← Chapters

ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကို ဆုံးဖြတ်မည့် တိုက်ပွဲ

Vol. 127 Ch. 1644

ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကို ဆုံးဖြတ်မည့် တိုက်ပွဲ

Vol. 127 Ch. 1644

ထိုက်ချူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏အသံက ရှင်းလင်းပြတ်သားနေပြီး ဟင်းလင်းပြင်ကိုပင် တုန်ရီသွားစေသည်။

ထိုက်ချူကား ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ပီပီ အလွန်တရာ စွမ်းအားကြီးလှသည်။ ဤအတိုင်း ရပ်နေခြင်းကပင် ဟင်းလင်းပြန်များအား ပုံပျက်လျက် သူ့ထံသို့ တိမ်းစောင်းနေစေ၏။

သူ့အနေဖြင့် ရုပ်ခန္ဓာကို ပြန်လည်ရရှိခဲ့ပြီး ခွန်အားကို အသုံးပြု၍ တာအို တည်ဆောက်ပြီးချေပြီ။ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကိုလည်း ဖော်ဆောင်နိုင်ခဲ့သည့်အလျောက် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဖိနှိပ်ခြင်း ခံထားရသော်လည်း တစ်လောကလုံးတွင် စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်နေသေးသည်။

သူ၏ရယ်သံက ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေ၍ ပြင်းထန်စွာ နိမ့်လိုက်မြင့်လိုက် လှုပ်ခတ်သွားစေသည်။ ပုန်းကွယ်နေကြသည့် ကြယ်တာရာများသည်ပင် တဖျတ်ဖျတ် ထွက်ပေါ်လာ၍ ပျောက်ကွယ်သွားကြသည်အထိ လှုပ်ခါခံလိုက်ရ၏။

ချင်မူက ပြုံးလျက် သူ့အား ကြည့်နေဆဲပင်။၊

“ကောင်းကင်နတ်အရှင်မူ၊ မင်း ဘယ်နှကြိမ် ရှုံးသွားပြီလဲ”

ထိုက်ချူရယ်သံက ပျောက်ကွယ်သွားသည်။ “မင်းရဲ့ ပထမဦးဆုံးအရှုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးက ငါ့လက်ချက်ကြောင့် ဖြစ်ခဲ့တယ် … မင်းရဲ့ဘဝက ဒီလိုမျိုးမဟုတ်ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ရှင်သန်မှုနဲ့ ပျက်စီးခြင်းအားလုံးက ငါ့ရဲ့ အတွေးတွေထဲမှာပဲ… အဲဒီ့တိုက်ပွဲတုန်းက မင်း နေ့တိုင်း ငိုကြွေးခဲ့ပေမယ့် တုံ့ပြန်မှု မရှိခဲ့ဘူး… မင်းရဲ့ ငိုကြွေးမှုတွေက အလုပ်မဖြစ်ခဲ့တဲ့အပြင် ချောင်ပိတ်မိနေခဲ့တယ်… မင်းကိုယ်မင်း ချင်ဖုန်းကျင့်ဆီကနေ ခွဲထွက်ရုံပဲ တတ်နိုင်ခဲ့တယ်… ယိုတုသားတော်ဆိုတဲ့ ရာထူးကိုတောင် ထိန်းမထားနိုင်ခဲ့ဘူး… နောက်ဆုံးမှာ ဧကရာဇ်ယန်ဖုန်းနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်နတ်ဘုံရဲ့ အကျဉ်းသားတွေ ဖြစ်လာခဲ့တယ်…. ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း ပျက်စီးဖို့ သိပ်မလိုတော့သလို၊ မင်းလည်း အရာအားလုံးကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်”

ချင်မူ ပြုံးလိုက်သည်။ “အဲဒါက ကျွန်တော် အစ်ကိုနှစ်ကို ပထမဆုံးတိုက်ခိုက်တဲ့အချိန်ပဲလေ… အစ်ကိုနှစ်က ကောက်ကျစ်လွန်းတဲ့ အဘိုးအိုကြီး ဖြစ်ခဲ့တာပေါ့… ကျွန်တော့်ကို တော်တော်လေး ခံစားရအောင် လုပ်ခဲ့တာ”

