ခင်ဗျား သေရလိမ့်မယ်
Vol. 127 Ch. 1643
ရှန့်ပင်းယင် ခြေလက်များ အေးစက်လာသည်။ စွမ်းအင်အကူးအပြောင်းတံတားကား ဆိုင်းမဆင့်ဗုံမဆင့် အလုပ်မလုပ်တော့ပေ။ ကောင်းကင်နတ်ဘုံမှ စတင်ခဲ့ခြင်း မဟုတ်သည်ကတော့ သိသာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည်လည်း ထိုမျှသတ္တိကောင်းမည်မဟုတ်။ ကောင်းကင်နတ်ဘုံတွင်လည်း ခြေဆော့လက်ဆော့ လုပ်ရဲသူ ရှိမည်မဟုတ်သည်က အမှန်။
တံတား၏ အခြားတစ်ဖက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက တိုက်ခိုက်တော့မည်။
စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း အလုပ်လုပ်ရန် ကူးပြောင်းမည့် နေရာနှစ်နေရာစလုံး၌ ပလ္လင်နှစ်ဆူ ရှိရမည်။ ထိုမျှသာ ကူးရ ပြောင်းရ လွယ်ကူလေသည်။ ဤတံတားမှ ပျက်စီးသွားလျှင် ၊ အလုပ်မလုပ်တော့လျှင် အခြားကောင်းကင်ဘုံများဆီသို့ ကူးသန်းရန် ဧကရာဇ်ပလ္လင်အဆင့်အတွက်ပင် သုံးနှစ်မှ ငါးနှစ် ကြာမည်။ ဝင်ရိုးစွန်းလေးခုသို့ သွားလိုပါက သည့်ထက်ပို၍ပင် ကြာပေဦးမည်။
မှန်သည်၊ ရွှမ်တုမှတစ်ဆင့် ကမ္ဘာလောကတစ်သောင်းဆီသို့ သွားလျှင်မူ အချိန်ကုန်သက်သာသည်။ သို့သော် ရွှမ်တုမှ ဘိုးဘေးနန်းတော်သို့ ရောက်ရန်မူ အလွန်ကြာ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ယနေ့ ရောက်လာမည့်အချိန်ကို ကြိုတင်ပြင်ဆင်ထားခဲ့လိမ့်မည်။ သိလည်း သိသာသည်။ ကောင်းကင်နတ်ဘုံတွင် ကောင်းကင်ဘုံအသီးသီးနှင့် ဆက်သွယ်နေသော စွမ်းအင်အကူးအပြောင်းတံတားများစွာ ရှိသည်။ ထိုမျှများပြားသော တံတားများ တစ်ပြိုင်တည်း အလုပ်မလုပ်တော့သည့်အခါ အစီအစဉ်တစ်ခု ရေးဆွဲမှ ဖြစ်တော့မည်။
“စွမ်းအင်အကူးအပြောင်းတံတား ပျက်စီးသွားတော့ ကောင်းကင်နတ်ဘုံအနေနဲ့ နတ်ဘုရားမိစ္ဆာတွေကို ကောင်းကင်ဘုံတွေဆီ စေလွှတ်နိုင်ရင်တောင် တံတားပြန်တည်ဆောက်ဖို့ နှစ်သုံးဆယ်၊ ငါးဆယ်တင်မကဘူး နှစ်တစ်ရာအထိ ကြာနိုင်တယ်”
ရှန့်ပင်းယင်၏ နဖူးမှ ချွေးသီးချွေးပေါက်များ တတောက်တောက် ကျလျက်ရှိသည်။ သူက နတ်ကောင်းကင်ခန်းမထဲရှိ ရတနာတိုက်သို့ ကရောသောပါး ပြေးတော့သည်။ “ကောင်းကင်ဒင်္ဂါးတွေကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေတော့ ကောင်းကင်ဘုံတွေအပေါ် ဟန့်တားချုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူး... နှစ်သုံးလေးငါးဆယ်က နှစ်ကြော့ပြန် ပုန်ကန်ဖို့ လုံလောက်နေပြီ”
ကောင်းကင်နတ်ဘုံနှင့် ကမ္ဘာလောကတစ်သောင်းအကြား ဆက်သွယ်မှု ပြတ်တောက်သွားခြင်းက ကြောက်စရာအကောင်းဆုံးပင်။ ကောင်းကင်နတ်ဘုံမှာ စွမ်းအင်အကူးအပြောင်းတံတားအပေါ် အားထားလွန်းခဲ့သည့်အတွက် စွမ်းအင်အကူးအပြောင်းတံတားအား ဆုံးရှုံးလိုက်ရသောအခါ ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကတစ်သောင်းအပေါ် ခြယ်လှယ်ချုပ်ကိုင်နိုင်စွမ်း ပျောက်ဆုံးသွားတော့သည်။
ကောင်းကင်ဒင်္ဂါးသည် သုံးစားမရသော ငွေကြေး ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။
