ရာစုနှစ်၏ လက်ထပ်ပွဲ
Vol. 8 Ch. 716
အတိတ်ဘဝတွင် ချန်းဖန်သည် ရာစုနှစ်နှစ်ခု ကျင့်ကြံပြီးနောက် ကမ္ဘာမြေသို့ ပြန်လာခဲ့သည်။ ထိုအချိန်၌ သူသည် ဝိညာဉ် အခြေတည် အဆင့်သို့ ရောက်နေပြီဖြစ်ရာ အားကောင်းသော တန်ခိုးရှင် တစ်ယောက် ဖြစ်နေခဲ့ပြီဟု ဆိုနိုင်၏။
သို့သော်လည်း ထိုစဉ်က သူသည် ကမ္ဘာ၌ မည်သည့် အားကောင်းသော ကျင့်ကြံသူ အငွေ့အသက်ကိုမျှ မခံစားခဲ့ရချေ။ အကယ်၍ မူလအဆင့်၊ ရွှေအမြုတေ အဆင့်များသာ ရှိခဲ့ပါက သူ၏ ခံစားမှုမှ ပြေးလွတ်မည် မဟုတ်ချေ။
“ငါပြန်လာတဲ့ အချိန်တုန်းက ကမ္ဘာကြီးက ဖက်ဒရယ် အစိုးရကို တည်ထောင်ပြီး ဆိုလာ စစ်စတမ် အပြင်ဘက်ကိုတောင် ရှာဖွေ နေကြပြီ ... အဲဒီ မတိုင်ခင် ကမ္ဘာမှာ ကြီးမားတဲ့ ဘေးဒုက္ခ တစ်ခုခု ကျရောက်ခဲ့တာ ဖြစ်မယ်”
ချန်းဖန်က အတိတ်ဘဝရှိ မှတ်ဉာဏ်များကို ပြန်လည် စဉ်းစားရင်း တွေးတော့ နေခဲ့၏။
“ဒါပေမဲ့ အဲဒီ ဘေးဒုက္ခကို သမိုင်းတွေထဲမှာ မှတ်တမ်းရေး မထားဘူး ... ငါသိရသလောက် ဆိုရင် တတိယ ကမ္ဘာစစ်က နျူကလိယ ပေါက်ကွဲမှုကြောင့် ဖြစ်ခဲ့တာပဲ ... အဲဒီ စစ်ပွဲအတွင်းမှာ လူသားတွေ အားလုံးက အတူတူ စုစည်းပြီး ရန်သူတွေကို တွန်းလှန်ခဲ့ကြတယ်တဲ့ ... စဉ်းစားကြည့်ရင် နည်းနည်းတော့ ထူးဆန်းနေတယ်”
သို့သော်လည်း ယခု အချိန်တွင်မူ မာယာမျိုးနွယ်များမှာ ပြန်လာဦးမည် မဟုတ်သေးချေ။ ထို့ကြောင့် ကာလတို အတွင်း၌ ကမ္ဘာသည် ငြိမ်းချမ်းနေဦးမည် ဖြစ်သည်။
အတိတ်ဘဝ၌ ၂၀၂၂ ပြည့်နှစ်တွင် ထန်ချင်သည် ချန်းဖန်အား စကြဝဠာအတွင်း ခေါ်ဆောင်သွားခဲ့သည်။ သူ မထွက်ခွာခင်အထိ ကမ္ဘာကြီးသည် ငြိမ်းချမ်းခဲ့ရာ ယခုမှစ၍ နောင် ဆယ်နှစ်တိုင်အောင် အပြောင်းအလဲများ ဖြစ်ဦးမည် မဟုတ်ချေ။
“ဆယ်နှစ် ... ဆယ်နှစ် ဆိုတဲ့ အချိန်ကာလက ငါ့အတွက် ခရီးသွား အစီအရင် တစ်ခုရှာပြီး ရွှေအမြုတေ အဆင့်ကို တက်လှမ်းဖို့ လုံလောက်ပါတယ်လေ”
ချန်းဖန်က ခေါင်းကို ခါရင်း ထိုအကြောင်းအရာများကို ဆက်လက် မစဉ်းစားတော့ရန် ဆုံးဖြတ် လိုက်သည်။
ထို့နောက် သူသည် မျက်လုံးကို မှတ်ကာ ဝိညာဉ် သန့်စင်ခြင်း နည်းစနစ်ကို သုံး၍ ဘရု၏ ဝိညာဉ် စွမ်းအားများကို စတင် စုပ်ယူလိုက်၏။
