လက်မှတ်မထိုးဘူး
Vol. 127 Ch. 1640
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တာအိုဒဿနတက္ကသိုလ်တွင်
ယွီချိန်ကျစ်နှင့် ဝေစွေ့ဖုန်းတို့က ကောင်းကင်နတ်ဘုံမှ သံတမန်များအား ပျူပျူငှာငှာ ကြိုဆိုနေကြသည်။ “တာအိုနောင်တော်တို့၊ ကျေးဇူးပြုပြီး ကြွပါဗျာ”
ဤတစ်ကြိမ်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အမိန့်ပေးမှုကြောင့် ရောက်လာကြသော ပုဂ္ဂိုလ်များမှာ ဧကရာဇ်၏ အတွင်းရေးဝန်မင်း ငါးပါး ဖြစ်ကြသည်။
နန်းရင်းဝန်မင်း ရာထူး သည် ကောင်းကင်နတ်ဘုံတွင် အရေးပါသော ရာထူး ဖြစ်ကာ နယ်စားမင်း ၇ ယောက် ပြီးလျှင် ဒုတိယမြောက် အာဏာအရှိဆုံးဟု ဆိုရပေမည်။
ကောင်းကင်နတ်ဘုံတွင် အင်အားအရှိန်အဝါ ကြီးမားသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များစွာ ရှိကြသည်။ နယ်စားမင်း ၇ ပါး၊ ၀န်ကြီးချုပ် ၄ ပါး၊ အရှင်သခင် ၃ ပါး၊ အကြံပေး ၂ ယောက်၊ နန်းရင်းဝန် ၅ ပါးနှင့် အတွင်းရေးဝန်မင်း ငါးပါး၏ ရာထူးများသည် အင်အားကြီးမားသော ဧကရာဇ်ပလ္လင်အဆင့်များသာ ရယူနိုင်သည့် နေရာများ ဖြစ်ကြ၏။
နန်းရင်းဝန်ငါးပါးနှင့် အတွင်းရေးဝန်မင်းငါးသည် အရောင်နတ်မင်းလေးပါး၏ အရန်များလည်း ဖြစ်ကြသည်။ အရောင်နတ်မင်းလေးပါး တိုက်ပွဲတွင် ကျဆုံးသွားသည်ဖြစ်စေ၊ ပုန်ကန်သည်ဖြစ်စေ အတွင်းရေးဝန်မင်းငါးပါး သူတို့၏နေရာကို အစားထိုးပေးလိမ့်မည်။
ကောင်းကင်နတ်ဘုံကား ဤတစ်ခေါက်တွင် အတွင်းရေးဝန်မင်းအဆင့်များကကိုပင် ဤဆွေးနွေးညှိနှိုင်းမှုသို့ စေလွှတ်ခဲ့ချေပြီ။ ဤဆွေးနွေးညှိနှိုင်းမှုအား မည်မျှအလေးထားသည်ကို သိသာပေါ်လွင်စေသည်။
သူတို့တစ်ယောက်ချင်းဆီက နောက်လိုက်ရာပေါင်းများစွာ ခေါ်ဆောင်လာကြသည်။ နောက်လိုက်များသည်လည်း အလွန်တရာ စွမ်းအားကြီး၏။ ထိုနောက်လိုက်များက အစားအသောက်များ တည်ခင်းပေးရန်အတွက် မဟုတ်ဘဲ ကောင်းကင်နတ်ဘုံ၏ သင်္ချာနှင့် ဆွေးနွေးညှိနှိုင်းခြင်းအရာတွင် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အတွင်းရေးဝန်မင်းတစ်ပါးဖြစ်သည့် နျန့်ကွမ်းဟယ်သည် ကြွလာနေစဉ်် မိန်းကလေးငယ်တစ်ဦး အလျင်အမြန် လျှောက်လာနေသည်ကို စပ်စပ်စုစု လှမ်းကြည့်လိုက်၏။ သူမက တာအိုဒဿနတက္ကသိုလ်၏ တံခါးတွင် တောက်ပသော ကြေးမုံတစ်ချပ် ချိတ်ဆွဲပြီးနောက် ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။
နျန့်ကွမ်းဟယ်မှာ ထိုအပြုအမူကို စိတ်ဝင်စားသွားသဖြင့် ယွီချိန်ကျစ်၊ ဝေစွေ့ဖုန်းနှင့် သူ့ကို ကြိုဆိုနေကြသော တခြားပုဂ္ဂိုလ်များကို ကြည့်လိုက်သည်။ သူက ပြုံး၍ မေးလိုက်လေသည်။ “ကျုပ်တို့ရောက်လာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကြေးမုံတစ်ချပ်ကို ချိတ်ဆွဲလိုက်တယ်… မိစ္ဆာရောင်ပြန်ကြေးမုံများလား … ကျုပ်တို့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်တွေကို ထုတ်ဖော်ပြသဖို့ ဖိအားပေးနေတာလား”
