← Chapters

သူ့နာမည်က ချန်းဖန်

Vol. 8 Ch. 709

သူ့နာမည်က ချန်းဖန်

Vol. 8 Ch. 709

လူတိုင်းသည် TV စခရင်၏ ရှေ့၌ ငေးငိုင်ကာ ထိုင်နေမိကြသည်။

လူပေါင်း မြောက်မြားစွာကို သတ်ဖြတ်ခဲ့သည့် အလွန် ကြမ်းတမ်း ရက်စက်သော နတ်ဆိုးမှာ ထိုပုံစံ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မိကြချေ။

သာမန် အရပ်အမောင်း…

ဖြူရော်ရော် အသားအရေ…

ယွမ်တစ်ထောက်ပင် မတန်သော သာမန် အဝတ်အစား…

သူ၏ပုံစံက အထက်တန်း အောင်ပြီးစ ကောလိပ် ကျောင်းသားလေး တစ်ယောက်နှင့် ခြားနားခြင်း မရှိချေ။

"သူက အသက်  နှစ်ဆယ်တောင် ပြည့်သေးရဲ့လား"

"ထောင်နဲ့ချီတဲ့ လူတွေကို သတ်ခဲ့တဲ့ နတ်ဆိုးက ခုလို သာမန် အာရှသား လူငယ်လေး တစ်ယောက်တဲ့လား…"

"အိုးမိုင်ဂေါ့… သူက အမေရိကန်ကို ဒူးထောက် စေခဲ့တဲ့ နတ်ဆိုးဆိုတာ ဘယ်သူက ယုံနိုင်မှာလဲ"

များစွာသော လူများက အံ့ဩတကြီး တွေးမိကြ၏။ မစ္စတာ Mc ကိမ်းပင်လျှင် ချန်းဖန်၏ အသွင်အပြင်ကို ကြည့်ကာ ကြောင်အ နေမိသည်။

"လူတစ်ယောက်ရဲ့ အရည်အချင်းကို ပုံပန်းသွင်ပြင်နဲ့ ဆုံးဖြတ်လို့ မရဘူးပဲ"

မစ္စတာ Mc ကိမ်းက ခေါင်းအား ဖြည်းညင်းစွာ ခါယမ်း လိုက်သည်။

***

ကျင်းမြို့တော်တွင်…

ကျို့လော့ရင်သည် သူမ၏ Bff ပေ့ချူးယွင် နှင့်အတူ နေ့လယ် လက်ဖက်ရည် သောက်နေကြ၏။

"ဖူး…"

ဖုန်း စခရင်တွင် ပေါ်နေသည့် ချန်းဖန်၏ မျက်နှာအား တွေ့သည်နှင့် ကျို့လော့ရင်သည် Bff ဖြစ်သူ၏ မျက်နှာ ပေါ်သို့ လက်ဖက်ရည်များ ထွေးထုတ် မိလိုက်သည်။

"အဲဒါ… သူပဲ"

***

စီကျွေးနယ်…

ဝူကျွင်းကျဲသည် ချန်းဖန် အတွက် အောင်ပွဲခံ အထိမ်းအမှတ်ဖြင့် သူငယ်ချင်းများနှင့် အတူ ပါတီ တစ်ခု ကျင်းပနေခဲ့သည်။

***

ရန်ကျင်း၊ ဟောင်မိသားစု…

ရှု့ဟောက်ရွှမ်းသည် အလုပ်မှ မောမောပန်းပန်းဖြင့် ယောက္ခမ အိမ်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ သူသည် တရုတ်နိုင်ငံ၏ အကောင်းဆုံး ကောလိပ်မှ အောင်ခဲ့သည့်တိုင် ယောက္ခမ အိမ်တွင်မူ ဘာကောင်မှ မဟုတ်ခဲ့ချေ။

သို့သော်လည်း ယနေ့တွင်မူ ထူးထူးခြားခြား အိမ်သားများက သူ့အား နွေးထွေးစွာဖြင့် ကြိုဆိုနေခဲ့ကြသည်။ ဟောင်မိန်က ထီပေါက်ထားသည့် မျက်နှာဖြင့် ရှု့ဟောက်ရွှမ်း၏ လက်ကို လာကာ ချိတ်လိုက်၏။

"ဟောက်ရွှမ်း… ရှင့်ရဲ့ သူငယ်ချင်းက တကယ့်ကို နတ်ဘုရားပဲ"

***

များစွာသော ချန်းဖန်၏ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ ရန်သူများသည် TV ပေါ်၌ ပေါ်နေသော ချန်းဖန်၏ ရုပ်ပုံကို ကြည့်ကာ ဆွံ့အနေမိကြ၏။