တစ်ချိန်တည်းတွင်ပင် ချန်းဖန် လက်ထပ်တော့မည့် သတင်းများကား ပျံ့နှံ့ နေခဲ့၏။
ပထမ၌ လူများမှာ ထိုသတင်းများကို အတုဟုသာ ယုံကြည်ခဲ့ကြ၏။ သို့သော်လည်း ချန်းမိသားစု၏ အတည်ပြုပြီး နောက်တွင်မူ တစ်ကမ္ဘာလုံး ဆွံ့အ သွားကြသည်။
ချန်းပေ့ရွှမ်းနှင့် ဖန့်ချုံး …
ထိုကမ္ဘာကျော် စုံတွဲ၏ လက်ထပ်မှုကား အမှန်ပင် ကြီးကျယ် ခမ်းနားမည်မှာ သေချာသည်။ လူတိုင်းသည် ထိုအရာကို မြင်လိုကြ၏။
လက်ထပ်ပွဲ ကျင်းပမည့် ရက်မှာ ဩဂတ်လ ၃၁ ရက်နေ့ ဖြစ်သည်။
“မိတ်ဆွေ သူငယ်ချင်းအချို့ ချန်းမိသားစုနဲ့ ဖန့်မိသားစုတို့ကိုပဲ ဖိတ်လိုက် ... အရမ်း ကြီးကျယ်ရင် အရှေ့တောင် တစ်ခုလုံး လူတွေနဲ့ ပြည့်သွားလိမ့်မယ်”
ချန်းကောရှင်းက ပြော၏။
ဝမ်ရှောက်ယွင်မှာ အနည်းငယ် အင်တင်တင် ဖြစ်နေသော်လည်း အဆုံး၌ သဘော တူညီခဲ့သည်။
“ဒါပေမဲ့ လက်ထပ်ပွဲကို ဘယ်မှာလုပ်ရင် ကောင်းမလဲ ... အရှေ့တောင်မှာလား ကျောင်းဟိုင်မှာလား”
ဝမ်ရှောက်ယွင်က ဆက်၍ မေးလိုက်၏။
“အရှေ့တောင်မှာပဲ ကောင်းပါတယ်”
ချန်းဖန်က ပြုံးရင်း ပြန်ဖြေ လိုက်သည်။
လက်ထပ်ပွဲ ကျင်းပမည့်နေ့ကား တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်၏။ များစွာသော လူများသည် ကျင်းမြို့တော်ဆီသို့ လက်ဆောင်များကို ယူဆောင်၍ တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။
ဩဂတ်လ ၃၁ ရက် …
နိုင်ငံ ခေါင်းဆောင်များ၊ သူဌေးကြီးများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကျော်ကြားသော လူများသည် အရှေ့တောင်သို့ စုစည်း ရောက်ရှိ လာကြ၏။ သူတို့သည် ဖိတ်ကြားခြင်း မခံရသည့်တိုင် ဂန္တဝင် စိတ်တိုကြီးချန်း၏ လက်ထပ်ပွဲကို မလျစ်လျူရဲချေ။
“မစ္စတာ ဘီလ်ဂိတ် ... မိုက်ခရိုဆော့ ကော်ပိုရေးရှင်းရဲ့ စီအီးအို”
“မစ္စတာ အဲရစ် ရှမစ် ... ဂူးဂဲရဲ့ စီအီးအို”
“ဖိလစ် ... စပိန် ဘုရင်”
“ ... “
“တကယ့်ကို ခမ်းနားတာပဲ ... ငါ့ဘဝ တစ်လျှောက်လုံး ဒီလို ကြုံတွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
