ခပ်ဆင်ဆင် လူနှစ်ယောက်
Vol. 127 Ch. 1639
“ငါ့ကို နွားကျောင်းသားချင်လို့ ခေါ်ရမှာမဟုတ်ဘူး... ဇွဲအကောင်းဆုံးချင်... ဝီရိယအရှိဆုံးချင်လို့ ခေါ်ရမှာ”
ချင်မူ လက်သီးများ ဆုပ်လိုက်မိသည်။ ဖရိုဖရဲခန်းမမှာ သူ၏ အရှေ့တွင် ရှိနေချေပြီ။ ဤခန်းမထဲသို့ ဝင်ရောက်သွား၍ ဧကရာဇ်ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်နှင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်အဆင့်သို့ ရောက်ပေတော့မည်။
ဤရက်များတွင် ကျောက်စိမ်းမြို့တော်ထဲရှိ တာအိုသိုင်းပညာရှင် ၇၂ ယောက်ကို တိုက်ခိုက်ခဲ့ရသည့်အပြင် လှေကားထစ်တက်ရင်း မေးခွန်းများကိုလည်း ဖြေခဲ့ရသောကြောင့် သူ့မှာ အချိန်နှင့် စွမ်းအင်များအား အတော်လေး သုံးစွဲခဲ့ရသည်။ ကံကောင်းစွာဖြင့် တခြားသူများ၏ ဉာဏ်ပညာများက သူ့ကို ဤအထိ ရောက်လာနိုင်အောင် ကူညီပေးခဲ့ချေပြီ။
ကမ္ဘာဦးဖရိုဖရဲခန်းမသို့ တက်နိုင်သရွေ့ သူ၏ ကောင်းကင်နန်းဆောင်များနှင့် ကောင်းကင်နတ်ဘုံထဲရှိ မူလဝိညာဉ်အားလုံးလည်း ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်သွားလိမ့်မည်။
ထိုအချိန်တွင် သူသည် ကောင်းကင်နတ်ဘုံအဆင့်ကို ပြီးမြောက်ရန် ခြေတစ်လှမ်းသာ လိုပေတော့မည်။
ချင်မူမှာ သခင်မယွမ်မု၊ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် အခြားသူများ၏ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များကို စုပ်ယူခဲ့သည်။ ယခုတွင် ကောင်းကင်နန်းဆောင် ၃၃ ဆောင်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နန်းဆောင် ၃၆ ဆောင် ပြည့်ရန် သုံးဆောင်သာ ဝေးကွာတော့၏။ ဧကရာဇ်ပလ္လင်ကျင့်စဉ်ကလည်း သုံးမျိုး ရှိထားသည်။
သူ ထိုဧကရာဇ်ပလ္လင်ကျင့်စဉ်သုံးမျိုးကို ပြီးပြည့်စုံစေနိုင်သ၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကဲ့သို့ ခွန်အားကို အသုံးပြုကာ တာအို ဖွဲ့တည်နိုင်ပေလိမ့်မည်။
၎င်းတို့ကို မပြီးပြည့်စုံစေလျှင်တောင်မှ ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်သရွေ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ထက် များစွာ သန်မာသွားပြီး သူ့အား မြေပြင်တွင် ပြားပြား၀ပ်သည်အထိ ရိုက်နှက်နိုင်ရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။
