← Chapters

လောကထဲတွင် တစ်ကျွန်းတည်း

Vol. 127 Ch. 1642

လောကထဲတွင် တစ်ကျွန်းတည်း

Vol. 127 Ch. 1642

“အိပ်မက်တွေက ဝါး စားလို့ မရသလို , အသက်ရှင်ဖို့အတွက် အသုံးပြုလို့မရဘူး… အိပ်မက်တွေက ဝန်ထုပ်၀န်ပိုးပဲ ဖြစ်နေပြီး မင်းရဲ့ လက်ရှိအဆင့်အတန်းကို ဆုံးရှုံးစေလိမ့်မယ်… အမှန်တရားက မင်းကို သွေးစိမ်းရှင်ရှင် ထွက်တဲ့အထိ ရိုက်နှက်လိမ့်မယ်… လူသားတွေကလည်း လေထဲက အိပ်မက်တွေကြောင့် သေကြရလိမ့်မယ်”

မုန့်ယွင်ကွေ့၏ ခြေလှမ်းများက မြန်သထက် မြန်လာသည်။ သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် အခြားသူများနောက်သို့ ခပ်သုတ်သုတ် လိုက်သွားရင်း စိတ်ထဲမှ တွေးနေ၏။ ‘အိမ်မက်တွေက ဈေးကြီးလွန်းပြီး အမှန်တကယ် ဖြစ်မြောက်လာဖို့ အသက်စွန့်စားရတယ်… အိပ်မက်တွေက အဖိုးမတန်ဘူး… အိမ်မက် ရှိတယ်လို့ ဘယ်သူမဆို ပြောကြနိုင်ပေမယ့် အိပ်မက်အတိုင်း အောင်မြင်နိုင်တာကတော့ လူတိုင်း မဟုတ်ဘူး”

သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အနောက်မှ လိုက်သွားသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အတွေးနက်နေ၏။ သူ မည်သည့်အရာကို တွေးနေသည်လဲ မသိရနိုင်ချေ။ ရုတ်တရက် ကောင်းကင်နတ်ဧကရာဇ်ဟောင်က ထပြောလေသည်။ “ကောင်းကင်ဆရာသခင်မုန့်၊ ခင်ဗျားက ကောင်းကင်နတ်ဘုံရဲ့ ဘဏ္ဍာရေးအပိုင်း ကိုင်တွယ်နေတာ ဆိုတော့ ကောင်းကင်ဒင်္ဂါးတွေ ဘယ်လောက်ကြာကြာခံမယ်ထင်လဲ”

မုန့်ယွင်ကွေ့သည် တစ်ခဏစဉ်းစားနေပြီးနောက် တရိုတသေ ဖြေကြား၏ “တခြားကောင်းကင်ဘုံတွေဆီက အတင်းအဓမ္မ ဂုတ်သွေးစုပ်မယ်ဆိုရင်တာ့ နောက်ထပ်ဆယ်နှစ် ခံနိုင်ပါသေးတယ်… ကောင်းကင်နတ်ဘုံအနေနဲ့ ဒင်္ဂါးတွေ ထပ်ထုတ်ပြီး တခြားကောင်းကင်ဘုံတွေက အရင်းအမြစ်တွေ ဝယ်ယူမယ် ဆိုရင်တော့ နောက်ထပ်နှစ်နှစ်ဆယ် ခံနိုင်ပါတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အာ‌မေဋိတ်အသံပြု၍ ချက်ချင်း စိတ်ဝင်စားလာသည်။ “နှစ်နှစ်ဆယ်လား… ကောင်းကင်ဆရာသခင်ရှန့် ကောင်းကင်ဒင်္ဂါးတွေ ထပ်ထုတ်ရင် ကောင်းကင်နတ်ဘုံက နောက်ထပ်နှစ်နှစ်ဆယ် ခံနိုင်မယ်ထင်လား”

