အနိုင်ယူခြင်း
Vol. 8 Ch. 719
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီသည် ချန်းဖန် ထိုမျှ အစွမ်းထက်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။
သူသည် ကောင်းကင်တံခါးမှ ထွက်သည်နှင့် ကျောင်းရန်နှင့် ရှောင်ဝူတို့ ဖမ်းဆီးပြီး အရှေ့တောင်သို့ တန်းလာခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ချန်းဖန်၏ အကြောင်း အသေးစိတ်ကို စုံစမ်းရန် အချိန် မရခဲ့ချေ။
“ငါ တကယ် ပေါ့ဆမိတာပဲ …”
ဟန်ရှီက မိုးကြိုး အတောင်ပံကို ခတ်ရင်း လေထုတွင် ခိုင်မာစွာ ပြန်လည် ရပ်တည်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက အင်္ကျီလက်ကို ခါယမ်းကာ ဓားတစ်စင်းကို ထုတ်ယူ လိုက်သည်။
“ကလန့် …”
အဇူရာ အလင်းများ ဝန်းရံနေသော ဓားက လေထုတွင် ပေါ်လာကာ ပတ်ဝန်းကျင်ရှိ မိုကြိုးများကို စုပ်ယူ၏။
၎င်း၏ ဖြစ်တည်မှုတွင် ချန်းဖန်၏ လက်ထဲမှ ခရမ်းရောင် မိုးကြိုးဓားပင် အနည်းငယ် သိမ်ငယ် သွားသယောင် ထင်ရသည်။
“တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာ …”
ရုတ်ချည်းပင် ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ထိုအရာကား ခရမ်းရောင် မိုးကြိုးဓားထက်ပင် ပိုမို အစွမ်းထက်ပုံ ရသည်။
“ဒီဓားကို ကောင်းကင် ပြစ်ဒဏ်ဓားလို့ ခေါ်တယ် …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက အေးစက်စွာ ပြုံးလိုက်၏။
“ကောင်းကင် ပြစ်ဒဏ်ဓားကို ငါ့ ဘိုးဘေး ကိုယ်တိုင် ခွန်ရှု့ နယ်မြေ အထက်က အဇူရာ မိုးကြိုးကို သုံးပြီး ပြုလုပ်ခဲ့တာ ... ဒီဓားက မြေကမ္ဘာ အဆင့် ဆယ့်ခုနစ်ယောက်ရဲ့ သွေးတွေကို သောက်ပြီးပြီ ... မင်းကတော့ ဆယ့်ရှစ်ယောက် မြောက်ပေါ့”
“ကောင်းကင် ပြစ်ဒဏ်ဓား …”
ချန်းဖန်က ခပ်တိုးတိုး လိုက်၍ ရေရွတ် လိုက်၏။ သို့သော်လည်း သူ၏ မျက်နှာတွင် ကြောက်ရွံ့ခြင်း တစ်ခုတလေပင် ရှိမနေခဲ့ချေ။
“သွား …”
သူက လက်ထဲမှ ခရမ်းရောင် မိုးကြိုးဓားကို ဆုပ်ကိုင်ရင်း ခုတ်ပိုင်း လိုက်သည်။ အနက်ရောင် ဓားက လေထုကို ပေါက်ကွဲစေ၍ ကောင်းကင်ကိုပင် ထက်ပိုင်းဖြတ်၏။
တစ်ချိန်တည်းတွင်ပင် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက အင်္ကျီလက်ကို ခါယမ်းရင်း ဓားအား ထိန်းချုပ်သည်။
“ဘုန်း …”
ကောင်းကင် ပြစ်ဒဏ်ဓား၏ တောက်ပမှုတွင် လေထု၌ ကောင်းကင် ပြစ်ဒဏ် အသေးစား တစ်ခု ဖြစ်ပေါ်လာ၏။ ထိုကောင်းကင် ပြစ်ဒဏ်က ပြင်းထန်သော မိုးကြိုး စွမ်းအားကို သယ်ဆောင်၍ ချန်းဖန်၏ တိုက်ခိုက်မှုအား ထိပ်တိုင် ရင်ဆိုင်၏။
တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာနှင့် တစ်ဝက် တစ်ပျက် ဝိညာဉ် ရတနာ …
ခရမ်းရောင် မိုးကြိုးဓားနှင့် ကောင်းကင် ပြစ်ဒဏ်ဓား …