ဖန့်မင်ဒီက ရောက်လာသော လူများကို ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။
“ဒီကို ရောက်လာတဲ့ လူတစ်ယောက်ချင်း စီတိုင်းက ရှင်နဲ့ ကျွန်မ ပေါင်းတာထက်တောင် အဆတစ်ရာလောက် ပိုပြီး အင်အားကြီး ကြတယ် ... ရှင့်သမီးနဲ့ သမက်က တော်တော်လေးကို လွှမ်းမိုးနိုင်တာပဲ”
စုစုကလည်း ခပ်ဖျော့ဖျော့ ပြုံးရင်း ပြန်လည် ပြောသည်။
“ရှောင်ဖန်နဲ့ လက်ထပ်ရတာ ငါတို့ ရှောင်ချုံးလေး အတော် ကံကောင်းတာပဲ …”
ဖန့်မင်ဒီက ဂုဏ်ယူစွာဖြင့် ဆိုလိုက်၏။
ထိုအချိန် အစိမ်းရောင် နဂါး အစီအရင် အတွင်း၌ …
မြောက်ပိုင်းချုံး နန်းတော်ကား တောက်ပသည့် မီးရောင်များ၊ အနီရောင် အလှဆင် ပိတ်စများ၊ မီးပုံးများဖြင့် ခမ်းနား ထည်ဝါနေ၏။
ထိုနေ့၌ ဖန့်ချုံးသည် ထူးခြားစွာ လှပနေသည်။ သူမသည် အနီရောင် သတို့သမီး ဝတ်စုံနှင့် ကျောက်စိမ်း ဆံထိုးကို လိုက်ဖက်စွာ တွဲဖက် ဝတ်ဆင်ထား၏။
ချန်းဖန်မှာမူ အနက်ရောင် ဝတ်စုံကို ဝတ်ဆင် ထားသည်။ ထိုအရာက အနည်းငယ် ဆန်းကျယ် နေသည့်တိုင် တစ်ချိန်တည်းတွင် ရိုးရှင်းပြီး ခန့်ညားသည်။
“ရှောင်ဖန် ... ငါ့အဖေက ရှောင်ချုံးကို တွေ့ချင်လို့တဲ့”
စုစုက ပြောလိုက်သည်။
“ဝူကျိုး ... စုမိသားစု”
ချန်းဖန်က မျက်မှောင် ကြုတ်လိုက်၏။
စုမိသားစုသည် ဖန့်ချုံး၏ မိသားစု ဖြစ်သော်လည်း ထိုလူများ အပေါ် ချန်းဖန်၏ ခံစားချက်က သိပ်မကောင်းလှချေ။
သူ မရှိသည့် အချိန်များ၌ စုမိသားစုသည် ဖန့်ချုံးအား အမြဲလိုလို အခက်တွေ့အောင် ပြုလုပ်ခဲ့သည်။ ဖန့်ချုံးနှင့် စုစုတို့၏ မျက်နှာကြောင့်သာလျှင် ချန်းဖန်သည် သူတို့အား မသတ်ခဲ့ခြင်း ဖြစ်သည်။
“အဘိုးနဲ့ စုရှောင်တို့ကို အထဲ ဝင်လာခိုင်း လိုက်ပါ ... အခြား လူတွေကတော့ ပတ်သက်စရာ အကြောင်း မရှိတော့ဘူး”
ဖန့်ချုံးက အေးစက်စွာဖြင့် ဆိုလိုက်၏။
အဆုံး၌ စုမိသားစုဝင် အများစုမှာ မင်္ဂလာပွဲ အခမ်းအနားသို့ တက်ရောက်ခွင့် မရလိုက်ကြချေ။ စုရန်ဟို တစ်ယောက်သာ စုရှောင်နှင့်အတူ မြောက်ပိုင်းချုံး နန်းတော် အတွင်းသို့ ဝင်ခွင့်ရခဲ့၏။
