသေးပါဘူး… ဝါရှင်တန်ရဲ့ ကံကြမ္မာအတွက် သူဟာ ကျိုးကြောင်းဆီလျော်တဲ့ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ဖို့ပဲ ဆုတောင်း ရပါတော့မယ်"
ကက်တယ်လီနာ အပြင် CNN, ရေဒီယို ဖရန့် , RIA နိုဗိုစတီ စသည့် သတင်းဌာနများမှ သတင်းထောက် များမှာလည်း ကက်ပီတယ်ဟေး၏ အရှေ့၌ ရောက်ရှိကာ သတင်း ရယူနေကြ၏။
ကက်ပီတယ်ဟေး…
ကက်ပီတယ်ဟေးသည် အမေရိကန် ကွန်ဂရက် လွှတ်တော် တည်ရှိရာ နေရာ ဖြစ်ပြီး အိမ်ဖြူတော်နှင့် အထူး တရားရုံးတို့ အကြား၌ တည်ရှိသည်။
ယနေ့တွင် များစွာသော စစ်သားများသည် ကက်ပီတယ်ဟေး၏ အရှေ့၌ စုရုံး နေကြ၏။ သူတို့သည် စိုးရိမ်နေသော မျက်နှာများဖြင့် အနောက် အရပ် ကောင်းကင်သို့ လှမ်းကာ မျှော်ကြည့် နေကြသည်။
တစ်ချိန်တည်းတွင် ဝါရှင်တန် မြို့တော်သူ မြို့တော်သားများကား ပွက်ပွက်ဆူ နေခဲ့ပြီ ဖြစ်လေသည်။
ယခု လာနေသော နတ်ဆိုးသည် အလွန် ရက်စက် ကြမ်းကြုတ်ကာ လမ်းတစ်လျှောက် များစွာသော စစ်တပ်ရင်းများ၊ လူများကို သတ်ဖြတ်ခဲ့သည်။ သူ၏ လက်အောက်၌ ဒီထွိုက်မြို့ကြီးပင် ဖျက်ဆီးခံခဲ့ရသည်။
"သူက ဘယ်သူလဲ…"
"သူက ဘာလို့ အမေရိကန်ကို တိုက်ခိုက်ရတာလဲ…"
မေးခွန်းများက ဝါရှင်တန် လူထု၏ ခေါင်းများ၌ ပြည့်နှက်နေ၏။
ချန်းဖန် အကြောင်း ကောလာဟလများကား အလွန်ပင် များပြား ရှုပ်ထွေးလှရာ လူများစွာမှာ မည်သည့် အရာကို ယုံရမှန်း မသိကြတော့ချေ။
"ပြည်သူ အားလုံးပဲ စိတ်ကို ငြိမ်ငြိမ် ထားကြပါ… ကျုပ်တို့က နိုင်ငံရဲ့ အစောင့် အရှောက်တွေပါ… နိုင်ငံကို ကာကွယ်ပြီး ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ဖို့ ကျုပ်တို့မှာ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်"
"ဝှိုက်ကောင်ဆယ်လာ" က ထွက်လာကာ ကက်ပီတယ်ဟေး၏ အပြင်ဘက်မှ လူများကို တည်ငြိမ်မှု ရစေရန် ကြိုးစားလိုက်၏။
သို့သော်လည်း လူများကား အရူးများ မဟုတ်ကြချေ။ နျူကလိယ လက်နက်ပင် ထိုနတ်ဆိုးကို မသတ်နိုင်ရာ သူ့အား မည်သည့် အရာဖြင့် တားမည်နည်း။
BBC, CNN သတင်းထောက်များက ဝှိုက်ကောင်ဆယ်လာကို ခေါင်းကိုက်သည် အထိ မေးခွန်းများ တရစပ် မေးကြသည်။
ထိုအချိန် ကွန်ဂရက် လွှတ်တော် အတွင်း၌လည်း ကောင်ဆယ်လာများသည် အကြိတ်အနယ် ဆွေးနွေးနေကြ၏။
