သူတို့ကိုသတ်
Vol. 8 Ch. 710
သွေးပင်လယ်၌ ချန်းဖန်အား နျူကလိယဖြင့် တိုက်ခိုက်ခဲ့သည့် အဓိက အဖွဲ့အစည်းမှာ ကွန်ဂရက် လွှတ်တော် မဟုတ်သေးချေ။
ထိုကိစ္စများ၏ နောက်ကွယ်တွင် အခြား လူသိမခံနိုင်သော လျှို့ဝှက်ချက်များ ရှိနေသေးသည်။
အမေရိကန်၏ ကောင်ဆယ်လာများ၊ သူဌေးကြီးများ၊ ဗိုလ်ချုပ်များအား အဓိက ထိန်းချုပ် ထားသည့်လူများမှာ ပညာရှိ လူကြီးများ အဖွဲ့နှင့် စတား ကော်ပိုရေးရှင်းတို့သာ ဖြစ်သည်။
"ဒီမှာနေခဲ့…"
ချန်းဖန်က ဖန့်ချုံး၏ နဖူးအား ညင်သာစွာ နမ်းလိုက်သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်က သွေးရောင် အလင်း အသွင် ပြောင်းလဲကာ မူလ နေရာမှ ရုတ်ခြည်း ပျောက်ကွယ်သွား၏။ သူ၏ ဦးတည်ချက်ကား ပင်တဂွန်ပင် စစ်ဌာနချုပ်ပင် ဖြစ်သည်။
"သူ ဘာလုပ်မလို့လဲ…"
ဆူဆန်လီယန်နှင့် အခြား လူများက စိတ်ပူ သွားကြသည်။
"သူက လက်စား သွားချေမလို့…"
မစ္စတာ Mc ကိမ်းက သူ၏ ခေါင်းအား ဖြည်းညင်းစွာ ငုံ့ရင်း သက်ပြင်း တစ်ချက် ချလိုက်၏။
***
ပင်တဂွန်…
ပင်တဂွန်ကား ကမ္ဘာ့အကြီးဆုံး စစ်အဆောက်အဦကြီး ဖြစ်ပြီး ဝါရှင်တန်၏ အနောက်တောင်ဘက် ပတိုးမက် မြစ်ဘေးတွင် တည်ရှိသည်။
ပင်တဂွန်တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အခြေစိုက်၏။
"သူရောက်လာပြီ…"
သွေးရောင် အလင်း ပင်တဂွန်သို့ ရောက်ရှိ လာချိန်၌ အဆောက်အဦ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွား၏။
များစွာသော စစ်အရာရှိများ၊ ဗိုလ်ချုပ်များသည် ချန်းဖန်အား မျက်တောင်မခတ်ပဲ ကြည့်နေကြသည်။ တစ်ချိန်တည်းတွင် မရေမတွက်နိုင်သော တင့်ကားများ၊ သေနတ်များ၊ ဟယ်လီ ကော်ပတာများ၊ အမြောက်များက ချန်းဖန်အား ထိုးချိန် ထားကြ၏။
သို့သော် မည်သူ တစ်ဦး တစ်ယောက်ကမျှ စတင်၍ မပစ်ရဲကြချေ။
"ဟူး… ဟူး…"
ချန်းဖန်၏ ခန္ဓာကိုယ်သည် သွေးဖြင့် ဖုံးလွှမ်းနေကာ တစ်ချိန်တည်း၌ သူ၏ မျက်လုံးများက သတ်ဖြတ်ခြင်းများဖြင့် ပြည့်နှက် နေခဲ့သည်။
သူ၏ ရှေ့မှောက်၌ များစွာသော အမေရိကန် စစ်သားများမှာ မည်သည့် ခွန်အားမျှ မကျန်တော့သလို အားပြတ်မှုအား ခံစားနေကြရသည်။
"မင်းတို့ အစိုးရကတောင် လက်နက် ချပြီးသွားပြီ… မင်းတို့က ဆက်ပြီး တိုက်ခိုက် ချင်သေးတာလား"
ချန်းဖန်က မေးလိုက်သည်။
