အမေရိကန်၏ အရှုံးပေးမှု
Vol. 8 Ch. 708
ဝှိုက်ကောင်ဆယ်လာ ဂျော်ဂျီဝုဒ်က ဒူးထောက် နေရာမှ ထိတ်လန့်စွာဖြင့် ချန်းဖန်အား မော့ကြည့်ကာ ဆိုလိုက်သည်။
"ဆရာ… အမေရိကန်မှာ ဆရာ့ကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး… ဒါက နားလည်မှု လွဲတာ သက်သက်ပါ"
ဂျော်ဂျီဝုဒ်သည် ဘဝ တစ်လျှောက်လုံး ယခုကဲ့သို့ ကြောက်လန့်မှု၊ အရှက်ရမှုမျိုး တစ်ကြိမ်မျှ မခံစားခဲ့ရချေ။
ကောင်ဆယ်လာ တစ်ယောက် အနေဖြင့် သူသည် အခြားလူများ ထိတ်လန့် ချောက်ချား နေချိန်တွင်ပင် တည်ငြိမ်မှု ရှိအောင် ကြိုးစား နေနိုင်ခဲ့သည်။
သို့သော်လည်း ယခုတွင်မူ ချန်းဖန်၏ ဖိနှိပ်မှု အောက်၌ သူသည် တစ်ကိုယ်လုံး တုန်ရီသည် အထိ ကြောက်လန့်နေခဲ့၏။
"ဟမ်…"
ချန်းဖန်၏ မျက်လုံးများက ဒေါသတရားဖြင့် ပြည့်နှက်နေ၏။
"စတားဝါး ကော်ပိုရေးရှင်းက ပထမဆုံး ငါ့ကို နျူကလိယနဲ့ အလစ် တိုက်ခိုက်တယ်… နောက်ပြီး အမေရိကန်က ငါ့ဇနီးလောင်းကို ဖမ်းပြီး ရုံးတင်တယ်… ဒါတောင် မင်းတို့က နားလည်မှု လွဲတယ် ပြောချင်တာလား"
"ငါ ချန်းပေ့ရွှမ်းက စော်ကားလို့ ရတဲ့လူ မဟုတ်ဘူး… လက်နက်ချမလား သေမလား ကြိုက်တာရွေး"
ချန်းဖန်က မိုးကြိုး ထောင်သောင်းများစွာ ထစ်ချုန်းသည့် အသံဖြင့် ဆိုလိုက်၏။ ထိုအသံက ဝါရှင်တန် တစ်မြို့လုံးကို အထပ်ထပ် ပဲ့တင်သံဖြင့် ပျံ့နှံ့၏။
အထူး တရားရုံးတွင်…
ဆူဆန်လီယန်သည် ပြတင်းပေါက်မှ တစ်ဆင့် ကောင်းကင်၌ လေနှင့်အတူ ရပ်တည်နေသည့် လူငယ်အား မျက်လုံးများ ပေါက်ထွက်မတတ် ငေးကြည့် နေခဲ့မိသည်။
သူမသည် ထို နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်မှာ သူမ တရား စစ်ဆေးနေသည့် တရားခံ မိန်းကလေး၏ ခင်ပွန်းလောင်း ဖြစ်လိမ့်မည် ဟု တစ်ကြိမ်မျှ မတွေးမိချေ။
"မစ္စတာချန်း… ဘယ်သူမှာမှ ခင်ဗျားကို စော်ကားလိုတဲ့ဆန္ဒ မရှိပါဘူး… ဒါက တကယ့်ကို နားလည်မှု…"
ဂျော်ဂျီဝုဒ် စကားပြော၍ မဆုံးခင်မှာပင် ချန်းဖန်က မီးတောက် တစ်ခုကို ပစ်လွှတ် လိုက်၏။
"ဝှစ်… ဝှစ်…"
မီးတောက်၏ လောင်ကျွမ်းမှုတွင် ကောင်ဆယ်လာ၏ ခန္ဓာကိုယ်သည် ခဏချင်း ပြာကျ ပျောက်ကွယ်သွား၏။
ထိုကောင်ဆယ်လာများသည် သူ့အား နျူကလိယဖြင့် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သူများ ဖြစ်သကဲ့သို့ ဖန့်ချုံးအား ဖမ်းဆီးရန် အမိန့်ပေးခဲ့သူများ ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ သူတို့က ထိုအရာမှာ နားလည်မှု လွဲခြင်းဟု ဆိုကာ ချန်းဖန်အား အရူးလုပ်ရန် ကြိုးစားနေသည်။ ချန်းဖန်က အဘယ်ကြောင့် ယုံရမည်နည်း။
"ဆရာ… စိတ်အေးအေးထားပါ… ကျွန်တော်တို့ဘက်က ဖြေရှင်းချက် ပေးပါ့မယ်"