ထိုက်ချူက ပြုံးလျက် ပြော၏။ “အဲဒီအချိန်တုန်းက မင်းက ကောင်စုတ်လေးတစ်ကောင် ဖြစ်နေခဲ့တုန်းလေ…. မင်းကိုယ်မင်း ဂုဏ်ယူပြီး အစီအစဉ်တွေ ရှိနေပေမယ့် ငါ့ရဲ့ မျက်လုံးထဲမှာတော့ ဖန်ပုလင်းထဲ ပိတ်မိနေတဲ့ ပိုးကောင်လေးတစ်ကောင်လိုပဲ… မင်းရဲ့ အတွေးတွေနဲ့ လုပ်ရပ်တွေအားလုံးက ငါမျက်လုံးထဲမှာ လှောင်စရာတွေ ဖြစ်ခဲ့တယ်… မင်းရဲ့ ဒုတိယမြောက်ရှုံးနိမ့်မှုက ပိုလို့တောင် ရက်စက်သေးတယ်… ရွှမ်တုတိုက်ပွဲမှာ မရှုမလှကို ရှုံးနိမ့်ခဲ့ရတယ်… ကောင်းကင်နယ်စားမင်းကို ကယ်နိုင်ခဲ့တဲ့ပုံပေါ်ပေမယ့် ရွှမ်တုတစ်ခုလုံး ဆုံးရှုံးခဲ့ရတဲ့အပြင် ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ်ကိုပါ မရနိုင်ခဲ့ဘူး”

သူ၏ မျက်နှာအမူအရာက လှောင်ပြောင်သရော်သော မျက်နှာအဖြစ် ပြောင်းလဲသွားသည်။ “ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ် မရှိရင် ကောင်းကင်နယ်စားမင်းက သေမျိုးတစ်ယောက်ပဲ… ရွှမ်တု မင်းလက်ထဲ မရှိတော့ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆိုတာက ရွှမ်တုအောက်မှာ ပြုသမျှ နုရမယ့် တိုင်းပြည်ငယ်လေးထက် မပိုဘူး … လူသားတွေက အားနည်းတဲ့ မျိုးနွယ်တစ်စုပဲ… နတ်ဘုရားတစ်ပိုင်းတွေလို သန်သန်မာမာ မွေးဖွားလာတာ မဟုတ်ပေမယ့် မျိုးပွားပြီး ရှင်သန်နိုင်တဲ့ အံ့ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်… ဒါပေမဲ့ ရွှမ်တုသာ ကောင်းကင်နတ်ဘုံလက်ထဲ ရောက်သွားရင် လူသားတွေရဲ့ မျိုးပွားနိုင်စွမ်းနဲ့ ရှင်သန်နိုင်စွမ်းက ဘယ်လောက်ပဲ ကြီးမားပါစေ သဘာဝကပ်ဘေးတွေကို တွန်းလှန်နိုင်မှာမဟုတ်ဘူး… မင်းရဲ့ဒုတိယမြောက်ရှုံးနိမ့်မှုက လူသားမျိုးနွယ်ကို အနာဂတ် ပျောက်သွားစေခဲ့တယ်”

ချင်မူက စိတ်ထဲမထားပေ။ “ကျွန်တော် ရွှမ်တုတိုက်ပွဲကို မရှုံးပါဘူး…. အစ်ကိုနှစ်၊ အစ်ကိုတော်က ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလွန်းတယ်…. ရွှမ်တုနဲ့ ကောင်းကင်နတ်ဘုံကို သိပ်အထင်ကြီးလွန်းတယ်…. ရွှမ်တုတိုက်ပွဲမှာ ကျွန်တော် ကောင်းကင်နယ်စားမင်းကို ပြန်အသက်သွင်းပြီး ကောင်းကင်တာအိုအထွတ်အမြတ်ရတနာ ၅၀ ကို ရခဲ့တယ်… ကောင်းကင်နယ်စားမင်းနဲ့ ကောင်းကင်တာအိုအထွတ်အမြတ်ရတနာ ၅၀နဲ့ဆို ကောင်းကင်နတ်ဘုံအနေနဲ့ ရွှမ်တုကနေ သဘာဝကပ်ဘေးတွေ ဖြစ်တည်စေဖို့ မတတ်နိုင်တော့ဘူး”