ဝေစွေ့ဖုန်းက ကျပ်လောင်စွာ ရယ်မောလိုက်သည်။ “နောင်တော်နျန့်ကလည်းဗျာ သံသယတွေ များလိုက်တာ… ခင်ဗျားမှာ နျန့််သားရဲသွေးပါတာ မသိတဲ့သူ မရှိပါဘူး… ကြေးမုံက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရာမှာ အသုံးပြုတဲ့ တာအိုဒဿနတက္ကသိုလ်ရဲ့ ဓလေ့ထုံးတမ်းတစ်ခုပါ… ကျင့်ကြံတဲ့အချိန်မှာ အခက်အခဲတစ်ခု တွေ့နေရင် ကြေးမုံကို ချိတ်ဆွဲလိုက်တာနဲ့ ကျန်တဲ့ ဉာဏ်ကြီးရှင်တွေအားလုံးက ဖြေရှင်းပေးဖို့ ကြိုးစားလိမ့်မယ်…. ခက်ခဲတဲ့ မေးခွန်းတွေကို ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း ဧကရာဇ်က ဘဏ္ဍာတိုက်ကနေ ဆုလာဘ်တွေ မြိုးမြိုးမြက်မြက် ချီးမြှင့်ပေးတယ်လေ”
“အဲဒီလိုလား”
နျန့်ကွမ်းဟယ်လည်း ခေါင်းမော့၍ ကြေးမုံကို အကဲခတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်တွေတောင် လူပြန်ဝင်စားပြီး လေ့လာသင်ယူရတဲ့အထိ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပညာရေးက တိုးတက်နေတာ အံ့သြစရာ မရှိပါဘူးလေ”
ထိုစဉ် အတွင်းရေးဝန်မင်းတစ်ပါးဖြစ်သည့် မုန့်ရှန်းချိုးကလည်း ပြုံးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်ဘဏ္ဍာတိုက်ကလည်း ကောင်းကင်နတ်ဘုံရဲ့ ပိုင်ဆိုင်မှုပဲ…. ဧကရာဇ်ယန်ဖုန်းက ကောင်းကင်နတ်ဘုံရဲ့ ငွေကို ထုတ်ပြီး သူ့စိတ်ဆန္ဒရှိတဲ့အတိုင်း ဘယ်လိုတောင် ပေးရဲတာလဲ… စည်းမျဉ်းဥပဒေတွေအရ ခေါင်းဖြတ်သတ်သင့်တယ်…”
ဝေစွေ့ဖုန်း၏ မျက်နှာအမူအရာက တင်းမာသွားသည်။ သူက နှာခေါင်းရှုံ့ကာ ပြောသည်။ “ညီလေးမုန့်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အခုထိ အညံ့မခံရသေးပါဘူး… မင်း ဧကရာဇ်ကို သတ်ဖို့ လာတာဆိုရင် ငါက မင်းကို အရင်သတ်မယ် ဆိုတာ မှတ်ထားလိုက်ပါ”
“အဆုံးမဲ့တိမ်တိုက်ဧကရာဇ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အညံ့ခံပြီးသွားပြီ… ခင်ဗျားရဲ့ ခေါင်းကို ကျုပ်ရဲ့ စကားတစ်ခွန်းနဲ့တင် ဖြတ်လိုက်လို့ရတယ်ဆိုတာ သိလား” မုန့်ရှန်းချိုးက အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောသည်။
ယွီချိန်ကျစ်မှာ ချက်ချင်းပင် ဝင်ပြောရတော့သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူပြည်သားတွေကလည်း ကောင်းကင်နတ်ဘုံရဲ့ ပြည်သူပြည်သားတွေပါပဲ… ဧကရာဇ်က ကောင်းကင်နတ်ဘုံရဲ့ ပြည်သူပြည်သားတွေကို ဆုလာဘ်ချီးမြှင့်တာပါ… ကိုယ့်အိတ်ထဲကို ကိုယ် ငွေပြန်ဖြည့်နေတဲ့ သဘောပါပဲ …. အပြင်ကို မရောက်ပါဘူးဗျာ… အားလုံးပဲ ကျေးဇူးပြုပြီး အငြင်းမပွားကြပါနဲ့”
အတွင်းရေးဝန်မင်းငါးပါးသည် တဟးဟား ရယ်မောလိုက်ကြပြီး မုန့်ရှန်းချိုးက ချီးကျူးလိုက်သည်။ “ယွီချိန်ကျစ်ကတော့ သိပ်ကို အပြောကောင်းပါတယ်”
ယွီချီကျစ်က ခါးကိုင်း၍ ပြုံးလိုက်၏။ “သံတမန်တို့ ရှေ့က ကြွပါခင်ဗျာ”
အားလုံး တာအိုဒဿနတက္ကသိုလ်ထဲသို့ ဝင်ရောက်လာကြသည်။
မုန့်ရှန်းချိုးက ရဲတင်းစွာပင် ထိုင်သည်။ “အရင်က လုပ်ခဲ့တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေက နှေးလွန်းတယ်…. အရှင်မင်းကြီးက အမျက်တော်ရှပြီး ကျုပ်တို့ကို တစ်ညလုံး ဧကရာဇ်အမိန့်တော် ရေးသားစေခဲ့တယ် …. ဒီတစ်ကြိမ်က လာပြီး ဆွေးနွေးတာ မဟုတ်ဘူး … စာချုပ်က သတ်မှတ်ပြီးသွားပြီ… ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ သဘောတူလက်မှတ်ထိုးရုံပဲ”