ပင်တဂွန် အမိန့်ပေး ဌာန အတွင်းရှိ ဗိုလ်ချုပ် များစွာ၏ မျက်နှာများသည် ဖြူရော်နေ၏။ သန်းချီသော စစ်သားများ၏ ကာကွယ်မှု အောက်တွင်ပင် သူတို့သည် မလုံခြုံမှုကို ခံစား နေကြရသည်။
"ကောင်းပြီလေ…"
ဝန်ကြီး အာနိုးက သက်ပြင်း တစ်ချက် ချလိုက်၏။ ထို့နောက် သူက အဆောက်အဦ ထဲမှ ဖြည်းညင်းစွာ လမ်းလျှောက်လျက် ထွက်လာခဲ့သည်။
မရေမတွက်နိုင်သော စစ်သားများ၏ အကြည့်များ အောက်မှာပင် အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး အာနိုးက သူ၏ ခေါင်းကို အောက်သို့ နှိမ့်ချရင်း ပြောလိုက်၏။
"မစ္စတာ ချန်းပေ့ရွှမ်း… ပင်တဂွန်ကနေ ကြိုဆိုပါတယ်"
ထိုမြင်ကွင်းကို ကြည့်ရင်း များစွာသော စစ်သားများမှာ တစ်စုံတစ်ခုအား ဆုံးရှုံး သွားသလို ခံစားလိုက် ကြရ၏။
ထိုဆုံးရှုံးမှုက ကမ္ဘာ့ လွှမ်းမိုးသူ ဆိုသည့် ဂုဏ်သိက္ခာနှင့် မာနလည်း ဖြစ်ချင် ဖြစ်နိုင်ပေသည်။
"ဟူး…"
ချန်းဖန်က ကောင်းကင်မှ မြေပြင်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝန်ကြီး အာနိုး၏ အနားသို့ ချဉ်းကပ်လာ၏။
"ငါ ဒီကို လာရတဲ့ အကြောင်းရင်းက လက်စားချေဖို့ပဲ"
ချန်းဖန်၏ စကားကို ကြားသည်နှင့် များစွာသော ဗိုလ်ချုပ်များ၊ စစ်သားများမှာ သူတို့၏ ခေါင်းများအား ငုံ့လိုက်မိကြသည်။
"ဆရာ… အဲဒါက ခင်ဗျား ထင်သလို မဟုတ်ဘူးနော်"
ဝန်ကြီး အာနိုးက အလောတကြီး ရှင်းပြရန် ကြိုးစား လိုက်သည်။
သို့သော်လည်း ချန်းဖန်၏ သူ၏ လက်ကို ဆန့်ထုတ်ခဲ့ပြီး ဖြစ်သည်။ ထို့နောက် သူသည် ဗိုလ်ချုပ်များကို တစ်ယောက်ပြီး တစ်ယောက် လက်ညှိုး ထိုးလိုက်သည်။
"ဗိုလ်ချုပ်ကြီး ဂတ်စတာ… ရေတပ် အကြီးအကဲချုပ်… စတားဝါး ကော်ပိုရေးရှင်း အတွက် စစ်သင်္ဘောတွေ ထောက်ပံ့ပေးခဲ့တယ်… သူ သေရမယ်"
"ဗိုလ်ချုပ်ကြီး လန်ဒါ… မဟာဗျူဟာ ဌာနရဲ့ ကွန်မန်ဒါ… စတားဝါး ကော်ပိုရေးရှင်း အတွက် ဟိုက်ဒရိုဂျင်ဗုံး ထောက်ပံ့ ပေးခဲ့တယ်… သူလည်း သေရမယ်"
"လက်ထောက် ဗိုလ်ချုပ်ကြီး ရစ်ချက်… နာဆာရဲ့ လက်ထောက် ဥက္ကဋ္ဌ… စတားဝါး ကော်ပိုရေးရှင်း အတွက် ဂြိုဟ်တု ထောက်ပံ့ပေးခဲ့တယ်… သူလည်း သေရမယ်"
ချန်းဖန် တစ်ခါ ညွှန်ပြတိုင်း သူ၏လက်မှ အလင်းရောင် တစ်ခု ထွက်လာကာ ထိုပုဂ္ဂိုလ်၏ လည်ပင်အား ဖြတ်တောက်၏။