ကြီးစွာသော မိုးကြိုးစွမ်းအားကို သယ်ဆောင် ထားသည့် ဓားနှစ်ချောင်းသည် လေထု၌ ထိပ်တိုက် တွေ့ဆုံသာ်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ရုတ်တရက် ကောင်းကင် တစ်ခွင်ကား အဇူရာ မိုးကြိုး အလင်းများဖြင့် ယှက်ဖြာသွား၏။ အကယ်၍ လေယာဉ်တင် သင်္ဘော တစ်စင်းပင် ထိုဧရိယာ အတွင်း ကျရောက်ပါက စိစိညက်ညက် ကြေသွားလိမ့်မည် ဖြစ်သည်။
“ဘုန်း …”
ပြင်းထန်သော စွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုတွင် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ၏ ခန္ဓာကိုယ်သည် မီတာ ရာပေါင်းများစွာတိုင် လွင့်စဉ် သွား၏။
တစ်ချိန်တည်းမှာပင် သူ၏ ကောင်းကင် ပြစ်ဒဏ်ဓားသည်လည်း ပြင်းထန်စွာ တုန်ရီနေသည်။
အရည်အသွေးအရ ပြောရလျှင် …
ကောင်းကင် ပြစ်ဒဏ်ဓားသည် တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာ တစ်ခုသာ ဖြစ်သော်လည်း ခရမ်းရောင် မိုးကြိုးဓားထက် ပိုမို အစွမ်းထက်သည်။
ထို့အတူ ချန်းဖန်သည်လည်း မူလစဦး အဆင့်ပင် ဖြစ်လင့်စကား မြေကမ္ဘာ နတ်ဘုရား ဟန်ရှီထက် ပိုမို အစွမ်းထက်၏။
“မဖြစ်နိုင်ဘူး ... ဘယ်လို ဖြစ်နိုင်မှာလဲ”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီမှာ အနည်းငယ် ဆွံ့အ နေမိ၏။
သူကား ကောင်းကင်မိုးကြိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ကာ ခွန်ရှု့နယ်မြေ တစ်ခုလုံးတွင်ပင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေသူ ဖြစ်သည်။ သို့သော်လည်း တစ်ဝက်တစ်ပျက် ရတနာနှင့်ပင် သေမျိုး ကမ္ဘာ၏ လူသား တစ်ယောက်ထံ၌ ရှုံးနိမ့်လိမ့်မည်ဟု သူ လုံးဝ မတွေးဖူးချေ။
“မင်းမှာ ဝိညာဉ်ရတနာတစ်ခု ရှိရင်တော့ ငါ့ ပြိုင်ဘက် ဖြစ်ချင် ဖြစ်လိမ့်မယ် ... မူလ အထွတ်အထိပ် အဆင့် လောက်နဲ့တော့ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ချန်းဖန်က မောက်မာစွာ ပြောရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။
“ကလန့် …”
ခရမ်းရောင် မိုးကြိုးဓားကလည်း စူးရှသော မြည်သံ တစ်ခု ပေးကာ လေထုအား ထိုးခွဲသည်။
“ကောင်းကင် မိုးကြိုး ဓမ္မခန္ဓာ …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက အော်ဟစ် လိုက်၏။
ယခု အခိုက်အတန့်ကား သေရေးရှင်ရေး ဖြစ်သည်။ သူ့အနေဖြင့် မည်သည့် ဝှက်ဖဲကိုမျှ ချန်မထားရဲတော့ချေ။
“ဘုန်း …”
ရုတ်တရက် ဟန်ရှီ၏ နောက်၌ နဂါးဝတ်စုံနှင့် အင်ပါယာ သရဖူ ဆောင်းထားသော ပုံရိပ်ကြီး တစ်ခု ပေါ်လာ၏။ ထိုအရာက ကောင်းကင် မိုးကြိုး သခင်အလား ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နေ၏။
ဓမ္မခန္ဓာ ကျင့်စဉ်များကား ခွန်ရှု့ နယ်မြေ၏ လျှို့ဝှက် ကျင့်စဉ်များ ဖြစ်သည်။
အကယ်၍ အောင်မြင်အောင် လေ့ကျင့်နိုင်ပါက ထိုခန္ဓာ၏ နတ်ဘုရား စွမ်းအားနှင့် အစီအရင်များကို ထုတ်သုံး လာနိုင်လိမ့်မည် ဖြစ်သည်။
