အာကာသမှ မက်ဆေ့
Vol. 8 Ch. 715
၂၀၁၂၊ ဩဂတ်လ ၁၅ ရက် …
ထိုနေ့ကား ကမ္ဘာပေါ်ရှိ လူသားများ အတွက် အသိဉာဏ် အဆင့်တစ်ခု ပွင့်သွားခဲ့သောနေ့ ဖြစ်၏။
လူတိုင်းသည် အသက်ရှူသော လေပင်လျှင် မူလကနှင့် မတူ ကွာခြားနေသလို ခံစားနေကြ ရသည်။
သွေးစုပ်ဖုတ်ကောင်များ၊ သမန်း ဝံပုလွေများ၊ စူပါမန်းများ၊ သိုင်းပညာရှင်များ၊ ဂြိုဟ်သားများ …
ထိုအရာများကား ယုံတမ်း ဒဏ္ဍာရီများသာ မဟုတ်ကြချေ။ နှစ်ထောင်ပေါင်းများစွာ အကြာကပင် လူသားတို့၏ ဘေး၌ ထာဝရ တည်ရှိနေသော အရာများ ဖြစ်ကြ၏။
“ခွန်ရှု့နယ်မြေ မာယာမျိုးနွယ်စု နောက်ပြီး သွေးမျိုးဆက်တွေ သမန်း ဝံပုလွေတွေ ... ငါတို့ နေတဲ့ ကမ္ဘာကြီးက အဲဒီလောက် အန္တရာယ်များတဲ့ နေရာ ဖြစ်နေမယ်လို့ ငါ မထင်ခဲ့မိဘူး”
များစွာသော လူများက အင်တာနက်တွင် ရေးသားကြသည်။ သူတို့ကား အသွင်သစ်ဖြင့် မြင်ရသော ကမ္ဘာကြီးကို ရင်ခုန်စွာ စောင့်ကြည့်ကြ၏။
အရှေ့တိုင်းတွင် ရဲ့ချင်စန်း …
အနောက်တိုင်း၏ ခရစ်ယာန် ဘုရားကျောင်း …
အမှောင်ကမ္ဘာ၏ သွေးမျိုးဆက် …
မြောက်အမေရိက၏ ပညာရှိ လူကြီးများ …
ကမ္ဘာကြီး၏ အရာရာကား လျှို့ဝှက် ဆန်းကြယ်လွန်းကာ အလွန် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သို့သော် ထိုအရာများထက် လူတိုင်း ပိုမို စိတ်ဝင်စားနေသော အရာ တစ်ခု ရှိ၏။
ချန်းပေ့ရွှမ်း …
“ကမ္ဘာရဲ့ လူသားသမိုင်းနဲ့ ကျင့်ကြံခြင်း လောကမှာ ချန်းပေ့ရွှမ်းလို ပြိုင်ဘက်ကင်း ဖြစ်တည်မှုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး ... သူက ရှေးဟောင်း အချိန်တွေ တုန်းက အစစ်အမှန် နတ်ဘုရား တစ်ပါးလိုပဲ”
မရေမတွက်နိုင်သော လူများက အခိုင်အမာ ပြောဆိုကြသည်။ ချန်းဖန် အပေါ် သူတို့၏ လေးစားခြင်းများအား ပမာဏဖြင့် ပြရလျှင် သမုဒ္ဒရာပင် ယိုဖိတ် လောက်၏။
“ချန်းပေ့ရွှမ်းက နတ်ဘုရား တစ်ပါး သူတော်စင် တစ်ပါး တန်ခိုးရှင် တစ်ပါးပဲ …”
မစ္စတာ လေ့လာသူက အင်တာနက် ပေါ်တွင် ရေးတင်သည်။
မကြာခင်မှာပင် ကမ္ဘာ၌ “မြောက်ပိုင်း ကောင်းကင်ဂိုဏ်း” “ချန်းဂိုဏ်း” “မြောက်ပိုင်း ကောင်းကင် ဖန်ကလပ်” စသည်ဖြင့် များစွာသော ဂိုဏ်းအဖွဲ့များ ပေါ်ပေါက်လာ၏။