အခြား ကောင်ဆယ်လာ တစ်ယောက်က ထွက်လာကာ ချန်းဖန်နှင့် ညှိနှိုင်းရန် ကြိုးစား လာ၏။
"ဘုန်း…"
သို့သော် ချန်းဖန်က သူ၏ လက်များကို ဖျစ်ညှစ်လိုက်ရာ ထိုကောင်ဆယ်လာမှာလည်း ပေါက်ကွဲသွား၏။
"ဆရာ… ခင်ဗျားက အခြေအနေတွေကို ပိုပြီး ဆိုးအောင် လုပ်နေ…"
"ဘုန်း…"
တတိယ ကောင်ဆယ်လာ၏ ခန္ဓာကိုယ် အလယ်မှ နှစ်ပိုင်း ပြတ်သွား၏။
"ချန်းပေ့ရွှမ်း… အမေရိကန်က မင်းကို ကြောက်မယ်လို့ ထင်နေတာလား"
စတုတ္ထမြောက် ကောင်ဆယ်လာသည် ချန်းဖန်ကို ခြိမ်းခြောက်ရန် ကြိုးစားလိုက် သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ခဏအတွင်း သွေးမှုန် အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားရ၏။
"ပဉ္စမမြောက်…"
"ဆဋ္ဌမမြောက်…"
"..."
ခဏအတွင်းမှာပင် ကောင်ဆယ်လာ ဆယ်ယောက်သည် ချန်းဖန်၏ လက်၌ သေဆုံး သွားရတော့၏။ ယဉ်ကျေးသူ ဖြစ်စေ၊ ရိုင်းစိုင်းသူ ဖြစ်စေ ချန်းဖန်သည် မည်သည့် စကားကိုမျှ နားထောင်ခြင်း မပြုပဲ သတ်ဖြတ် ပစ်ခဲ့သည်။
TV မှ ကြည့်နေသော လူများကား လုံးဝ ဆွံ့အနေကြပြီ ဖြစ်သည်။
ထိုနတ်ဆိုးမှာ လူများစွာ၏ အရှေ့တွင် အမေရိကန်၏ လွှတ်တော် ကောင်ဆယ်လာများကို သတ်ပစ်ရဲလိမ့်မည်ဟု မည်သူမျှ မထင်ထားကြချေ။
ဆယ်ယောက် အသတ်ခံရပြီးနောက် မည်သည့် ကောင်ဆယ်လာမှ ထွက်လာရဲခြင်း မရှိတော့ချေ။ သူတို့သည် လွှတ်တော် အဆောက်အဦထဲတွင်သာ ကုပ်ကာ ငြိမ်သက် နေကြ၏။
အတန်ကြာ၌ ဆယ့်တစ်ယောက်မြောက် ကောင်ဆယ်လာက ဖြည်းညင်းစွာဖြင့် ထွက်လာ ခဲ့သည်။
သူကား ဆံပင်များ ဖြူနေသည့် အဘိုးကြီး တစ်ဦး ဖြစ်သည်။ သို့သော်လည်း သူ၏ပုံစံက လူကြီးလူတောင်း ဆန်ကာ ခန့်ညား ထည်ဝါ၏။
"မစ္စတာချန်း… သတ်ဖြတ်ခြင်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ပါဘူး"
"ခင်ဗျားရဲ့ ဇနီးလောင်းက ကျွန်တော်တို့ လက်ထဲမှာ ရှိနေတဲ့အပြင် အမေရိကန်ကလည်း အားလုံးကို ဖျက်ဆီး ပစ်နိုင်တဲ့ စွမ်းအား ရှိပါသေးတယ်"
"ခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ထောင်ပေါင်း များစွာသော နျူကလိယ လက်နက်တွေဟာ တစ်ကမ္ဘာလုံးကို ချိန်ထားပါတယ်… တကယ်လို့ ခင်ဗျားသာ မိသားစုတွေ တပည့်တွေ အခြားလူတွေရဲ့ အသက်ကို ဂရုမစိုက်ဘူး ဆိုရင် ကျွန်တော်တို့ နောက်ဆုံး ကမ္ဘာပျက်တဲ့ အထိ တိုက်ခိုက် ကြတာပေါ့"
လူများစွာသည် TV မှ တစ်ဆင့် ထိုအဘိုးအိုကို ချက်ချင်းပင် မှတ်မိ လိုက်ကြသည်။ သူကား အမေရိကန် နိုင်ငံ၏ ဩဇာ အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခု ဖြစ်သည့် မစ္စတာ Mc ကိမ်း ဖြစ်သည်။ အမေရိကန်၏ သမ္မတပင် သူ၏ အရှေ့၌ လေးစားမှုကို ပြသရသည်။