ရှန့်ပင်းယင်က ရှေ့သို့ တက်လာ၍ ဦးညွှတ်အရိုအသေပေးကာ ဖြေကြားသည်။ “ကောင်းကင်ဒင်္ဂါးတွေ ဆက်ထုတ်တာက ရေဆာပြေဖို့ အဆိပ်သောက်တာနဲ့ အတူပဲလို့ ကျွန်တော် ထင်ပါတယ်… ကောင်းကင်ဒင်္ဂါးတွေကြောင့်ပဲ ပိုပြီးတော့ မြန်မြန်ပြိုလဲရပါလိမ့်မယ်…. လက်ရှိမှာ ကမ္ဘာလောကတစ်သောင်းရဲ့ ကောင်းကင်ဒင်္ဂါးတွေက ကောင်းကင်နတ်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ စုဝေးနေပြီး ကျန်တာတွေကတော့ ကမ္ဘာလောကတစ်သောင်းရဲ့ အင်အားကြီး မိသားစုတွေ လက်ထဲမှာ ရှိပါတယ်… ကမ္ဘာလောကတစ်သောင်းရဲ့ ပြည်သူပြည်သားတွေရဲ့ လက်ထဲမှာ ငွေ သိပ်မရှိကြဘူး… ကောင်းကင်ဒင်္ဂါးတွေ ထပ်ထုတ်ပြီး ကမ္ဘာလောကတစ်သောင်းရဲ့ ကျောက်တုံးတွင်းတွေကို ဝယ်လိုက်တာက အင်အားကြီးမိသားစုတွေလက်ထဲ ကောင်းကင်ဒင်္ဂါးတွေ ပိုရောက်သွားစေပါလိမ့်မယ်… ချမ်းသာတဲ့သူတွေ ပိုပြီးချမ်းသာလာပြီး ကုန်စည်ဈေးနှုန်းတွေ မြင့်တက်သွားပါလိမ့်မယ်… ဆင်းရဲတဲ့သူကတော့ ဒီထက်ပိုပြီး ဆင်းရဲသွားတဲ့အတွက် ပုန်ကန်လာနိုင်ပါတယ်…. ဒီလိုလုပ်လိုက်တာက ကောင်းကင်ဒင်္ဂါးတွေ ပြိုလဲမှုကို အရှိန်မြှင့်တင်ပေးလိုက်သလိုပဲ ဖြစ်မှာပါ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က မုန့်ယွင်ကွေ့ဆီသို့ တစ်ချက်ကြည့်လိုက်ရင်း မိန့်သည်။ “ကောင်းကင်ဆရာသခင်ရှန့် ပြောတာ အဓိပ္ပါယ်ရှိတယ်”

မုန့်ယွင်ကွေ့သည် မှင်သေသေဖြင့် ပြန်လည်ချေပ၏။ “ကောင်းကင်ဆရာသခင်ရှန့်က သူ့ရဲ့အတွေးပေါ် မူတည်ပြီးပဲ အထင်နဲ့ ပြောတာပါ… အသေးစိတ် တိကျတဲ့ တွက်ချက်မှုတွေ မရှိပါဘူး… ကျွန်တော့်မှာ သက်သေပြစရာသင်္ချာ ရှိပါတယ်”

သူ၏ချီစွမ်းအင်တို့က သင်္ချာသင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နတ်ဘုံနှင့် လောကတစ်သောင်းရှိ ကုန်သွယ်မှုအချက်အလက်များကို ထုတ်ဖော်လိုက်သည်။ မရေမတွက်နိုင်အောင် များပြားသည့် ရှုပ်ထွေးသော ညီမျှခြင်းများက အတူတကွ စီစဥ်နေရာကျနေပြီး သင်္ချာတွက်ချက်မှုများ ဖြစ်ပေါ်နေကြ၏။ ၎င်းတို့က အလွန်တရာတိကျနေသောကြောင့် အသက်ရှူပင် မှားစေနိုင်သည်။

“ကျွန်တော်က ကောင်းကင်ဒင်္ဂါးထုတ်လုပ်မှုကို တာဝန်ယူထားတဲ့အတွက် ကောင်းကင်ဘုံတွေနဲ့ လောကတစ်သောင်းရဲ့ ကုန်သွယ်ရေးအပိုင်း ခရေစေ့တွင်းကျ သိပါတယ်… အဲဒီကုန်ပစ္စည်းအရေအတွက်တွေကို အတိအကျတွက်ချက်ထားတာပါ”

မုန့်ယွင်ကွေ့က အေးဆေးတည်ငြိမ်စွာ‌‌ ပြောသည်။ “ကောင်းကင်ဒင်္ဂါးအရေအတွက်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်လိုက်ရင် ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်း ထိုးတက်သွားပြီး ပြည်သူပြည်သားတွေ ဆင်းရဲကြလိမ့်မယ် ... အဲဒါ မှန်တယ်… ဒါပေမဲ့ သေချာထိန်းချုပ်သရွေ့ ရှောင်လွှဲလို့ ရနိုင်တယ်… တခြားတစ်ဖက်မှာ ကောင်းကင်နတ်ဘုံက ကောင်းကင်ဒင်္ဂါးသွန်းလုပ်ခွင့် ပိုင်ဆိုင်ထားတယ် မဟုတ်ပေလား... ထပ်ထုတ်လုပ်လိုက်တဲ့ ကောင်းကင်ဒင်္ဂါးတွေကို အသုံးချပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စက်ရုံတွေကို ၀ယ်ယူလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် ဖိနှိပ်ထားလို့ရနိုင်တယ်… သွေးချောင်းမစီးဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အရာအားလုံးကို ဝယ်ယူလို့ရတယ်”