ထိုဂိုဏ်း အဖွဲ့ဝင်များက ချန်းဖန်အား အစစ်အမှန် နတ်ဘုရား တစ်ပါးအလား ယုံကြည် ကိုးစား ကြသည်။ အမှန်တကယ်တွင်လည်း ချန်းဖန်မှာ နတ်ဘုရား တစ်ပါးနှင့် ခြားနားခြင်း မရှိချေ။
မြောက်ပစိဖိတ် သမုဒ္ဒရာ အထက် လေယာဉ် တစ်စီးပေါ်တွင် …
“နတ်ဘုရား ဆိုတာကလည်း အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက်ပါပဲ …”
ချန်းဖန်က အင်တာနက်ရှိ သူ့အကြောင်း ရေးထားသော စာများကို ဖတ်ရင်း ရေရွတ် လိုက်သည်။ သူ၏ ဘေးတွင်မူ ငြိမ်သက်စွာ ထိုင်နေသော ဖန့်ချုံး ရှိ၏။
“ရှောင်ဖန် ... နင်က နတ်ဘုရား တစ်ပါး ဖြစ်နေပြီလား”
ရုတ်တရက် သူမက ချန်းဖန်အား ကြည့်၍ မေးလိုက်သည်။
“ငါ လျှောက်နေတဲ့ လမ်းကြောင်းက တန်ခိုးရှင် တာအိုလို့ ခေါ်တယ် ... အဲဒါက အနောက်တိုင်း ကမ္ဘာရဲ့ ကောင်းကင် တာအိုနဲ့ ကွာခြားတယ်”
ချန်းဖန်က ပြုံးရင်း ပြန်ဖြေ လိုက်၏။
တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဉ်၏ မူလ အဆင့်ကို အရှေ့တိုင်းသားများက “မြေကမ္ဘာ အဆင့်” ဟု ခေါ်ဆိုကြပြီး အနောက်တိုင်းသားများကမူ “သူတော်စင် အဆင့်” ဟု သတ်မှတ်ကြသည်။
မူလထက် တစ်ဆင့် မြင့်သည့် ရွှေအမြုတေ အဆင့်ကိုမူ အရှေ့တိုင်းသားတို့က “ကောင်းကင် တန်ခိုးရှင်” ဟု ခေါ်ဆိုပြီး အနောက်တိုင်း သားတို့ကမူ “အစစ်အမှန် နတ်ဘုရား” ဟု ခေါ်ဆိုကြသည်။
“ရှောင်ဖန် ... ကောင်းကင်တာအိုနဲ့ တန်ခိုးရှင် တာအို ဘယ်တစ်ခုက ပိုပြီး အစွမ်းထက်လဲ”
ဖန့်ချုံးက စိတ်ဝင်တစားဖြင့် မေး၏။
“တစ်ခုချင်းစီမှာတော့ အားသာချက်နဲ့ အားနည်းချက်တွေ ရှိတာပေါ့ …”
ချန်းဖန်က ပြုံးလိုက်၏။ သူ၏ မျက်လုံးတွင်မူ မောက်မာမှု တစ်ခုက နေရာ ယူနေသည်။
“ဒါပေမဲ့ ဒီရာစုနှစ်မှာတော့ တန်ခိုးရှင် တာအိုက ကမ္ဘာကြီးကို အုပ်ချုပ်တယ်”
ဖန့်ချုံးက နောက်တစ်ကြိမ် မေးရန် ဟန်ပြင် လိုက်စဉ်မှာပင် သူတို့၏ အရှေ့၌ ကြီးမားသော ကုန်းမြေ တစ်ခု ပေါ်လာခဲ့၏။
သူတို့ကား တရုတ်သို့ ပြန်လည် ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။