ယခုတွင်ပင် သူသည် တာအိုဖွဲ့တည်ပြီးသူများအောက် နိမ့်ကျမနေဟု ချင်မူ ခံစားနေရသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို မြေပြင်တွင် ပြားပြား၀ပ်သည့်တိုင်အောင် မရိုက်နှက်နိုင်လျှင်တောင်မှ ရှုံးနိမ့်လိမ့်မည်တော့ မဟုတ်ပေ။
မှန်ပါသည်။ ချင်မူမှာ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် တာအိုအရ ယှဉ်ပြိုင်ခဲ့ဖူးခြင်း မရှိသောကြောင့် မည်သူက ပို၍သန်မာသည်ကိုတော့ မသိပေ။
ဤတစ်ကြိမ်တွင် ချင်မူကား တခြားသူတို့အား အားကိုးသင်ယူခဲ့သဖြင့် သူ၏အောင်မြင်မှုကလည်း ကြီးမားသည်။ ကောင်းကင်နတ်ဧကရာဇ်နှင့် ယှဉ်ပြိုင်နိုင်ရန် ခွန်အား သေချာပေါက်ရှိနေလေပြီ။
သို့သော် သူ၏အကြည့် ဖရိုဖရဲခန်းမပေါ် ကျရောက်သွားသည့်အချိန်တွင် ငေးကြောင်သွားမိသည်။
သူ့အရှေ့ရှိ ခန်းမမှာ ဖရိုဖရဲများဖြင့် ပြည့်နှက်နေပြီး တံခါးပေါက် မရှိကြောင်း သတိထားမိလိုက်သည်။
ချင်မူလည်း ရှေ့သို့ လျှောက်သွားကာ ခန်းမကို လှည့်ပတ်ကြည့်လိုက်သော်လည်း တံခါးပေါက်ကို မတွေ့ရသေးပေ။
ဖရိုဖရဲခန်းမမှာ အမှန်တကယ်ပင် ဖရိုဖရဲခန်းမ ဖြစ်လေသည်။ မည်သည့်တံခါး၊ ပြတင်းပေါက်မှမရှိဘဲ ခန်းမ၏ အပြင်ပုံပန်းသွင်ပြင်သာ ရှိနေ၏။ စစ်မှန်သန့်စင်သော ဖရိုဖရဲများဖြင့် ဖွဲ့တည်ထားပုံပေါ်သောကြောင့် အထဲတွင် မည်သည့်အရာများရှိသည်လဲ သိနိုင်အောင် ဝင်မကြည့်နိုင် ဖြစ်နေတော့သည်။
သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်လိုက်လျှင်တောင်မှ အထဲတွင် ရှိသည့်အရာကို မြင်နိုင်မည် မဟုတ်။
ချင်မူ့မူလဝိညာဉ်က လက်ကို ဆန့်တန်း၍ ဖရိုဖရဲခန်းမထဲသို့ ထည့်ကာ အထဲတွင် မည်သည့်အရာ ရှိသည်လဲ စမ်းကြည့်ရန် ကြိုးစားနေသည်။ သို့သော် ဖရိုဖရဲအရှိန်အဝါများက အလွန်ပင် သိပ်သည်းအားကောင်းနေသဖြင့် သူ၏ ခွန်အားအလုံးစုံ အသုံးပြုလျှင်တောင်မှ ခန်းမထဲရှိ ဖရိုဖရဲများကို ကွဲကွာသွားစေနိုင်မည် မဟုတ်ပေ။
သူ အကြိမ်ကြိမ် ကြိုးစားနေသော်လည်း ဝင်ရောက်နိုင်ရန် ခက်ခဲနေသေးသည်။
“ဘယ်သူ ရှိလဲ”
သူက တံခါးခေါက်ရင်း ပြုံးနေသည်။ “အထဲကပုဂ္ဂိုလ်… ကျုပ် ခင်ဗျားရဲ့ တာအိုမေးခွန်းကို ကြားတယ်… ကျုပ်ကို မေးခွန်းတွေ အများကြီး မေးခဲ့ပြီးပြီဆိုတော့ မျက်နှာချင်းဆိုင် ဆွေးနွေးကြရအောင်လား”
ဖရိုဖရဲခန်းမထဲ၌ မည်သူကမှ ဖြေကြားမလာချေ။
