သင်္ဘောပျံကို ဖျက်ဆီးခြင်း
Vol. 8 Ch. 713
ပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်ဖော် ပြီးသော်လည်း ပိရမစ်ပျ ကြီးသည် ရပ်တန့်မည့်ပုံ မရချေ။ ဖရော်ရီဒါ ဘက်သို့ ပျံသန်းလာကာ ကောင်းကင်ရှိ နေရောင်အား ပိတ်ဆို့သည်။
“တူ ... တူ …”
တစ်ချိန်တည်းမှာပင် ထောင်ပေါင်း များစွာသော အမြောက်များမှ အပြာရောင် အလင်းများသည် နောက်တစ်ကြိမ် လင်းလက်လာ ပြန်၏။
“ဘုန်း …”
မကြာခင် ကျယ်လောင် စူးရှသော ပေါက်ကွဲသံများနှင့်အတူ အပြာရောင် အလင်းများက ဖရော်ရီဒါ၏ ကောင်းကင် တစ်ခွင်အား လျှက်ဖြာ ပြည့်နှက် သွားစေတော့သည်။
“ဘုန်း …”
ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းများက အတားအဆီးမရှိ အဆောက်အဦများ၊ အိမ်များ၊ ရုံးများကို ဖျက်ဆီး၏။ ထိုဖျက်ဆီးမှု အောက်တွင် မရေမတွက်နိုင်သော အပြစ်မဲ့ လူသားများစွာ၏ အသက်များ ဆုံးရှုံးရသည်။ ခဏချင်းပင် ဖရော်ရီဒါ တစ်ခုလုံးမှာ ကျယ်လောင်သော အော်ဟစ်သံ၊ ငိုယိုသံ၊ ကျိန်ဆံသံများဖြင့် ပြည့်နှက်သွားသည်။
“ဒါတွေက …”
TV မှ တစ်ဆင့် ကြည့်နေသော လူများကား ထိုမြင်ကွင်းကို ကြည့်ရင်း ကြီးစွာသော နာကျင်မှုကို ခံစားလိုက်ကြရ၏။
ထိုလူများကား ဖရော်ရီဒါ မြို့သူ၊ မြို့သားများ ဖြစ်ကြသည်။ စစ်ပွဲနှင့် လားလားမျှ မသက်ဆိုင်သော အပြစ်မဲ့ ပြည်သူများ ဖြစ်ကြသည်။ သို့သော်လည်း ယခုတွင်မူ ထိုလူများကား သနားစဖွယ် မြေစာပင်အဖြစ် သေဆုံးခဲ့ရချေပြီ ဖြစ်သည်။
ထိုအရာက ကမ္ဘာဦးမှ စ၍ ယနေ့တိုင် ခေတ်အဆက်ဆက် ကြုံခဲ့ရသော စစ်ပွဲ၏ နိယာမပင် ဖြစ်သည်။
“ဘုန်း …”
ရုတ်တရက် မြေပြင်မှ သွေးရောင် အလင်းတန်း တစ်ခု ကောင်းကင်သို့ ပေါက်ကွဲ တက်လာ၏။
ချန်းဖန်ကား အလွန် ဒေါသထွက် နေပြီ ဖြစ်လေသည်။
“ဓား ဝင်္ကပါ …”
ချန်းဖန်က ရေရွတ်ရင်း ဓားအားဖြည့် ကျောက်မျက်အား တို့ထိကာ ဓားပျံများကို ဆင့်ခေါ်လိုက်၏။
“ကလန့် ... ကလန့် …”
ကိုးဆယ့် ကိုးချောင်းသော ဓားပျံများက ကောင်းကင်သို့ တစ်ဟုန်တည်း ပျံတက်ကာ ဓားအစီအရင်ကို ဖွဲ့စည်းသည်။
“သွား …”
ချန်းဖန်က သူ၏ လက်ဝါးကို တွန်းထုတ် ပစ်လိုက်သည်။
“ဘုန်း …”
ရုတ်တရက် မရေမတွက်နိုင်သော ဓား အလင်းများက ပိရမစ်ထံသို့ ပြင်းထန်စွာ တိုးဝင်၍ အလင်း အကာအကွယ်ကို ထိုးဖောက်ရန် ကြိုးစား၏။
