← Chapters

ဟန်းနီးမွန်း

Vol. 8 Ch. 717

ဟန်းနီးမွန်း

Vol. 8 Ch. 717

ထိုအချိန်က ရှု့ယုံဖေးသည် အမှန်တကယ်ပင် မင်္ဂလာပွဲသို့ ရောက်ရှိ နေခဲ့သည်။

“ဖေးဖေး ... ဒီနေရာက အရမ်း ဆန်းကြယ် တာပဲနော် ... ထူးဆန်းတဲ့ အပင်တွေ တိရစ္ဆာန်တွေနဲ့ ပြည့်နေတဲ့ တောင်ကြား တစ်ခု ရှိလိမ့်မယ်လို့ ငါတွေးတောင် မတွေးဖူးဘူး ... ဟိုငှက်ကြီးကို ကြည့်စမ်း ... အဲဒါကြီးဆိုရင် အိမ်တစ်လုံးထက်တောင် ကြီးသေးတယ် ... ဟမ် ... ဟိုသတ္တဝါကြီးက နဂါးမလား”

နင်ရှင်းက တအံ့တဩဖြင့်  ခေါင်းကို ချာချာလည်အောင် ငေးမောရင်း အော်ဟစ် လိုက်၏။

သူမသည် ရှု့ယုံဖေးနှင့်အတူ ချန်းဖန်နှင့် ဖန့်ချုံးတို့၏ မင်္ဂလာပွဲသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

ဟွာရန်ဖန်းက သူမတို့ နှစ်ယောက်ထံသို့ လျှောက်လာရင်း ပြုံးလိုက်၏။

“ရွှေလေးက ရင်ကျိုးကျွန်းကနေ ဆရာ ခေါ်လာတာလေ ... ငန်းဖြူလေးကတော့ ဒီအစိမ်းရောင် နဂါး အစီအရင်ရဲ့ ဝိညာဉ်လို့ ပြောရမှာပေါ့ ... မိန်းကလေးရှု့ ... ဒီလမ်းအတိုင်း ကြွပါ ... ဆရာ စောင့်နေပါတယ်”

“ကောင်းပါပြီ …”

ရှု့ယုံဖေးက ခေါင်းညိတ် လိုက်သည်။

မင်္ဂလာပွဲသို့ ကမ္ဘာ အနှံ့အပြားမှ ခေါင်းဆောင်များ၊ သူဌေးကြီးများ အပြင် ချန်းဖန်၏ သူငယ်ချင်းဟောင်းများလည်း တက်ရောက် ကြသည်။

“ဖေးဖေး ... ဒီကိုလာ”

ရှု့ယုံဖေးကို တွေ့သည်နှင့် ဝမ်ရှောက်ယွင်က သူမ အနားသို့ ခေါ်ထားလိုက်သည်။

သူမသည် ရှု့ယုံဖေးကို အမြဲတမ်း ချစ်ခင်ကာ သမီးအရင်းသဖွယ် ဆက်ဆံခဲ့သည်။ အကယ်၍ ဖန့်ချုံးသာ မရှိပါက သူမသည် ရှု့ယုံဖေးကို ချွေးမ အဖြစ် သတ်မှတ်မိမည် ဖြစ်သည်။

“ဒီကောင်မလေး သုံးယောက် စလုံးသာ ရှောင်ဖန်နဲ့ လက်ထပ်ပြီး ငါ့အတွက် မြေးလေးတွေ မွေးပေးရင် ဘယ်လောက် ကောင်းလိုက်မလဲ”

ဝမ်ရှောက်ယွင်က အန်ရာ၊ ဖန့်ချုံးနှင့် ရှု့ယုံဖေးတို့ သုံးယောက်အား နူးညံ့စွာ ကြည့်ရင်း ရေရွတ်လိုက်၏။

ထိုသုံးယောက်၌ အန်ရာသည် စည်းကမ်း ကျနသော မိန်းကလေး ဖြစ်သည်။ ဖန့်ချုံးမှာ ကျက်သရေ ရှိစွာ လှပ၏။ အခြား တစ်ဖက်၌ ရှု့ယုံဖေးမှာမူ ချစ်စရာ အကောင်းဆုံး ကောင်မလေး ဖြစ်သည်။

အကယ်၍ ချန်းဖန်သာ ထိုသုံးယောက် စလုံးနှင့် လက်ထပ်လိုက်ပါက သူမ အတွက် အဖိုးတန် မြေးလေးများ ထွက်လာမည်မှာ သေချာသည်။

“အမေ ဘာတွေပြောနေတာလဲ …”