“ညီငယ်လေး၊ ကိုယ့်ကိုကိုယ် မြှောက်ပင့်နေစရာ မလိုပါဘူး”

ထိုက်ချူသည် ခပ်ဟဟ ရယ်၏။ “မင်းရဲ့ တတိယမြောက်ရှုံးနိမ့်မှုကတော့ ယိုတုပဲ… ယိုတုစစ်ပွဲမှာ မြေအောက်ဘုံအရှင်သခင်ကို ငါတို့ထက် ခြေတစ်လှမ်းစောပြီး အလစ်တိုက် သတ်ဖြတ်ခဲ့တယ်… တကယ်ကို ဉာဏ်ကောင်းပါပေတယ် … ကောင်းကင်နတ်ဧကရာဇ်မှာသာ သခင်လေးသုံးနဲ့ သခင်လေးလေးဆိုတဲ့ နိုင်ဖဲတွေ ရှိမထားဘူးဆိုရင် မင်း အောင်မြင်ပြီး ယိုတုကို သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်လောက်တယ်… ဒါပေမဲ့ ဆိုရင် ဆိုတဲ့ အဖြစ်အပျက်တွေက မရှိခဲ့ဘူးလေ”

သူ၏မျက်လုံးများတွင် လေးစားမှုတို့ဖြင့် ပြည့်နှက်နေပြီး တည်ကြည်လေးနက်စွာ ပြောသည်။ “ဒီတိုက်ပွဲမှာ မင်းက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကြောင့် ရှုံးသွားတာ မဟုတ်ဘူး…. မီလော့နန်းတော်ရဲ့ သခင်လေးသုံးနဲ့ သခင်လေးလေးကြောင့်ပဲ… မင်း ရှုံးသွားပေမယ့် ဂုဏ်ရှိတယ်”

ချင်မူက အနည်းငယ် ဦးညွှတ်လိုက်သည်။ “အစ်ကိုနှစ်၊ မမြှောက်ပါနဲ့ဗျာ… ယိုတုစစ်ပွဲမှာလည်း ကျွန်တော် လုံးဝရှုံးနိမ့်သွားတာ မဟုတ်ပါဘူး…. အနည်းဆုံးတော့ ချင်ဖုန်းကျင့် အရွယ်ရောက်လာပြီး မြေအောက်ဘုံအရှင်သခင်ကိုလည်း ကယ်နိုင်ခဲ့တယ်လေ… အစ်ကိုနှစ်အတွက်တော့ ကျွန်တော် ရှုံးနိမ့်သွားတာဆိုပေမယ့် ကျွန်တော့်အတွက်တော့ တစ်ချိန်တည်းမှာပဲ မြေအောက်ဘုံအရှင်သခင်ကို မဟာမိတ်အဖြစ် ရလိုက်တာ”

သူက တောက်ပစွာ ပြုံးလိုက်သည်။ “အခွင့်အရေးကောင်းတစ်ခုကိုလည်း ရခဲ့သေးတယ်လေ… ကောင်းကင်နတ်ဧကရာဇ်ဟောင် နန်းတက်ပြီး လန်ရွှမ်နဲ့ ကောင်းကင်နတ်အရှင်ဟွေ့ သေသွားတယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးလည်း ပြိုလဲသွားခဲ့ရတယ်…. ‌ဒါက ရှုံးနိမ့်ကြေကွဲမှုတွေ ပြီးတဲ့နောက် မျှော်လင့်ချက်တစ်ခုပဲ”