ချန်းဖန်၏ ခွန်ပန် အသွင်နှင့် ထုံရှန်း၏ ကျားနတ်ဆိုး ခန္ဓာတို့မှာလည်း ဓမ္မ ခန္ဓာများ ဖြစ်သည်။
သို့သော်လည်း မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ၏ ခန္ဓာကျင့်စဉ်မှာ ချန်းဖန်၏ ခွန်ပန် အသွင်နှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။ အကယ်၍ အဆင့်တူ အတွင်းတွင် ဆိုပါက ဟန်ရှီသည် ထုံရှန်းကိုပင် အနိုင်ယူနိုင်မည် မဟုတ်ချေ။
“ကမ္ဘာမှာ ဒီလို ဓမ္မခန္ဓာ ကျင့်စဉ် တစ်ခု ရှိနေတာ ငါတကယ်ပဲ အံ့ဩမိတယ် ... ဒါပေမဲ့ အဲဒါကလည်း ငါ့ကို မတားနိုင်ပါဘူး”
ချန်းဖန်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့ လိုက်၏။
ထို့နောက် သူက ခရမ်းရောင် မိုးကြိုးဓားကို လွှဲကာ ခုတ်ပိုင်းလိုက်ပြန်၏။ တစ်ချိန်တည်းမှာပင် ဟန်ရှီ၏ ဓမ္မ ခန္ဓာကလည်း ကောင်းကင် ပြစ်ဒဏ်ဓားကို ကိုင်ကာ ခုခံ၏။
“ဘုန်း …”
ကောင်းကင် ပြစ်ဒဏ်ဓားနှင့် ခရမ်းရောင် မိုးကြိုးဓားတို့ကား ပြင်းထန်သော အဟုန်ဖြင့် လေထု၌ နောက်တစ်ကြိမ် ထိပ်တိုက် တွေ့ပြန်သည်။
သို့သော်လည်း မြေကမ္ဘာ နတ်ဘုရား ဟန်ရှီကား ချန်းဖန်ကို ယှဉ်ပြိုင်နိုင်ခြင်း လုံးမ မရှိခဲ့ချေ။
“ဘုန်း …”
ခရမ်းရောင် မိုးကြိုးဓား၏ ဖိနှိပ်မှုတွင် ဟန်ရှီ၏ ခန္ဓာကိုယ်မှာ သွေးတစ်လုတ် အန်၍ မီတာ ထောင်ပေါင်းများစွာတိုင် လွင့်စဉ် သွားရ၏။ အကယ်၍ ကောင်းကင်မိုးကြိုးဓမ္မ ခန္ဓာကြောင့်သာ မဟုတ်ပါက သူ၏ ခန္ဓာကိုယ်မှာ ထက်ဝက် ပိုင်းဖြတ် ခံလိုက်ရပြီ ဖြစ်သည်။
“သူက ဘာလို့ ဒီလောက် အစွမ်းထက် နေရတာလဲ …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ၏ မျက်နှာကား ဖြူရော် နေချေပြီ ဖြစ်သည်။ ထိုအရာသည် ပထမဆုံး အကြိမ်အဖြစ် ကြောက်လန့်မှုကို သူ ခံစားနေရခြင်း ဖြစ်သည်။
“လျှို့ဝှက် အဇူရာဂိုဏ်းနဲ့ ယွင်ထန်း နန်းတော်ရဲ့ ဂိုဏ်းချုပ်တွေတောင် သူ့လောက် အစွမ်းထက်မယ် မထင်ဘူး …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက သူ၏ လေမိုးကြိုး တောင်ပံများကို ပြင်းထန်စွာ ခတ်ရင်း ခန္ဓာ ဟန်ချက်ကို ပြန်လည် ထိန်းလိုက်၏။
ထို့နောက် သူက အဖြူရောင် အလင်းတန်း အသွင်သို့ ပြောင်းလဲကာ မိုးကုပ် စက်ဝိုင်း အဆုံးသို့ ဦးတည်၍ ထွက်ပြေးရန် ကြိုးစားသည်။
“မင်းက ထွက်ပြေးလို့ လွတ်မယ် ထင်နေတာလား …”
ချန်းဖန်က နှာခေါင်းရှုံ့ရင်း တစ်ထောင်သော မီတာကို ခြေတစ်လှမ်းဖြင့် ကျော်ဖြတ် လိုက်သည်။
သူသည် ခွန်ပန် အသွင်ကို ဆင့်ခေါ်ထားခြင်း မရှိသည့်တိုင် အသံ၏ ငါးဆသော အမြန်နှုန်းကို ချိုးဖျက် ထားနိုင်တုန်း ဖြစ်သည်။ ထို့ကြောင့် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီကို ခဏအတွင်း မီလာခဲ့၏။