“ဂျစ် ... ဂျစ် …”
ဓားအလင်းများ၏ ထိုးဖောက်မှု အောက်တွင် ပိရမစ် ထိပ်ရှိ အလင်း အကာအကွယ်က အန္တရာယ် အနီရောင် အနေအထား ပြောင်းလဲကာ တုန်ရီလာသည်။
“ဖိုင်းယား ... ဖိုင်းယား …”
ကတုံးများက စိုးရိမ်တကြီးဖြင့် အော်ဟစ် ကြသည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
များစွာသော လျှပ်စစ် သံလိုက် အမြောက်များက မိုးကြိုးပေါင်း တစ်သောင်း ပေါက်ကွဲသကဲ့သို့ ပြိုင်တူ ပစ်ခတ် လိုက်ကြပြန်၏။
ထိုပေါက်ကွဲမှုများ အောက်၌ ကောင်းကင်နှင့် မြေကြီး ခိုက်ခိုက်တုန်၏။ တစ်ချိန်တည်းတွင်ပင် ချန်းဖန်၏ ထိန်းချုပ်မှုအောက်မှ ဓားပျံများ အလုံးစုံ လွင့်ပျံကာ ဓားဝင်္ကပါ ပျက်စီးရလေ၏။
မာယာ သင်္ဘောပျံသည် အဆင့်လွန် နည်းပညာဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ၎င်း၏ ခုခံ ကာကွယ်ရေး စနစ်မှာ အလွန် ကောင်းမွန်သည်။ မူလအဆင့် အထွတ်အထိပ် တစ်ယောက်ပင် သင်္ဘောပျံ၏ အထက်ရှိ အလင်း အကာအကွယ်ကို ချိုးဖျက်နိုင်မည် မဟုတ်ချေ။
“ပုံမှန် အခြေအနေမှာဆို ဒီသင်္ဘောပျံက ရွှေအမြုတေအဆင့် တစ်ယောက်ကိုတောင် အနိုင်ယူ နိုင်မှာ သေချောတယ် ... ဒါပေမဲ့ ကံမကောင်းတာက သူတို့ရဲ့ ရန်သူဟာ ငါ ဖြစ်နေတာပဲ”
ချန်းဖန်က ကောင်းကင် အမြင့်သို့ ပျံတက်ကာ မာယာ သင်္ဘောပျံအား အပေါ်စီးမှ ငုံ့ကြည့်လိုက်၏။
သူ၏ ခေါင်းထက်တွင်မူ အလင်း စက်ဝန်း တစ်ခုက ဖြစ်ပေါ်နေသည်။ ထိုအလင်း စက်ဝန်း၏ အတွင်းတွင်မူ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ချိပ်တံဆိပ်တစ်ခု ရှိ၏။ ရှေးဟောင်း စွမ်းအင်နှင့် မူလ စွမ်းအားတို့က ထိုချိပ်တံဆိပ်ကို ဗဟိုပြုကာ နွယ်ပင်များအလား ရစ်ခွေနေသည်။
“အဲဒါက ချန်းပေ့ရွှမ်းရဲ့ မဟာ လက်နက် ဆိုတာလား …”
ပညာရှိ လူကြီးများမှာ ထိုချိပ်တံဆိပ်ကို မြင်သည်နှင့် ရင်တုန် သွားကြ၏။
သူတို့သည် မကြာခင်ကပင် ထိုချိပ်တံဆိပ်၏ ကြမ်းကြုတ်မှုကို သိရှိခဲ့ရပြီး “ဒီထွိုက်မြို့ကြီး” ပျောက်ကွယ်ခဲ့ရသည်ကိုလည်း တွေ့မြင် ခဲ့ကြပြီး ဖြစ်သည်။
“သူ့ မဟာလက်နက်က အသုံးမပြုခင် နှိုးဆောင်ဖို့ အတွက် အချိန်လိုမှာ သေချာတယ် …”
ဘရုက တိတ်ဆိတ်မှုအား ဖြိုခွဲလိုက်၏။
“ကလန့် …”