ဝေစွေ့ဖုန်းသည် ဒေါသူပုန်ထသွားပြီး စားပွဲကို ဝုန်းခနဲ ရိုက်ကာ ထရပ်လိုက်သည်။ သူက ခက်ထန်စွာ ကြိမ်းဝါးသည်။ “ကောင်းကင်နတ်ဘုံက အဲဒီ့လောက်တောင် မြင့်မြတ်နေတယ်ပေါ့လေ… ငါတို့ကိုတောင် မမေးဘဲ စာချုပ် ပို့လိုက်တယ်…. ငါ အညံ့ခံလို့လား… အညံ့မခံရသေးဘူးကွ… ချီးပဲ ကောင်းကင်နတ်အရှင်မူ အညံ့ခံရင်တောင်မှ ငါ အညံ့ခံမှာမဟုတ်ဘူး”
အတွင်းရေးဝန်မင်းငါးပါး မျက်နှာပျက်သွားကြသည်။
ယွီချိမ်ကျစ်က စားပွဲကို ထုကာ ဒေါသတကြီး မာန်မဲလိုက်လေသည်။ “ဝေစွေ့ဖုန်း၊ ပါးစပ်ပိတ်ထားစမ်း… ကောင်းကင်နတ်ဘုံနဲ့ ဒီဆွေးနွေးညှိနှိုင်းမှုမှာ အပြည့်အဝ တာဝန်ယူဖို့ ကောင်းကင်နတ်အရှင်မူက ငါ့ကို အမိန့်ပေးထားပြီးသား… မင်းက ငါ့ရဲ့ လက်အောက်ငယ်သားပဲ…. ငါတောင် ဘာမှမပြောရသေးတာ မင်းက ဘာတွေစောဒက တက်နေတာလဲ”
ဝေစွေ့ဖုန်းသည် နှာခေါင်းရှုံ့လိုက်၏။ “ယွီချိန်ကျစ်က သစ္စာဖောက်မှန်း မသိတဲ့လူရှိလို့လား… ကောင်းကင်နတ်အရှင်မူ မင်းကို တာဝန်ယူခိုင်းလိုက်တာ မျက်စိကန်းနေလို့ပဲ… မင်းကများ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောင်းစားရဲတယ်ပေါ့…. မင်းက အရင်က ကောင်းကင်နတ်ဘုံ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပို့ခဲ့တဲ့ သူလျှိုတစ်ကောင်ပဲလေ’’
ယွီချိန်ကျစ်မှာ ဒေါသမထိန်းနိုင်တော့သည့်အလား တဆတ်ဆတ် တုန်ရီနေသည်။
ဝေစွေ့ဖုန်းက အေးစက်စွာ ဆက်ပြောသည်။ “ကောင်းကင်နတ်ဘုံ ပို့လိုက်တဲ့စာချုပ်မှာ ငါ့အတွက် ပိုင်နက်ရောပါလား…. ငါ့အပြင် အမိကမ္ဘာမြေလည်း ရှိသေးတယ်… သူလည်း အကျိုးအမြတ် တောင်းလို့ မရတော့ဘူးလား…. မင်းသားယိုမင်းကလည်း နာမည်ကြီးတဲ့ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ…. သူရော အကျိုးအမြတ် မတောင်းရတော့ဘူးလား… ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ရုံတို့ရဲ့ အကျိုးအမြတ်တွေကရော ဘယ်ရောက်သွားလဲ… မင်း လက်မှတ်ထိုးလိုက်ရင် သူတို့ မသတ်ရင်တောင် ငါ မင်းကို သတ်မယ်… ဒါ့အပြင် ငါက နန်းစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်လေ … ငါ့လက်အောက်မှာ နန်းစောင့််စစ်သည်တော် တစ်သိန်းထက်မနည်း ရှိတယ်… မင်း ငါတို့ကို အငတ်ထားရင် တောင်တန်းတွေဆီ ထွက်ခွာပြီး သူပုန်ဘုရင် လုပ်ရမှာပဲ”
ယွီချိန်ကျစ်မှာ အတော်လေး ဒေါသထွက်နေသည်။ “အစောင့်တွေ… ဒီလူကို ရိုက်ထုတ်လိုက်ကြစမ်း”
ဝေစွေ့ဖုန်းသည် ယွီချိန်ကျစ်ကို ရိုက်ချလိုက်ကာ လဲကျသွားစေ၏။ မင်းသားယိုမင်းက အလောတကြီး တားသည်။ “အငြင်းပွားကြပါနဲ့ကွာ…”
ယွီချိန်ကျစ်က ကုန်းရုန်းထပြီး မင်းသားယိုမင်းအနောက်တွင် ပုန်းနေသည်။ “မင်းသားယိုမင်း၊ ခင်ဗျားနဲ့ အဲဒီဝေစွေ့ဖုန်းဆိုတဲ့ကောင်က ကျုပ်ရဲ့ လက်ထောက်တွေပဲ… အဲဒီကောင်က အာခံနေတာ ကျုပ်အတွက် ဆုံးမပေးပါ”
မင်းသားယိုမင်းသည် ဖြည်းညှင်းအေးဆေးစွာ ရှင်းပြ၏။ “ယွီချိန်ကျစ်၊ စာချုပ်ကို လက်မှတ်ထိုးလိုက်ဖို့က မသင့်တော်ဘူး… ပြည်သူပြည်သားတွေကို နားချဖို့ ခက်ခဲလိမ့်မယ်…”
ဝေစွေ့ဖုန်း၏ အသတ်အဖြတ်စိတ်ဆန္ဒက တဟုန်ထိုး ထွက်ပေါ်လာပြီး သူ အော်ဟစ်လိုက်သည်။ “ဟေ့ကောင် ယိုမင်း… ဘေးဖယ်စမ်း… ငါ ဒီကောင့်ကို အပိုင်းပိုင်းခုတ်ပစ်ပြီး ကောင်းကင်နတ်အရှင်မူ တခြားတစ်ယောက်နဲ့ အစားထိုးရအောင် လုပ်ပစ်မယ်”
မင်းသားယိုမင်းက နားချသည်။ “ပြဿနာမရှာပါနဲ့ကွာ….”