သူက ရှန့်ပင်းယင်အား စိန်ခေါ်သော မျက်နှာအမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ “ကောင်းကင်ဆရာသခင်ရှန့်၊ ခင်ဗျားရဲ့ သင်္ချာက ရိုးရာသင်္ချာပဲမလား… အောင်မြင်မှုတွေက ကျွန်တော့်ထက် မြင့်မားမနေဘူးဟုတ်”

ရှန့်ပင်းယင်သည် ညီမျှခြင်းများအား သူ၏သင်္ချာဖြင့် အကဲခတ်ကာ တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်လိုက်သည်။ သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်အား လျှောက်တင်သည်။ “ဆရာမုန့်ရဲ့ တွက်ချက်မှုတွေထဲမှာ အမှားတစ်ခုမှ မပါပါဘူး… ကျွန်တော် အတွေးလွန်မိသွားတာပါ… ဒါပေမဲ့ သူ့ရဲ့ သင်္ချာအောင်မြင်မှုတွေက ကျွန်တော့်ထက် သာလွန်တယ်လို့ ကောင်းကင်ဆရာသခင်မုန့် ကြွေးကြော်ခဲ့တာကိုတော့ သဘောမတူပါဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မင်းတို့နှစ်ယောက်လုံးက ငါ့ရဲ့လက်အောက်မှာ သင်္ချာစွမ်းရည် အမြင့်မားဆုံး ကောင်းကင်ဆရာသခင်တွေပဲလေ… ဘယ်သူက ပထမဆိုတာ တိုက်ခိုက်နေစရာ မလိုပါဘူး… ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်ကြောင့် ငါ နည်းနည်းစိတ်မအေး ဖြစ်နေလို့ပါ… မင်းတို့အားလုံးကို လျော့ပေါ့ပေးလိုက်မယ်”

မုန့်ယွင်ကွေ့က ဦးညွှတ်အရိုအသေပေးသည်။ “အရှင်မင်းကြီးက အမျှော်အမြင်ရှိပါပေတယ်”

ရှန့်ပင်းယင်သည် လျှောက်တင်၏။ “ကောင်းကင်ဒင်္ဂါးကို ဆက်ပြီး ထုတ်လုပ်တာက အကြောင်းတစ်ခု ဆိုပေမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သိမ်းပိုက်လိုက်တာက နောက်ထပ်တစ်ခုပဲ… ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဝါးမြိုလိုက်သရွေ့ ကမ္ဘာလောကအားလုံး စုစည်းသွားမယ့်အပြင် ကောင်းကင်ဒင်္ဂါးတွေလည်း ပြိုလဲမယ့်အန္တရာယ် မရှိတော့ဘူး”

မုန့်ယွင်ကွေ့က ခေါင်းခါရမ်းသည်။ “ကောင်းကင်ဆရာသခင်ရှန့် ပြောတာ မှားပါတယ်”

ရှန့်ပင်းယင်မှာ ပုံမှန်အခြေအနေတွင် စိတ်ရှည်တတ်သူဖြစ်သော်လည်း နှစ်ခါတိတိ ကန့်ကွက်ငြင်းပယ်ခံရသောကြောင့် ဒေါသထွက်လာမိသည်။ သူက မှင်သေသေ မေးခွန်းထုတ်လိုက်သည်။ “ကောင်းကင်ဆရာသခင်မုန့်မှာ ဘယ်လိုအကြံဉာဏ်များ ရှိနေလို့လဲ”

မုန့်ယွင်ကွေ့က ရှင်းပြသည်။ “ကောင်းကင်ဒင်္ဂါးတွေဟာ အင်အားကြီးမိသားစုတွေလက်ထဲ ရောက်သွားလိမ့်မယ်လို့ ကောင်းကင်ဆရာသခင်ရှန့်က ပြောခဲ့တယ်… အရှင်မင်းကြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရသွားပြီး ကောင်းကင်ဒင်္ဂါးလည်ပတ်နေမှုကို မတားဆီးဘူးဆိုရင်တောင် ကောင်းကင်ဒင်္ဂါးတွေက အင်အားကြီးမိသားစုတွေလက်ထဲ ရောက်ဦးမှာပဲ… ကမ္ဘာလောကအားလုံးက ပြည်သူပြည်သားတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သိမ်းပိုက်သည်ဖြစ်စေ မသိမ်းပိုက်သည်ဖြစ်စေ ပုန်ကန်ကြဦးမှာပဲ”

ရှန့်ပင်းယင်က မျက်ခုံးပင့်၍ အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် မေးသည်။ “ကျုပ်တို့ ဒီအခြေအနေကို ဘယ်လိုကျော်လွှားနိုင်မယ်ထင်လဲ ကောင်းကင်ဆရာသခင်မုန့်”