"သူ့နာမည် အရင်းက ချန်းဖန်တဲ့… သူ့ကို ချန်းပေ့ရွှမ်း အရှင်ချန်း မဟာ အင်အားကြီးချန်း စိတ်တိုကြီးချန်းလို့လည်း အမျိုးမျိုး ခေါ်ကြသေးတယ်… သူက အစွမ်း အထက်ဆုံး မြေကမ္ဘာ အဆင့်ပဲ… နောက်ပြီး သူ့မှာ မြောက်ပိုင်းချုံးလို့ ခေါ်တဲ့ တန်ခိုးရှင် ဂိုဏ်းတစ်ဂိုဏ်း ရှိသေးတယ်… သူက ကျင်းမြို့ ချန်းမိသားစုရဲ့ တတိယ မျိုးဆက် တစ်ယောက် ဖြစ်ပြီးတော့ အခုမှ အသက် နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်"

ချန်းဖန်၏ အကြောင်းများကား အင်တာနက် ပေါ်တွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

နိုင်ငံတကာ သတင်း ဌာနများကလည်း လူများ၏ အာရုံ စူးစိုက်မှုကို ရရှိရန် အတွက် ချန်းဖန်နှင့် ပတ်သက်သော အချက်အလက်များကို လျင်မြန်စွာ စုစည်း၍ ဖော်ပြကြ၏။

ချန်းဖန်၏ အချက်အလက်များ ပျံ့နှံ့သွားသည်နှင့် တစ်ကမ္ဘာလုံး ရုတ်ခြည်း ဆူပွက် သွားကြတော့၏။

"အမှောင်ကမ္ဘာ သွေးစုပ်ဖုတ်ကောင် သမန်း ဝံပုလွေတွေ ကမ္ဘာပေါ်မှာ တကယ် ရှိနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ…"

"သူက ဆယ်ကျော်သက် ဘဝတည်းက ဂျပန် ရုရှားတို့ကို အနိုင်ယူခဲ့တာပေါ့ ဟုတ်လား"

"အိုးမိုင်ဂေါ့… သူက အရမ်းကို တော်တာပဲ"

များစွာသော လူများက အင်တာနက်တွင် ပို့စ်များ ရေးသားကြ၏။

အင်္ဂလန် နိုင်ငံ၊ BBC ရုပ်မြင်သံကြား ဌာနတွင်…

"BBC သတင်း အစီအစဉ်မှ ကြိုဆိုပါတယ်ရှင်… ကျွန်မကတော့ အစီအစဉ် တင်ဆက်သူ ကင်ကေးရှန်ပါ… စူပါမန်းလို့ ပြောနေကြတဲ့ ချန်းပေ့ရွှမ်းနဲ့ အမေရိကန်တို့ရဲ့ တိုက်ပွဲကို အားလုံး မြင်လိုက် ကြရမယ် ထင်ပါတယ်"

သတင်း ကြေညာသူက သူမ၏ အသံကို အနည်းငယ် မြှင့်ရင်း ဆက်လက် ကြေညာ လိုက်သည်။

"တကယ်တော့ အမေရိကန်ကို အနိုင်ယူခဲ့တဲ့ ချန်းပေ့ရွှမ်းက အားလုံး ထင်နေကြသလို စူပါမန်း မဟုတ်ပါဘူး… နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေ အရဆို ချန်းပေ့ရွှမ်းရဲ့ အမေရိကန်တို့ အကြားက သွေးကြွေးဟာ အတော်လေး နက်နဲ ပါတယ်"

"ယခုနှစ် အစောပိုင်း လောက်တည်းက ချန်းပေ့ရွှမ်းနဲ့ အမေရိကန်တို့ဟာ လန်ဒန်မှာ ပြဿနာ စပြီး ဖြစ်ခဲ့တာပါ…"

BBC  သတင်းဌာနမှ ထိုသို့ အစပြုရင်း ချန်းဖန်၏ အကြောင်းကို အသေးစိတ် ထုတ်ဖော် တင်ပြသည်။

ထိုသို့ ထုတ်ဖော်ရာ၌ သူတို့သည် ချန်းဖန်နှင့် ဖန့်ချုံးတို့၏ ဆွတ်ပျံ့ကြည်နူးဖွယ် အချစ် ဇာတ်လမ်း အကြောင်းကို ဦးစားပေးကာ ဖော်ပြကြ၏။

သူတို့နှစ်ယောက်သည် ကလေး ဘဝမှနေ၍ အတူ ကြီးပြင်းလာကြကြောင်း၊ လက်ထပ်ရန် ကတိထားခဲ့ခြင်း၊ ကွဲကွာပြီး တက္ကသိုလ် ကျောင်းသား ဘဝတွင် ပြန်လည် ဆုံတွေ့ကြကြောင်း၊ အခက်အခဲများ အကြား၌ နှစ်ယောက်သား တိတ်တိတ်ပုန်း လက်ထပ်ခဲ့ကြကြောင်း…