အချိန်အတော်ကြာပြီးနောက် ချင်မူမှာ ကျောက်သားလှေကားထစ်များပေါ်၌ ငေးငိုင်စွာ ထိုင်နေမိသည်။ သူ၏မျက်ခုံးများက တွန့်ချိုးနေပြီး ဖရိုဖရဲခန်းမကို မကြာခဏ လှည့်ကြည့်တတ်၏။ သူ၏မျက်ခုံးများက ပို၍ပင် တွန့်ချိုးသွားတတ်သည်။
ဖရိုဖရဲခန်းမသည် သူ့ကောင်းကင်နတ်ဘုံ၏ အမြင့်ဆုံးနေရာ ဖြစ်သည်။ သူ ၎င်းအရှေ့တွင် ထိုင်နေလျှင် ကြီးကျယ်ခမ်းနားလှသော ကောင်းကင်နတ်ဘုံအဆင့်ကို တစ်ချက်မျှ ကြည့်ရုံနှင့် မြင်ရနိုင်သည်။
ကောင်းကင်နန်းဆောင် ၃၃ ဆောင် ရှိနေပြီး မရေမတွက်နိုင်သော အဆောက်အဦးများ၊ တောင်တန်းများနှင့် မြစ်ချောင်းများလည်း တည်ရှိနေကြသည်။ ၎င်းတို့က ကြီးကျယ်ခမ်းနားပြီး ရောင်စုံတိမ်တိုက်များအဖြစ် ပြောင်းလဲသွားသည့် အလင်းတန်းများကို ထုတ်လွှတ်နေ၏။ ချီမျှင်တန်းများကလည်း တိမ်တိုက်များအသွင် ပြောင်းလဲ၍ ကောင်းကင်နန်းဆောင်များအကြားတွင် မြောလွင့်နေကြသည်။
ထိုကောင်းကင်နန်းဆောင်များပင်လျှင် ဖရိုဖရဲခန်းမနှင့် ယှဉ်ပါက နိမ့်နေသေးသည်။
သူ၏အထက်တွင် ရွှမ်တု တည်ရှိနေပြီး ကောင်းကင်နယ်စားမင်း၏ မျက်နှာက ကြယ်တာရာကုဋေပေါင်းများစွာကို ပိတ်ကာထားသည်။ သူသည်လည်း ဤဖရိုဖရဲခန်းမကို အကဲခတ်စစ်ဆေး၍ မျက်မှောင်ကြုတ်နေ၏။
ဤကောင်းကင်နယ်စားမင်းသည်လည်း ချင်မူ့မျက်နှာကို ပိုင်ဆိုင်ထားပြီး ချင်မူ၏ ကောင်းကင်နယ်စားမင်းအသွင် ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်နယ်စားမင်းချင်မူ၏ မျက်နှာမှာ ပျောက်ကွယ်သွားသည်။
ကျောက်သားလှေကားထစ်ပေါ်တွင် ချင်မူမှာ ဘယ်ဘက်လက်ပေါ်တွင် မေးထောက်လျက် အပြင်းအထန် စဉ်းစားနေသည်။ မည်သည့်နေရာ၌ သူ မှားယွင်းခဲ့သည်လည်း မသိတော့ချေ။ ဖရိုဖရဲခန်းမ ရှိနေသော်လည်း အဘယ်သို့ပြု၍ တံခါးက မရှိရသည်နည်း။ သူ့မှာ မဝင်ရောက်နိုင်ဘဲ ဖြစ်နေရသည်။
ရုတ်တရက် အသံတစ်သံက သူ့အနောက်မှ ပျံ့လွင့်လာသည်။ အသံသည် ကဗျာရွတ်ဖတ်နေသကဲ့သို့ ညိမ့်ညိမ့်ညောင်းညောင်း ရှိလှ၏။
ချင်မူက အံ့ဩမှင်သက်သွားပြီး ပြန်လှည့်ကြည့်လိုက်သည်။ ခပ်ပါးပါးအရိပ်တစ်ခုဖြင့် လွှမ်းခြုံခံထားရသော ခရမ်းရောင်အလင်းတစ်လုံးက ဖရိုဖရဲများကိုဖြတ်သန်းလျက် ထွက်လာသည်ကို တွေ့လိုက်ရသည်။
“မကွဲသေးသော ဥတစ်လုံးနှယ်၊ စုဝေးနေသော ဖရိုဖရဲတို့ဝယ်
တိတ်ဆိတ်ခြင်း အမှောင်ထုက အာကာပြင်မယ် ပြည့်နှက်လို့ နေတယ်၊
ကျယ်ပြောရှေးကျသော စွမ်းအင်တို့က၊ မဟာမြူတိမ်တို့ကို ပွေ့ဖက်ကာရယ်လို့