အတွင်းရေးဝန်မင်းငါးပါးလုံး မျက်မှောင်များကြုတ်နေကြသည်။ နျန့်ကွမ်းဟယ်က သူ၏ခန္ဓာကိုယ်ကို လှည့်၍ သူ့အနောက်ရှိ အခြွေအရံကို မေးလိုက်၏။ “အရှင်မင်းကြီး သတ်မှတ်ထားတဲ့ စာချုပ်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အာဏာရှိသူတွေအဖို့ အကျိုးအမြတ် ပါလား”
အခြွေအရံက ခေါင်းခါရမ်း၍ ခပ်တိုးတိုး ဖြေသည်။ “အရှင်မင်းကြီးက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အာဏာနဲ့ ကြွယ်ဝမှုအားလုံးကို သိမ်းပိုက်လိုက်ပြီး ဘာအကျိုးအမြတ်မှ ချန်မထားခဲ့ပါဘူး”
နျန့်ကွမ်းဟယ်လည်း မျက်မှောင်ကြုတ်လိုက်ပြီး ကျန်ဝန်မင်းများကို ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ဒီလို ပြင်းပြင်းထန်ထန် တုံ့ပြန်လာတာ အံ့သြစရာ မရှိဘူး…. အရှင်မင်းကြီးရဲ့ စာချုပ်က တကယ်ကို မသင့်တော်ဘဲ ဖြစ်နေတာကိုး… ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ တွန်းလှန်လာနိုင်တယ်”
မုန့်ရှန်းချိုးက ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ပုန်ကန်မယ်ဆိုရင်လည်း သတ်ပစ်လိုက်ရုံပေါ့”
နျန့်ကွမ်းဟယ်က ခေါင်ရမ်းသည်။ “အရှင်မင်းကြီးက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကြောက်တာမဟုတ်ဘူး… သီးသန့်တံခါးပိတ် နေထိုင်နေတဲ့သူကို ကြောက်တာ”
သူက ရုတ်တရက် ရပ်လိုက်ပြီး ဆက်မပြောတော့ပေ။ “အရှင်မင်းကြီးက အရာအားလုံးကို တစ်ခါတည်းနဲ့ ဝါးမြိုသိမ်းပိုက်ချင်နေပေမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရည်မှန်းချက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်… အကျိုးအမြတ်တချို့ ချန်မထားခဲ့ရင် စာချုပ်ကို လက်မှတ်ထိုးကြမှာ မဟုတ်ဘူး”
“ငါ ပုန်ကန်မှာ”
ဝေစွေ့ဖုန်းက ဝတ်ရုံကို ဆတ်ခနဲ ခါကာ ချာခနဲ လှည့်၍ ထွက်ခွာသွားသည်။ “ဒီတစ်ကြိမ်မှာ ချင်မျိုးရိုးကောင်က အညံ့ခံခဲ့ပေမယ့် ဝေမျိုးရိုးကောင်ကတော့ အညံ့ခံမှာ မဟုတ်ဘူး…. ထာဝရငြိမ်းချမ်းရေးအင်ပါယာသားအားလုံလည်း မကျေမနပ်ချက်တွေ ပြောနေကြပြီ… ချင်မျိုးရိုး မတိုက်ခိုက်ချင်ရင် ငါက သူ့အစား တိုက်ခိုက်မယ်… ငါကိုယ်တိုင် ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ရုံတို့ကို ရှာပြီး ရွှင်ပျော်ပျော်ကျေးရွာနဲ့ ပူးပေါင်းလို့ ပုန်ကန်မယ်”
အတွင်းရေးဝန်မင်းငါးပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် နျန့်ကွမ်းဟယ်က ထရပ်၍ ကြည်လင်ပြတ်သားစွာ လှမ်းခေါ်သည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ်၊ ကျေးဇူးပြုပြီး စောင့်ပါဦး”
ဝေစွေ့ဖုန်းလည်း ရပ်ကာ အေးစက်စက် နှာမှုတ်လိုက်သည်။ သူက ခက်ထန်နေသောမျက်နှာအမူအရာဖြင့် မေး၏။ “မင်းတို့ ငါ့ကို ဘာများလုပ်ချင်သေးလို့လဲ… သတ်မလို့လား… မင်းတို့ဝန်မင်းငါးပါးရဲ့ အစွမ်းအစနဲ့ ငါ့ကို တားနိုင်မှာမဟုတ်ဘူး”
နျန့်ကွမ်းဟယ်မှာ အခက်တွေ့သွားဟန်ဖြင့် ပြုံးလိုက်သည်။ “ဆွေးနွေးညှိနှိုင်းမှုဆိုတာ ဆက်လက်ပြီး ညှိနှိုင်းလို့ရပါသေးတယ်… အဆုံးမဲ့တိမ်တိုက်ဧကရာဇ် စိတ်ရှုပ်နေစရာ မလိုပါဘူး… ဆုံးဖြတ်ချက်မချခင် အရှင်မင်းကြီးဆီ ပြန်သွားပြီး လျှောက်တင်ခွင့်ပြုပါ”