မုန့်ယွင်ကွေ့သည် ဖြေ၏။ “အရှင်မင်းကြီးအတွက် အကြီးမားဆုံးရန်သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ မဟုတ်သလို ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်လင်နဲ့ တခြားသူတွေလည်း မဟုတ်ဘူးလို့ ထင်မိပါတယ်… မရေမတွက်နိုင်တဲ့ ကြွယ်ဝချမ်းသာမှုတွေကို ပိုင်ဆိုင်ထားတဲ့ အင်အားကြီးမိသားစုတွေပါပဲ… ကောင်းကင်ဘုံတွေရဲ့ ကမ္ဘာလောကတစ်သောင်းမှာ မရေမတွက်နိုင်တဲ့ အင်အားကြီးမိသားစုတွေဟာ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာကို ထိန်းချုပ်ထားကြတယ်… နှစ်တစ်သန်းကြာပြီးတဲ့အခါ ကောင်းကင်ဘုံ‌တွေရဲ့ ကြွယ်ဝမှုက သူတို့လက်ထဲမှာ စုဝေးနေခဲ့လို့ လက်ရှိအခြေအနေ ဖြစ်လာခဲ့ရတာပဲ…. သူတို့လက်ထဲမှာ ကောင်းကင်ဒင်္ဂါးတွေက ပိုများများလာပြီး ကမ္ဘာလောကတွေမှာ လည်ပတ်နေတဲ့ ကောင်းကင်ဒင်္ဂါးတွေကတော့ တဖြည်းဖြည်း လျော့နည်းလာနေတယ်… အချိန်ကြာလာတဲ့အမျှ သာမန်ပြည်သူတွေရဲ့ ပူဆွေးမှုတွေဟာညလည်း ပိုပြီးစုပြုံလာကြတယ်… ဒီလိုနဲ့ လောကအားလုံးမှာ ဖရိုဖရဲဖြစ်လာကြတာပေါ့… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပေါ်လာတာက အဲဒီပုန်ကန်အုံကြွမှုတွေကို နှစ်အနည်းငယ်လောက် စောဖြစ်စေရုံပါပဲ”

ရှန့်ပင်းယင်က နှာတစ်ချက် မှုတ်လိုက်သည်။ “ကောင်းကင်ဆရာသခင်မုန့်က စကားအများကြီး ပြောသွားပေမယ့် အကြောင်းပြချက်ပဲ ပါတယ် အဖြေမပါဘူး… ကျုပ်ကြားချင်တာ ကောင်းကင်ဆရာသခင်မုန့်ရဲ့ ဖြေရှင်းချက်ပဲ”

မုန့်ယွင်ကွေ့သည် တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ဆက်မပြောပေ။ “ကျုပ်ရဲ့စကားတွေကြောင့် အပြစ်ပေးခံရမှာ စိုးရိမ်မိတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က တဟားဟား ရယ်သည်။ “ငါက ဦးနှောက်မရှိတဲ့ ဧကရာဇ် မဟုတ်ပါဘူး… ပြောစရာရှိတာပြောပါ”

မုန့်ယွင်ကွေ့က ဦးညွှတ်ကာ လျှောက်တင်၏။ “အင်အားကြီးမိသားစုတွေရဲ့ လက်ထဲမှာ ရှိနေတဲ့ ကြွယ်ဝမှုတွေက များပြားလွန်းတယ်… ကောင်းကင်ဒင်္ဂါး ဘယ်လောက်ပဲ ဖြန့်ချိနေပါစေ နောက်ဆုံး သူတို့လက်ထဲ ရောက်မှာပဲ… အဖြေဆိုလို့ အင်အားကြီးမိသားစုတွေကို ပယ်ဖျက်ပစ်ဖို့ပဲ ရှိတယ်… အင်အားကြီးမိသားစုတွေကို ပယ်ဖျက်ပစ်ဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ရဲ့ ပါရမီတွေကို အကောင်းဆုံး အသုံးချဖို့…”

“မိုက်ရိုင်းလိုက်တာ”

ရှန့်ပင်းယင်က အေးစက်စွာ ချေပသည်။ “ကောင်းကင်ဆရာသခင်မုန့်၊ ခင်ဗျားက ရိုင်းစိုင်းလွန်းတယ်… အင်အားကြီးမိသားစုတွေကို ပယ်ဖျက်မယ်တဲ့လား… ဘာလဲ နောက်တစ်ဆင့်ကျရင် ပြုပြင်ပြောင်းလဲတော့မှာလား… အရှင်မင်းကြီး၊ မုန်ယွင်ကွေ့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ လွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ဆိုတာ ကျိန်းသေပါတယ်… သူ့ကို နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ပို့ဆောင်ကွပ်မျက်ဖို့ အမိန့်ချပေးတော်မူပါ”