ကောင်းကင်ဒင်္ဂါးသာ သုံးစားမရသော ငွေကြေးဖြစ်လာလျှင် ရလဒ်တစ်ခုတည်းသာ ရှိသည်။
ပုန်ကန်အုံကြွမှု
ယခုတွင် ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကတစ်သောင်းရှိ ဖရိုဖရဲအခြေအနေများမှာ ဖိနှိပ်ရခက်နေချေပြီ။ စွမ်းအင်အကူးအပြောင်းတံတား မရှိတော့လျှင် ပေါက်ကွဲတော့မည့် မီးတောင်ကြီးသဖွယ်သာ ဖြစ်သည်။ ဆင်းရဲတွင်းနက်နေသော ပြည်သူပြည်သားတို့၏ ဒေါသမီးလျှံတို့ ပေါက်ကွဲထွက်လာတော့မည်။
ကမ္ဘာလောကတစ်သောင်း၏ နတ်ဘုရားမိစ္ဆာအင်အားကိုသာ မထိန်းသိမ်းနိုင်တော့လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ချီတက်တိုက်ခိုက်မည့် ကောင်းကင်နတ်ဘုံ၏ မျိုးဖြုတ်စစ်ပွဲသည် တစ်ဖက်စောင်းနင်းစစ်ပွဲ ဖြစ်တော့မည်မဟုတ်။ နတ်ဘုရားမိစ္ဆာအရေအတွက်သည်သာ ကျဆင်းရတော့မည်။
အရေးအကြီးဆုံးသည်ကား အရင်းအမြစ်ပင်။
ကောင်းကင်နတ်ဘုံ၏ အရင်းအမြစ်သည် ကမ္ဘာလောကတစ်သောင်း သို့မဟုတ် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ ရရှိခြင်း ဖြစ်သည်။ ၎င်းတို့အနက် ကောင်းကင်နတ်ဘုံကို တင်ပို့သည့် ကောင်းကင်လက်နက်အများစုမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ လာသည်။
“ဘာလို့ ဒီကိစ္စတွေ အကုန်လုံး တစ်ခါတည်း ဖြစ်လာရတာလဲ”
ရှန့်ပင်းယင် အပြေးတစ်ပိုင်း ၀င်ရောက်လာစဉ် ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ညီလာခံ ကျင်းပနေသည်ကို တွေ့လိုက်ရ၏။ ဝန်မင်းအတော်များများက ရောက်နေကြပြီးဖြစ်ကာ စွမ်းအင်အကူးအပြောင်းတံတားမှာလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ဤသည်မှာ အရေးကြီးသောကိစ္စတစ်ခု ဖြစ်သဖြင့် သူတို့ကို စုဝေးခဲ့ခြင်း ဖြစ်လိမ့်မည်။
ကောင်းကင်နတ်ဧကရာဇ်၏ မျက်နှာအမူအရာမှာ သုန်မှုန်နေသည်။ ရှန့်ပင်းယင်လည်း တခဏတုံ့ဆိုင်းသွားပြီး ကောင်းကင်ဒင်္ဂါများ ပိုလျှံနေသည့်ကိစ္စကို မြိုသိပ်ထားလိုက်၏။ ‘ကောင်းကင်ဒင်္ဂါးစနစ် ပြိုလဲသွားတာကို ငါ ပြောလိုက်ရင် ကံမကောင်းမယ့် ပထမဦးဆုံးသူက ငါ ဖြစ်သွားလိမ့်မယ်…. ကောင်းကင်ဒင်္ဂါး ပြိုလဲတာက သိပ်အရေးမကြီးဘူး… ဒီကိစ္စကို ဖုန်းကွယ်ထားသင့်သေးတယ်… ဒါပေမဲ့ မုန့်ယွင်ကွေ့”
အရာရှိများအကြား၌ မုန့်ယွင်ကွေ့ကို မြင်လိုက်ရသည့်အခါတွင် သူ့နှလုံးသားက တုန်ရီသွားပြီး မုန့်ယွင်ကွေ့ကို စူးစိုက်ကြည့်နေမိသည်။
ရှန့်ပင်းယင်၏ စိတ်ထဲတွင် အတွေးမျိုးစုံ ထွက်ပေါ်လာ၏။ ‘သူက ကောင်းကင်ဒင်္ဂါးကိစ္စကို ထုတ်ပြောခဲ့တဲ့သူ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကလည်း ကောင်းကင်ဒင်္ဂါးတွေကို ကမ္ဘာလောကတွေမှာ သုံးနေခဲ့မှန်း သူသိနေတာလား…. ဒီခွေးကောင်က ပြောရရင် လူသားပဲလေ…. ကောင်းကင်နတ်အရှင်မူနဲ့ ပူးပေါင်းသွားတာ ဖြစ်ရမယ်…. ဒါပေမဲ့ သူ့သင်္ချာညီမျှခြင်းမှာ ဘာမှမှားနေတာ မရှိဘူး…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကနေ ကောင်းကင်ဒင်္ဂါးတွေ စီးဆင်းထားတဲ့ အချက်အလက်ပဲ မပါတာ …. ဒါ့အပြင် ကောင်းကင်ဒင်္ဂါး ထုတ်လုပ်တဲ့ကိစ္စကို ငါ တာဝန်ယူထားတာဆိုတော့ သူနဲ့ ဘာမှမဆိုင်ဘူး…”