ဝေစွေ့ဖုန်း၏ မျက်နှာအမူအရာက ပျော့ပြောင်းသွားပြီး ယွီချိန်ကျစ်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက ဒေါသထွက်သွားပြန်ပြီး ခက်ထန်စွာ ကြိမ်းဝါး၏။ “မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို နောက်တစ်ကြိမ် သစ္စာဖောက်လို့ကတော့ သတ်ပစ်မယ်… သူလျှိုကောင်..”
ယွီချိန်ကျစ်က ဒေါသတကြီး ပြန်လည်တုံ့ပြန်သည်။ “ငါက ကောင်းကင်နတ်ဘုံရဲ့ သူလျှိုတဲ့လား… သူလျှိုဖြစ်တော့ရော ဘာအကျိုးအမြတ်ရမှာမလို့လဲကွ”
“ငါက ဘယ်လိုလုပ် သိမှာလဲ…ကောင်းကင်နတ်ဘုံက မင်းကို ကောင်းကင်ဘုံတချို့ ပေးခဲ့တယ်လို့ ပြောနေကြတာပဲလေ… ဒီဆွေးနွေးညှိနှိုင်းမှုပြီးရင် မင်းက ကြွယ်ဝချမ်းသာသွားပြီး တခြားနေရာမှာ ပုန်းနေတော့မှာ”
သူတို့နှစ်ယောက်က ရန်ဖြစ်နေကြပြီး တိုက်ခိုက်မည် တကဲကဲ ဖြစ်နေကြသည်။ မင်းသားယိုမင်းက သူတို့နှစ်ယောက်အလယ်မှ တားဆီး၍ ဖြည်းညှင်းစွာ နှစ်သိမ့်ပေးနေသည်။ “စကားမများကြပါနဲ့…”
နျန့်ကွမ်းဟယ်လည်း သူ့လက်အောက်ရှိ အရာရှိတစ်ယောက်အား ကောင်းကင်နတ်ဘုံသို့ သွား၍ တွေ့ကြုံနေရသည့် ပြဿနာကို ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် တခြားသူများဆီ လျှောက်လှဲအစီရင်ခံစေသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ အရှင်သခင်အသစ် ဖြစ်သည့် ကောင်းကင်နတ်အရှင်ရှင်းအန်းနှင့် စကားပြောနေသောကြောင့် အပြင်သူများ ဝင်ခွင့်မပေးချေ။
ဆယ်ရက်ကြာပြီးနောက်မှသာ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ထဲမှ တောက်ပဝင်းလက်နေသော မျက်နှာအမူအရာဖြင့် ထွက်လာသည်။
အရာရှိက ချက်ချင်းပင် ရှေ့သို့ တက်၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်အား ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ဆွေးနွေးညှိနှိုင်းမှုမှ အဖြစ်အပျက်များအား လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင်မူက အရေးမစိုက်ပေမယ့် သူ့လက်အောက်ငယ်သားတွေကတော့ အညံ့မခံချင်ကြဘူး ဖြစ်နေပါတယ်… သူတို့က အခု ပုန်ကန်မယ်လို့ ကြွေးကြော်နေကြပါတယ်ခင်ဗျာ”
“ရန်ဖြစ်ရင် သကြားလုံး စားရမှန်း သိတဲ့ ကလေးတွေကတော့ ရန်ဖြစ်နေကြမှာပဲ… ငါ အကျိုးအမြတ်မပေးလို့ သူတို့အချင်းချင်း အငြင်းပွားနေကြတာ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကောက်ချက်ချမှုက အလွန်တရာပင် မှန်ကန်သည်။ “ဒါဆိုရင် ငါ့ဘက်က အလျှော့ပေးရမယ်... သူတို့ကို ဖိအားသိပ်ပေးလို့ မဖြစ်ဘူး…. အဆုံးအစွန်အထိ ဖိအားပေးလိုက်ရင် ကောင်းကင်နတ်အရှင်မူက ပုန်ကန်လာလိမ့်မယ်… ပြန်သွားပြီး အတွင်းရေးဝန်မင်းငါးပါးကို အခြေအနေတချို့ ဖြေလျော့ပေးလို့ ရတယ် ပြောလိုက်…. ဒါပေမဲ့ နောက်ဆုံးရက်တော့ သတ်မှတ်ပေးရမယ်”
သူ၏မျက်နှာအမူအရာက အေးစက်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ “ဒီနှစ်ကုန်မှာ ငါ့အတွက် လက်မှတ်ထိုးပေးရမယ်… လက်မှတ်မထိုးလို့ကတော့ ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သတ်ဖြတ်တဲ့အချိန်မှာ အညှာအတာကင်းမဲ့တယ်လို့ မဆိုကြနဲ့”