အချို့ ကောင်ဆယ်လာများက ချန်းဖန်၏ တောင်းဆိုမှုများကို လိုက်လျောကာ ငြိမ်းချမ်းရေး ရယူရန် ပြောဆိုကြသည်။ အချို့ကမူ ပိုမို အစွမ်းထက်သော နျူကလိယဖြင့် သတ်ဖြတ်ပစ်ရန် စိတ်အား ထက်သန် နေကြသည်။
သူတို့ ငြင်းခုံနေစဉ်မှာပင်…
"ဘုန်း…"
ရုတ်တရက် သွေးရောင် အရိပ် တစ်ခုသည် အနောက်မှ အရှေ့ အရပ်သို့ လျင်မြန်စွာ ပျံသန်း လာ၍ ဝါရှင်တန်၏ ကောင်းကင်သို့ ရောက်ရှိ၏။
ချက်ချင်းပင် ဝါရှင်တန်၏ ကောင်းကင်က မီးအလား ရဲရဲနီ လာသည်။
"နတ်ဆိုးက ရောက်လာပြီလား"
မရေမတွက်နိုင်သော ဝါရှင်တန် မြို့သူ၊ မြို့သားများသည် စိတ်ပူစွာဖြင့် ကောင်းကင်အား မော့ကြည့်ကြ၏။ များစွာသော စစ်သားများကလည်း သူတို့၏ လက်နက်များကို ထုတ်ကာ ကောင်းကင်သို့ ထိုးချိန် လိုက်ကြသည်။
သတင်းထောက်များသည် သူတို့၏ ကင်မရာများကို ကောင်းကင်သို့ ထိုးချိန် လိုက်ကြသည်။
"ဟူး… ဟူး…"
သွေးရောင် အရိပ်သည် ကက်ပီတယ်ဟေး၏ အပေါ်သို့ ရောက်သည်နှင့် ဖြည်းညင်းစွာ ရပ်လိုက်၏။
ထိုအချိန်၌ တစ်ကမ္ဘာလုံးရှိ လူများကား အသက်ပင် ရဲရဲ မရှူဝံ့ကြတော့ချေ။
"ဝှစ်…"
ရုတ်တရက် သွေးရောင် အလင်းများ လွင့်ပြယ်ကာ လူတစ်ယောက်၏ ပုံရိပ်သဏ္ဌာန် ပေါ်လာခဲ့သည်။
ထိုလူကား ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ တစ်ချိန်တည်းတွင် သူ၏ အနက်ရောင် ဆံပင်များက လေနှင့်အတူ လွင့်မြောနေသည်။
သူ၏ မျက်လုံးများတွင်မူ အနီရောင် မီးက ရဲရဲ တောက်လောင်နေ၏။
"သူက… လူလား နတ်ဘုရား"
များစွာသော လူများက TV စခရင်ကို ကြည့်ရင်း မေးခွန်း ထုတ်မိကြသည်။
***
ထိုအချိန် အမေရိကန် ဖက်ဒရယ် အထူး တရားရုံးတွင်…
ဆူဆန်လီယန်သည် ကောင်းကင်အား ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
"အဲဒါက ဘာဖြစ်တာလဲ…"
"အဲဒါ သူပဲ… သူ ဒီကို ရောက်လာပြီ"
တရား ခန်းမ အတွင်းရှိ ထိတ်လန့်နေဟန် ရသော တစ်စုံတစ်ယောက်က ထကာ အော်ဟစ် လိုက်သည်။ သူ၏ မျက်နှာက ဖြူရော် နေ၏။
"ကျေးဇူးပြုပြီး တရားရုံးမှာ တိတ်တိတ် ဆိတ်ဆိတ် နေပေးပါ"
ဆူဆန်လီယန်က ထိုတစ်ယောက်ကို ကြည့်ကာ ဟောက်လိုက်သည်။
တရားသူကြီး လောရင့်က ဆူဆန်လီယန်၏ လက်အား လာဆွဲကာ ပြောဆိုလိုက်သည်။