မုန့်ယွင်ကွေ့မှာ သူ့အကြည့်ကို အာရုံမိသွားသည့်အလား လှည့်ကြည့်လာ၏။ သူတို့အကြည့်ချင်း ဆုံသွားသည့်အခါ ရှန့်ပင်းယင်မှာ ကြက်သီးထမိသွားသည်။ မုန့်ယွင်ကွေ့၏ မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေပြီး သူ့မျက်လုံးများတွင်လည်း မည့်သည့်ခံစားချက်မှ မရှိချေ။ ယင်းတို့က အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကဲ့သို့ အမှောင်ထုတို့ ပြည့်နှက်နက်ရှိုင်းနေ၏။
ရှန့်ပင်းယင် အသက်ရှူသွင်းလိုက်မိသည်။ ကောင်းကင်ဒင်္ဂါးပြိုလဲမှုနှင့် စွမ်းအင်အကူးအပြောင်းတံတားများ ပျက်စီးခြင်းက တစ်ပြိုင်တည်း ဖြစ်ပွားခဲ့သောကြောင့် ဤအခွင့်အရေးကို အသုံးချကာ ကောင်းကင်ဒင်္ဂါးကိစ္စအား ဖုံးကွယ်ထားရမည်။
ဤကိစ္စ ပေါ်သွားလျှင် မုန့်ယွင်ကွေ့သည် သူ့နေရာ၊ သူ့ရာထူးအား လုယူလာနိုင်၏။ ကောင်းကင်နတ်ဧကရာဇ်အနေဖြင့် မုန့်ယွင်ကွေ့အား အပြစ်ပေးစရာ မလိုတော့မည့်အပြင်၊ အပြစ်ခံရမည့််သူက သူ ဖြစ်လာလိမ့်မည်။ ပြစ်ဒဏ်က ကြီးလေးလွန်းသောကြောင့် နတ်ဘုရားစီရင်ရာစင်မြင့်၌ပင် ကွပ်မျက်ခံရနိုင်သေးသည်။
ရှန့်ပင်းယင်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း သူ့စိတ်သူ တည်ငြိမ်စေလိုက်သည်။ မည်သို့မျှ မဖြစ်ပျက်ခဲ့သည့်အလား မုန့်ယွင်ကွေ့ဆီမှ အကြည့်လွှဲသွားသည်။
မုန့်ယွင်ကွေ့ကလည်း အကြည့်လွှဲသည်။ သူသည် ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမှ မပြောပေ။
“စီမံရေးဝန်မင်း၊ ငါ့အမိန့်ကို နာခံစေ... ရှေးဟောင်းနတ်ဘုရားဘုရင်က နေစစ်သူကြီးတွေကို ကောင်းကင်ဘုံအသီးသီးဆီ စေလွှတ်ပြီး စွမ်းအင်အကူးအပြောင်းတံတားတွေ ပြုပြင်ခိုင်းထားပြီးပြီ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အမိန့်ထုတ်ပြန်သံက တည်ငြိမ်အေးဆေးနေသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်ကို ကောင်းကင်ဘုံအသီးသီးရဲ့ အုပ်ချုပ်သူတွေကို ထိန်းထားခိုင်းလိုက်... ကောင်းကင်နတ်ဘုံဟာ တည်ရှိနေဆဲ... ငါလည်း ဒီမှာ ထိုင်နေဆဲပဲ... ငါ့အင်ပါယာကို ငါ့လက်အောက်ငယ်သားတွေ ကောင်းကောင်းစောင့်ရှောက်ပါလေ့စေ... စွမ်းအင်အကူးအပြောင်းတံတား ပြန်တည်ဆောက်ပြီးရင် ငါ သူတို့ကို ဆုလာဘ်ကောင်းကောင်း ချီးမြှင့်တော်မူမယ်”
ကောင်းကင်နတ်ဘုံ၏ စီမံရေးရာဌာနမှ စီမံရေးဝန်မင်းသည် တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် အားတင်း၍ ရှေ့တက်လိုက်၏။ “အရှင်မင်းကြီးခင်ဗျား၊ စွမ်းအင်အကူးအပြောင်းတံတား ပြုပြင်တည်ဆောက်ရေးကိစ္စကို ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ဆီ လက်လွှဲထားရပါတယ်... ကောင်းကင်နတ်ဘုံရဲ့ စက်ရုံတွေအနေနဲ့ အမျိုးမျိုးသော ကောင်းကင်ဘုံတွေက စွမ်းအင်အကူးအပြောင်းတံတားတွေကို ပြုပြင်နိုင်စွမ်း မရှိပါဘူး... နေစစ်သူကြီးတွေ ရှိရင်တောင်မှ မပြုပြင်နိုင်...”