မူလချီအပေါင်း သံသရာလည်လျက်၊ သိပ်သည်းဆဲ၊ နက်ရှိုင်းဆဲ”
အသံက တာအိုအသံဖြစ်ပြီး တာအိုဘာသာစကားကို အသုံးပြုသည်။
‘မကွဲသေးသော ဥတစ်လုံးနှယ်၊ စုဝေးနေသော ဖရိုဖရဲတို့ဝယ်’ ဟူသော စာကြောင်းကို ရွတ်ဆိုလိုက်သည့်အချိန်၌ တာအိုသံအတွင်း၌ ဖရိုဖရဲတာအို ကိန်းဝပ်နေသည်။ ‘တိတ်ဆိတ်ခြင်း အမှောင်ထုက အာကာပြင်မယ် ပြည့်နှက်လို့ နေတယ်’ ဟု ရေရွတ်လိုက်သည့်အခါ ပွင့်လစ်မလာသေးသော စကြဝဠာတစ်ခု ရှိနေသကဲ့သို့ အာကာပြင်ကျယ် ဖရိုဖရဲမြင်ကွင်းတစ်ခုအား မြင်လိုက်ရသယောင်ယောင်။
အလင်းထဲရှိ အသံဆီမှ ‘ကျယ်ပြောရှေးကျသော စွမ်းအင်တို့က၊ မဟာမြူတိမ်တို့ကို ပွေ့ဖက်ကာရယ်လို့’ ဆိုသော စကား ထွက်လာသည့်အခါ စွမ်းအင်များ လည်ပတ်လာသည်။ ‘မူလချီအပေါင်း သံသရာလည်လျက်၊ သိပ်သည်းဆဲ၊ နက်ရှိုင်းဆဲ’ ဆိုသည့်စာသားအရောက်၌ မူလချီတို့သည် အမှန်တကယ် လှုပ်ရှားလာ၏။
ချင်မူမှာ ထရပ်၍ ဖရိုဖရဲခန်းမထဲမှ ထွက်လာသော ပုံရိပ်ကို ငေးကြည့်နေမိသည်။ ထိုသူ၏ခြေလှမ်းများက လေးလံနေပြီး အလွန်တရာ ရှေးကျသောခေတ်မှ ပစ္စုပ္ပန်သို့ ရောက်လာသည့် ပုံပေါ်၏။ သူ့ပတ်ပတ်လည်ရှိ အရိပ်များသည် မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ဖြတ်သန်းလာနေသည့်အလားပင်။ မရဏလေပူနှင့် မရဏလေအေးသည်လည်း သူ့ကို လွှမ်းခြုံရစ်သိုင်းလျက် ရှိသည်။
မျက်စိတစ်မှိတ်အတွင်း ထိုပုံရိပ်သည် ခုနစ်ခုမြောက်သော မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ဖြတ်သန်း၍ နီးကပ်သထက် နီးကပ်လာသည်ကို တွေ့လိုက်ရသည်။
ထိုပုဂ္ဂိုလ်၏ အသံမှာလည်း အတိတ်စကြ၀ဠာမှ လာနေသယောင်ယောင်။ ၎င်းက ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာမဟုတ်ဘဲ ပို၍ရှေးကျသော စကြ၀ဠာဖြစ်၏။
“စစ်မှန်သော ရေ၊ စစ်မှန်သော မီးက အတွင်းထဲဝယ် ကိန်းဝပ်နေလို့
မြူခိုးမြူစိုင်တို့က ရေခဲပြင်ပမာ ရစ်ဖွဲ့ကာ ထားတယ်၊
ဗဟိုချက်ဝယ် မူလသဘာဝက ဖန်ဆင်းခြင်းကို လုပ်ဆောင်တယ်၊
ချီသုံးသွယ်က အရပ်သုံးမျက်နှာသို့ ခွဲထွက်တယ်”
ပုံရိပ်က မဟာပျက်စီးခြင်းကပ်ပေးကြီး ၁၆ ခုကို ဖြတ်သန်း၍ ချင်မူ၏ ဖရိုဖရဲခန်းမအစွန်းသို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။ သူ ထွက်လာတော့မည့်အချိန်တွင် သူ၏ အသံက ပိုပို၍ ကြည်လင်ပြတ်သားလာ၏။ “ဖရိုဖရဲခန်းမပါလား.. အချိန်နဲ့ နေရာအဆုံးမှာ တည်ရှိနေပြီး ငါ့ကို ဒီနေရာဆီ ရောက်လာခဲ့ပြီ … ဒါက အနာဂတ်က ဆယ့်ခြောက်ခုမြောက် စကြ၀ဠာလား”