အရာရှိများနှင့် တပ်မှူးများကလည်း တစ်ယောက်ပြီးတစ်ယောက် လျှောက်တင်ကြသည်။ “ကောင်းကင်ဆရာသခင်မုန့်က လူသားတစ်ယောက်ပါ… ကောက်ကျစ်တဲ့ အကြံအစည်တွေနဲ့ လှည့်စားနေတာပါ … အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ဒီလူကို အပြစ်ပေးတော်မူပါ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က လက်လွှဲရမ်း၍ ပြုံးလိုက်သည်။ “ကဲပါ ကဲပါ… ကောင်းကင်ဆရာသခင်မုန့်ကို ဝိုင်းပြောမနေကြပါနဲ့… ကောင်းကင်ဆရာသခင်မုန့်၊ မင်းရဲ့ စကားတွေက တည့်တိုးဆန်လွန်းတယ်…အတိတ်တုန်းက မင်းနဲ့ မတူတော့ဘူး… ငါ့ကောင်းကင်နတ်ဘုံမှာ ရှိတဲ့ ပညာရှိအမတ်တွေက စလို့ အရာရှိတွေ၊ ကုန်သည်တွေအားလုံးက မင်းပြောတဲ့ အင်အားကြီးမိသားစုတွေကပဲ… မင်းလည်း အင်အားကြီးတယ်လေ… မင်းရဲ့ စကားက ကောင်းကင်နတ်ဘုံမှာ ရှိသမျှသူအားလုံးကို စော်ကားလိုက်တာပဲ”

သူက အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောသည်။ “ငါကိုယ်တိုင်ကလည်း အင်အားကြီးမိသားစုတစ်စုကပဲ… မင်းက ကောင်းကင်နတ်ဘုံရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနေတယ်… မင်းရဲ့စကားတွေက မသင့်တော့ဘူး… ငါ မင်းကို အပြစ်မတင်ပေမယ့် နှစ်တစ်ဝက်တော့ ပြစ်ဒဏ်ခံယူရလိမ့်မယ်”

မုန့်ယွင်ကွေ့၏ မျက်ဝန်းများက မှေးမှိန်အရောင်ကျသွားသော်လည်း သူက ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အရှင်မင်းကြီးရဲ့ ပြစ်ဒဏ်ကို ကျွန်တော်မျိုး ခံယူပါတယ်”

ကောင်းကင်နတ်ဧကရာဇ်‌ဟောင်က အမိန့်ပေးသည်။ “လာမယ့် ရက်အနည်းငယ်မှာ ကောင်းကင်ဆရာသခင်ရှန့် ပြောတဲ့အတိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သိမ်းပိုက်ပြီး ကောင်းကင်ဒင်္ဂါးတွေကို ပိုထုတ်လုပ်မယ်… ကောင်းကင်ဆရာသခင်မုန့်၊ မင်း ဒီကိစ္စအတွက် စိတ်ပူစရာမလိုဘူး… ကောင်းကင်ဆရာသခင်ရှန့် ကိုင်တွယ်ဖို့ လွှတ်ထားလိုက်ပါ”

မုန့်ယွင်ကွေ့က စိတ်ပျက်စွာ လျှောက်တင်သည်။ “အမိန့်တော်တိုင်းပါ အရှင်မင်းကြီး”

အရာရှိများနှင့် တပ်မှူးများက ပြိုင်တူရွတ်ဆိုလိုက်ကြ၏။ “အမျှော်အမြင်ကြီးလှပါပေတယ် အရှင်မင်းကြီး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ၏နန်းဆောင်သို့ ပြန်လည်ရောက်လာသည့်အခါ မေးသည်။ “ကောင်းကင်နတ်အရှင်မူ ပြန်ရောက်ပြီလား… သူ အညံ့ခံပြီး လက်မှတ်ထိုးတာ စောင့်နေတာ”

ကိုယ်ရံတော်တစ်ဦးက ပြန်လည်ဖြေကြား‌လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင်မူ ပြန်မရောက်သေးပါဘူးခင်ဗျာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ သံတမန်တွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြန်သွားကြပါပြီ”

ကောင်းကင်နတ်အရှင်ဟောင်က ပြော၏။ “သူတို့တွေက အရေးမပါတော့ဘူး…. အရေးပါတာက ကောင်းကင်နတ်အရှင်မူပဲ”

နှစ်ရက်ခန့်ကြာပြီးနောက် ကောင်းကင်နတ်ဧကရာဇ်ဟောင်က ထပ်မံမေးမြန်းပြန်သည်။ “ကောင်းကင်နတ်အရှင်မူ ပြန်ရောက်လာပြီလား… သူ စာချုပ်မှာ လက်မှတ်ထိုးဖို့ ငါ စောင့်နေတုန်းပဲ”