သူ စကားပြော၍ပင် မဆုံးခင် ညီလာခံထဲ၌ မိုးခြိမ်းသံကြီး ထစ်ချုန်းသွားသည်။ စီမံရေးဝန်မင်းမှာ ချက်ချင်း ပါးစပ်ပိတ်လိုက်ရတော့သည်။
“စွမ်းအင်အကူးအပြောင်းတံတားကို ရွှေ့လို့တော့ ရပေမယ့် မင်းတို့ကိုယ်တိုင် မတည်ဆောက်နိုင်ဘူး ပြောတာလား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်နှာထားကြီးက တင်းမာခက်ထန်နေသည်။ “ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က ဘာစားပြီး အလုပ်လုပ်တာလဲ... ငါ့စက်ရုံကရော ဘာစားပြီး အလုပ်လုပ်တာလဲ”
ညီလာခံထဲရှိ မည်သူမှ စကားမပြောရဲကြပေ။
ဒေါသကြောင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ရင်ဘတ်အစုံသည် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေ၏။ သူက အမျက်တချောင်းချောင်း ထွက်နေသော်လည်း နှာခေါင်းရှုံ့လိုက်ပြီး လေသံကို လျှော့လိုက်သည်။ “ဒီလိုဆိုမှတော့ နေစစ်သူကြီးတွေကို ကောင်းကင်ဘုံတွေအပေါ် စောင့်ကြပ်ပေးထားဖို့ ရှေးဟောင်းနတ်ဘုရားဘုရင်ဆီ အမိန့်ပေးပို့လိုက်... အနှောင့်အယှက်တစ်စုံတရာ ဖြစ်လာရင် ကပ်ဘေးတွေ လွှတ်ပေးလိုက်... ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုလည်း သဘာဝကပ်ဘေးတစ်ခု ပို့လွှတ်ရမယ်”
သူ၏မျက်နှာသည် သုန်မှုန်နေ၏။ “ယိုတုကိုလည်း သွား၊ ကောင်းကင်နတ်အရှင်ရှုကို လျှောက်တင်... ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူသား၊ တိရိစ္ဆာန်မချန် သက်ရှိဆိုတဲ့ဟာမှန်သမျှ ကွပ်မျက်ပစ်ရမယ်... တစ်ယောက်မှ တစ်ကောင်မှ အသက်ချမ်းသာမပေးနဲ့... ရွှင်ပျော်ပျော်ကျေးရွာက လူတွေ၊ တိရိစ္ဆာန်တွေလည်း အကုန်သေရမယ်”
သူက ငေါက်ခနဲ ထရပ်လိုက်ကာ အရိုးထဲထိပင် အေးစိမ့်သွားစေနိုင်သော အသံဖြင့် မိန့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက မိစ္ဆာတစ်ကောင် ဖြစ်လာဝံ့ရင် ငါကလည်း သူ ဂရုစိုက်တဲ့သူမှန်သမျှ သတ်ပစ်ဖို့ ဝန်မလေးဘူး”
စီမံရေးရာဌာနသည်လည်း မနေသာတော့ဘဲ ကောင်းကင်ဘုံဘုရားကျောင်းသို့ ချက်ချင်း သွားရောက်၍ အမွှေးတိုင်များ ပူဇော်ကာ ရှေးဟောင်းနတ်ဘုရားဘုရင်ကို အကြောင်းကြားရတော့သည်။ အခြားတစ်ဖက်တွင် ကောင်းကင်နတ်ဘုံ၏ တစ္ဆေနတ်ဘုရားများနှင့် မိစ္ဆာတို့က ယိုတုသို့ သွားရောက်ကာ ကောင်းကင်နတ်အရှင်ရှုအား အကြောင်းကြားကြသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပလ္လင်တွင် ပြန်ထိုင်၍ ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ကာ လေးနက်ဩရှနေသောအသံဖြင့် မိန့်ကြားသည်။ “ဧကရာဇ်လေးပါးကို အကြောင်းကြားး၊ စစ်သည်တော်တွေ စုစည်းပြီး ယွမ်တုကို စစ်ချီစေ... ကောင်းကင်ဆရာသခင်လေးပါး၊ မောင်မင်းတို့လည်း စစ်ချီရမယ်... နယ်စားမင်း ၇ ပါး၊ ၀န်ကြီးချုပ် ၄ ပါး၊ အရှင်သခင် ၃ ပါး၊ အကြံပေး ၂ ယောက်၊ နန်းရင်းဝန် ၅ ပါးကိုလည်း ခြေလျင်စစ်သည်၊ မြင်းစစ်သည်တွေ ဦးဆောင်ပြီး ယွမ်တုကို စစ်ချီခိုင်းချည်... ယွမ်တုကို အခြေစိုက်စခန်းအဖြစ် အသုံးချပြီး စကြဝဠာထဲက ပုန်ကန်မှုတွေကို နှိမ်နင်းရမယ်... ငါကိုယ်တော်ကတော့ တော်ဝင်နန်းစောင်တပ်ဖွဲ့ ဆယ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်လို့ ယွမ်တုကို တိုက်ခိုက်မယ်”