တစ်ချိန်တည်းမှာပင် ရှေးဟောင်း ချိပ်တံဆိပ်က ပိုမို တောက်ပလာကာ ငါးသွယ်သော ရောင်ခြည်များကို ထုတ်လွှတ်၏။
“ဘုန်း …”
ထိုရောင်ခြည် ငါးသွယ်က လေထဲတွင်ပင် တစ်စုတစ်စည်းတည်း ပေါင်းစည်းကာ ကြီးမားသော ခရမ်းရောင် လျှပ်စီးအလင်း တစ်ခုအဖြစ် ပြောင်းလဲသည်။
ထိုလျှပ်စီးအလင်း၏ မျက်နှာပြင်တွင် အမှောင်နှင့် အလင်း စွမ်းအားများက ကွန့်မြူး နေလေ၏။
ထိုလျှပ်စီးအလင်းမှာ ဒီထွိုက်ကို ဖျက်ဆီးခဲ့သော ထုထည်၏ဆယ်ပုံ တစ်ပုံသာ ရှိသော်လည်း ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသည်။
“ဘုန်း …”
လျှပ်စီးအလင်းသည် ချန်းဖန်၏ ထိန်းချုပ်မှု အောက်၌ သင်္ဘောပျံကို ကာကွယ် ထားသော အလင်း အကာအကွယ်အား ထိ၏။
မိုးကြိုးငါးခု ချိပ်တံဆိပ်သည် အလွန် အစွမ်းထက်သော အစီအရင် လက်နက်တစ်ခု ဖြစ်ရာ ၎င်း၏ လမ်းကြောင်းရှိ မည်သည့် အရာကိုမဆို ခြိမ်းခြောက် နိုင်သည်။ ထိုအထဲ၌ အလင်း အကာအကွယ်သည်လည်း ချွင်းချက် မဟုတ်ချေ။
“သတိပေးချက် ... သတိပေးချက် …”
“စွမ်းအင် အကာအကွယ်က အင်အား နှစ်ဆယ် ရာနှုန်းပဲ ကျန်တော့တယ် …”
“ဆယ့်ကိုးပဲ ကျန်တော့တယ် …”
“ဆယ့်ရှစ် …”
“ဆယ့်ခွန် …”
မျက်စိတစ်မှိတ် အတွင်းမှာပင် စွမ်းအား အကာအကွယ်မှာ တစ်ဆယ် ရာနှုန်းအောက်အထိ လျော့ကျလာသည်။ ၎င်းကို ထိန်းချုပ်နေသော သူ၏ မျက်နှာကား စိုးရိမ်မှုကြောင့် ရဲရဲနီနေပြီ ဖြစ်လေသည်။
“အားလုံးပဲ ... ဘက်ကပ် စွမ်းအားရင်းမြစ်ကို ထုတ်သုံးဖို့ လုပ်တော့ …”
ဘရုက ဝိညာဉ် စွမ်းအားကို ဖြန့်ကြက်ရင်း အမိန့်ပေး လိုက်သည်။
“ခေါင်းဆောင် ... ဘက်ကပ် စွမ်းအားက အာကာသမှာ ခရီးသွားဖို့ စွမ်းအား ရင်းမြစ်တွေနော် ... အခုသာ သုံးလိုက်မယ် ဆိုရင် ကမ္ဘာက ထွက်ခွာမဲ့ ကျုပ်တို့ရဲ့ အစီအစဉ်က နောက်နှစ်ရာချီအောင် နှောင့်နှေး သွားလိမ့်မယ်”
အခြား ပညာရှိ လူအိုကြီး တစ်ယောက်က မျက်မှောင်ကြုတ်ရင်း ဆိုသည်။
“ငါတို့သာ အခု သူ့ကို မသတ်ရင် ကမ္ဘာကနေ ထွက်ခွာဖို့ ဘယ်တော့မှ ဖြစ်နိုင်တော့မှာ မဟုတ်ဘူးကွ …”
ဘရုက ဒေါသတကြီး အော်ဟစ် ပြောဆို လိုက်၏။
“ကလစ် ... ကလစ် …”
မကြာမီမှာပင် ဘက်ကပ် စွမ်းအားက အလင်း အကာအကွယ်ပင် ပြည့်နှက်လာကာ ခုခံ ကာကွယ်ရေး စနစ်ကို အားဖြည့်သည်။
“ခရက် …”