ကိုယ်ရံတော်က ပြန်လည်လျှောက်တင်၏။ “အရှင်မင်းကြီးခင်ဗျာ၊ ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်ဘုံမှာ မဟုတ်ပါဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ မျက်မှောင်ကြုတ်သွားသည်။

နောက်ထပ် ငါးရက်၊ခြောက်ရက်မျှ ကြာပြီးနောက် ကောင်းကင်နတ်ဧကရာဇ်ဟောင်က မေးပြန်၏။ “ကောင်းကင်နတ်အရှင်မူ ပြန်ရောက်မလာသေးဘူးလား… သူ မလာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လူဦးရေတစ်ဝက်ကို သတ်ပစ်ဖို့ ငါ ကောင်းကင်နတ်အရှင်ရှုကို အမိန့်ပေးရတော့မယ်”

ကိုယ်ရံတော်က လျှောက်တင်၏။ “ကောင်းကင်နတ်အရှင်မူက ဘိုးဘေးနန်းတော်မှာ ရောက်နေပြီမလို့ ဆယ်ရက်ကြာရင် ကောင်းကင်နတ်ဘုံဆီ လာခဲ့မယ်လို့ သတင်းပါးလိုက်ပါတယ် အရှင်မင်းကြီး”

‌ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဒေါသူပုန်ထနေတော့သည်။ “အချိန်ဆွဲတဲ့ကောင်”

ဆယ်ရက်ကြာပြီးနောက် ချင်မူသည် ကောင်းကင်နတ်ဘုံသို့ ရောက်လာ၏။ သူက စားလိုက်သောက်လိုက်ဖြင့် နောက်ထပ်ဆယ်ရက်ကြာ အချိန်ဆွဲနေခဲ့ပြန်သည်။ ထို့နောက်မှသာ စိတ်ပျက်လက်မှိုင်ကျနေသော မျက်နှာအမူအရာဖြင့် လက်မှတ်ရေးထိုးခဲ့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ၀မ်းမြောက်ပျော်ရွှင်စွာဖြင့် ကောင်းကင်နတ်အရှင်အား လိုက်လံပို့ဆောင်ကြရန် အရာရှိတချို့အား အမိန့်ပေးခဲ့သည်။

ချင်မူ ကောင်းကင်နတ်ဘုံမှ ထွက်ခွာသွားသည့်အချိန်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်လုံးထဲ၌ စူးရှတောက်ပသော အလင်းရောင် တောက်ပလာ၏။ သူက ၀န်မင်းတစ်ဦးကို ဆင့်ခေါ်လိုက်သည်။ “အဲ့ဒီသူခိုးကောင်မူ အသက်ရှင်နေသမျှ ငါ တစ်ရက်မှ စိတ်အေးရမှာ မဟုတ်ဘူး…. သူ ပြန်နေတဲ့ လမ်းမှာ သတ်ပစ်ဖို့ နန်းစွန့်ဧကရာဇ်ဆီ ငါ့အမိန့်ကို သွားလျှောက်တင်လိုက်”

သူက လက်မြောက်၍ အားပါပါ ထုချလိုက်သည်။ “သူ့ကို သတ်လို့ မရရင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ ဖရိုဖရဲမြစ်ထဲ နှစ်ချပြီး ဖျက်ဆီးပစ်ဖို့ ပြောလိုက်”

ဝန်မင်းသည် မေးတော်မူ၏။ “ဘာလို့ ကောင်းကင်နတ်အရှင်မူကို သတ်ချင်ရတာပါလဲ အရှင်မင်းကြီးခင်ဗျာ… သူက အညံ့ခံပြီးပြီ မဟုတ်လား…”

“ငါ သူ့ကို မယုံဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က နှာခေါင်းရှုံ့လိုက်သည်။ “သူ့တာအိုနှလုံးသား ပျက်စီးသွားပြီး ဇာတ်မြှုပ်နေရင်တောင်မှ ငါ စိတ်အေးနိုင်မှာ မဟုတ်ဘူး…. သေသွားတဲ့ ကောင်းကင်နတ်အရှင်မူကသာ အကောင်းဆုံးကောင်းကင်နတ်အရှင်မူပဲ… နန်းစွန့်ဧကရာဇ်က သူ့ကို မသတ်နိုင်ပေမယ့် ဖရိုဖရဲမြစ်ထဲ နှစ်ချဖို့ကတော့ ဖြစ်နိုင်ခြေ ရှိတယ်… ဖရိုဖရဲမြစ် သူ့ကို မဖျက်ဆီးနိုင်ရင် အဆိုးဆုံးကတော့…..”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အေးအေးလူလူ ပြောသည်။ “အဆိုးဆုံးဆိုလို့ ကောင်းကင်နတ်အရှင်မူ အတိတ်ကို ပြန်သွားပြီး ငယ်ရွယ်တဲ့ ကောင်းကင်နတ်အရှင်မူဖြစ်သွားရုံပဲ… သူ ဒီစကြ၀ဠာမှာ မရှိသရွေ့ ငါ စိတ်အေးနိုင်လိမ့်မယ်”

