ကမ္ဘာ၏ အင်ပါယာ
Vol. 8 Ch. 714
ပိရမစ် ပုံစံ သင်္ဘောပျံကြီးသည် ကောင်းကင်မှ နေ၍ သမုဒ္ဒရာ အတွင်း ပြုတ်ကျ၏။
“ဘုန်း …”
ကြီးမားသော လှိုင်းလုံးကြီးများက ရေပြင်တွင် အလျှိုလျှို ဖြစ်ပေါ်လာကာ အရပ် ရှစ်မျက်နှာသို့ ပြန့်နှံ့သည်။
“ချန်းပေ့ရွှမ်းက တကယ့်ကို ကြောက်ဖို့ ကောင်းတဲ့ သားရဲပဲ ... မာယာ မျိုးနွယ်ရဲ့ နည်းပညာမြင့် သင်္ဘောပျံတောင် သူ့ကို မသတ်နိုင်ဘူး ဆိုတော့ ဒီကမ္ဘာမှာ ဘယ်သူက သူ့ကို သတ်နိုင်ဦးမှာလဲ”
အင်တာနက်မှ တစ်ဆင့် စောင့်ကြည့်နေသည့် အမှောင်ကမ္ဘာ အရှင်သခင်များက တီးတိုး ရေရွတ်ကြ၏။
အမေရိကန်နှင့် ပညာရှိ လူကြီးများအား အနိုင်ယူပြီး နောက်၌ ချန်းဖန်သည် ကမ္ဘာ၏ ထိပ်ဆုံး နေရာသို့ တရားဝင် တက်လှမ်းခဲ့ပြီ ဖြစ်သည်။ ဤကမ္ဘာဂြိုဟ်တွင် မည်သည့် သက်ရှိကမျှ သူ့အား စိန်ခေါ်ရဲတော့မည် မဟုတ်ချေ။
“ဘုန်း …”
ရုတ်တရက် သင်္ဘောပျံသည် ရေမျက်နှာပြင်ကို ထိုးခွဲကာ သမုဒ္ဒရာ၏ အထက်သို့ ပြန်လည် မြင့်တက်လာသည်။
၎င်းသည် ချန်းဖန်၏ တိုက်ခိုက်မှု၌ ကြီးမားစွာ ထိခိုက်ခဲ့သော်လည်း အလုံးစုံ ပျက်စီးသွားခဲ့ခြင်း မဟုတ်ချေ။
“ဟူး ... ဟူး …”
ပင်လယ်ရေ မျက်နှာပြင်သို့ ရောက်သည်နှင့် သင်္ဘောပျံသည် ရေထုအား ထိုးခွဲကာ ထွက်ပြေးရန် ကြိုးစား၏။ ခဏအတွင်းပင် ၎င်းသည် အသံ၏ အမြန်နှုန်းကို ချိုးဖျက်၍ ရှပ်ပြေး မော်တော်ဘုတ်အလား မောင်းနှင်သည်။
“ပြေးလို့ လွတ်မယ် ထင်နေတာလား …”
ချန်းဖန်က အေးစက်စွာ ရေရွတ်ရင်း ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။
“ဝှစ် …”
ထိုတစ်လှမ်းတွင်ပင် သူသည် လေဟာနယ် မီတာ ထောင်ပေါင်း များစွာကို ကျော်ဖြတ်ကာ သင်္ဘောပျံ၏ အနားသို့ ရောက်၏။ ထို့နောက် သူက တစ်ဆက်တည်း လိုလိုပင် လက်သီးကို ဆုပ်ကာ သင်္ဘောပျံဆီသို့ ထိုးလွှတ် လိုက်သည်။
“ဘုန်း …”
လက်သီးက အဇူရာ အလင်းကို ခြံရံရင်း သင်္ဘောပျံအား ထိသည်။
“ဘုန်း …”
အင်အား ကြီးမားသော လက်သီးချက် ပေါက်ကွဲမှု အောက်တွင် သင်္ဘောပျံသည် နောက်သို့ မီတာ တစ်ဒါဇင်ခန့်အထိ လွင့်စဉ် သွား၏။
“သူက ဘာလို့ ဒီလောက်တောင် အစွမ်းထက် နေရတာလဲ …”
ပညာရှိ လူကြီးများကား အလွန်အမင်း ထိတ်လန့် နေကြပြီ ဖြစ်လေသည်။