ခဏအတွင်းမှာပင် အလင်း အကာအရံက ဆယ်မီတာအထိ ပြန်လည် ထူလာကာ မီတာ နှစ်ထောင်ခန့် ဖြန့်ကြက်၍ သင်္ဘောပျံအား ကာကွယ်၏။
“ပျော့လိုက်တာ …”
ချန်းဖန်က နှာခေါင်းရှုံ့ လိုက်၏။
ထို့နောက် သူက အစစ်အမှန် အမတေကို မိုးကြိုးငါးခု အစီအရင် အတွင်း သွန်းလောင်း ပေါင်းစပ် လိုက်သည်။
တစ်ချိန်တည်းတွင်ပင် မိုးကြိုးငါးခု ချိပ်တံဆိပ်က ချန်းဖန်အား ဗဟိုပြု၍ ပတ်ဝန်းကျင် တစ်ဆယ် ကီလိုမီတာ အတွင်းရှိ အမတေချီများကို စုပ်ယူသည်။
“ဘုန်း …”
စွမ်းအား ရင်းမြစ် နှစ်ခု၏ အားဖြည့်မှုတွင် မိုးကြိုးငါးခု ချိပ်တံဆိပ်သည် မူလထက် ပိုမို၍ ကြီးထွားလာ၏။
ယခုအချိန်၌ ချန်းဖန်၏ အင်အားမှာ ရွှေအမြုတေ အဆင့်များနှင့် များစွာ ကွာခြားခြင်း မရှိတော့ချေ။ ထို့ကြောင့် သူသည် မိုးကြိုး ငါးခု ချိပ်တံဆိပ်၏ စွမ်းအား အပြည့်အဝ နီးပါးကို ထုတ်သုံးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
“ကြမ်းလိုက်တဲ့ တိုက်ပွဲ ... သူတို့က လူသား တွေရော ဟုတ်သေးရဲ့လား”
TV ရှေ့မှ မရေမတွက်နိုင်သော လူများကား တိုက်ပွဲကို ကြည့်ရင်း လုံးဝ ဆွံ့အနေကြပြီ ဖြစ်လေသည်။
ပထမ၌ သူတို့သည် UFO နှင့် ဆင်တူသည့် မာယာ သင်္ဘောပျံ၏ အဆင့်မြင့် နည်းပညာနှင့် ကမ္ဘာဖျက် လက်နက်တို့ကို ကြည့်ကာ အံ့ဩခဲ့ရသည်။
သို့သော်လည်း အံ့ဩ၍ မဆုံးခင်မှာပင် ချန်းပေ့ရွှမ်းက သူ၏ နတ်ဘုရား လက်နက်ကို ထုတ်ပြ လာပြန်သည်။
ထိုတိုက်ပွဲကား အမေရိကန်နှင့် ချန်းပေ့ရွှမ်းတို့ အကြားမှ တိုက်ပွဲထက်ပင် ပိုမို အဆင့်မြင့် ကြမ်းတမ်း သေးသည်။
“နတ်ဘုရားတွေသာ တကယ် ရှိမယ်ဆို ချန်းပေ့ရွှမ်း သူတို့ထဲက တစ်ယောက် ဖြစ်မှာ သေချာတယ် …”
များစွာသော အမှောင်ကမ္ဘာ အရှင်သခင်များက တီးတိုး ရေရွတ် လိုက်ကြ၏။
ရဲ့ချင်စန်းပင်လျှင် ထိုတိုက်ပွဲကို ကြည့်ရင်း ဆွံ့အ နေခဲ့၏။
ချန်းဖန် ပြသနေသော စွမ်းအားကား မူလ အဆင့်၏ စစ်မှန်သော စွမ်းအားပင် ဖြစ်သည်။ သူသည် ချန်းဖန်ထက် အရင် မူလအဆင့် တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ ချန်းဖန် အစွမ်း၏ အပုံ တစ်ရာပုံ တစ်ပုံပင် မမီနိုင်တော့ချေ။
“ပျက်စီးစမ်း …”
ချန်းဖန်က ရေရွတ်ရင်း မိုးကြိုးငါးခု ချိပ်တံဆိပ်ကို လှုပ်ခါ လိုက်သည်။
“ဘုန်း ...”