ကောင်းကင်ဆရာသခင်လေးပါး မျက်မှောင်ကြုတ်ကုန်ကြသည်။
ရှန့်ပင်းယင်မှာ တခဏကြာ တွန့်ဆုတ်နေပြီးနောက် ရှေ့သို့ တက်လာကာ လျှောက်တင်သည်။ “အရှင်မင်းကြီး၊ ယွမ်တုဟာ ထွက်မပြေးနိုင်ပါဘူးခင်ဗျာ... ဝင်ရိုးစွန်းလေးစွန်းကတော့ ပြဿနာအကြီးကြီးလို့ ကျွန်တော် မြင်မိပါတယ်... အရင်ဆုံး လုပ်သင့်တာက ဝင်ရိုးစွန်းလေးစွန်းကို ပြားပြားဝပ်အောင် ချေမှုန်းဖို့ပါပဲ... မြောက်နတ်မင်း လိပ်နက်၊ အနောက်နတ်မင်း ကျားဖြူနဲ့ သစ္စာဖောက်တွေ ပေါင်းသွားရင် ခေါင်းကိုက်စရာ ဖြစ်လာပါလိမ့်မယ်ဘုရား”
မုန့်ယွင်ကွေ့သည်လည်း ရှေ့သို့ ထွက်လာပြီး ဦးညွှတ်အရိုအသေပေး၏။ “အရှင်မင်းကြီး၊ ကောင်းကင်ဆရာသခင်ရှန့် ပြောတာ အင်မတန် မှန်ကန်ပါပေတယ်”
ရှန့်ပင်းယင်လည်း မုန့်ယွင်ကွေ့အား တစ်ချက်ကြည့်မိသည်။ မုန့်ယွင်ကွေ့က လေးနက်သော အမူအရာဖြင့် ဆက်လက်လျှောက်တင်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကပ်ဘေးတွေ စေလွှတ်ပြီး တိုက်ခိုက်ပေးမယ့် ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ကောင်းကင်နတ်အရှင်ရှုတို့ ရှိပြီးသားပါဘုရား... ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေထဲက လူတစ်စုလောက်ပဲ အသက်ရှင်ကျန်ခဲ့မှာပါ... ဒါပေမဲ့ အကုန်လုံး စစ်ချီတက်လိုက်ရင် မြောက်နတ်မင်းနဲ့ အနောက်နတ်မင်းက ကောင်းကင်နတ်ဘုံမှာ အင်အား မကျန်တော့တဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ဝင်ရောက်တိုက်ခိုက်လာနိုင်ပါတယ်... ဒါဟာ ခြိမ်းခြောက်နေတဲ့ အန္တရာယ်တစ်ခုပါ.... “
ကောင်းကင်နတ်ဧကရာဇ်ဟောင်က နှာခေါင်းရှုံ့၍ မျက်ခုံးပင့်ကာ မေးသည်။ “တလေဂျပိုး သူပုန်မူလိုကောင်ကို ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်က ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ... ကောင်းကင်နတ်အရှင်ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင် သူ့ကို အနိုင်မယူနိုင်ဘူး... သူတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ချက်ချင်း မဖျက်စီးနိုင်မှာ ငါကိုယ်တော် စိုးရိမ်တယ်.. ဒါကြောင့် ယွမ်တုမှာ ထာတရငြိမ်းချမ်းရေးအင်ပါယာ နဲ့ ရွှင်ပျော်ပျော်ကျေးရွာကို ဖယ်ရှားပစ်ဖို့က အရေးအကြီးဆုံးပဲ”
မုန့်ယွင်ကွေ့သည် ကန့်ကွက်၏။ “အရှင်မင်းကြီး၊ ပြန်လည်စဉ်းစားပေးတော်မူပါ... အရှင်မင်းကြီး၊ ဝင်ရိုးစွန်းလေးခုကို ချေမှုန်းခြင်းကသာ စိတ်အချရဆုံးပါဘုရား”
ရှန့်ပင်းယင်မှာ ပါးစပ်ဟပြီး မုန့်ယွင်ကွေ့အား ကန့်ကွက်ချင်သော်လည်း မုန့်ယွင်ကွေ့စကားသည် သူ ပြောချင်သည့်စကားပင် ဖြစ်နေတော့သည်။
ပိုင်ယွီကျင့်လည်း ရှေ့ထွက်လာကာ ဦးညွှတ်အရိုအသေပေးသည်။ “အရှင်မင်းကြီး၊ ကောင်းကင်ဆရာသခင်မုန့် လျှောက်တင်တဲ့အကြောင်းဟာ အင်မတန်မှ မှန်ကန်ပါတယ်... ကျေးဇူးပြုပြီး ပြန်လည်စဉ်းစားပေးတော်မူပါ”