သူတို့သည် ချန်းဖန်ကို အစွမ်းထက် အစီအရင် ပညာရှင် တစ်ဦးဟုသာ ယုံကြည်ခဲ့ကြသည်။ ယခုကဲ့သို့ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားမည်ဟု မမျှော်လင့် ခဲ့ကြချေ။
“ချန်း ... ချန်းပေ့ရွှမ်းက ကျုပ်တို့ အားလုံးကိုပါ သတ်ပစ်တော့မှာလား …”
သခင်ကြီးလမ့်က ဖြူရော်သော မျက်နှာဖြင့် အထစ်ထစ် အငေါ့ငေါ့ မေးသည်။
သို့သော်လည်း သူ၏ မေးခွန်းအား မည်သူမျှ ပြန်မဖြေကြချေ။
“အားလုံးပဲ ... အရင်ဆုံး ချန်းပေ့ရွှမ်းကို သမုဒ္ဒရာထဲ မျှားခေါ်ရအောင် ... နောက်ပြီး ဒူးဒေး လက်နက်ကိုပါ သုံးဖို့ အဆင်သင့် ပြင်ထားကြ”
ဘရုက မျက်မှောင်ကြုတ်ရင်း အော်ဟစ် အမိန့်ပေး လိုက်သည်။
ဘရု၏ အမိန့်ပေးမှု အောက်တွင် မာယာ သင်္ဘောပျံသည် သမုဒ္ဒရာအတွင်း မောင်းနှင် ပြေးထွက်ရန် ကြိုးစား၏။ တစ်ချိန်တည်းတွင် သူတို့သည် ချန်းဖန်၏ တရကြမ်း တိုက်ခိုက်မှုများအား လုံးဝ လျစ်လျူထားသည်။
“သူတို့က ဘာလုပ်ချင်နေတာလဲ ... ငါ မြန်မြန် အဆုံးသတ်မှ ဖြစ်တော့မယ်”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ခွန်ပန် အသွင်သို့ ပြောင်းလဲ လိုက်၏။
“ဘုန်း …”
ထို့နောက် သူသည် အတောင် နှစ်ဖက်ကို ခတ်ရင်း သင်္ဘောပျံအား လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။
“ချန်းပေ့ရွှမ်းက လူတစ်ယောက် မဟုတ်ဘူးလား ... သူ့ရဲ့ အတောင်ပံတွေက ဘယ်ကနေ ရောက်လာတာလဲ”
ပညာရှိ လူကြီးများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားကြသည်။
“ခေါင်းဆောင် ... ဒီအတိုင်းဆို သင်္ဘောက မကြာခင် လုံးဝ ပျက်စီး သွားတော့မယ် ... ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ”
ကတုံး တစ်ယောက်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“စူပါ စွမ်းအင်ဗုံးနဲ့ ချကွာ …”
ဘရုက ဒေါသတကြီး အော်ဟစ် အမိန့်ပေး လိုက်၏။
စွမ်းအင်ဗုံး …
စွမ်းအင်ဗုံးကား ရှေးဟောင်း မာယာ လူမျိုးများ၏ အစွမ်း အထက်ဆုံး လက်နက်တစ်ခု ဖြစ်သည်။
ချန်းဖန်သည် နတ်ဘုရား သတ်ဖြတ်ရေး အဖွဲ့၏ စွမ်းအင်ဗုံး တိုက်ခိုက်မှုနှင့် တစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး သီသီလေး လွတ်မြောက်ခဲ့သည်။
သို့သော်လည်း ထိုစွမ်းအင်ဗုံးမှာ အချင်းဝက် မီတာတစ်ရာ ပတ်လည်ကိုသာ ထိခိုက်နိုင်သည့် အသေးစား စွမ်းအင်ဗုံး ဖြစ်သည်။