“ကျုပ် ဒီကို လာရတဲ့ အကြောင်းရင်းက အရှင်ချန်းနဲ့ ရှောင်ချုံးတို့ကို ဂုဏ်ပြုဖို့ပါပဲ ... နောက်ပြီး အတိတ်က အမှားတွေ အတွက်လည်း တောင်းပန်ချင်လို့ပါ”
အသက် ကိုးဆယ်အရွယ် အဘိုးအို၏ လက်များကား အနည်းငယ် တုန်ရီနေ၏။ ထိုအရာက ဇရာကြောင့် ဖြစ်နိုင်သလို နောင်တ တရားကြောင့်လည်း ဖြစ်နိုင်ပေသည်။
“ခင်ဗျားတို့က မင်္ဂလာပွဲ တက်ရောက်လာတဲ့ ဧည့်သည်တွေပဲလေ ... အခြားကိစ္စတွေ ပြောမနေနဲ့တော့”
ချန်းဖန်က သက်တောင့်သက်သာပင် ဆိုလိုက်၏။
စုမိသားစု အပြင် ရန်တောင်မှ ရဲ့မိသားစု၊ တုန်းဟယ်နယ်မှ အန်မိသားစု၊ ဟောင်ကောင်မှ ကျန်းမိသားစု၊ လင်းမြို့တော်မှ လုမိသားစုများသည်လည်း ချန်းဖန်အား လာရောက်ကာ ဂုဏ်ပြုကြ၏။
ရန်ကျင်း၏ အဓိက မိသားစုများ ပင်လျှင် ရောက်လာခဲ့သည်။
“ရှောင်ဖန် ... ချင်မိသားစု ရှောင်မိသားစု နဲ့ ဟန်မိသားစုရဲ့ ခေါင်းဆောင်တွေ အရှေ့တောင်ခြေမှာ ရောက်နေကြတယ်”
ဝမ်ရှောက်ယွင်က လာပြောသည်။
“သူတို့ကို ဒီနေရာက မကြိုဆိုဘူး …”
ချန်းဖန်က ဆိုလိုက်၏။
အဆုံး၌ ရန်ကျင်း၏ အဓိက မိသားစု ခေါင်းဆောင်များမှာ မင်္ဂလာပွဲသို့ တက်ရောက်ခွင့် မရဘဲ ခေါင်းငိုက်စိုက်ချ၍ ပြန်သွားကြရသည်။ ထိုအရာက အကြီးအကျယ် အရှက်ခွဲ ခံရခြင်း ဖြစ်သော်လည်း သူတို့သည် ချန်းဖန်၏ စကားကို မဆန့်ကျင်ရဲကြချေ။
နောက်ဆုံး၌ လက်ထပ်ပွဲကား စတင်ခဲ့ပြီ ဖြစ်လေသည်။
ထိုနေ့မှ စ၍ ချန်းဖန်သည် မြောက်ပိုင်း ကောင်းကင် အရှင်သခင်သာ မကတော့ချေ။ ဖန့်ချုံး၏ တရားဝင် လင်ယောက်ျား ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ချန်းဖန်သည် နှစ်ဖက် မိဘများ၏ အရှေ့၌ ဝိုင်တစ်ခွက်နှင့်အတူ ဒူးထောက်ရင်း နံဘေးရှိ လှပသော သူ၏ ဇနီးမယားလေးအား ကြည့်လိုက်၏။
ရာစုနှစ်များစွာ ကြာပြီးနောက် ထိုအခိုက်အတန့်ကား နောက်ဆုံးတွင် ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ ထိုအရာက အတိတ်သို့ သူ ပြန်လည် ရောက်ရှိ လာရသည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်၏။
***
မင်္ဂလာပွဲ ကျင်းပနေသည့် တစ်ချိန်တည်းတွင်ပင် အချို့ မိသားစုများမှာ ကြီးမားသော ဖိအားကို ခံစားနေကြရ၏။