စတုတ္ထကောင်းကင်ဆရာသခင် ကျူရှောက်ပင်းကလည်း ထွက်လာပြီး လျှောက်တင်၏။ “အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ပြန်လည်စဉ်းစားပေးတော်မူပါ... လက်ရှိအစီအစဉ်ဟာ ကောင်းကင်နတ်ဘုံရဲ့ ပိုင်နက် ဖြစ်တဲ့ ဘိုးဘေးနန်းတော်ကို တည်မြဲအောင် ထိန်းထားဖို့ပါ... ဘိုးဘေးနန်းတော်ရှိနေသရွေ့ အမွေအနှစ်တွေ မပျောက်ပျက်နိုင်ပါဘူး... ဘိုးဘေးနန်းတော်က အင်မတန်မှ ကြွယ်ဝပါတယ်... အရှင်မင်းကြီး၊ ကောင်းကင်နတ်ဘုံအနေနဲ့ ဘိုးဘေးနန်းတော်ကို ဦးစွာ အခြေခိုင်စေပြီး ဘိုးဘေးနန်းတော်ထဲက သူပုန်ချင်ရဲ့ အုတ်မြစ်ကို မြေလှန်ပစ်ရပါမယ်... အနက်ရောင်တောင်တန်းထဲက ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေကို ဖမ်းဆီးရပါတယ်... အဲဒီနည်းနဲ့ သူပုန်ကို ခြိမ်းခြောက်နိုင်ပါတယ်ဘုရား”
ရှန့်ပင်းယင်လည်း ဝင်ပြောသည်။ “အရှင်မင်းကြီး၊ ကောင်းကင်ဆရာသခင်သုံးပါး ပြောတာ အကျိုးအကြောင်းသင့်ပါတယ်... ဘိုးဘေးနန်းတော်မှာ ခြေကုပ်မြဲမြဲ ယူရမှာပါ... ဝင်ရိုးစွန်းလေးခုကို တိုက်ခိုက်ပြီးတော့မှ ယွမ်တုကို သုတ်သင်ချေမှုန်းပစ်လည်း နောက်မကျပါဘူးဘုရား... အဲဒါဆိုရင် အခြေအနေတွေဟာ ကျွန်တော်တို့ဘက်မှာ အရေးသာပြီး ကျူပင်ခုတ် ကျူငုတ်မကျန်သကဲ့သို့ ယွမ်တုကို ရှင်းလင်းပစ်နိုင်ပါလိမ့်မယ်”
မုန့်ယွင်ကွေ့က ပြောသည်။ “အရှင်မင်းကြီး၊ သူပုန်တွေရဲ့ အားနည်းချက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာပါ... အနက်ရောင်တောင်တန်းဟာ အထွတ်အမြတ်မြေတစ်မြေလို ဖြစ်နေတာကြောင့် လူဦးရေအတော်များများ နေထိုင်နေပြီး ရှားပါးကုန်ပစ္စည်းတွေကိုလည်း ထိန်းသိမ်းထားပါတယ်... အဲဒါနဲ့ သူပုန်တွေကို ခြိမ်းခြောက်တာဟာ အသင့်တော်ဆုံးပါပဲဘုရား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အေးစက်စက် နှာခေါင်းရှုံ့၍ အနိမ့်အမြင့်မရှိသော လေသံဖြင့် မိန့်၏။ “သူပုန်မူဟာ ကောင်းကင်နတ်ဘုံကို မလာခင် ဘိုးဘေးနန်းတော်ထဲမှာ ဆယ်ရက်ကျော် နေခဲ့တယ်... သူ ဘာလုပ်နေလဲ ထင်လဲ”
သူက သရော်တော်တော် မဲ့ပြုးလိုက်၏။ “ဒီသူပုန်က အနက်ရောင်တောင်တန်းထဲမှာ လှုပ်ရှားနေခဲ့တာပဲ... လက်ရှိ အနက်ရောင်တောင်တန်းက ဗလာကျင်းနေပြီကွ”
ကောင်းကင်ဆရာသခင်လေးပါးစလုံး အံ့အားသင့်သွားကြသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် နတ်ကောင်းကင်ခန်းမအပြင်ထွက်၍ ဘိုးဘေးနန်းတော်သို့ ငုံ့ကြည့်လိုက်၏။ အဝေးတွင် စိမ်းစိုအုံ့ဆိုင်းနေသော လောကသစ်ပင်အား မြင်နိုင်သည်။ ၎င်း၏ သစ်ကိုင်းသစ်ခက်များက ဝေဆာစွာဖြင့် ကောင်းကင်အား လွှမ်းခြုံထားလေသည်။
အနက်ရောင်တောင်တန်းက ထိုနေရာတွင် တည်ရှိသည်။ သို့သော် လောကသစ်ပင်၏ ကြီးထွားနှုန်းက မြန်လွန်းသောကြောင့် မူလအနက်ရောင်တောင်တန်းအား လွှမ်းခြုံထားပြီ ဖြစ်သည်။ အတိတ်တုန်းကလို ပျက်စီးခြောက်သွေ့နေခြင်း မရှိတော့ပေ။
နတ်ကောင်းကင်ခန်းမ၏ အပြင်တွင် နတ်စစ်သူကြီးများသည် ထောက်လှမ်းရေးကြေးမုံများကို လှန်ကာ အနက်ရောင်တောင်တန်းဆီသို့ ကြည့်နေကြ၏။
တခဏကြာသော် မရေမတွက်နိုင်သော ထောက်လှမ်းရေးကြေးမုံများက ကောင်းကင်ထက်၌ စက်ဝန်းကြီးတစ်ခုပမာ ဖွဲ့တည်လာသည်။ စက်ဝန်းထဲတွင် ကြည်လဲ့နေသော ရေကန်တစ်ကန် ပေါ်လာပြီး အနက်ရောင်တောင်တန်းအား အသေးစိတ်မြင်ရသည့်တိုင်အောင် ရှင်းလင်းပြတ်သားစွာ ထင်ဟပ်ပြသနေသည်။