မရေမတွက်နိုင်သော ရန်ကျင်းမြို့သူ၊ မြို့သားများသည် လေဆိပ်၌ ဆီးကြို နေကြ၏။ သူတို့ကား အမေရိကန်ကိုပင် အနိုင်ယူခဲ့သော ဂန္တဝင် ပုဂ္ဂိုလ်ကြီးကို တွေ့လို နေကြပုံရသည်။
ချန်းဖန်နှင့် ဖန့်ချုံးသည် လေယာဉ်ပေါ်မှ ဆင်းလာကာ ကြိုဆိုနေသော လူထုအား လက်ဝှေ့ယမ်း ပြလိုက်၏။
ထို့နောက် သူတို့၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းအသွင် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်၍ မိုးကုပ်စက်ဝိုင်း အဆုံး၌ ပျောက်ကွယ် သွားသည်။
ချန်းဖန်သည် ရန်ကျင်းမှ ကျင်းမြို့တော်သို့ ပျံသန်းရန် နှစ်နာရီပင် အချိန်မယူလိုက်ရချေ။ အရှေ့တောင်သို့ ရောက်ရှိချိန်၌ ဖန့်ချုံးသည် ကလေးငယ် တစ်ဦးအလား စိတ်လှုပ်ရှား နေလေ၏။
“ယောက်ျား ... ပျံရတာက အရမ်း ပျော်ဖို့ ကောင်းတာပဲ ... ငါ နောက်တစ်ကြိမ် ပျံချင်သေးတယ်”
အန်ရာက သူတို့ အနားသို့ လျှောက်လာရင်း မျက်စောင်း ထိုးလိုက်သည်။
“နင်က အခုတည်းက သူ့ကို ယောက်ျားလို့ ခေါ်နေပြီ ... လက်ထပ်ပြီးတဲ့အခါ ခေါ်ဖို့လည်း ချန်ထားပါဦး”
ဖန့်ချုံးက အန်ရာ၏ စကားကို စိတ်မဆိုးဘဲ ရယ်မောလိုက်၏။ သူမက လျှာထုတ်ပြ၍ ပြန်လည် နောက်ပြောင် လိုက်သည်။
“ဘာမှ မနာလို ဖြစ်မနေပါနဲ့ ... အမလည်း ခေါ်ရဲရင် လိုက်ခေါ်လို့ ရတယ်နော်”
ထိုစကားကို ကြားသည်နှင့် အန်ရာမှာ ပါးစပ် အဟောင်းသား ဖြစ်ကာ ဆွံ့အသွား၏။
“ကောင်စုတ်လေး ... လုပ်ချင်တာ လုပ်ပြီး ပြန်လာရဲသေးတယ် ... ငါတို့ ဘယ်လောက် စိတ်ပူ နေမလဲ ဆိုတာ မတွေးမိဘူးလား”
ဝမ်ရှောက်ယွင်ကလည်း အနားသို့ လျှောက်လာကာ ချန်းဖန်၏ နားရွက်အား ဆွဲလိုက်၏။
“အား ... နာတယ် အမေရဲ့ ... မလုပ်ပါနဲ့”
ချန်းဖန်က မျက်နှာကို ရှုံ့မဲ့ရင်း တောင်းပန် လိုက်သည်။
အခြားလူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေကြ၏။
အမေရိကန်ကို ကြမ်းကြမ်းတမ်တမ်း အနိုင်ယူခဲ့တဲ့ နတ်ဆိုးက သူမှ ဟုတ်ရဲ့လား …။
“တော်တော့ ... လျှောက်ပြီး အော်မနေနဲ့ ... ဘယ်သူမှ မသနားဘူး”
ဝမ်ရှောက်ယွင်က ချန်းဖန်၏ နားရွက်အား ပို၍ ဖိဆွဲ လိုက်သည်။