အရာရှိလည်း အလျင်အမြန် ထွက်ခွာသွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ပြောစကားကို အတွင်းဧကရာဇ်ငါးပါးထံ ပြန်လည်လျှောက်တင်သည်။
အတွင်းရေးဝန်မင်းငါးပါးက စိတ်အေးသက်သာစွာဖြင့် သက်ပြင်းတစ်ချက်ချပြီးနောက် ပြောလိုက်၏။ “အရှင်မင်းကြီးက အကျိုးအမြတ်တချို့ ပေးဖို့ ဆန္ဒရှိတာ တော်သေးတာပေါ့….ဒါဆို ဆွေးနွေးကြဖို့ အဆင်ပြေပြီ”
ဤစကားလမ်းကြောင်း ပွင့်သွားသည်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ရယူလိုသော အကျိုးအမြတ်မျိုးစုံက ပွင့်အန်ထွက်လာကြသည်။ တာအိုဒဿနတက္ကသိုလ်အတွင်းတွင် ဆွေးနွေးညှိနှိုင်းမှုမှာ အတော်လေး ယှောက်ယက်ခတ်နေတော့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အာဏာရှိပုဂ္ဂိုလ်များမှာ ကောင်းကင်နတ်ဘုံ၏ သံတမန်များနှင့် အငြင်းပွားနေကြပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူပြည်သားများမှာလည်း တစ်ယောက်နှင့် တစ်ယောက် အငြင်းပွားနေကြသည်။
အတွင်းရေးဝန်မင်းငါးဦးမှာ ခေါင်းမူးလာကြသည်။ သူတို့တစ်ယောက်ချင်းစီအတွင်း နောက်လိုက် ရာဂဏန်းရှိသဖြင့် အားလုံး ပေါင်းစည်းသွားရာတွင် လူဦးရေမှာ နှစ်ထောင်မှ သုံးထောင်ဂဏန်း ရှိလေသည်။ သို့သော် သူတို့မှာ ဆွေးနွေးငြင်းခုံမှုကြောင့် ပင်ပန်းနေကြပြီး ဆက်လက်မကိုင်တွယ်နိုင်တော့ပေ။
ဤကိစ္စအား နှစ်ကုန်သည်အထိ မဖြေရှင်းနိုင်ခဲ့ချေ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်လည်း ဒေါသမထိန်းနိုင်တော့ဘဲ စစ်ပွဲအတွက် ပြင်ဆင်ရန် သံတမန်များကို ပြန်ခေါ်ခဲ့သည်။
ဤအမိန့် ကျလာပြီး ကောင်းကင်နတ်ဘုံ၏ သံတမန်များ ပြန်လည်မထွက်ခွာနိုင်ခင်မှာပင် သတင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ကောင်းကင်နတ်အရှင်မူသည် သီးသန့်တံခါးပိတ်၍ မနေထိုင်တော့ဘဲ တောတောင်များထဲမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ရောက်လာခဲ့သည်။ သူက ကောင်းကင်နတ်ဘုံသို့ သွားရောက်ပြီး အညံ့ခံရန် ဆန္ဒရှိသည်ဟု ပြောခဲ့၏။ သူကိုယ်တိုင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ သံတမန်များကို ကောင်းကင်နတ်ဘုံသို့ ဦးဆောင်ခေါ်သွား၍ ဆက်လက်ဆွေးနွေးညှိနှိုင်းသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်ဘုံအား စစ်တပ်စုစည်း၍ အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ပြင်ထားရန် အမိန့်ပေးထားသော်လည်း ကောင်းကင်နတ်အရှင်မူအား ထာဝရငြိမ်းချမ်းရေးအင်ပါယာသံတမန်များကို ကောင်းကင်နတ်ဘုံသို့ ခေါ်လာ၍ ဆွေးနွေးညှိနှိုင်းရန်လည်း အမိန့်ပေးခဲ့သည်။
နွေဦးပွဲတော်ပြီးနောက် ချင်မူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာသံတမန်များကို ကောင်းကင်နတ်ဘုံသို့ ခေါ်ဆောင်သွားခဲ့၏။ သူတို့ရောက်သည်နှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နှင့် မြေကြီးအကြောင်း ဆွေးနွေးရန် ချင်မူ့ကို ဖိတ်ခေါ်ခဲ့ပြီး သံတမန်များနှင့် တွေ့ဆုံခွင့်မပေးပေ။