ချန်းဖန်က အခြား မိန်းကလေး နှစ်ယောက်ကို အားတုန့်အားနာဖြင့် မေးလိုက်၏။

“ဘာလဲ ... ငါက မပြောရဘူးလား”

ဝမ်ရှောက်ယွင်က သူ့အား ပြန်၍ စူးရဲစွာ ကြည့်သည်။

“ကျွန်တော် …”

ချန်းဖန်က ပြန်လည် ချေပရန် ကြိုးစား လိုက်သော်လည်း သူ့တွင် စကားလုံးများ အဆင်သင့် ရှိမနေခဲ့ချေ။

ထို့ကြောင့် သူက ဖြူရော်စွာ ပြုံးရင်း ခေါင်းကိုသာ ခါလိုက်၏။ အခြားသော ဧည့်သည်များမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးရယ်လိုက်မိကြသည်။

ထို့နောက် ချန်းဖန်က ဝိုင်တစ်ခွက်ကို ကိုင်ကာ မင်္ဂလာပွဲသို့ တက်လာသော မိတ်ဆွေ၊ သူငယ်ချင်းများကို လိုက်လံ နှုတ်ဆက်၏။

“အရှင်ချန်း ... ဇနီးချောချောလေး ရသွားတဲ့ အတွက် ဂုဏ်ပြုပါတယ်”

ရဲ့ချင်စန်းက ခွက်ကို မြှောက်ရင်း ချန်းဖန်အား ဂုဏ်ပြလိုက်၏။

ချန်းဖန်ကလည်း သူ၏ ဝိုင်ခွက်ကို ပြန်လည် မြှောက်ကာ အသိအမှတ် ပြလိုက်၏။ ထို့နောက် သူက နတ်ဘုရား စိတ်အာရုံကို ရဲ့ချင်စန်းထံ ပို့လွှတ်လိုက်သည်။

“ကျုပ် မရှိတော့ရင် ကျုပ်မိဘတွေကို ဂရုစိုက် ပေးပါဦး …”

“ကောင်းပါပြီ …”

ခဏမျှ စဉ်းစားပြီးနောက် ရဲ့ချင်စန်းက ခေါင်းညိတ် လိုက်၏။

ရဲ့ချင်စန်း အပြင် လီဝူချန်း၊ ဒါရိုက်တာရှောင်၊ အဇူရာ နဂါး၊ ရဲ့နန်ထင်းတို့လည်း မင်္ဂလာပွဲသို့ တက်ရောက်ကြ၏။

ပျံလွှားနီလေးသည် ကျောတစ်ဝက် ပေါ်နေသော အနက်ရောင် ပွဲတက် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ အနီရဲရဲ နှုတ်ခမ်းနီ ဆိုးထားသော နှုတ်ခမ်းဖူးဖူးက  အနမ်းတစ်ပွင့်ကို ဖိတ်ခေါ် နေသယောင် ထင်ရသည်။

ချန်းဖန်သည် သူတို့ တစ်ယောက်ချင်းစီကို နှုတ်ဆက်ပြီးနောက် အတန်းဖော်ဟောင်းများ ရှိသည့် စားပွဲသို့ ကူးလာခဲ့၏။

“ငါတို့ရဲ့ အတူ ဗီဒီယိုဂိမ်း ကစားတဲ့ ကောင်လေးနဲ့ မင်းက အတူတူပဲလို့ ငါ ယုံတောင် မယုံနိုင်ဘူး …”

ဝူကျွင်းကျဲ့က ချန်းဖန်၏ ပခုံးကို ဖက်ရင်း ဆိုလိုက်သည်။

“ဘဝဆိုတာ ချောကလက် သေတ္တာလိုပါပဲ ကွာ …”

ချန်းဖန်က ပြုံးလိုက်သည်။

အကယ်၍ အတိတ်ဘဝ၌ ထန်ချင်ကသာ သူ့အား မကယ်ခဲ့လျှင် မြောက်ပိုင်း ကောင်းကင် အရှင်သခင် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ဤသို့ဆိုလျှင် ယနေ့ လက်ထပ်ပွဲ၊ ယခု စကားဝိုင်းမှာလည်း ဖြစ်လာလိမ့်မည် မဟုတ်ချေ။

“ကဲ ... အခြားဟာတွေ ပြောမနေနဲ့ ... ရှောင်ဖန် အတွက် သောက်ကြရအောင်”