ချန်းဟွိုက်အန်းနှင့် အခြားလူများကား ဆွံ့အ နေခဲ့ပြီ ဖြစ်လေသည်။
မြေကမ္ဘာ အထွတ်အထိပ် အဆင့် နတ်ဘုရား ဟန်ရှီပင် ချန်းဖန်၏ လက်အောက်၌ လွယ်ကူစွာ ရှုံးနိမ့်ရသည်လား။
“ဂိုဏ်းချုပ်ဟန်ရှီက ခွန်ရှု့ နယ်မြေမှာတောင် အရမ်း အစွမ်းထက်တဲ့ သူလေ …”
ချမ်ရဲ့ရွှယ်ပင် တုန်ရီစွာဖြင့် ရေရွတ် လိုက်မိသည်။
ရဲ့ချင်စန်းကလည်း ဖြူရော်စွာဖြင့် ခေါင်းအား ခါယမ်း လိုက်သည်။
“အရှင်ချန်းရဲ့ အစွမ်းက ငါတို့ သိနိုင်စွမ်းထက် ကျော်လွန်နေပြီ ... ခွန်ရှု့ နယ်မြေရဲ့ အစွမ်း အထက်ဆုံး လူတွေတောင် သူ့ကို နိုင်တော့မှာ မဟုတ်ဘူး”
တစ်ချိန်တည်းမှာပင် ချန်းဖန်ကား မြေကမ္ဘာ နတ်ဘုရား ဟန်ရှီအား မီနေခဲ့ပြီ ဖြစ်သည်။ ဟန်ရှီသည် အကြိမ်ကြိမ် လွတ်မြောက်ရန် ကြိုးစားသော်လည်း ချန်းဖန်က သူ၏ ထွက်ပေါက် အားလုံးကို ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ချည်း ဖြစ်သည်။
“ကောင်းကင် မိုးကြိုး ဓမ္မ ခန္ဓာ …”
“ကောင်းကင် မိုးကြိုး မျက်လုံး …”
“နဂါး မိုးကြိုး လက်ဝါး …”
ဟန်ရှီက သူ၏ အစွမ်း အထက်ဆုံး နည်းစနစ်များကို ထုတ်သုံး၍ ပြင်းထန်စွာ တိုက်ခိုက်၏။ မူလ ထိပ်ဆုံးအဆင့် တစ်ယောက် အနေဖြင့် သူ၏ တိုက်ခိုက်မှု တစ်ခုချင်းစီမှာ တောင်ကိုပင် ဖြိုနိုင်သည်အထိ အစွမ်း ထက်သည်။
သို့သော်လည်း ထိုကြမ်းတမ်းသော တိုက်ခိုက်မှုများကား ချန်းဖန်၏ ခုခံကာကွယ်မှုကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ချေ။ တစ်ချိန်တည်းမှာပင် ချန်းဖန်၏ တန်ပြန် တိုက်ခိုက်မှုများ၌ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကား သွေးများဖြင့် ရွှဲရွှဲစို နေခဲ့ပြီ ဖြစ်လေသည်။
“ချန်းပေ့ရွှမ်း ... သင် ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလာ”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီကား အရူးသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ဟီး ... ဟီး …”
သူက အော်ဟစ် ရယ်မောရင်း အင်္ကျီလက်အတွင်းမှ အဖြူ၊ အနက် ကျောက်စိမ်း တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းက နဂါး နှစ်ကောင်၏ ဝန်းရံမှုတွင် ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နေ၏။
“မကောင်းတော့ဘူး ... အဲဒါက ကောင်းကင် မိုးကြိုးဂိုဏ်းရဲ့ ယင်ယန် မိုးကြိုးပဲ ... အဲဒါက ကမ္ဘာကို ဖြိုဖျက်ပစ်နိုင်တဲ့အထိ အစွမ်းထက်တယ်တဲ့”
ချမ်ရဲ့ရွှယ်က ထိတ်လန့်စွာဖြင့် အော်ဟစ် လိုက်သည်။ သို့သော်လည်း သူမ၏ သတိပေးမှုကား နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
“ဘုန်း …”
အဖြူအနက် ကျောက်စိမ်းသည် ပေါက်ကွဲကာ ကြောက်မက်ဖွယ် မိုးကြိုး မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာ၏။ ခဏအတွင်းမှာပင် ပတ်ဝန်းကျင် သုံးကီလိုမီတာကား အဖြူ၊ အနက်ချီများဖြင့် ဖုံးလွှမ်းသွားသည်။