ဝမ်မိသားစု …
ဝမ်မိသားစု စံအိမ်တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်နေ၏။
ချန်းဖန် တရုတ်သို့ ပြန်လည် ရောက်ရှိလာသည့် နေ့၌ ရွှယ်ဟုန်မေ့သည် နှလုံးရောဂါဖြင့် ဆေးရုံတက်ခဲ့ရသည်။
ထိုအချိန်မှ စ၍ သူမသည် အစာကိုပင် မစားတော့ဘဲ ဝမ်ချန်း၏ အမည်ကိုသာ တီးတိုး ရေရွတ်နေခဲ့၏။ လွန်ခဲ့သည့် ရက်ပိုင်းက ဆိုလျှင် ဝမ်ချန်းအား တွေ့မြင်လိုက်ရသည်ဟုပင် သူမက အခိုင်အမာ ပြောနေခဲ့ သေးသည်။
ဝမ်ကျုံးကောသည် မြောက်အရပ် တောင်ထိပ်တွင် ထိုင်ရင်း ကျင်းမြို့တော်ဆီသို့ ငေးမော ကြည့်နေခဲ့သည်။
ယနေ့ကား သူ၏ မြေးအရင်း ဖြစ်သူ၏ လက်ထပ်သောနေ့ ဖြစ်သည်။ သို့သော်လည်း သူ့တွင် ထိုလက်ထပ်ပွဲကို တက်ရောက်ခွင့် မရှိချေ။
“အဖေ ... ဆေးရုံက ဖုန်းဆက်တယ် ... အမေ ဆုံးသွားပြီ”
ဝမ်ကဲ့ချင်က တစ်လှမ်းခြင်း လျှောက်လာရင်း ဆိုလိုက်သည်။
ဝမ်ကျုံးကောက ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်စွာပင် သက်ပြင်း တစ်ချက် ချလိုက်၏။
***
ချူကျိုးမြို့ …
ကျန်းချူရန်သည် ရိုမေးနီးယားမှ ပြန်လည် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူမသည် သွေးပင်လယ်၌ ချန်းဖန်နှင့် တွေ့ဆုံခဲ့သည့် အကြောင်းများကို သူမ၏ မိဘများအား ပြန် မပြောပြခဲ့ချေ။
“ငါ့ဘဝမှာ နောင်တ အရဆုံး အရာတစ်ခုကို ပြပါ ဆိုရင် အဲဒီကလေးကို အထင်သေးခဲ့မိတာပဲ ... တကယ်ဆို သူ့ကို လက်ထပ်ရမယ့် မိန်းကလေးက ရန်ရန် ဖြစ်နေခဲ့ရမှာ”
ကျန်းဟိုင်ရှန်းက လက်ဖက်ရည် သောက်ကာ TV ကို ကြည့်ရင်း ရေရွတ်လိုက်၏။
“ဟမ် ... ကျွန်မ ရှောင်ဖန်နဲ့ ရန်ရန်ကို သဘောတူဖို့ ပြောသေးတယ်လေ ... ရှင်ကသာ ခါးခါးသီးသီး ဖြစ်နေခဲ့တာ ... ခုမှ နောင်တ ရမနေနဲ့”
အန်တီထန်က ဆိုလိုက်၏။
ကျန်းချူရန်ကမူ ဘာမှ ဝင်မပြောပဲ TV ပေါ်မှ မင်္ဂလာပွဲ အခန်းအနားကိုသာ ကြည့်နေခဲ့သည်။ သူမ၏ စိတ်အတွင်း၌ ရုတ်တရက် တစ်စုံတစ်ယောက်၏ ပုံရိပ်က ပေါ်လာခဲ့၏။
“ဖေးဖေးရော ချန်းဖန်ရဲ့ မင်္ဂလာပွဲကို ရောက်နေမှာလား”
***