မိနစ်ပိုင်း အတွင်းတွင် ချန်းဖန်သည် နာမည် ခုနစ်ဆယ့် ငါးခုအား ခေါ်ဆိုခဲ့ပြီး လူ ခုနစ်ဆယ့်ငါးယောက်၏ ဦးခေါင်းများကား မြေသို့ ခသွားခဲ့ရပြီ ဖြသ်သည်။
ထိုလူများထဲ၌ ဗိုလ်ချုပ်ကြီး ဆယ်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး လေးဆယ်နှင့် ဗိုလ်မှူးကြီး အဆင့် တစ်ဒါဇင်ခန့် ပါဝင်၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်ရှိနေသော ဗိုလ်ချုပ်များ၏ မျက်နှာများသည် သွေးဆုတ် ဖြူရော် လာကြ၏။ ဝန်ကြီး အာနိုး၏ လက်များကား တဆတ်ဆတ် တုန်ရီ နေခဲ့လေသည်။
"ဆရာ… အခု ကျေနပ်ပြီလား"
"မကျေနပ်သေးဘူး…"
ချန်းဖန်၏ မျက်လုံးများက အေးစက်မှု များနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
"ဝှစ်…"
သူက အင်္ကျီလက်ကို ခါယမ်းကာ ပင်တဂွန် အဆောက်အဦ အတွင်း ဓားပျံ တစ်ခုကို ပစ်လွှတ်လိုက်၏။
ဗိုလ်ချုပ်များ အပြင် ပင်တဂွန် အတွင်း၌ စတားဝါး ကော်ပိုရေးရှင်း အတွက် အလုပ် လုပ်ပေးနေသော လူပေါင်း များစွာ ရှိနေခဲ့သည်။ ချန်းဖန်သည် ထိုလူများကို ချမ်းသာ ပေးရန် ဆန္ဒ မရှိချေ။
သူသည် ကောင်ဆယ်လာ လမ့်၏ နတ်ဘုရား စိတ်ဝိညာဉ်မှ အချက်အလက်များကို ထုတ်ယူခဲ့ပြီး ဖြစ်သည်။ ထိုအထဲမှ စတားဝါး ကော်ပိုရေးရှင်းနှင့် ပတ်သက် ဆက်နွယ် နေသော လူများကို ချန်းဖန် အလွတ်ပေးမည် မဟုတ်ချေ။
ထိုနေ့ကား ပင်တဂွန် ကမ္ဘာပျက်သောနေ့ ဖြစ်သည်။
အချက်အလက်များအရ ဆိုလျှင် ပင်တဂွန်၌ ရှိသော လူပေါင်း နှစ်သောင်း သုံးထောင်တွင် ငါးထောင်ကျော် သေဆုံးခဲ့၏။
"ဝှစ်…"
ချန်းဖန်သည် သေသင့်သည်ဟု ယူဆမိသော လူများအား သတ်ဖြတ် ပြီးသည်နှင့် သူ၏ ဓားပျံကို ပြန်လည် သိမ်းဆည်း လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
"ဒီလောက်ဆို ရပြီ…"
ထို့နောက် သူ၏ ခန္ဓာကိုယ်က သွေးရောင် အလင်းတန်း အသွင်သို့ ပြောင်းလဲ၍ ပြန်လည် ထွက်ခွာသွားတော့၏။
၂၀၁၂၊ ဩဂတ်လ ၁၅ ရက်…
ချန်းဖန်သည် စတားဝါး ကုမ္ပဏီ၏ အပြစ်များအား သွေးဖြင့် ဆေးကြောခဲ့၏။
နယူးယော့ခ်မြို့…
ချန်းဖန်သည် စတားဝါး ကော်ပိုရေးရှင်း၏ အခြေစိုက် စခန်းအား ဖျက်ဆီးကာ ထောင်ပေါင်း များစွာသော လူများအား သတ်ဖြတ်ပစ်ခဲ့၏။
ချီကာဂိုမြို့…
ချန်းဖန်သည် စတားဝါး ကုမ္ပဏီ ဌာနခွဲ အပေါ်၌ မိုးကြိုးမုန်တိုင်း တစ်ခု ကြဲချကာ အပြတ်ရှင်း ပစ်ခဲ့၏။
ဖီလာဒယ်ဖီယာမြို့…
ဟူစတန်မြို့…