"ကောင်းပြီလေ… မင်းတို့ဘက်က လက်နက် မချချင်လည်း ကမ္ဘာမှာ ဘယ်သူမှ မကျန်တဲ့ အထိ တိုက်ကြတာပေါ့"
ချန်းဖန်က အမူအရာ ကင်းမဲ့စွာဖြင့် ဆိုလိုက်၏။
အမေရိကန်သည် မိသားစုကို အသုံးပြု၍ သူ့အား ခြိမ်းခြောက်နိုင်မည်ဟု ထင်နေတုန်း ဖြစ်ပုံ ပေါ်သည်။ သို့သော်လည်း မြောက်ပိုင်း ကောင်းကင် အရှင်သခင်သည် အခြားလူများ၏ ခြိမ်းခြောက်မှုကို ကြောက်လန့်နေမည့်လူ မဟုတ်ချေ။
Mc ကိမ်းက ချန်းဖန်အား ကြည့်ရင်း အကဲခတ် လိုက်သည်။
သို့သော် ရဲရဲနီနေသော နတ်ဆိုး မျက်လုံး၌ သူမျှော်လင့်ထားသည့် စိုးရွံ့မှု တစ်ခုတလေပင် မတွေ့ရချေ။
ထို့နောက် Mc ကိမ်းက သက်ပြင်းတစ်ချက် ချရင်း သူ၏ ခေါင်းကို ဖြည်းညင်းစွာ ငုံ့လိုက်သည်။
"ဆရာ… ခင်ဗျား နိုင်ပါတယ်"
"အမေရိကန်က ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ခင်ဗျားကို တောင်းဆိုပါတယ်"
ဘီလျံချီသော များ၏ စောင့်ကြည့်မှု အောက်၌…
ဆီးနိတ် လွှတ်တော်၏ ဥက္ကဋ္ဌ တစ်ဖြစ်လဲ အမေရိကန်၏ ဩဇာ အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် မစ္စတာ Mc ကိမ်းကား ချန်းဖန်အား တောင်းပန်နေခဲ့ပြီ ဖြစ်လေသည်။
ထိုအရာက အမေရိကန်သည် အရှုံးပေးကာ လက်နက်ချလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
များစွာသော လူများသည် တိတ်ဆိတ် ငြိမ်သက် နေကြ၏။
မရေ မတွက်နိုင်သော အမေရိကန် စစ်သားများသည် မြေပြင်၌ ဒူးထောက်ရင်း သူတို့၏ ခေါင်းများကို ငုံ့ထားကြသည်။
စတင် တည်ထောင်သည်မှ အစပြု၍ ရာစုနှစ် နှစ်ခုကျော် အထိ အမေရိကန်သည် ထိပ်တန်း နိုင်ငံတစ်ခု အဖြစ် ရပ်တည်ကာ ကမ္ဘာအား လွှမ်းမိုးနိုင်ခဲ့သည်။
သို့သော်လည်း ယခုတွင်မူ ကမ္ဘာ၏ လွှမ်းမိုးသူတို့ကား လူငယ် တစ်ယောက်ထံ၌ လက်နက် ချရ၏။
ယနေ့မှ စ၍ အမေရိကန်သည် ကမ္ဘာ၏ လွှမ်းမိုးသူ နေရာတွင် ဆက်လက် တည်ရှိတော့မည် မဟုတ်ချေ။ သူတို့၏ နေရာ၌ လူပုဂ္ဂိုလ် တစ်ယောက်က အစားထိုး သွားခဲ့ပြီ ဖြစ်လေးည်။
"နျူကလိယ ပေါက်ကွဲမှုကနေ လွတ်မြောက်ပြီး မြို့ကြီးတွေကိုတောင် တစ်ချက်တည်း ဖျက်ဆီးနိုင်တယ်… သူ့လို ဘယ်သူက စွမ်းဆောင် နိုင်မှာလဲ… ဒီနေ့ကစပြီး ချန်းပေ့ရွှမ်းဟာ အမှောင်ကမ္ဘာရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်တင် မကတော့ဘူး… ကမ္ဘာ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီ"
မရေမတွက်နိုင်သော အမှောင် ကမ္ဘာ၏ အရှင်သခင်များက သက်ပြင်းချရင်း တိတ်တဆိတ် ရေရွတ်ကြသည်။
ထို့နောက် ချန်းဖန်သည် မစ္စတာ Mc ကိမ်းနှင့်အတူ ကွန်ဂရက် လွှတ်တော် အတွင်း ဝင်ရောက်သွား၏။ သူနှင့် ကောင်ဆယ်လာများ ဆွေးနွေးနေသည့် အကြောင်းအရာများကို မည်သူမျှ မသိကြချေ။