၀န်မင်းမှာ ကြက်သီးမွေးညှင်း ထသွားပြီး ခပ်သုတ်သုတ် ထွက်သွားတော့သည်။

အခြားတစ်ဖက်တွင် ရှန့်ပင်းယင်က ကောင်းကင်ဒင်္ဂါးများ ထပ်မံထုတ်လုပ်ရင်း အမျိုးမျိုးသော ကောင်းကင်ဘုံများမှ သတ္တုတွင်းများကို ဝယ်ယူရန် တိတ်တဆိတ် အမိန့်ပေးနေသည်။ သို့သော် သတ္တုတွင်းများ၏ တန်ဖိုးက ထင်မထားလောက်အောင် မြင့်မားနေသည်။ သူ့တွင် ကောင်းကင်ဒင်္ဂါးများကို ဆက်လက်ထုတ်လုပ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။

သို့သော် ဤလုပ်ရပ်က ကောင်းကင်ဒင်္ဂါးတန်ကြေးအား နှင်းတောင်ကြီး ပြိုကျသွားသကဲ့သို့ လဲပြိုခဲ့စေသည်။ ကောင်းကင်ဒင်္ဂါးများ၏ တန်ဖိုးက အလျင်အမြန်ပင် ဆုတ်ယုတ်လာခဲ့၏။ နှစ်လအတွင်း တန်ဖိုးမှာ ထက်ဝက်နီးပါး ကျသွားခဲ့သည်။

ရှန့်ပင်းယင်မှာ အဘယ်ကြောင့် ဤမျှအခြေအနေ ဆိုးနေရသည်လဲ နားမလည်နိုင်တော့ပေ။ သူက မုန့်ယွင်ကွေ့၏ သင်္ချာညီမျှခြင်းကို ပြန်လည်စဉ်းစားကြည့်လိုက်သော်လည်း မည်သည့်အမှားအယွင်းမှ မတွေ့ရချေ။

မုန့်ယွင်ကွေ့ဆီမှ အကြံတောင်းချင်သော်လည်း မလုပ်လိုသဖြင့် တခြားသူများကိုသာ စုံစမ်းစေသည်။

နောက်ထပ်တစ်လ ကုန်ဆုံးသွားခဲ့သည့်အခါ ကောင်းကင်နတ်ဘုံ၏ သင်္ချာပညာရှင်များမှာ အမျိုးမျိုးသော ကောင်းကင်ဘုံများမှ ပြန်ရောက်လာကြသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကျုပ်တို့ထက် အရင်လှုပ်ရှားပြီး ကောင်းကင်ဒင်္ဂါးတွေနဲ့ သတ္တုတွင်းတွေကို ဝယ်နေတယ်… ဒါကြောင့် ကောင်းကင်ဘုံတွေရဲ့ သတ္တုတွင်းတန်ဖိုးတွေက မြင့်တက်နေတာ… အဲဒီကောင်းကင်ဘုံတွေက ကောင်းကင်ဒင်္ဂါးတွေပြင် ကောင်းကင်ဘုံကပါ ကောင်းကင်ဒင်္ဂါးတွေ စုပြုံရတဲ့အတွက် တန်ဖိုးလျော့ကျသွားတာပဲ”

“ဖြစ်နိုင်လား… မဖြစ်နိုင်တာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်ဒင်္ဂါး‌တွေ စုပြုံသွားစေဖို့ဆိုရင် သူတို့ရရှိထားသမျှ ကောင်းကင်ဒင်္ဂါးတွေကို သုံးစွဲရလိမ့်မယ်… သတ္တုတွင်းတွေကို ဝယ်ပြီး တန်ဖိုးမြင့်တက်အောင် လုပ်လိုက်တာက ကောင်းကင်ဒင်္ဂါးရဲ့ တန်ဖိုးကို လျော့ကျသွားစေတာပဲ”

ရှန့်ပင်းယင်၏ စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်သွားသည်။ သူ့မှာ ဒူးများခွေလာ၏။ ထိုင်ခုံပေါ်သို့ ဘုတ်ခနဲ လဲကျသွားသော်လည်း ချက်ချင်း ပြန်ထလိုက်သည်။ “သတ္တုတွင်းတွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဘယ်အချိန်ထဲက ၀ယ်နေခဲ့တာလဲ”

“လွန်ခဲ့တဲ့ ငါးနှစ်က”

ကောင်းကင်နတ်ဘုံ၏ သင်္ချာပညာရှင်များက ပြန်ဖြေ၏။ “ယိုတုစစ်ပွဲပြီးကတည်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်ဒင်္ဂါးတွေ စသုံးပြီး ကောင်းကင်ဘုံတွေက သတ္တုတွင်းတွေကို ၀ယ်ခဲ့တာပဲ..”