ထိုက်ချူက လေးနက်စွာ ပြော၏။ “အတိတ်တုန်းက မင်းက ငါ့လက်ဖဝါးပေါ်မှာ ရှိခဲ့တဲ့အတွက် ငါ မင်းကို စောင့်ကြည့်ခဲ့တယ်… ယိုတုစစ်ပွဲမှာ မင်းက ငါ မျှော်လင့်ထားတာထက် သာလွန်သွားခဲ့ပြီးပြီ…. မင်းရဲ့ တိုးတက်လာမှုက တကယ်ကို မြန်တယ်…. နှစ်တစ်ရာပဲ ရှိသေးပေမယ့် ဒီအဆင့်အထိ ရောက်လာနိုင်ခဲ့တယ်… တကယ်ကို လေးစားဖို့ကောင်းပြီး အင်အားကြီးပါတယ်…ဒါပေမဲ့ ရှုံးနိမ့်မှုကြီးသုံးခုကြောင့် မင်းရဲ့ ကံကြမ္မာက နိဂုံးချုပ်သွားပြီ”

“ယိုတုစစ်ပွဲပြီးတဲ့နောက် မင်းမှာ ကောင်းကင်နတ်ဘုံအပေါ် တွန်းလှန်နိုင်တဲ့အင်အား မရှိတော့မှန်း မင်း သိသွားခဲ့တယ်… လက်နက်ချချင်ယောင်ဆောင် အချိန်ဆွဲခဲ့တယ်… အချိန်ဆွဲချင်လို့ လက်တောင် ထပ်ခဲ့သေးတယ်…. ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ်က ငါ့ထက် ထူးချွန်နေလိမ့်မယ်လို့ မင်း ထင်မထားခဲ့ဘူး မဟုတ်လား… မင်းကို သူ ဒီတစ်ခါ လွှတ်ပေးတော့မှာ မဟုတ်ဘူး… အသက်ရှင်ဖို့ကတော့ စဉ်းစားမနေနဲ့တော့”

သူက မှင်သေသေ ဆက်ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အညံ့ခံစာချုပ်ကို လက်မှတ်ထိုးခဲ့တာဆိုတော့ မင်းက အသုံးမဝင်တော့ဘူး… ကောင်းကင်နတ်ဧကရာဇ်က မင်းကို သတ်ဖို့ ငါ့ လွှတ်လိုက်တာ… ငါ့ကို ရွေးချယ်စရာနှစ်ခု ပေးခဲ့တယ်… တစ်ခုက မင်းကို သတ်ဖို့… ငါ လုပ်ကောင်းလုပ်နိုင်မှာ မဟုတ်ဘူး… ဒုတိယတစ်ခုကတော့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ ဖရိုဖရဲမြစ်ထဲ နှစ်ချဖို့ပဲ… မင်း မသေရင်တောင် အတိတ်ပြန်ရောက်သွားပြီး မီလော့နန်းတော်ရဲ့ သခင်လေးခုနှစ် ဖြစ်လာလိမ့်မယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ အကြံဉာဏ်တွေနဲ့ နည်းလမ်းတွေက တကယ်ကို ငါ့ထက် ပိုကောင်းတယ်… ငါ့ကိုလည်း သူ ဘာကြောင့်အနိုင်ယူနိုင်ခဲ့လဲဆိုတာ အခုတော့ သေချာကို သိသွားပြီ”

သူ့အနောက်တွင် မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံက ပို၍ပင် တောက်ပလာပြီး တာအိုသစ်ပင်မှ မဟာတာအိုအရှိန်အဝါတို့ကလည်း ပိုပို၍ပြင်းထန်လာသည်။ သူက အေးဆေးစွာ ပြော၏။ “မင်း တာအိုရပြီးမှ မင်းကိုယ်တိုင်နဲ့ တာအိုမရသေးတဲ့သူကြားက ကွာဟချက်က ဘယ်လောက်ကြီးမားတယ်ဆိုတာ နားလည်နိုင်မှာ…. ညီငယ်လေး၊ ငါတို့က အတိတ်တုန်းက သွေးသောက်ညီအစ်ကိုတွေ ဖြစ်ခဲ့တာ ထောက်ထားပြီး မင်းကို လွတ်လမ်းတစ်ခု ပေးမယ်… မင်း ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲ ဝင်ပြီး ဖရိုဖရဲမြစ်ထဲ ကိုယ့်ဘာသာ ခုန်ချလို့ရတယ်… မင်း သေမှာ မဟုတ်ဘူး… ပြောရရင် မင်းက မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ပဲလေ… အတိတ်စကြ၀ဠာမှာ မင်း ကောင်းကောင်းမွန်မွန် နေထိုင်အသက်ရှင်လို့ရတယ်”