“နျူကလိယတောင် မနာတဲ့ လူက ဒီလောက်လေးကို နာစရာလား ... နင့်အဖေတို့ ငါတို့ ရှောင်ရာတို့ ဘယ်လောက် စိတ်ပူနေမလဲ ဆိုတာ မတွေးမိဘူးလား”
ဝမ်ရှောက်ယွင်နှင့် အန်ရာတို့၏ မျက်ဝန်း၌ မျက်ရည်များက ဝဲတက်လာ၏။
ချန်းဖန်က သက်ပြင်းတစ်ချက် ချရင်း မိခင် ဖြစ်သူ၏ လက်အား ညင်သာစွာ ကိုင်လိုက်သည်။
“အမေ အမအန် ... နောက်တစ်ခါ စိတ်ပူအောင် ကျွန်တော် မလုပ်တော့ပါဘူး”
“အင်း …”
ဝမ်ရှောက်ယွင်က မျက်ရည်များကို ပြန်လည် သုတ်လိုက်သည်။
“သား ... ရှောင်ချုံးနဲ့ မြန်မြန် လက်ထပ်ပြီး အမေ့အတွက် မြေးတစ်ယောက် မွေးပေး ... အဲဒီ အခါကျရင် သားလုပ်ချင်တာ အမေ လုပ်ခွင့်ပေးမယ် ... အပြင်မှာ သေသွားမယ် ဆိုရင်တောင် အမေ စိတ်မပူတော့ဘူး”
မိခင်၏ စကားကို ကြားပြီးနောက် ချန်းဖန်က နောက်သို့ လှည့်၍ ဖန့်ချုံးအား ကြည့်လိုက်၏။ ထို့နောက် သူက ညင်သာစွာ ဆိုလိုက်သည်။
“ရှောင်ချုံး ... ငါတို့ လက်ထပ် ကြရအောင်”
အမှန်တကယ်ပင် ယခု အချိန်ကား လက်ထပ်ပွဲအတွက် အသင့်တော်ဆုံးအချိန် ဖြစ်သည်။
သူ့အနေဖြင့် ဖန့်ချုံးအား လက်မထပ်သေးဘဲ အချိန်ဆွဲနေခြင်းမှာ သူ လျှောက်လှမ်းနေသည့် အန္တရာယ်တောထဲသို့ ဆွဲသွင်းမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ ခရစ်ယာန် ဘုရားကျောင်း ပျက်စီးသွားပြီ ဖြစ်သလို သွေးမျိုးဆက်များမှာလည်း မရှိတော့ချေ။ ထို့အတူ အမေရိကန်မှာလည်း လက်နက်ချ အညံ့ခံခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်ရာ ယနေ့မှ စ၍ သူနှင့် မြောက်ပိုင်းချုံးကို ခြိမ်းခြောက် နိုင်သော အဖွဲ့အစည်း ကမ္ဘာပေါ်တွင် ရှိတော့မည် မဟုတ်ချေ။
ထို့အပြင် သူ ကမ္ဘာမှ ထွက်ခွာမည့် အချိန်မှာလည်း တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ သူ့အနေဖြင့် မထွက်ခွာခင် မိဘများနှင့် ဖန့်ချုံးတို့အား စိတ်ချမ်းသာစွာ ထားခဲ့မည် ဖြစ်သည်။
လက်ထပ်ပွဲ စီစဉ်ရန် ကိစ္စအဝဝကို မိဘများထံ လွှဲပေးပြီးနောက် ချန်းဖန်သည် မြောက်ပိုင်းချုံး နန်းတော် အတွင်း ဝင်ရောက် လာခဲ့သည်။
“ဘရု နောက်ဆုံး ပြောခဲ့တဲ့ စကားက ဘာဖြစ်နေမလဲ …”
ချန်းဖန်က ထိုအရာကို အမှန်ပင် စိတ်ဝင်စား နေမိ၏။
“လာစမ်း …”