ယခု ထုတ်လွှတ်မည့် စွမ်းအင်ဗုံးမှာမူ ကီလိုမီတာ ဒါဇင်ချီအောင် ဖျက်ဆီးနိုင်သော စူပါ စွမ်းအင်ဗုံး ဖြစ်၏။
“ဘုန်း …”
ရုတ်တရက် ပိရပစ်၏ အချွန် ထိပ်ဖျား၌ အနက်ရောင် အစက်အပျောက် တစ်ခု ပေါ်ထွက် လာသည်။ တစ်ခဏ အတွင်းမှာပင် ထိုအစက်အပျောက်က တဖြည်းဖြည်း ကြီးမားလာကာ အနက်ရောင် လှိုင်းအသွင်ဖြင့် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သည်။
“ဟူး ... ဟူး …”
အနက်ရောင် လှိုင်း၏ တိုက်စားမှုတွင် ပင်လယ်ရေ ဖြစ်စေ၊ တိမ်တောင် ဖြစ်စေ၊ ကျွန်းသဲသောင်ပြင် ဖြစ်စေ အလုံးစုံသည် အငွေ့ အဖြစ်သို့ ပြောင်းလဲရ၏။ ရုတ်တရက် အရာရာသည် တိတ်ဆိတ်သွား၏။
“သူ သေလောက်ပြီ …”
ပညာရှိ လူကြီးများက သက်ပြင်းရှည်များ ချလိုက်ကြသည်။
စွမ်းအင်ဗုံးကား သင်္ဘောပျံ၏ ဝှက်ဖဲ လက်နက် ဖြစ်သည်။ ထိုလက်နက်၏ တိုက်ခိုက်မှုကို နတ်ဘုရား တစ်ပါးပင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ချန်းပေ့ရွှမ်း ဆိုသော နတ်ဆိုး မည်မျှပင် အစွမ်းထက် စေကာမူ၊ ရှေးဟောင်း နတ်ဘုရား များထက် ပိုမို၍ အစွမ်းထက်လိမ့်မည် မဟုတ်ချေ။
“ဘုန်း …”
သူတို့ အတွေးမဆုံးခင်မှာပင် ကီလိုမီတာ ဒါဇင်ချီ အကွာအဝေးမှ အဇူရာ အလင်းရောင် တစ်ခု လင်းလက် တောက်ပလာ၏။ ထိုအလင်း၏ အတွင်းတွင်မူ အတောင်ပံများကို ခတ်နေသည့် ကြီးမားသော ခွန်ပန် သားရဲ တစ်ကောင် ရှိသည်။
“ဟူး ... ဟူး …”
ခွန်ပန်၏ မျက်လုံးများသည် ဒေါသဖြင့် အေးစက် နေ၏။
ပညာရှိ လူကြီးများတွင် နောက်ဆုံး ဝှက်ဖဲ ရှိလိမ့်ဦးမည်ဟု သူ ခန့်မှန်းမိခဲ့ပြီး ဖြစ်သော်လည်း ယခုကဲ့သို့ စူပါ စွမ်းအင်ဗုံး ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။
“စွမ်းအင်ဗုံးက မိုးကြိုးငါးခု အစီအရင်လိုပဲ အရမ်းကို အစွမ်းထက်တယ် ... အဲဒါသာ အထိ ခံရရင် ငါသေမှာ သေချာတယ် ... ခွန်ပန် အသွင်ကို ပြောင်းထားမိတာ ကံကောင်းတာပဲ ... မဟုတ်ရင် ငါ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး”
ချန်းဖန်မှာ ပိုမို၍ တွေးလေလေ မိမိကိုယ်ကို ပိုပို၍ ဒေါသထွက်လေလေ ဖြစ်နေခဲ့သည်။ မြောက်ပိုင်း ကောင်းကင် အရှင်သခင် အနေဖြင့် ထိုသေးငယ်သော ထောင်ချောက်အတွင်း မကျရောက်ခဲ့သင့်ချေ။
“ဟူး ... ဟူး …”