“ဘုန်း …”
တဒင်္ဂ အတွင်းမှာပင် ချန်းဖန်၏ ကိုယ်ကို ရွှေရောင် အလင်းများ လင်းလက်သွား၏။ တစ်ချိန်တည်းမှာပင် သူ၏ ဦးခေါင်းထက်၌ မိုးကြိုးငါးခု ချိပ်တံဆိပ် ပေါ်လာကာ ကာကွယ်သည်။
“ဒီသောက်ရူးကတော့ …”
ချန်းဖန်အား အမှန်တကယ်ပင် ဒေါသထွက် နေခဲ့၏။
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီသည် ထိုမျှ အင်အားကြီးသော အဆောင်ကို ထုတ်ဖော်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့် မထားခဲ့ချေ။ ထိုအဆောင်၏ တိုက်ခိုက်မှုကား ပညာရှိ လူကြီးများ၏ စွမ်းအင်ဗုံးနှင့်ပင် ယှဉ်နိုင်သည်။
အကယ်၍ သူသာ အကာအကွယ် စွမ်းအားကို အချိန်မှီ မဖော်ထုတ် နိုင်ပါက ထိုတိုက်ခိုက်မှု၏ အောက်၌ အကြီးအကျယ် ဒဏ်ရာရမည်မှာ သေချာသည်။
“သူ မသေသေးဘူးလား …”
မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ၏ မျက်နှာတွင် မယုံကြည်ခြင်းများ ဖြစ်ပေါ်လာ၏။
ယင်ယန် မိုးကြိုးသည် ကောင်းကင် မိုးကြိုးဂိုဏ်း၏ ရတနာ ဖြစ်သည်။ လျှို့ဝှက် အဇူရာဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ထိုတိုက်ခိုက်မှုမှ လွတ်နိုင်မည် မဟုတ်ချေ။
ချန်းပေ့ရွှမ်း၏ ခန္ဓာကိုယ်က မည်မျှအထိ သန်မာ နေရသနည်း။
“ဒီတိုက်ခိုက်မှုကို ခုခံလိုက်စမ်း …”
ရုတ်တရက် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီက ယင်ယန် မိုးကြိုးဖြင့် တိုက်ခိုက် လိုက်သည်။ သို့သော်လည်း သူ၏ ဦးတည်ချက်ကား ချန်းဖန် မဟုတ်ဘဲ အရှေ့တောင်သာ ဖြစ်၏။
“မလုပ်နဲ့ …”
ချန်းဖန်မှာ အလွန်တရာ ထိတ်လန့်သွား၏။
“ဘုန်း …”
ရုတ်ချည်းပင် သူက အသံ၏ အမြန်နှုန်း ခုနစ်ဆကို ချိုးဖျက်ကာ ယန်ယန် မိုးကြိုးကို တားဆီးလိုက်သည်။ အကယ်၍ ထိုမိုးကြိုးသာ ပေါက်ကွဲပါက အရှေ့တောင်ရှိ လူအားလုံး သေဆုံးသွားလိမ့်မည် ဖြစ်သည်။
“လာစမ်း …”
ချန်းဖန်က ယင်ယန် မိုးကြိုးအား ထိန်းချုပ်ကာ အစီအရင်များ ရေးဆွဲ၍ ချိပ်ပိတ်လိုက်၏။ တစ်ချိန်တည်းမှာပင် မြေကမ္ဘာ နတ်ဘုရား ဟန်ရှီသည် အလင်းတန်း အသွင်ဖြင့် မိုးကုပ်စက်ဝိုင်း အဆုံး၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေ၏။
“မင်း ဘယ်လောက် ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့ …”
ချန်းဖန်က ယင်ယန်မိုးကြိုးကို သိမ်းဆည်း ပြီးသည်နှင့် ဟန်ရှီ ထွက်သေးရာ အနောက်အရပ်သို့ လိုက်၏။
မကြာခင် လူတိုင်း၏ မြင်ကွင်းမှ သူတို့ နှစ်ယောက်စလုံး ပျောက်ကွယ် သွားသည်။ ကောင်းကင်၌ တိုက်ပွဲ၏ အကြွင်းအကျန် မီးပွားနှင့် မီးခိုး အချို့သာ ကျန်ရစ်ခဲ့၏။
“လက်ထပ်ပွဲရဲ့ မီးရှူးမီးပန်းတွေက နည်းနည်းလေး နောက်ကျသွားတာပဲ”
ဝမ်ရှောက်ယွင်က ရှက်ရွံ့စွာဖြင့် ပြုံးလိုက်တော့၏။
***