စသည်ဖြင့် ရင်ခုန် စိတ်လှုပ်ရှားဖွယ် အကြောင်းအရာ တစ်ခုချင်းစီက လူများ၏ နှလုံးသားကို လှုပ်ခတ် စေ၏။

ထိုအချစ်ဇာတ်လမ်းကြောင့် ချန်းဖန်နှင့် အမေရိကန်တို့၏ စစ်ပွဲမှာလည်း ပိုမို သရုပ်ပေါ် လာခဲ့သည်။

များစွာသော မိန်းကလေးများမှာ ထို ဇာတ်လမ်းကို နားထောင်ရင်း ဒရမ်မာကား ကြည့်ရသည့် အလား မျက်ရည်များ စီးကျလာနေခဲ့သည်။

"ဒါတွေ အပြင် ကျွန်မတို့ အရေးအကြီးဆုံး အချက်အလက် တစ်ခုကို စုံစမ်း ရရှိ ထားပါသေးတယ်… အဲဒါကတော့ ချန်းပေ့ရွှမ်းဟာ လူသား မျိုးနွယ်ကို ကယ်တင်ခဲ့တယ် ဆိုတာပါပဲ"

ကင်ကေးရှန်က ဆက်လက်၍ ကောင်းကင် တံခါး၊ ချန်းဖန်နှင့် ခွန်ရှု့နယ်မြေ၏ တိုက်ပွဲ အကြောင်းများကို ဆက်လက် တင်ပြ၏။

ကမ္ဘာ တစ်ခုလုံး ဆွံ့အ သွားကြသည်။

လူများသည် ကမ္ဘာ၌ အခြား ပုန်းကွယ်နေသော လျှို့ဝှက် ကမ္ဘာတစ်ခု ရှိလမ့်မည်ဟု တစ်ခါမျှ မတွေးဖူးကြချေ။

ပို၍ ဆိုးသည်ကား ထိုကမ္ဘာ၌ ချန်းပေ့ရွှမ်းကဲ့သို့ အစွမ်းထက်သူ များစွာ ရှိနေသည် ဆိုခြင်းပင်။ သို့သော်လည်း ချန်းပေ့ရွှမ်းသည် ထိုလူများ၏ ကျူးကျော်မှုကို တားဆီးကာ လူသား မျိုးနွယ်အား ကယ်တင်ခဲ့သည်ဟု ဆိုသည်။

"သူက တကယ့်ကို စစ်မှန်တဲ့ သူရဲကောင်း တစ်ယောက်ပဲ"

များစွာသော လူများက လှိုက်လှဲစွာဖြင့် ချီးမွမ်းကြ၏။

မကြာခင်ကပင် သူတို့သည် ချန်းဖန်အား လူပေါင်း များစွာကို သတ်ဖြတ်ခဲ့သော ငရဲပြည်မှ နတ်ဆိုး တစ်ယောက် အဖြစ် ယူဆခဲ့ကြသည်။

သို့သော်လည်း တစ်ခဏ အတွင်းမှာပင် ထိုလူငယ်လေးမှာ ရိုမန်တစ် ဆန်သော အချစ် သူရဲကောင်း တစ်ယောက်၊ လူသား မျိုးနွယ်၏ ဟီရိုးတစ်ယောက် ဖြစ်လာခဲ့ပြန်သည်။

ထိုအရာကား လက်နက် မလိုသည့် မီဒီယာ၏ စွမ်းအားပင် ဖြစ်၏။

***

ထိုအချိန် အမေရိကန်၊ အထူး တရားရုံး အတွင်းတွင်…

"ရှောင်ချုံး… ဒီမှာ ခဏ နေခဲ့ဦးနော်… ငါ ဒီကို ပြန်မလာဖြစ်ရင်တောင် သူတို့က နင့်ကို အိမ်အထိ လုံလုံခြုံခြုံ ပြန်ပို့မှာပါ"

ချန်းဖန်သည် ဖန့်ချုံးအား ပွေ့ဖက်ရင်း ပြောလိုက်သည်။

"နင်က ဘယ်လို သွားမလို့လဲ…"

ဖန့်ချုံးက ချန်းဖန်အား မော့ကြည့်ရင်း မေးလိုက်၏။

"ငါ လက်စဖြတ်စရာ အလုပ်လေး တချို့ ရှိလို့ပါ"

ချန်းဖန်၏ ပြုံးရင်း ဆိုလိုက်သည်။

သူ၏ နက်မှောင်သော မျက်လုံးများတွင်မူ အေးစက်သော အရိပ်အငွေ့ အချို့က ယှက်သန်းနေ၏။

***

All Chapters