ခွန်ပန်သည် အတောင်များကို ကြမ်းတမ်း ခက်ထန်စွာ ခတ်လိုက်၏။ ထို့နောက် သူက သင်္ဘောပျံဆီသို့ ပျံသန်း၍ အကြိမ်ကြိမ် ထိုးနှက် တိုက်ခိုက်လိုက်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ပြင်းထန်သော တိုက်ခိုက်မှုများ အောက်၌ သင်္ဘောပျံကား စွမ်းအင် ကုန်ခန်း သွားခဲ့ပြီ ဖြစ်သည်။ ဆက်လက် မတိုက်ခိုက်တော့လျှင်ပင် ထိုအရာမှာ ရွေ့လျား နိုင်စွမ်း မရှိတော့ချေ။
“သွား …”
ချန်းဖန်က လူသား အသွင်သို့ ပြန်လည် ပြောင်းကာ သူ၏ လက်ညှိုးအား သင်္ဘောပျံသို့ ဦးတည်၍ ညွှန်လိုက်၏။
“ကလန့် …”
ရုတ်တရက် လေထု၌ ခရမ်းရောင် လျှပ်စီးများ ပြည့်နှက်နေသော ဓားတစ်ချောင်း ဖြစ်တည်လာသည်။ ထိုဓားသည် လေနှင့်အတူ လူးလွန့် ကူးခတ်ရင်း ယင်နှင့် ယန် စွမ်းအား နှစ်ခုကို ဖန်တီး၏။
“ကောင်းကင် မိုးကြိုးဓား ပထမ ပုံစံ ... ယင်နှင့် ယန်ကို ထက်ပိုင်း ပိုင်းခြင်း …”
“ကလန့် …”
ဓားက သင်္ဘောပျံဆီသို့ ငါးတစ်ကောင်အလား ကူးခပ် တိုးဝင်၍ ထက်ပိုင်းဖြတ်၏။ ၎င်း၏ ပိုင်းဖြတ်မှုတွင် သင်္ဘောပျံ၏ အတွင်း၊ အပြင် နှစ်ရပ်စလုံး တို့ဟူးအလား ထက်ဝက် ပိုင်းပြတ်ရသည်။
သို့သော်လည်း ဓားသည် ထိုမျှနှင့် ရပ်တန့်ခြင်း မရှိချေ။ သင်္ဘောပျံ အတွင်းရှိ လွတ်မြောက်ရန် ကြိုးစားနေသော ပညာရှိ လူကြီးများ ထံသို့ပါ တိုးဝင်၍ ခုတ်ပိုင်းသည်။
“အား …”
တစ်ခဏ အတွင်းမှာပင် ဓား၏ ထက်မြက်မှု အောက်၌ ကတုံးများ အားလုံး အပိုင်းပိုင်း ပြတ်ကာ သေဆုံးသွား၏။ ဘရုကား နောက်ဆုံး ကျန်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။
“သခင်ကြီး ခင်ဗျာ ... ကျုပ် အသက်ကို ချမ်းသာ ပေးပါ ... ကျုပ် မာယာ မျိုးနွယ်တွေနဲ့ သူတို့ရဲ့ နည်းပညာတွေ အကြောင်း အားလုံး သိထားပါတယ်”
“နားငြီးတယ် …”
ချန်းဖန်က ထူးမခြားနားစွာ ပြောရင်း ဘရုအား ဓားဖြင့် လှမ်းပိုင်း လိုက်သည်။
“ဘုန်း …”
ဓားသည် ဘရု၏ အကာအကွယ် စွမ်းအားကို ဖြတ်သန်းကာ သူ၏ ခန္ဓာကိုယ် ပေါ်သို့ ကျလေ၏။
ထိုဓားချက်တွင်ပင် ဘရု၏ ကိုယ်ကြပ်ဝတ်စုံ အပိုင်းပိုင်း ပျက်စီးကာ ခန္ဓာကိုယ်မှာလည်း ထက်ဝက် ပိုင်းပြတ်သည်။
“ဝှစ် …”
ခန္ဓာပျက်စီးပြီးနောက် အပြာရောင် အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းသည် လေထုတွင်ပင် ဘရု၏ အသွင်သို့ ဖွဲ့စည်း၏။ ထိုအရာကား ဘရု၏ နတ်ဘုရား စိတ်ဝိညာဉ်ပင် ဖြစ်သည်။