တခြားတစ်ဖက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သံတမန်များမှာ ကျင့်ရှို့ကောင်းကင်နန်းဆောင်တွင် ပိတ်လှောင်ခံထားရသည်။ ကောင်းကင်နတ်ဘုံမှ အရာရှိထောင်ပေါင်းများစွာသည် သံတမန်များအား အိပ်ခွင့်မပေးသလို၊ အနားယူချိန်နှင့် အစားအသောက်များလည်း မဧည့်ခံပေ။ သူတို့က တစ်လှည့်စီ ဆွေးနွေးညှိနှိုင်းကြသဖြင့် ကျင့်ရှို့ကောင်းကင်နန်းဆောင်ထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေစေတော့သည်။
ယွီချိန်ကျစ်၊ ဝေစွေ့ဖုန်း၊ မင်းသားယိုမင်းနှင့် အခြားသူများ ဦးဆောင်ကြသည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ သံတမန်များမှာ ခံနိုင်ရည် မရှိကြတော့ပေ။ သူတို့က စာချုပ်ကို တစ်ယောက်ပြီးတစ်ယောက် လက်မှတ်ရေးထိုးကြခဲ့၏။ အချိန်ကား နှစ်ဝက်မျှ ကုန်ဆုံးသွားပြီဖြစ်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က စာချုပ်အထပ်လိုက်ကို ရတနာရထားလှည်းများထဲသို့ ထည့်စေ၍ နန်းဆောင်ဆီသို့ ပို့ဆောင်စေခဲ့၏။ စာချုပ်များကို သိမ်းယူရန် ရတနာရထားလှည်း ခုနစ်စီးအား အသုံးပြုခဲ့ရလေသည်။ “၀န်မင်းမူ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အညံ့ခံမယ့်ကိစ္စကို ဆွေးနွေးပြီးပြီ… မင်းတို့အားလုံးကို ငါ မမျှမတ မဆက်ဆံပါဘူး… ငါ့အနေနဲ့ ပေးနိုင်တဲ့ အကျိုးအမြတ်အားလုံးကို ပေးခဲ့တယ်… ဆိုတော့ အခု ၀န်မင်းမူ လက်မှတ်ထိုးရမယ့်အချိန်ပဲ”
ချင်မူက ရထားလှည်းခုနစ်စီး၏ စာချုပ်များကို လှန်လှောကာ တစ်ရွက်ချင်း ဖတ်ရှုနေသည်။ သူ၏မျက်နှာမှာ အနည်းငယ် ပျက်လာ၏။ ဆက်ဖတ်လေလေ မျက်နှာမှာ ပို၍သုန်မှုန်လာလေလေ ဖြစ်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ချင်မူ၏ မျက်နှာအမူအရာ ပိုပို၍ရုပ်ဆိုးအကျည်းတန်လာသည်ကို တွေ့လိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားမိ၏။
ချင်မူသည် ရထားလှည်းခုနစ်စီးထဲမှ စာချုပ်များကို ဖတ်ရှုပြီးသောအခါ အင်္ကျီလက်စကို ခါ၍ နှာခေါင်းရှုံ့လိုက်သည်။ “ကျွန်တော် ဒီစာချုပ်ကို လက်မှတ်မထိုးဘူး… ကျွန်တော် လက်မှတ်မထိုးရင် ဘယ်သူပဲ လက်မှတ်ထိုးပါစေ အသုံးမဝင်ဘူး”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဒေါသထွက်သွားပြီး ခါးမတ်လိုက်၏။ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံက အနန္တဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ၎င်း၏အင်အားက ကောင်းကင်နှင့်မြေကြီးအပေါ် ဖုံးလွှမ်း၍ ကောင်းကင်နတ်ဘုံကို လွှမ်းခြုံသွားသည်။ သူက အေးစက်စွာ မေးတော်မူသည်။ “ဘာလို့လက်မှတ်မထိုးရတာလဲ ၀န်မင်းမူ… ငါ့ကို လာကစားနေတာလား”
ချင်မူသည် ရိုကျိုးနေခြင်းလည်းမရှိသလို မောက်မာနေသည်လည်း မဟုတ်ပေ။ “အရှင်မင်းကြီးက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အကျိုးအမြတ်အများကြီးကို သိမ်းပိုက်ထားတာ… အခြားသူတွေက ဝေစုနည်းနည်း ရပေမယ့် ကျွန်တော့်အတွက်တော့ ဘာမှမရဘူး…” သူက ပြောသည်။ “အရှင်မင်းကြီးက ကျွန်တော့်ကို အရှင်မင်းကြီးရဲ့ မဟာရန်သူတော်အဖြစ် အသိအမှတ်ပြုထားတာမလား… ကျွန်တော်က အကျိုးအမြတ်လေး နည်းနည်းလောက်တောင် မထိုက်တန်တော့ဘူးလား… ကျွန်တော့်ကို အထင်သေးတာက အရှင်မင်းကြီး ကိုယ့်ကိုကိုယ်အထင်သေးတာနဲ့ အတူတူပါပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အကြည့်က သူ၏မျက်နှာအပေါ် ကျရောက်လာပြီး သူ၏မျက်လုံးထဲသို့ စေ့စေ့စိုက်ကြည့်လိုက်သည်။ “မင်းက သီးသန့်နေထိုင်နေပြီပဲမဟုတ်လား…. ဘာလို့အကျိုးအမြတ်တွေ အများကြီး လိုချင်နေတာလဲ… ငါ့ကို အနားယူပြီး အေးဆေးနေခိုင်းမယ်ဆို… ပြန်လာဖို့ မပြင်ဆင်တော့ဘူးဆို”