ထိုသူသည် ချင်မူ၏ ဖရိုဖရဲခန်းမထဲမှ လျှောက်ထွက်လာ၏။
ချင်မူမှာ ထိုပုံရိပ်ကို ငေးကြောင်စွာ ကြည့်နေမိပြီး သူ၏ နှလုံးသားတွင် အံ့အားသင့်မှုတို့ ပြည့်နှက်နေတော့သည်။
ဖျက်ဆီးခံရပြီးဖြစ်သည့် စကြ၀ဠာတွင် ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့ဖူးသည်။ သူသည် ဖရိုဖရဲခန်းမအဆင့်အထိ ကျင့်ကြံပြီးနောက် ဖရိုဖရဲခန်းမထဲရှိ ဖရိုဖရဲချီနောက်သို့ လိုက်ကာ ဤနေရာသို့ ရောက်လာခဲ့၏။
မှန်ပါသည်။ ဤပုဂ္ဂိုလ်သည် စကြာဝဠာပျက်စီးခြင်းမှ အသွင်ပြောင်းလဲသွားခဲ့သော ဖရိုဖရဲချီကို ကြားခံနယ်အဖြစ် အသုံးပြုခဲ့ခြင်းပင်။
ချင်မူ့အခြေအနေက အလွန်တရာပင် ထူးခြား၏။ သူ၏ကောင်းကင်ရတနာသည် အဆုံးမသတ်နိုင်သော မွေးဖွားခြင်းပျက်စီးခြင်းများကို တွေ့ကြုံခဲ့ပြီး ကောင်းကင်ရတနာထဲရှိ လောကသစ်ပင်သည်လည်း ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ၎င်းက စကြာဝဠာပျက်စီးခြင်းမှ ဖန်တီးခံခဲ့ရသော ဖရိုဖရဲချီများကို စုပ်ယူကာ ၎င်းကိုယ်၎င်း အားဖြည့်စေခဲ့သည်။ ထို့ကြောင့် ဤကောင်းကင်ရတနာကို စကြဝဠာပျက်စီးခြင်းများဖြင့်လည်း ဆက်နွယ်စေခဲ့၏။
သူ၏ဖရိုဖရဲခန်းမသည် စကြဝဠာပျက်စီးခြင်းတို့ဖြင့် ဆက်နွယ်နေသော လမ်းကြောင်းတစ်ကြောင်းကို ဖွဲ့တည်ခဲ့ချေပြီ။
ချင်မူမှာ အတိတ်စကြ၀ဠာကို ပြန်သွား၍ စကြာဝဠာပျက်စီးခြင်းကပ်ဘေးကြီးကို မကြုံတွေ့ခဲ့ရသော်လည်း ထိုသို့မြင်ကွင်းမျိုးကို မှန်းဆနိုင်ပေသည်။
စကြဝဠာပျက်စီးခြင်းကပ်ဘေးကြီးတွင် မရေမတွက်နိုင်သော အသက်ပေါင်းများစွာသည် ရှင်သန်နိုင်ရန် ရုန်းကန်နေရ၏။ တာအိုသိုင်းပညာရှင်များ၏ အနောက်ရှိ တာအိုသစ်ပင်များမှာ ယိမ်းယိုင်ရင်း သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန် ကြိုးစားနေကြသည်။ သူတို့သည်လည်း ကပ်ဘေးကြီးထဲတွင် ရုန်းကန်နေရ၏။
ထိုသူတို့ ခေါင်းမော့ကြည့်လိုက်ရာ မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ ကောင်းကင်ထက်တွင် မြောလွင့်နေသော ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို တွေ့လိုက်ရသည်။ ၎င်းက ခမ်းနားတင့်တယ်သော မြင်ကွင်းတစ်ခု ဖြစ်နေပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီးပင်လျှင် ၎င်းကို ဖျက်ဆီးနိုင်စွမ်း မရှိပေ။