ချန်းဖန်သည် မည်သည့် သနား ကြင်နာမှုကိုမျှ ပြသခဲ့ခြင်း မရှိချေ။
စတားဝါး ကုမ္ပဏီ၊ ပညာရှိ လူကြီးများ အဖွဲ့တို့နှင့် ပတ်သက် ဆက်နွယ်နေသည့် လူတိုင်းအား မြေလှန် ရှာဖွေကာ သတ်ဖြတ် ပစ်ခဲ့သည်။
သူသည် အမေရိကန် လမ့်မိသားစု၏ အကိုင်းအခက် ဆယ့်ခြောက်ခုကိုပါ အပြတ်ရှင်း ပစ်ခဲ့သည်။ ထိုည၌ လမ့်မိသားစုဝင် တစ်ရာကျော် သေဆုံးခဲ့သည်။
တစ်ကမ္ဘာလုံးရှိ လူများကား ချန်းဖန်၏ လုပ်ရပ်များကို ကြည့်ရင်း ဆွံ့အ နေကြပြီ ဖြစ်လေသည်။
"ဘယ်တော့မှ ချန်းပေ့ရွှမ်းနဲ့ သူ့မိသားစုကို သွားမရှုပ်မိစေနဲ့… အဲဒါကို ငါတို့ နိုင်ငံရဲ့ ဥပဒေထဲမှာ ထည့်ရေးလိုက်"
များစွာသော နိုင်ငံများ၏ သမ္မတများက ကြေညာသည်။
ဂျပန် ဝန်ကြီးချုပ်ဆိုလျှင် ကျင်းမြို့သို့ တိုက်ရိုက် သွားရောက်၍ ချန်းဖန်၏ မိသားစုနှင့် တွေ့ကာ ကိုယ်တိုင် ကိုယ်ကျ တောင်းပန် ခဲ့သည်။
ထိုင်း၊ ကိုရီးယား၊ အနောက် နိုင်ငံများ အစ ရှိသဖြင့် ကမ္ဘာ တစ်ဝန်းရှိ ချန်းဖန်၏ ရန်သူများမှာလည်း တရုတ်သို့ သွားရောက်၍ တောင်းပန်စကား ဆိုကြသည်။
သူတို့ကား ချန်းဖန် သူတို့ထံသို့ ရုတ်တရက် ရောက်ရှိလာကာ သတ်ဖြတ်မည်ကို အလွန် စိုးရိမ်နေကြသည်။
"ဘုန်း…"
CIA အဓိက အဆောက်အအုံကို ထက်ပိုင်း ပိုင်းဖြတ်ကာ ဖျက်ဆီးပြီးနောက် ချန်းဖန်သည် CIA အကြီးအကဲများ ရုံးရှိရာသို့ ချဉ်းကပ် လာခဲ့သည်။
"စတားဝါး ကော်ပိုရေးရှင်းရဲ့ အကြီးအကဲတွေ ဘယ်မှာလဲ… မင်းတို့မှာ ဘာလက်နက်တွေ ကျန်သေးလဲ ထုတ်ကြစမ်းပါဦး"
ချန်းဖန်က မေးလိုက်သည်။
"ဟီး… ဟီး…"
စီအိုင်အေ အရာရှိ တစ်ယောက်က ရယ်လိုက်သည်။
"ချန်းပေ့ရွှမ်း… စတားဝါး ကော်ပိုရေးရှင်းနဲ့ ပညာရှိ လူကြီးတွေရဲ့ စွမ်းအားက မင်း စိတ်ကူးထားတာထက် အများကြီးကို ပိုတယ်… သူတို့ လက်စားလာချေမှာကို မင်း…"
သူ၏ စကားမဆုံးခင်မှာပင် ချန်းဖန်သည် သူ၏ လည်ပင်းရိုးကို ချိုးပစ်ကာ မြေပေါ်သို့ ပစ်ချခဲ့ပြီး ဖြစ်သည်။
"နောက်တစ်ယောက်…"
ချန်းဖန်က အခြား တစ်ယောက်အား ကြည့်လိုက်သည်။
ကြောက်လန့်နေသော CIA ၏ အကြီးအကဲ များသည် မြေပြင်တွင် ဒူးများကို ထောက်ရင်း ချန်းဖန်ထံ၌ တစ်ယောက်ပြီး တစ်ယောက် အညံ့ခံ လာခဲ့ကြ၏။
နောက်ဆုံး၌ စတားဝါး ကော်ပိုရေးရှင်းနှင့် ပညာရှိ လူကြီးများ၏ အကြောင်း အမှန်တရားသည် ချန်းဖန်၏ ရှေ့၌ ဗူးပေါ် သလို ပေါ်လာခဲ့တော့၏။
***