ရှန့်ပင်းယင်မှာ မျက်မှောင်ကြုတ်လျက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ “ငါးနှစ်… ငါးနှစ်… သေပြီ… အဲဒီအချိန်က ကောင်းကင်နတ်အရှင်မူရဲ့ တာအိုနှလုံးသား ပျက်စီးသွားပြီး အညံ့ခံဖို့ ပြင်ဆင်နေခဲ့တဲ့ အချိန်ပဲ… ဒီကိစ္စမှာ ထောင်ချောက်ဆင်ထားတာ ရှိတယ်… သူ့ရဲ့ ပန်းတိုင်က အချိန်ဆွဲပြီး ကောင်းကင်နတ်ဘုံ ကောင်းကင်ဒင်္ဂါးတွေ ထပ်ထုတ်တာကို စောင့်ဖို့ … မြန်မြန်… အရှင်မင်းကြီးကို သွားတွေ့ရမယ်”

သူက နန်းဆောင်ဆီသို့ ပျံသန်းသွားသည်။ ထိုအခိုက်အတန့်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ချမ်းသာကြွယ်ဝမှုကို သိမ်းပိုက်ရန်သွားသော တပ်မှူးများသည် မျက်နှာများ ယောင်ကိုင်းလျက် နတ်ကောင်းကင်ခန်းမဆီသို့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရ၏။

ရှန့်ပင်းယင်လည်း တပ်မှူးတစ်ယောက်ကို အလောတကြီး တားဆီး၍ မေးမြန်းလိုက်ရာ ထိုတပ်မှူးက ငိုကြွေးရင်း ဖြေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်အရှင်မူ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်ကို အသိအမှတ်တောင် မပြုဘဲ ကျွန်တော်တို့ကို လိုက်တိုက်ခိုက်တာပါ … ကောင်းကင်နတ်အရှင်လင်ကလည်း သူတို့လက်မှတ်ထိုးထားတာတွေအကုန်လုံးက ဘာမှသုံးစားမရတဲ့ စာရွက်တွေပဲလို့ ပြောတယ်… ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတယ်… ဒီကိစ္စကို အရှင်မင်းကြီးဆီ တင်ပြပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အမြစ်ပြတ်ချေမှုန်းခိုင်းရမယ်”

ရှန့်ပင်းယင်မှာ စိတ်ရှုပ်ထွေးနေသည်။ ရုတ်တရက် ကောင်းကင်နတ်ဘုံရှိ စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းသည် မှေးမှိန်သွားပြီး တံတားတွင် စီးဆင်းနေတတ်သည့် အလင်းရောင်များက ပျောက်ကွယ်သွား၏။

“စွမ်းအင်အကူးအပြောင်းတံတား ပျက်စီးသွားပြီ”

ရှန့်ပင်းယင်မှာ စိတ်ကယောက်ကယက်ဖြင့် အော်ဟစ်လိုက်သည်။ “မြန်မြန်… မြန်မြန်… အဲဒီစွမ်းအင်အကူးအပြောင်းတံတားကို ပြုပြင်ကြစမ်း… နေဦး စွမ်းအင်အကူးပြောင်းတံတားအားလုံးကို ကာကွယ်ကြ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကျူးကျော်မလောက်အောင် သတိထားကြ”

သူ စကားမဆုံးခင်မှာပင် နောက်ထပ်စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းသည် အလင်းရောင်များ မှေးမှိန်သွားပြန်သည်။ ထို့နောက် ဒုတိယမြောက်တစ်စင်း၊ တတိယမြောက်တစ်စင်း၊ အသက်တစ်ရှိုက်စာအတွင်း စွမ်းအင်အကူးအပြောင်းတံတား ထောင်ပေါင်းများစွာမှာ မှိန်ကျသွားတော့၏။

မကြာမီ ကောင်းကင်နတ်ဘုံရှိ စွမ်းအင်အကူးအပြောင်းတံတားအားလုံး လုံးဝ ငြိမ်းသေသွားတော့သည်။

ကောင်းကင်နတ်ဘုံမှာ စကြ၀ဠာရှိ ကမ္ဘာလောကများနှင့် ဝေးကွာလျက် ဘိုးဘေးနန်းတော်အထက်တွင် တိတ်ဆိတ်စွာ မြောလွင့်နေချေပြီ။ ၎င်းကား ကမ္ဘာလောကအားလုံးနှင့် အဆက်အသွယ် ပြတ်နေသည့် သီးသန့်ကျွန်းတစ်ကျွန်းအလားပင်။

All Chapters