သို့သော် ချင်မူ အဆုံးသတ်မြို့ပျက်၏ ကြာပန်းပွင့်များအပြင် ကောင်းကင်ရတနာစကြ၀ဠာ၏ သေခြင်းရှင်ခြင်းကို နားလည်သိမြင်သွားနိုင်သည့်အခါတွင်တော့ သူတို့ မြင်နေရသည့်အရာမှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တစ်ခုတည်းသာ မဟုတ်တော့ပေ။
မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ ကောင်းကင်အထက်တွင် ဖရိုဖရဲခန်းမတစ်ခု မြောလွင့်နေသည်ကိုလည်း တွေ့မြင်ရပေလိမ့်မည်။
ထိုသို့စဉ်းစားကြည့်သည့်အခါ ဤပြိုင်ဘက်ကင်းသော သိုင်းပညာရှင်သည် ချင်မူ့ဖရိုဖရဲခန်းမကို တွေ့မြင်သွားသဖြင့် ကပ်ဘေးအား ကျော်ဖြတ်ကာ အမှန်တရားကို ရှာဖွေရန် ရောက်လာခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွားပြီး ဝိုးတဝါး ခရမ်းရောင်အလင်းလုံးထဲရှိ ပုံရိပ်ကို ကြည့်နေသည်။ မည်သည့်ပုဂ္ဂိုလ်ရောက်လာသည်ကို ခန့်မှန်းမိသော်လည်း ထိုသူဟုတ်၊ မဟုတ်ကိုတော့ အတည်မပြုရဲပေ။
ခရမ်းရောင်အလင်းလုံးထဲရှိ ပုံရိပ်က ပြော၏။ “အနာဂတ်က တာအိုမိတ်ဆွေ၊ မင်းအနေနဲ့ ဒီအဆင့်အထိ ကျင့်ကြံနိုင်ဖို့ မလွယ်ကူဘူး… မင်းရဲ့ စကြ၀ဠာက ကပ်ဘေးကြီးကို မကြုံတွေ့ရသေးဘူး မဟုတ်လား”
ချင်မူက ဦးညွှတ်အရိုအသေပေးကာ ဖြေ၏။ “ကျွန်တော်က ကျင့်ကြံခြင်းကို သင်ယူနေဆဲပါ.. ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာရဲ့ ကောင်းကင်နတ်အရှင်ချင်မူလို့ ခေါ်ပါတယ်… တွေ့ရတာ ဝမ်းသာပါတယ် တာအိုနောင်တော်… ကျွန်တော်တို့ရဲ့ စကြ၀ဠာဟာ ဖွံ့ဖြိုးနေတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်…. ပျက်စီးခြင်းကိုမတွေ့ကြုံရသေးပါဘူး”
ခရမ်းရောင်အလင်းထဲရှိ ပုံရိပ်က အံ့ဩစွာဖြင့် မေးသည်။ “မင်းအနေနဲ့ ပျက်စီးခြင်းကို မကြုံတွေ့ရသေးဘဲ ဒီအဆင့်အထိ တက်နိုင်တာ တကယ်ကို အံ့သြဖို့ကောင်းတာပေါ့ … တာအိုမိတ်ဆွေ၊ မင်း ဘယ်လိုများ လုပ်ခဲ့တာလဲ”
ချင်မူလည်း သူ လောကသစ်ပင်ကို ရရှိခဲ့သည့်အကြောင်းနှင့် သူ၏ကောင်းကင်ရတနာထဲရှိ အဆုံးသတ်မြို့ပျက်ထဲတွင် ကြာစေ့များ စိုက်ပျိုးခဲ့သည်တို့ကို ပြောပြသည်။ “ကျွန်တော် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကိုလည်း သွားခဲ့ပြီးတော့ အဲဒီနေရာမှာလည်း အများကြီး သင်ယူခဲ့ရပါတယ်…. သင်ယူဆည်းပူးခဲ့တာတွေကို စုဆောင်းပြီး ဒီအဆင့်အထိ ရောက်လာနိုင်ခဲ့တာပါ”