ချင်မူက ခါးသီးစွာ ပြော၏။ “ကျွန်တော့်မှာ လုပ်ကျွေးပြုစုရမယ့် မိသားစုက ကြီးပါတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိသည်။ “မင်း ဒီနေ့ လက်မှတ်မထိုးရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ လူဦးရေတစ်ဝက်ကို သတ်ပစ်ဖို့ ငါ ကောင်းကင်နတ်အရှင်ရှုကို အမိန့်ပေးလိုက်မယ်”
ချင်မူ့ခန္ဓာကိုယ်ထဲတွင် ချိပ်ပိတ်ထားသည့် တာအိုနှလုံးသားက ပြန်လည်ပွင့်လာပြီး သူ၏အတိုက်အခိုက်စိတ်ဆန္ဒက ကောင်းကင်အထိ ထိုးတက်သွားသည်။ “အရှင်မင်းကြီး သတ်ခိုင်းတဲ့လူအရေအတွက်အတိုင်း ကျွန်တော် ပြန်အသက်သွင်းပေးလို့ ရတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်နေပြီး နှာခေါင်းရှုံ့လိုက်၏။ “မင်းရဲ့ ဘဝပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းကို ငါ မရင်ဆိုင်နိုင်ဘူး ထင်လို့လား… သူတို့ရဲ့ ဝိညာဉ်တွေကို အန္တိမဟင်းလင်းပြင်ဆီ ပို့ပြီး အဆုံးသတ်မြို့ပျက်ထဲ ထည့်လိုက်လို့ရတယ်… သူတို့ကို ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်ထဲ ထည့်ပြီး လုံးဝချေမှုန်းလိုက်လို့ရတယ်… မင်း ကယ်နိုင်ဦးမယ်ထင်လား”
ချင်မူ့အရှိန်အဝါမှာ ယိမ်းယိုင်သွားသည်။
ထိုအခိုက်အတန့်တွင် ၀န်ကြီးချုပ်က စိုးရိမ်ပူပန်နေသော မျက်နှာအနေအထားဖြင့် အမောတကော ရောက်လာ၏။ သူက ချင်မူ့ကို မြင်သဖြင့် မည်သည့်စကားမှ မလျှောက်တင်ပေ။
“လျှောက်တင်စမ်း.…ဒီနေရာမှာ ဘာအပြင်လူမှ မရှိဘူး” ကောင်းကင်နတ်ဧကရာဇ်ဟောင်က အေးစက်စွာ မိန့်သည်။
၀န်ကြီးချုပ်က တခဏတုံ့ဆိုင်းနေပြီးနောက် လျှောက်တင်၏။ “အရှင်မင်းကြီးခင်ဗျာ၊ ယွီကျိ၊ ရှစ်ရှို့၊ လင်ရှု၊ လင်းယွမ်ကောင်းကင်ဘုံလေးဘုံဟာ ပုန်ကန်ပြီးတော့ အဲ့ဒီကောင်းကင်ဘုံလေးဘုံရဲ့ အုပ်ချုပ်သူတွေကို သတ်ဖြတ်လိုက်ကြပါပြီ… သူတို့က ကောင်းကင်နတ်ဘုံကို စစ်ချီဖို့ ပြင်ဆင်နေကြပါတယ်” ထို့နောက် သူက ချင်မူ့ဆီသို့ တစ်ချက်လှမ်းကြည့်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အင်္ကျီလက်စများကို လွှဲရမ်း၍ မှင်သေသေ ပြောလိုက်၏။ “ဒီနေ့မှာ တစ်လောကလုံးက တောက်ပရှင်းလင်းပြတ်သားနေတယ်… ငါဟာလည်း ပြိုင်ဖက်ကင်း ဉာဏ်ပညာရှိတဲ့ ဧကရာဇ်တစ်ပါးပဲ… ဒါတောင်မှ တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ရမ္မက်တွေကြောင့် ပုန်ကန်နေကြတယ်ပေါ့လေ… ကိုယ့်သေတွင်းကိုယ်တူးနေကြတယ်…. သူတို့ကို သတ်ဖြတ်ဖို့ ကောင်းကင်နတ်အရှင်ရှုကို ငါ အမိန့်ပေးတယ်လို့ ပြောလိုက်”
သူက ချင်မူ့ကို ကြည့်ကာ ပြုံးလျက် ပြောသည်။ “၀န်မင်းမူ၊ ငါနဲ့ လိုက်ခဲ့ပြီး သစ္စာဖောက်တွေ ဘယ်လိုနိဂုံးချုပ်ရလဲဆိုတာ ကောင်းကင်ဘုံလေးဘုံမှာ သွားကြည့်ကြရအောင်လား”