သူက အင်္ကျီလက်ကို ခါယမ်းလိုက်ရာ လေထုတွင် အပြာရောင် အလင်းလုံး တစ်ခုကို ပေါ်လာလေ၏။ ထိုအရာကား ဘရု၏ နတ်ဘုရား စိတ်ဝိညာဉ် အပိုင်းအစများကို သိပ်သည်းထားသည့် ဝိညာဉ်စွမ်းအင် အလုံးပင် ဖြစ်သည်။
“ရှေးဟောင်း မာယာ လူမျိုးတွေက ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူတွေလိုပဲ ခန္ဓာကိုယ်ကို လျစ်လျူပြီး ဝိညာဉ် စွမ်းအားကို လေ့ကျင့် ကြတယ် ... ဝိညာဉ် စွမ်းအင် ကျင့်ကြံခြင်း အဆင့် တစ်ခုကို ရောက်တာနဲ့ သူတို့ရဲ့ မူလ အမတေက ထာဝရ တည်ရှိ လာလိမ့်မယ် ... အဲဒီ အခါကျရင် သူတို့က ဝိညာဉ် စွမ်းအား တစ်ခုနဲ့တင် လူသန်းပေါင်း များစွာကို သတ်ဖြတ် လာနိုင်ကြတယ်”
ချန်းဖန်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစား လိုက်သည်။
ထို့နောက် သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ အလင်းလုံး အတွင်း ပို့လွှတ်လိုက်၏။
“ဘရုရဲ့ မှတ်ဉာဏ်ထဲမှာ ဘာတွေ ရှိနေမလဲ ကြည့်ရအောင် …”
“ဟူး ... ဟူး …”
ဘရု၏ မှတ်ဉာဏ်များက နတ်ဘုရား စိတ်အာရုံမှ တစ်ဆင့် ချန်းဖန်၏ ဦးနှောက်အတွင်း တဖျတ်ဖျတ် ရောက်ရှိလာသည်။
“ပညာရှိ လူကြီးတွေက တကယ်ပဲ ရှေးဟောင်း မာယာလူမျိုးတွေရဲ့ မျိုးဆက်တွေပဲ …”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ရေရွတ် လိုက်သည်။
ဘရု၏ မှတ်ဉာဏ်များ အရဆိုလျှင် နတ်ဘုရား စစ်ပွဲ၌ မာယာ မျိုးနွယ်များသည် အကြီးအကျယ် စစ်ရှုံးကာ စကြဝဠာ အတွင်း ထွက်ပြေးခဲ့ကြသည်။
မြောက်အမေရိက၌ ကျန်ရစ်ခဲ့သော မာယာလူမျိုး အချို့မှာမူ ကမ္ဘာရှိ လူသားများနှင့် ပေါင်းသင်းကာ နောက်ဆုံးတွင် ပညာရှိ လူကြီးများ အဖွဲ့ကို တည်ထောင်ခဲ့သည်။
“ပညာရှိ လူကြီးများ အဖွဲ့က အမေရိကန်ကို ရွေးချယ်ခဲ့ပြီးတော့ ... နည်းပညာမြင့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင် တည်ဆောက်ဖို့ ကူညီပေးခဲ့တယ် ... သူတို့က ခရစ်ယာန် ဘုရားကျောင်း သွေးမျိုးဆက်တွေကို ဖိနှိပ်ပြီး ကမ္ဘာဂြိုဟ်ကိုတောင် စိုးမိုး နိုင်ခဲ့တယ် ... ဒါပေမဲ့ ထူးဆန်းတာက ဘာလို့ သူတို့က နှစ်ထောင်ချီ တိမ်မြုပ်ပြီးမှ ရုတ်တရက် ပြန်ပေါ် လာရတာလဲ”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း စဉ်းစားနေခဲ့သည်။