ခရမ်းရောင်အလင်းထဲရှိ ပုံရိပ်မှာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားသည်။ “မင်း လျှောက်လှမ်းနေတဲ့ လမ်းစဉ်က သိပ်ကို ထူးဆန်းပြီး အံ့သြဖို့ကောင်းတယ်… မင်းရဲ့ အတွေးတွေကတော့ ပိုပြီးတော့တောင် ထူးဆန်းအံ့ဩဖို့ကောင်းသေးတယ်…” သူက ချီးကျူးလိုက်သည်။ “မင်းနဲ့ အတွေ့အကြုံတူတဲ့သူတွေ ရှိနိုင်လောက်ပေမယ့် မင်းလို ထူးဆန်းတဲ့အတွေးတွေနဲ့ အောင်မြင်မှုတွေတော့ ရှိကြမှာမဟုတ်ဘူး”
ချင်မူက မေးသည်။ “တာအိုနောင်တော်၊ ကျွန်တော် ဖရိုဖရဲခန်းမဆီ ရောက်လာပေမယ့် ဝင်လို့ မရသေးဘူးဗျ… ဘာလို့လဲဆိုတာ နောင်တော် သိလား”
“မင်းရဲ့ အတွေးတွေ ၊ ကျင့်စဉ်တွေက ထူးခြားပေမယ့် မင်းရဲ့ လမ်းစဉ်က မလုံလောက်သေးဘူး”
ခရမ်းရောင်အလင်းထဲရှိ ပုံရိပ်ကပြောသည်။ “မင်းဟာ စကြဝဠာမွေးဖွားခြင်းနဲ့ သေဆုံးခြင်းလမ်းစဉ်ကို သိမြင်နားလည်ထားတဲ့အတွက် ဖရိုဖရဲခန်းမကို ကျင့်ကြံနိုင်ပေမယ့် မဟာပျက်စီးခြင်းကပ်ဘေးကြီးကို မတွေ့ကြုံဘူးသလို ၊ အစစ်အမှန်စကြ၀ဠာတစ်ခုရဲ့ မွေးဖွားခြင်းကိုလည်း မတွေ့ကြုံဖူးသေးဘူး… မင်း တွေ့ကြုံဖူးတာက မင်းကိုယ်တိုင် ဖန်တီးထားတဲ့ တုပမှုတွေပဲ… လက်တွေ့အဖြစ်အပျက် မဟုတ်ဘူး… ဒါကြောင့် မင်းရဲ့ ကမ္ဘာဦးဖရိုဖရဲခန်းမက ဒြပ်ထုမရှိတဲ့ အခွံကြီးပဲ ဖြစ်နေတာ… မဝင်နိုင်တာ အံ့သြစရာ မရှိဘူး”
သူ၏အသံက ဩရှနေပြီး ထည်ဝါသည်။ သူ၏လေသံသည်လည်း မနှေးလွန်းမမြန်လွန်းပေ။ “စကြ၀ဠာ မွေးဖွားခြင်းနဲ့ ပျက်စီးခြင်းကို အကြိမ်အနည်းငယ်လောက် တွေ့ကြုံဖူးမယ်ဆိုရင် မင်းရဲ့ တာအိုမှာ ပြီးပြည့်စုံမှုကို ရယူနိုင်လိမ့််မယ်”
သူ၏လေသံတွင် မျှော်လင့်စောင့်စားမှုဖြင့် ပြည့်နှက်နေသည်။ “ငါလည်း မင်းလို ထူးဆန်းတဲ့လူကို မတွေ့ဖူးသေးဘူး” သူက ပြုံး၏။ “မင်း တာအိုရပြီးတဲ့နောက် မသိဘူး… မင်းရဲ့လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေမှာ ငါ့ရဲ့ ကမ္ဘာဦးဖရိုဖရဲသင်္ကေတအရိပ်ယောင်တွေကို တွေ့ခဲ့ရတယ်… မင်းလည်း မီလော့နန်းတော်ကို ရောက်ဖူးတယ်မလား… ငါတို့နှစ်ယောက်က ရေစက်ပါတယ်လို့တောင် ပြောရမယ် ... မင်း စိတ်မရှိရင် ငါ မင်းကို ကူညီပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီးကို တွေ့ကြုံလို့ တာအိုရနိုင်အောင် အရင်စကြ၀ဠာဆီ ခေါ်သွားပေးနိုင်တယ်”
ချင်မူက ရိုသေလေးစားစွာ မေးလိုက်သည်။ “နောင်တော်က ဘယ်သူပါလဲခင်ဗျာ”