"တရားသူကြီးချုပ်… သွားကြရအောင် အချိန် မရှိတော့ဘူး"
"ဘာဖြစ်နေတာလဲ… ငါတို့ ဒီမှာ အလုပ် ပြီးသေးလို့လား"
ဆူဆန်လီယန်က အေးစက်စွာ ပြောရင်း လောရင့်၏ လက်ကို ကြမ်းတမ်းစွာ တွန်းဖယ် လိုက်သည်။
"ဘုန်း…"
ထိုအချိန်မှာပင် သွေးရောင် အလင်းများ ကွယ်ပျောက်ကာ ချန်းဖန်၏ ပုံရိပ် ပေါ်လာခဲ့၏။
ဆူဆန်မှာ ထိုမြင်ကွင်းကို တွေ့သည်နှင့် ထိတ်လန့်ခြင်းများ အထွတ်အထိပ် အထိ ရောက်ရှိ သွားသည်။ သူမသည် စကား တစ်ခွန်းပင် မဆိုနိုင်တော့ချေ။
တစ်ချိန်တည်းတွင် ဖန့်ချုံးသည် မတ်တတ်ရပ်ကာ ကောင်းကင်ရှိ ချန်းဖန်အား ပျော်ရွှင်စွာ ကြည့်လိုက်၏။
"ဟူး… ဟူး…"
ချန်းဖန်သည် ဖြည်းညင်းစွာဖြင့် ကောင်းကင်မှ ကက်ပီတယ်ဟေး၏ အပေါ်သို့ ဆင်းသက် လာသည်။
သတင်းထောက်များကို တည်ငြိမ်ရန် ပြောနေသော ဝှိုက်ကောင်ဆယ်လာသည် ထိုမြင်ကွင်းကို မြင်သည်နှင့် ရုပ်တု တစ်ခု အလား ဆွံ့အသွား၏။
ကြောက်မက်ဖွယ် စွမ်းအား၏ ဖိနှိပ်မှု အောက်တွင် များစွာသော စစ်သားများ၊ သတင်းထောက်များသည် တောင့်ခံနိုင်ခြင်း မရှိတော့ပဲ ဒူးများကို ထောက်ကာ ချလိုက်ရ၏။
မည်သည့် သာမန်လူက မူလအဆင့် ကျင့်ကြံသူ တစ်ယောက်၏ အရှိန်အဝါကို တောင့်ခံ နိုင်မည်နည်း။
"ဘုန်း…"
ဝှိုက်ကောင်ဆယ်လာ၏ ခန္ဓာကိုယ်မှာလည်း ရုတ်ခြည်းပင် ကွေးညွှတ်ကာ မြေပြင်သို့ ဒူးထောက်လျက် အနေအထားဖြင့် ကျသွားသည်။ BBC ၏ သတင်းထောက်သည် ထိုမြင်ကွင်းကို ကင်မရာဖြင့် အချိန်မှီ ဖမ်းယူလိုက် နိုင်သည်။
"ဘာလဲ…"
TV မှ တစ်ဆင့် ကြည့်နေကြသော ကမ္ဘာ တစ်ဝန်းရှိ လူများသည် ထိုမြင်ကွင်းကို မြင်သည်နှင့် တိတ်ဆိတ် ဆွံ့အသွားကြတော့၏။
အမေရိကန် ပြည်ထောင်စု၏ ဝှိုက်ကောင်ဆယ်လာ အပါအဝင် လူတိုင်းက ဒူးထောက်ကြရခြင်း…
ထိုအဖြစ်အပျက်ကား နောင်နှစ်ပေါင်း ထောင်ချီတိုင် လူသားများ၏ သမိုင်း၌ မပျောက်မပျက် စွဲထင်နေတော့မည့် အရာ တစ်ခုပင် ဖြစ်သည်။
"အဲဒါက အမေရိကန်ရဲ့ နှစ်ရာချီ သမိုင်းမှာ အရှက်အရဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာ လိမ့်မယ်"
"လူသား မျိုးနွယ်ရဲ့ အရှင်သခင် အင်ပါယာကြီးက လူသား တစ်ယောက်ဆီမှာ လက်နက် ချတော့မှာလား"
လူတိုင်းသည် တွေးတောမိကြ၏။
***