“သခင်ကြီး ခင်ဗျာ ... ကျုပ်တို့ ဆွေးနွေးလို့ ရပါတယ်”
ဘရု၏ နတ်ဘုရား စိတ်ဝိညာဉ်က ညှိနှိုင်းရန် ကြိုးစားသည်။
သို့သော်လည်း ချန်းဖန်က ထိုအရာကို လုံးဝ ဂရုစိုက်ခြင်း မရှိချေ။ သူက အင်္ကျီလက်များကို ခါယမ်းရင်း ခပ်တိုးတိုး ရေရွတ် လိုက်၏။
“ကောင်းကင် အမတေဓား …”
ရုတ်တရက် သူ၏ မျက်ခုံး နှစ်ခု အကြားမှ တောက်ပသော ရွှေရောင် အလင်းတစ်ခု ထွက်ပေါ်လာ၏။
“ကလန့် …”
ထိုအလင်းက ရွှေရောင် ဓားငယ်လေး အသွင်သို့ ပြောင်းလဲသည်။ ထိုဓားငယ်၏ ခန္ဓာ၌ လျှို့ဝှက် ဆန်းကြယ်သော သင်္ကေတများက ပြည့်နှက်နေ၏။
“နတ်ဘုရား သတ်ဖြတ်ခြင်းဓား ... အဲဒါက မာယာ မျိုးနွယ်စု ဘိုးဘေးရဲ့ လျှို့ဝှက် ဝိညာဉ်ဓား မလား ... သင် ဘယ်လို ရတာလဲ”
“သတ် …”
ချန်းဖန်က ထိုမေးခွန်းကို ပြန်မဖြေဘဲ ဓားကိုသာ အမိန့်ပေး လိုက်သည်။
“မလုပ်ပါနဲ့ ခင်ဗျာ ... ကျုပ်မှာ သခင်ကြီး အတွက် အရေးကြီးတဲ့ အချက်အလက် အချို့ ရှိပါတယ် ... အခြား လူတွေ ဒီကမ္ဘာကို ပြန်လာ တော့မယ် ... စစ်ပွဲက လာနေပြီ”
ဘရုက တုန်ရီစွာဖြင့် ဆိုလိုက်သည်။
“ဟုတ်လား …”
သို့သော်လည်း ချန်းဖန်က ဆက်လက် နားထောင်ခြင်း မပြုချေ။
သူက ဓားကို စေခိုင်း၍ ဘရု၏ နတ်ဘုရား စိတ်ဝိညာဉ်အား အပိုင်းပိုင်း ဖြတ်ပစ်လိုက်သည်။
ထို့နောက် သူသည် ဝိညာဉ် အပိုင်းအစများကို စုစည်းကာ အလုံးတစ်လုံး ပြုလုပ်၍ ဓားအားဖြည့် ကျောက်မျက်အတွင်း သိမ်းဆည်းလိုက်၏။
ဤနည်းဖြင့် သူသည် စိတ်ဝိညာဉ် စွမ်းအားကို သုံး၍ ဘရု၏ မှတ်ဉာဏ်များကို အချိန်မရွေး ကြည့်နိုင်လိမ့်မည် ဖြစ်သည်။
“ဒီပိရမစ်ကိုရော ငါဘာလုပ်ရမလဲ …”
ချန်းဖန်က သင်္ဘောပျံကို ကြည့်ရင်း စိတ်ပျက် လက်ပျက်ဖြင့် ခေါင်းအား ခါယမ်း လိုက်သည်။
တစ်ချိန်တည်းတွင် …
ကမ္ဘာ၏ မရေမတွက်နိုင်သော လူများသည် အသက်ရှူ မှားလောက်အောင် ပြင်းထန်သော တိုက်ပွဲ၏ နောက်ဆုံး ရလဒ်ကို ကြည့်၍ ဆွံ့အနေကြလေ၏။
၂၀၁၂၊ ဩဂတ်လ ၁၅ ရက်…
ချန်းပေ့ရွှမ်းသည် အမေရိကန်အား အနိုင်ယူကာ မာယာ သင်္ဘောပျံကို ဖျက်ဆီးခဲ့သည်။
ထိုနေ့မှ စ၍ သူသည် ကမ္ဘာ၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်၊ အင်အား အကြီးဆုံး အင်ပါယာ ဖြစ်လာခဲ့ပြီ ဖြစ်၏။
***