အရပ် ရှစ်မျက်နှာ၌ အမှောင် တိမ်တိုက်များက ထူထပ်စွာ ဖြစ်ပေါ်လာ၍ မရေ မတွက်နိုင်သော လျှပ်စီးအလင်းများကလည်း ချိပ်တံဆိပ်၏ အထက်သို့ ကျဆင်းကြ၏။
TV မှတစ်ဆင့် ကြည့်နေသော လူများကား အဖြူရောင် အလင်းတန်းများမှ လွဲ၍ မည်သည့် အရာကိုမျှ မမြင်နိုင်ကြတော့ချေ။
“အားလုံး လုပ်ကြတော့ …”
ဘရုက တည်ငြိမ်စွာ အော်ဟစ်၍ အမိန့်ပေး လိုက်၏။
“ဟူး ... ဟူး …”
သင်္ဘောပျံ အတွင်းရှိ ပညာရှိ လူကြီးများ အားလုံးက သူတို့၏ ဝိညာဉ် စွမ်းအားများကို တစ်ညီ တစ်ညွှတ်တည်း ထုတ်လွှတ် လိုက်ကြသည်။
“ဟူး …”
ရုတ်တရက် ပိရမစ် ထိပ်ဖျား၌ နွယ်ပင်ကဲ့သို့ အပြာရောင် အလင်းတန်း သုံးခု ထွက်ပေါ် လာ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ထိုနွယ်ပင် အလင်းတန်း သုံးခုက မီတာ သုံးထောင်ခန့် ရှည်လျားလာကာ သောရ်၏ ကြာပွတ်များသဖွယ် ဝှေ့ယမ်းသည်။
“ဘုန်း …”
ထိုအရာကား မာယာ သင်္ဘောပျံ၏ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်၏။ တစ်ချိန်တည်းတွင် ထိုအရာက ပညာရှိ လူကြီးများ၏ မီးကုန် ယမ်းကုန် အစွမ်းကုန် တိုက်ခိုက်မှုလည်း ဖြစ်လေသည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
စွမ်းအား နှစ်ခု တိုက်ရိုက် ထိတွေ့သည်နှင့် ကောင်းကင်နှင့် မြေပြင် တစ်ခွင်လုံး အလင်းများ၊ ပေါက်ကွဲမှုများဖြင့် ပြည့်နှက်သွားသည်။ ထိုပေါက်ကွဲမှုများ အောက်၌ တိမ်များ၊ သစ်ပင်များ၊ မြေကြီးများ၊ ကျောက်တုံးများ အလုံးစုံမှာ အမှုန် အဖြစ် ပြောင်းလဲ သွားရတော့၏။
“ဘယ်သူ နိုင်သွားတာလဲ …”
ဘီလျံနှင့် ချီသော ပရိသတ်များမှာ ထိုစစ်ပွဲကို ရင်တမမဖြင့် ကြည့်နေကြ၏။ သူတို့ကား TV စခရင်မှ မျက်တောင် တစ်ခပ်စာမျှပင် ခွာခြင်း မရှိကြချေ။
“ဟူး …”
ရုတ်တရက် အရာရာကား လုံးဝ ဆိတ်ငြိမ်သွား၏။ မည်သည့် ပေါက်ကွဲသံမှ မကြားရတော့သလို၊ မည်သည့် မိုးကြိုးသံမျှလည်း မကြားရတော့ချေ။
“ဟူး ... ဟူး …”
ထို့နောက် အလင်းများက လေးလံစွာပင် အရပ်မျက်နှာ ရှစ်ခုသို့ တဖြည်းဖြည်း ဖြန့်ကြက် လွင့်ပြယ်သွား၏။ လူများက သူတို့၏ လက်များကို ဖြစ်ညှစ်ရင်း စိုးရိမ်စွာဖြင့် TV စခရင်အား ကြည့်နေကြသည်။
စစ်မြေပြင် ဖြစ်ခဲ့သော အရပ်မျက်နှာ ကောင်းကင်တွင်မူ …
“ဟူး …”
ရွှေရောင် မီးတောက်ဝတ်စုံ ဝတ်ဆင် ထားသော လူတစ်ယောက်သည် လေထုကို နင်း၍ တည်ငြိမ်စွာ ရပ်တည် နေသည်။ သူ၏ တည်ရှိမှုကား မည်သည့် အရာကိုမျှ မမှု့သည့် စစ်နတ်ဘုရား တစ်ပါးအလား ဟန်ချက် ညီ၏။
“ဂျစ် ... ဂျစ် …”
သူ၏ အောက်တွင်မူ အတွင်းကလီစာများ ပေါ်သည်အထိ ယိုယွင်းနေသော မာယာ သင်္ဘောပျံ ရှိသည်။
ယခု အချိန်၌ “သင်္ဘောပျံ” သည် ၎င်း၏ အမည်နှင့် လိုက်ဖက်ခြင်း မရှိတော့ချေ။ လေထု၌ လည်ပတ်ရင်း ရုပ်ပျက် ဆင်းပျက် ပြုတ်ကျနေ၏။
ထိုအရာ၏ လားရာကား အသူရာ နက်သော သမုဒ္ဒရာ ရေပြင်ပင် ဖြစ်တော့၏။
ချန်းဖန်ကား ကမ္ဘာ၏ ပြိုင်ဘက်ကင်း သင်္ဘောပျံကို လူတိုင်း၏ အရှေ့၌ ဖျက်ဆီး ပြခဲ့ပြီ ဖြစ်လေသည်။
***