ရှု့ဟောက်ရွှမ်းက ဆိုလိုက်၏။

သူကား အမှန်ပင် ချန်းဖန်အား ကျေးဇူးတင် နေမိသည်။ ချန်းဖန်၏ အရှိန်အဝါကြောင့်သာ သူသည် ဟောင်မိသားစု၌ နေရာတစ်နေရာ ရလာခဲ့ခြင်း ဖြစ်သည်။

သူငယ်ချင်း မိတ်ဆွေ အားလုံးကို လိုက်လံ နှုတ်ဆက်ပြီးနောက် ချန်းဖန်သည် မင်္ဂလာ စင်မြင့်သို့ ပြန်လာခဲ့၏။

ထို့နောက် သူက လက်ဝှေ့ယမ်းပြရင်း ကျယ်လောင်စွာ စကားပြော လိုက်သည်။

“ဒီနေ့ ကျွန်တော်ရဲ့ လက်ထပ်ပွဲကို ကြွရောက် ချီးမြှင့်လာတဲ့ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ် ... အားလုံးပဲ ဆက်ပြီး လွတ်လွတ်လပ်လပ် စားသောက်ကြပါ ...  ကျွန်တော်နဲ့ ဖန့်ချုံးတို့ကို ခွင့်ပြုပါဦး”

“ဆရာ ... ဘယ်သွားမလို့လဲ ... ဘာလဲ ဟန်နီးမွန်းလား”

အားရှို့က မေးလိုက်သည်။

“ဘာလို့ထင်လဲ …”

ချန်းဖန်က ပြုံးရင်း ဖန့်ချုံး၏ လက်ကို ဆွဲကာ မြောက်ပိုင်းချုံး နန်းတော် အဓိက ခန်းမအတွင်း ဝင်ရောက်သွား၏။

“ဘုန်း …”

ရုတ်တရက် မြောက်ပိုင်းချုံး နန်းတော် တစ်ခုလုံးတွင် ရွှေရောင် အလင်းများ လင်းလက် တောက်ပလာ၏။ ထို့နောက် ၎င်းက တဖြည်းဖြည်း မြောက်ကြွကာ လေထုသို့ ပျံတက်သည်။

မီတာတစ်ဆယ် …

မီတာတစ်ရာ …

မီတာတစ်ထောင် …

နောက်ဆုံး၌ အဆောက်အဦ တစ်ခုလုံးမှာ တိမ်တောင်များ အတွင်း တိုးဝင်ကာ မိုးကုပ် စက်ဝိုင်း၌ ပျောက်ကွယ် သွားတော့၏။

“ဒီအဆောက်အဦကို မြောက်ပိုင်းချုံး နန်းတော်လို့ ငါ နာမည် ပေးထားတယ် ... ဒါက သာမန် အဆောက်အဦ တစ်ခုတင် မဟုတ်ဘူး ... ဓမ္မ ရတနာတစ်ခုလို့လည်း ဆိုနိုင်တယ်လေ ... လုံလောက်တဲ့ ဓမ္မ စွမ်းအားနဲ့ ဖြည့်တာနဲ့ အဲဒါက လေပေါ်ကို အလိုလို ပျံနိုင်တယ်”

ချန်းဖန်က စိတ်လှုပ်ရှားနေသော ဖန့်ချုံး၏ မျက်နှာလေးအား ကြည့်ရင်း ရှင်းပြလိုက်သည်။

“အင်း …”

ဖန့်ချုံး၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။

“ကျေးဇူးပါ ... ယောက်ျား”

သူမက နူးညံ့စွာပြောရင်း ကြောင်မလေး တစ်ကောင်ကဲ့သို့ ချန်းဖန်၏ ရင်ခွင်အတွင်း တိုးဝင် လိုက်၏။

ထိုအခိုက်အတန့်၌ ချန်းဖန်၏ နှလုံးသားကား လုံးဝ အရည်ပျော် နေခဲ့ပြီ ဖြစ်သည်။ ပြုံးရွှင်နေသော သူ၏ အမူအရာကား လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် နတ်ဆိုးနှင့် လားလားမျှ မတူတော့ချေ။

“ရှောင်ဖန် ... နင် ဘာလို့ ငါ့ကို ရွေးချယ် ခဲ့ရတာလဲ”

ဖန့်ချုံးက သူမ၏ ခန္ဓာကိုယ်လေးကို ချန်းဖန်၏ ရင်ဘတ်ပေါ်တွင် မှီရင်း ညင်သာစွာ မေးလိုက်၏။