“ဒါက ဘာလဲ …”
ရုတ်တရက် ဘရု၏ ထူးဆန်းသော မှတ်ဉာဏ် တစ်ခုအား ချန်းဖန် သတိပြု လိုက်မိ၏။ ထိုမှတ်ဉာဏ်သည် နှစ်ပေါင်း ရာချီနေပြီ ဖြစ်သော်လည်း ယခုထိ ထင်ရှားနေဆဲ ဖြစ်သည်။
ထိုမှတ်ဉာဏ် အတွင်းတွင်မူ …
“တီ ... တီ …”
မာယာ မျိုးဆက်များ နေထိုင်သော လျှို့ဝှက် ပိရမစ်ရှိ ဆက်သွယ်ရေး ကိရိယာသည် ရုတ်တရက် လင်းလက် လာကာ မက်ဆေ့တစ်ခု ဝင်လာသည်။
“ငါတို့ ပြန်လာတော့မယ် ... ကမ္ဘာဂြိုဟ်ရဲ့ မျိုးဆက်တွေ စစ်ပွဲအတွက် အသင့် ပြင်ထားကြ …”
မက်ဆေ့မှာ တိုသော်လည်း ဘရုနှင့် အဖွဲ့သားများမှာ အလွန်အမင်း စိတ်လှုပ်ရှား သွားကြသည်။
သူတို့က ချက်ချင်းပင် ပညာရှိ လူကြီးများ အဖွဲ့ကို ဖွဲ့ကာ အမေရိကန်အား အချိန်တို အတွင်း ကမ္ဘာအား စိုးမိုးနိုင်ရန် ကူညီ ပေးခဲ့သည်။
သို့သော်လည်း ထိုမက်ဆေ့ ရရှိ အပြီး ဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ ငါးဆယ် ကြာသွားသည့်တိုင် မာယာ လူမျိုးများကား ပေါ်မလာခဲ့ချေ။
ရာစုနှစ် တစ်ခုတိုင်ခဲ့ပြီး နောက်တွင်မူ ဘရုတို့မှာ ဆက်၍ မစောင့်နိုင်ကြတော့ချေ။ ထို့ကြောင့်ပင် သူတို့သည် အာကာသ ဟင်းလင်းပြင် အတွင်း ရွက်လွှင့်၍ မာယာတို့အား ရှာဖွေရန် ဆုံးဖြတ် ခဲ့ကြသည်။
အကယ်၍ ချန်းဖန်နှင့်သာ မဆုံတွေ့ခဲ့ပါက ရာစုနှစ် တစ်ခု၊ နှစ်ခု အတွင်း သူတို့ ကမ္ဘာမှ ထွက်ခွာ နိုင်လိမ့်မည် ဖြစ်သည်။
“ငါကမ္ဘာကို ပြန်လာတုန်းက ခရစ်ယာန် ဘုရားကျောင်း သွေးမျိုးဆက်နဲ့ မာယာ မျိုးနွယ်တွေကို မတွေ့ခဲ့ရတာ မထူးဆန်းဘူးပဲ ... သူတို့က ကမ္ဘာကနေ ထွက်ခွာသွားတာ ဖြစ်ရမယ်”
ချန်းဖန်က ခေါင်းအား ခါလိုက်၏။
“ဒါပေမဲ့ အခြား ဖြစ်နိုင်ချေတစ်ခု ရှိသေးတယ် …”
ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသည်နှင့် ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။
“မာယာ မျိုးနွယ်တွေသာ မကြာခင် ရောက်လာမယ် ဆိုရင် ငါရောက်တဲ့ အချိန်မှာ စစ်ကြီးက ဖြစ်ပြီး လောက်ပြီ ... အဲဒီ ကာလက ကမ္ဘာဂြိုဟ်ရဲ့ စစ်ပြီးခေတ်ကာလ ဖြစ်နိုင်တယ်”
***