အနက်ရောင်တောင်တန်း၏ နတ်ဘုရားမြို့ထဲတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများ ကြိတ်ကြိတ်တိုးနေကြသည်။ လူများ ဝင်ချည်ထွက်ချည်ဖြင့် ပျားပန်းခတ်မျှ စည်းကားနေပြီး ကုန်သွယ်မှုများလည်း လုပ်ဆောင်နေကြ၏။
ကုန်ထုတ်စက်ရုံများလည်း ကုန်ပစ္စည်းများ ထုတ်လုပ်နေကြဆဲ ဖြစ်ကာ ကောင်းကင်ထဲတွင် သွားလာနေသော သင်္ဘောများပင် ရှိကြလေသည်။ လယ်ယာစိုက်ပျိုးရေးအတွက် မိုးရွာအောင် ကူညီပေးနေသည့် ကောင်းကင်နတ်သိုင်းပညာရှင်များကိုပင် မြင်ရသည်။
ဝန်မင်းများအကြား ဆွေးနွေးသံများ ဆူညံသွားသည်။ ထောက်လှမ်းရေးကြေးမုံထက်တွင် ပြသနေသည့် မြင်ကွင်းအရ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများ ရှိနေကြဆဲ ဖြစ်ပြီး မပြောင်းရွှေ့ကြရသေးပေ။
“အကုန် ပုံရိပ်ယောင်တွေပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အနက်ရောင်တောင်တန်းဆီသို့ လက်ညှိုးထိုးကာ မဲ့ပြုံးလိုက်သည်။ “သူပုန်မူဟာ အနက်ရောင်တောင်တန်းထဲမှာ ဆယ်ရယ်ကျော် နေပြီး သူ့ရဲ့ အသိစိတ်အလျဉ်နဲ့ ဒီပုံရိပ်ယောင်ကို ဖန်တီးထားတာပဲ... အနက်ရောင်တောင်တန်းထဲက လူတွေကိုလည်း ရွှေ့ပြောင်းပြီးနေပြီ”
တခဏကြာသော် သူ့လက်ချောင်းဆီမှ စွမ်းအားသည် အနက်ရောင်တောင်တန်းဆီသို့ ကျရောက်သွား၏။ ကောင်းကင်နတ်ဘုံ၏ အရာရှိမင်းများလည်း မှန်ထဲသို့ ကြည့်လိုက်ကြသည့်အခါ ပြင်းထန်အားကောင်းသော အခိုးအငွေ့များက အနက်ရောင်တောင်တန်းကို ဗဟိုပြုလျက် ဖြာထွက်နေကြောင်း မြင်လိုက်ကြရသည်။ အခိုးအငွေ့များ ဖြတ်သွားသည့်အချိန်တွင် စောစောလေးကတင် စည်ကားသိုက်မြိုက်နေခဲ့သည့် အနက်ရောင်တောင်တန်းမှာ တုန်ခါလာတော့သည်။
တခဏလေးအတွင်း အနက်ရောင်တောင်တန်းမှာ ဗလာကျင်းသွားပြီး မည်သူ့ကိုမှ မမြင်ရတော့ပေ။
“သူပုန်မူက အင်အားကြီးမားလိုက်တာ” အရာရှိမင်းများ မျက်နှာပျက်ကုန်ကြသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြောသည်။ “ဝင်ရိုးစွန်းတွေကို ချေမှုန်းက သူပုန်မူကို အချိန်ပေးသလိုပဲ ဖြစ်လိမ့်မယ်... ဒီသူပုန် လိုအပ်နေတာ အချိန်ပဲ... ကောင်းကင်ဆရာသခင်လေးပါး၊ မောင်မင်းတို့ လျှောက်တင်တာတွေက ကျိုးကြောင်းဆီလျော်တယ်... ဝင်ရိုးစွန်းလေးစွန်းက ယွမ်တုကို ဝန်းရံထားတာ မဟုတ်ပေလား.. သင့်တော်တဲ့နည်းလမ်းဖြစ်ပေမယ့် သူပုန်မူကို အဲဒီလို သွားရင်ဆိုင်လို့ မရဘူး... ဝင်ရိုးစွန်းလေးခုကို ချေမှုန်းက သူ့ကို နောက်ထပ်နှစ်နှစ်ဆယ် အချိန်ပေးမိလိမ့်မယ်.. ဒီနှစ်နှစ်ဆယ်အတွင်း ဘာဖြစ်မလဲ ဘယ်သူသိနိုင်မလဲ... ငါ့အမိန့်တော်ကို နာခံကြ”
သူက အင်္ကျီလက်စကို ခါကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ “ယွမ်တုကို သိမ်းပိုက်ကြစို့”
“မှန်လှပါ အရှင်မင်းကြီး” အရာရှိမင်းများ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
ယွမ်တုတွင် ချင်မူတစ်ယောက် အေးအေးလူလူ လမ်းလျှောက်နေသည်။ သူ့မှာ ဘိုးဘေးနန်းတော်မှ အလောတကြီး ပြန်လာခဲ့ပြီး စွမ်းအင်အကူးအပြောင်းတံတားကို မသုံးခဲ့ပေ။ ဘိုးဘေးနန်းတော်မှ ဤနေရာသို့ လမ်းလျှောက်၍သာ ပြန်လာခဲ့သည်။