“နင့်ဘေးမှာ ရှိတဲ့ အမအန် ဖေးဖေး ကျန်းချူရန် အားလုံးက ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတွေ ချည်းပဲ ... သူတို့ထဲက အချို့ဆိုရင် ငါ့ထက်တောင် နင်နဲ့ နီးစပ်သေးတယ် ... ငါနဲ့ ငယ်ငယ်က ထားခဲ့တဲ့ ကတိကြောင့်လား”

ချန်းဖန်က ထိုမေးခွန်းကို ပြန်မဖြေခဲ့ချေ။ ထို့အစား သူက သူမ၏ ဆံနွယ်စလေးများကို သပ်တင်ရင်း ပြန်လည် မေးလိုက်၏။

“မြောက်ပိုင်းကောင်းရှင် အရှင်သခင်နဲ့ ကျိချုံး နတ်သမီးတို့ရဲ့ အကြောင်း ပြောပြမယ် ... နင် နားထောင်ချင်လား”

“အင်း …”

ဖန့်ချုံးက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူမက ပြတင်းပေါက် အပြင်ဘက်မှ အဆုံးမဲ့ ကြယ်ပင်လယ်ကို ငေးမောရင်း ချန်းဖန်၏ ရှည်လျားသော ပုံပြင်ကို နားထောင်နေခဲ့တော့၏။

အတိတ်ဘဝ၌ ချန်းဖန်သည် “အတန်းဖော်ဟောင်းများ ပြန်လည် တွေ့ဆုံပွဲ” သို့ သွားပြီးနောက် တိုက်ပေါ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။ မှတ်မှတ်ရရပင် ထိုနေ့က သူ၏ အသက် သုံးဆယ်ပြည့်သော နေ့လည်း ဖြစ်၏။

သို့သော်လည်း ကံကောင်းစွာပင် ကျင့်ကြံသူ ထန်ချင်က သူ့အား ကယ်တင်ခဲ့၏။ ထို့အပြင် သူသည် ထန်မင် ကမ္ဘာ၌ ကျိချုံး နတ်သမီး တစ်ဖြစ်လည်း ဖန့်ချုံးနှင့် ပြန်လည် ဆုံတွေ့ခဲ့ရသည်။

သူတို့ နှစ်ယောက်သည် တစ်ယောက်လက်ကို တစ်ယောက် တွဲကာ အခက်အခဲ မျိုးစုံကို ကျော်ဖြတ် ခဲ့သည်။

သို့သော်လည်း ကျင့်ကြံခြင်း ခရီးလမ်းကား ကြမ်းတမ်းလှ၏။

လမ်းခုလတ်တွင်ပင် ကျိချုံး နတ်သမီးမှာ ချန်းဖန်၏ ရန်သူ တစ်ယောက် လက်ချက်ဖြင့် အသက် ဆုံးရှုံးခဲ့ရသည်။

သူမ၏ သေဆုံးမှုက ချန်းဖန်အား ကြီးမားစွာ ထိခိုက်စေခဲ့သည်။ ဖန့်ချုံးကို ပြန်လည် အသက်သွင်း နိုင်ရန်အတွက် ချန်းဖန်သည် အထီးကျန်ခြင်းကို ကိုင်ဆွဲ၍ ကျင့်ကြံခြင်း နောက်ဆုံး အဆင့် ရောက်အောင် ကျင့်ကြံခဲ့သည်။

သို့သော်လည်း ထိုအရာများကား အိုမင်း ဟောင်းနွမ်းသော မှတ်ဉာဏ်များ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

နှစ်ပေါင်း ငါးရာ ကြာပြီးနောက် မြောက်ပိုင်း ကောင်းကင် အရှင်သခင်သည် ဆယ်ကျော်သက် တစ်ယောက် အနေဖြင့် ပြန်လည် မွေးဖွားလာခဲ့၏။

ထိုအရာက ကောင်းကင်၏ ချီးမြှောက်မှု ဖြစ်သလို မှားခဲ့သော အရာများအား ပြန်လည် ပြင်ဆင်ရန် အခွင့်အရေးလည်း ဖြစ်ပေသည်။

“ငါသိပြီ …”

ချန်းဖန်၏ ပုံပြင်ကို နားထောင်ပြီးနောက် ဖန့်ချုံး၏ စိတ်များမှာ နောက်ကျိ ရှုပ်ထွေး နေခဲ့၏။ သို့သော်လည်း တစ်ချိန်တည်းတွင် သူမသည် ချန်းဖန်၏ စွမ်းအားနှင့် ယုံကြည်ချက် ရင်းမြစ်ကို နားလည် သွားခဲ့ပြီ ဖြစ်သည်။

“အတိတ်ဘဝမှာတုန်းက နင် အရမ်း ခက်ခဲခဲ့ရမှာပဲနော် …”