“မင်း သင်ယူထားတဲ့ ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေက ငါ ဖန်တီးထားတာပဲ”
ခရမ်းရောင်အလင်းထဲရှိ ပုံရိပ်က ပြောသည်။ “ငါ့ကို မီလော့နန်းတော်အရှင်သခင်လို့ ခေါ်ကြသလို တချို့ကတော့ ဆရာလို့ ခေါ်ကြတယ်… မီလော့၊ မသေနိုင်တဲ့ သူခိုးလို့ ခေါ်တဲ့သူတွေလည်း ရှိတယ်… ငါ့မှာ နောက်လိုက်အများကြီး ရှိသလို ငါ့ရဲ့အမွေအနှစ်ကို လက်ခံရရှိပြီးတဲ့ ပုဂ္ဂိုလ်ခြောက်ယောက်လည်း ရှိတယ်… သူတို့အားလုံးက ကိုယ်ပိုင်အောင်မြင်မှုတွေ ပိုင်ဆိုင်ထားကြတယ််... မင်းလိုပဲ… ကောင်းကင်နတ်အရှင်မူ၊ အတိတ်ကို ပြန်သွားချင်စိတ် ရှိလား”
ချင်မူမှာ ရင်ထဲ လှုပ်ရှားလာသည်။
ခရမ်းရောင်အလင်းထဲရှိ ပုံရိပ်က လက်ကမ်းပေးလိုက်သဖြင့် ဖရိုဖရဲချီတို့က ရွေ့လျားသွားကာ လက်ဖဝါးတစ်ခုအဖြစ် ဖွဲ့တည်လိုက်သည်။ “ငါ့လက်ကို ဆုပ်ကိုင်လိုက်… အတိတ်ဆီ ခေါ်သွားပေးမယ်… ငါ သိတာတွေ မင်းကို သင်ပေးမယ်… မင်း သေချာပေါက် အတိတ်စကြ၀ဠာမှာ တာအိုရလိမ့်မယ်”
ချင်မူက လက်ဆန့်တန်းလိုက်သည်။ ဤသည်မှာ ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်သည်။ မီလော့နန်းတော်၏ သခင်လေးခုနစ် ဖြစ်လာရန် အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။
မီလော့နန်းတော်အရှင်သခင်၏ သင်ကြားပေးမှုနှင့်ဆိုပါက သူ၏ လိုအပ်ချက်များကို ဖြည့်တင်းနိုင်ပြီး ပျက်စီးခြင်းလှိုင်းများစွာကို တွေ့ကြုံခံစားကာ တာအို ရရှိ၍ ထာဝရတည်မြဲနိုင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
သို့သော်….
ချင်မူ့လက်ဖဝါးက ပြန်ရုတ်သွား၏။ “တာအိုနောင်တော်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး စတင်တော့မယ်… ကျွန်တော်ရဲ့ လူတွေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပစ်မထားခဲ့နိုင်ဘူး… နောင်တော်ရဲ့ စေတနာကို တန်ဖိုးထားပေမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ပြီးတော့မှ ကျွန်တော် ပြန်လာရှာပြီး သင်ယူပါ့မယ်”
ခရမ်းရောင်အလင်းထဲရှိ ပုံရိပ်က လက်ဖဝါးကို ပြန်ရုတ်ကာ ပြောသည်။ “ငါတို့ရဲ့အကျင့်စရိုက်တွေက တကယ်ကိုဆင်တူတာပဲ…. ထားပါလေ… ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးပြီးရင် ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်မှာ ငါ့လာရှာလှည့်”
သူ၏ပုံရိပ်က လွင့်ပြယ်ပျောက်ကွယ်သွားတော့သည်။