လမ်းလျှောက်ရသည့် အကြောင်းရင်းမှာ အနက်ရောင်တောင်တန်းမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများကို ခေါ်လာရမည့်အတွက်ပင်။ ဤလူများကို စွမ်းအင်အကူးအပြောင်းတံတားမှ ဖြတ်သွားခိုင်းပါ စွမ်းအင်အကူးအပြောင်းတံတား၏ ခံနိုင်ရည်ကို ကျော်လွန်သွားလိမ့်မည်။
ထို့ကြောင့် လမ်းလျှောက်ခြင်းကသာ အန္တရာယ်အကင်းဆုံး ဖြစ်၏။
သူက ဤလူများကို သူ၏ ကောင်းကင်ရတနာ စကြဝဠာထဲတွင် ထည့်ပေးထားသောကြောင့် လပိုင်းမျှတော့ ခံနိုင်လိမ့်မည်။ သို့သ်ော အချိန်ကြာလာလျှင် သေဆုံးသွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်နတ်အရှင်ယွဲ့ဆီမှ အန္တိမဟင်းလင်းပြင်ကျမ်းစာ သင်ယူထားသည့်အတွက် ပို၍လျင်မြန်စွာ သွားလာနိုင်လေသည်။
ယွမ်တုကို မြင်သည့်အခါ ချင်မူ စိတ်သက်သာရာ ရသွားသည်။ ထိုအခိုက်အတန့်တွင် မိုးလေဝသက ရုတ်တရက် ပြောင်းလဲသွားပြီး ကြယ်တစ်လုံးပြီး တစ်လုံး ပျောက်ကုန်ကြသည်။ ကြယ်တာရာကောင်းကင်မှာ ရုတ်ခြည်းဆိုသလို အမှောင်ဖုံးသွားချေပြီ။
ချင်မူက ရပ်၍ ပြုံးလိုက်သည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်လား နန်းစွန့်ဧကရာဇ်လား”
သူသည် တခဏ စဉ်းစားကြည့်ပြီးနောက် ပြုံးလိုက်၏။ “နန်းစွန့်ဧကရာဇ်ပဲ နေမှာ... ရှေးဟောင်းနတ်ဘုရားဘုရင် ငါ့ကို လာရင်ဆိုင်ရင် သူ့သေတွင်းသူ တူးသလို ဖြစ်မှာပေါ့.... နန်းစွန့်ဧကရာဇ်ပဲ ငါနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အစွမ်းအစ ရှိတယ်... ထိုက်ချူ၊ ကိုယ်ထင်ပြလို့ ရတယ်နော်”
ဟင်းလင်းပြင်၏ အတွင်းပိုင်းထဲမှ နတ်ရောင်နတ်ဝါတို့ ဖြာထွက်လာသည့်အလား ကြယ်တာရာကောင်းကင်သည် လင်းထိန်လာ၏။ မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ဘုံက ဘွားခနဲ ထွက်ပေါ်လာသည်။ တာအိုသစ်ပင်သည် စိမ်းစိုအုံ့ဆိုင်းနေပြီး တာအိုပန်းပွင့်များက တဖျတ်ဖျတ် လင်းလက်နေလေသည််။
ကျိန်းစပ်အောင် တောက်ပနေသည့် အလင်းရောင်ထဲမှ အရပ်ခပ်မြင့်မြင့် အရိပ်တစ်ခု ထွက်လာသည်။ ထိုသူ၏ အသွင်က တစတစ ထင်ရှားလာ၏။
“ကောင်းကင်နတ်အရှင်မူ၊ မင်းကြည့်ရတာ တာအိုနှလုံးသား ပျက်ပြားသွားတာနဲ့ မတူဘူး”
ထိုက်ချူသည် အံ့ဩနေသယောင်ဖြင့် ပြုံးနေ၏။ “ဟောင်အာဟာ မင်းထောင်ချောက်ထဲ ကျပြီး မင်းအသက်ရှူချောင်နိုင်အောင် အချိန်ပေးခဲ့မိတယ်... ဒါပေမဲ့ သူက သိပ်ရဲတင်းတယ်ကွ... မင်း စာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ မင်းကို သတ်ဖို့ ငါ့ကို ချက်ချင်း လွှတ်တာပဲ
“ထိုက်ချူ၊ သူ့ရည်ရွယ်ချက်က ကျုပ်လက်နဲ့ ခင်ဗျားကို ရှင်းဖို့ ဟုတ်မဟုတ် ဘယ်လိုသိသလဲ”
ချင်မူသည် အပြုံးမဟုတ်သော အပြုံးဖြင့် သတိပေး၏။ “ခင်ဗျားဟာ အိုမင်းနေတဲ့အပြင် စိတ်ဓာတ်အားမာန်တွေလည်း ယုတ်လျော့နေပြီ... ခင်ဗျားကို အနိုင်ယူပြစရာတောင် မလိုတော့ဘူး... ပထမဆုံးအကြိမ် သေဆုံးခဲ့ကတည်းက ခင်ဗျားရဲ့ ဧကရာဇ်ရာဇမာန်တွေ သေဆုံးသွားခဲ့တာပဲ.. ခင်ဗျား ကျုပ်ကို တိုက်ခိုက်ရင် သေရလိမ့်မယ်”