ဖန့်ချုံးက ချန်းဖန်၏ မျက်လုံးများအား မော့ကြည့် လိုက်၏။ သူမ၏ အသံက အနည်းငယ် ဝမ်းနည်းခြင်းတို့ စွန်းထင်းနေသည်။

“အတိတ်ဘဝတုန်းက အကြောင်းတွေကို ပြန်တွေးလိုက်တိုင်း ငါ အရမ်း နာကျင်ရခဲ့တယ် ... ဒါပေမဲ့ ဒီဘဝမှာတော့ အဲဒီလို အမှားတွေ ထပ်ပြီး မဖြစ်စေရတော့ဘူး လို့ ငါ ကတိပေးတယ်”

ချန်းဖန်က ဖန့်ချုံး၏ ကိုယ်လုံးလေးအား ပိုမို တင်းကျပ်စွာ ဖက်လိုက်သည်။

ထို့နောက် မြောက်ပိုင်းချုံး နန်းတော်၏ မီး အလင်းရောင်များက နက်မှောင်သော ညနှင့် အတူ တဖြည်းဖြည်း တိုးတိတ် မှေးမှိန် သွားတော့၏။

ထိုညကား အရာရာ ပြီးပြည့်စုံသော ညတစ်ညပင် ဖြစ်သည်။

***

နောက်တစ်နေ့ နံနက် နိုးလာချိန်၌ ဖန့်ချုံးသည် သူမ၏ နံဘေး၌ ချန်းဖန် မရှိကြောင်း သတိထားမိလိုက်၏။

သူမက ပြတင်းပေါက် ဘေးသို့ သွားကာ နေထွက်လာသော အရှေ့ အရပ်ကို လှမ်းမျှော်ကြည့်လိုက်သည်။ ထွက်ပြူစ နေရောင်၏ ရေးခြယ်မှုတွင် တိမ်ပင်လယ်သည် ရွှေရောင် တောက်ပနေ၏။

ချန်းဖန်သည် မြောက်ပိုင်းချုံး နန်းတော် တံခါးဝတွင် ရပ်ကာ အပြင်ဘက်သို့ ငေးမော ကြည့်နေခဲ့သည်။ နေရောင်၏ ဝန်းရံမှုဖြင့် လင်းလက်နေသည့် သူ၏ ပုံရိပ်ကား စစ်နတ်ဘုရား တစ်ပါးနှင့် ခြားနားခြင်း မရှိချေ။

“သူက ငါ့ယောက်ျား ... ငါ ဘဝ တစ်လျှောက်လုံး အမြဲတမ်း လက်တွဲ သွားရမယ့်လူ”

ထိုအတွေးက ဖန့်ချုံး၏ ပါးပြင်အား ပန်းဆီရောင် သမ်းစေသည်။ သို့သော်လည်း ရုတ်တရက်ပင် သူမသည် အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်မိ၏။

“ဟူး …”

ရုတ်တရက် မိုင်ပေါင်းများစွာ အကွာအဝေးရှိ တိမ်တောင် အကြားမှ ပုံရိပ်တစ်ခု ထွက်ပေါ် လာသည်။

၎င်းသည် မိုင်ပေါင်းများစွာ အကွာကို ခဏအတွင်း ဖြတ်ကျော်ကာ မြောက်ပိုင်းချုံး နန်းတော် တည်ရှိရာ အရပ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိ လာသည်။

အနားသို့ အရောက်၌ ထိုပုံရိပ်မှာ ယောက်ျား တစ်ယောက် ဖြစ်ကြောင်း ဖန့်ချုံး သတိထား လိုက်မိသည်။

ထိုယောက်ျားသည် ခမ်းနားသော နဂါးဝတ်စုံကို ဝတ်ဆင်ကာ အင်ပါယာ၏ သရဖူအား ဆောင်းထား၏။ သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင်မူ ရွှေရောင် လျှပ်စီးများက ပြိုးပြိုးပြက်ပြက် လင်းလက် နေသည်။

“ချန်းပေ့ရွှမ်း ... ငါ သင့်ကို မနေ့တည်းက စောင့်နေခဲ့တာ ... သင်သေရမဲ့ အချိန်ကို ရောက်ပြီ”

ယောက်ျားက ဆိုလိုက်၏။

သူ၏ အသံက မိုးကြိုး ထစ်ချုန်းသံအလား ကျယ်လောင်ရာ တိမ်တောင်များပင် အဝေးသို့ လွင့်စဉ်သွားသည်။

“မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ …”

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။

***

All Chapters