ကက်ပီတယ်ဟေးမှ ချန်းဖန် ပြန်လည် ထွက်လာသည့် အချိန်၌ မစ္စတာ Mc ကိမ်း၏ မျက်နှာက ဖြူရော်နေသည်။ သူသည် လမ်းလျှောက်ရင်းပင် အနည်းငယ် တုန်ရီ နေ၏။
ထို့နောက် များစွာသော ကင်မရာများ၊ မီဒီယာများ၏ ရှေ့တွင်ပင် ချန်းဖန်သည် အထူး တရားရုံး ရှိရာသို့ လမ်းလျှောက်ကာ လာခဲ့သည်။
ကက်ပီတယ်ဟေးနှင့် အထူး တရားရုံးသည် ဘေးချင်းကပ် တည်ရှိပြီး မီတာ ရာဂဏန်းသာ ဝေးကွာသည်။
ချန်းဖန် အထူး တရားရုံးသို့ နီးကပ်လာသည်နှင့် လူများသည် တစ်စုံတစ်ခုကို သတိထားမိကြ၏။
"မြောက်ပိုင်းချုံး စီအီးအိုက သူပြောတဲ့ ဇနီးလောင်းများလား…"
များစွာသော လူများသည် မယုံကြည်နိုင်စွာ တွေးတောမိကြ၏။
"သူက အချစ်အတွက် အမေရိကန်နဲ့ စစ်ပွဲကို စခဲ့တာလား…"
TV မှ ကြည့်နေသော ဘီလျံနှင့်ချီသည့် အမျိုးသမီးငယ်များ၏ မျက်ဝန်းများ၌ မနာလိုမှုများ ပြည့်နှက်လာသည်။ ထိုသို့သော လုပ်ရပ်ကား ပန်းများ၊ ဇိမ်ခံကားများ၊ စိန်လက်စွပ်များထက် ပို၍ ရိုမန့်တစ် ဆန်လှ၏။
ချန်းဖန်သည် တည်ငြိမ်စွာပင် အထူး တရားရုံး အတွင်း ဝင်လာခဲ့သည်။
တရားသူကြီး ကိုးယောက်သည် ယခုတိုင် ထိုနေရာတွင်ပင် ရှိနေသေး၏။ တရားရုံး ခန်းမ အတွင်း ဝင်လာသော ချန်းဖန်အား တွေ့သည်နှင့် ဆူဆန်လီယန်၏ ခန္ဓာကိုယ်သည် တစ်ချက် တုန်ရီသွားသည်။
လူများသည် ဘေးဘက် နေရာများသို့ အနည်းငယ် ရွေ့လျားကာ ချန်းဖန်နှင့် ဖန့်ချုံးတို့ အတွက် လမ်းဖယ်ပေးကြသည်။
"ဟူး… ဟူး…"
ဘီလျံများစွာသော လူများ၏ ရှေ့တွင်ပင် ချန်းဖန်ကို ဝန်းရံနေသော အနီရောင် မီးတောက်များသည် တဖြည်းဖြည်း ငြိမ်းသတ်သွား၏။ သူ၏ ကိုယ်၌ ဝတ်ဆင်ထားသော ရွှေရောင် ဝတ်စုံသည်လည်း အစက်အပြောက်များ အသွင်ပြောင်းကာ ခန္ဓာကိုယ် အတွင်း တိုးဝင်သွားသည်။
တစ်ချိန်တည်းတွင် သူ၏ မျက်လုံးများသည် ဆက်လက် နီမြန်းခြင်း မရှိတော့သလို သူ၏ အနက်ရောင် ဆံပင်များမှာလည်း လေနှင့်အတူ လွင့်မျော မနေတော့ချေ။
ခဏအတွင်းမှာပင် ချန်းဖန်၏ နတ်ဆိုး အသွင်သည် လုံးဝ ကွယ်ပျောက်၍ သာမန် လူတစ်ယောက် အဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"ရှောင်ချုံး… ငါနင့်ကို လာခေါ်တာ"
ချန်းဖန်က ထောင့်တစ်နေရာ၌ အားနည်းစွာ ရပ်နေသော မိန်းကလေး၏ အနားသို့ သွားရင်း ညင်သာစွာ ပြောလိုက်သည်။
"အင်း…"
ဖန့်ချုံးက ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူမ၏ ခန္ဓာကိုယ်လေးက ချန်းဖန်၏ ရင်ခွင်အတွင်း အလိုက်သင့် ပျော့ခွေ ကျသွား၏။
သူမ၏ မျက်ဝန်းတွင်မူ မျက်ရည်များက ဝေ့သီလျက်။