ချင်မူက လက်ကို ကျောနောက်ပစ်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အရင်တုန်းက ကျွန်တော်တို့လေးယောက်က သွေးသောက်ညီအစ်ကိုတွေ ဖြစ်ခဲ့တယ်…. တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်ထဲမှာ မွေးဖွားခဲ့ကြတာ မဟုတ်ပေမယ့် တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်ထဲမှာ အတူတကွ သေချင်ကြခဲ့တယ်…. အစ်ကိုသုံးလော့ရှောင်က အစောကြီး သေခဲ့ရတယ်… ကျွန်တော်တို့သုံးယောက်က လူလိမ်တွေ… ဘယ်သူမှ သူ့ကို အဖော်မပြုခဲ့ကြဘူး… နောက်ပိုင်း အစ်ကိုကြီးလော့ရှောင်ကို အဖော်ပြုဖို့ မဟာဧကရာဇ်ကို လွှတ်ပေးနိုင်လိုက်တဲ့အတွက် ကျွန်တော် အစ်ကိုနှစ်ကို သိပ်ကို ကျေးဇူးတင်မိပါတယ်… ဒီနေ့မှာလည်း အစ်ကိုသုံးနဲ့ အစ်ကိုကြီးကို အဖော်ပြုပေးဖို့ အစ်ကိုနှစ်ကို လွှတ်ပေးရတာပေါ့”

ထိုက်ချူ၏ သူငယ်အိမ်များက အနည်းငယ် ကျုံ့၀င်သွားပြီး ဧကရာဇ်ဓားက သူ့အနောက်ရှိ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲမှ ထွက်ပေါ်လာသည်။ ဧကရာဇ်အင်အားတို့က လေထုထဲတွင် ပျံ့နှံ့သွားပြီး သူက မှင်သေသေ ပြော၏။ “ခေါင်းတလားကို မတွေ့ရသရွေ့ မျက်ရည်ကျလို့ မရသေးဘူး… မင်းမှာ ဒီလိုစိတ်ထားမျိုး ရှိနေသေးတာပဲ”

ချင်မူက ကပ်ဘေးဓားကို ဖြည်းဖြည်းချင်း ထုတ်၍ ဓားအိမ်ကို လွှတ်ပစ်လိုက်သည်။ “အစ်ကိုနှစ်၊ ကျွန်တော်လည်း အစ်ကိုကြီးကို အခွင့်အရေးတစ်ခု ပေးမယ်” သူက အေးစက်စက် ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက အခု အခြေအနေကောင်းနေပြီ… ကောင်းကင်နတ်ဧကရာဇ်ကို ကျွန်တော်နဲ့အတူ တိုက်ခိုက်မယ်ဆိုရင် အနာဂတ်မှာ တာအိုသိုင်းပညာရှင်တစ်ယောက်အနေနဲ့ နေလို့ ရဦးမယ်… အစ်ကိုကြီး သေစရာ မလိုဘူး… ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းပြီး အတိတ်စကြ၀ဠာတွေ ကျူးကျော်လာတာကို ခုခံလို့ အတိတ်တုန်းက အစ်ကိုကြီးရဲ့ အပြစ်တွေအတွက် ပေးဆပ်ကြမယ်”

ထိုက်ချူသည် ထိုက်ချူဧကရာဇ်ဓားကို ကိုင်ထားရင်း သက်ပြင်းချလိုက်၏။ ဤဓားက အစစ်အမှန်ဧကရာဇ်ဓား၏ အတုအပဖြစ်သော်လည်း သူကိုယ်တိုင် သွန်းလုပ်ထားခြင်း ဖြစ်သည်။

သူက မှုန်သုန်စွာ တုံ့ပြန်သည်။ “ငါတို့လေးယောက်က သွေးသောက်ညီအစ်ကိုတွေ…. ဒီနေ့မှာ ငါတစ်ယောက်တည်း ကျန်ခဲ့လိမ့်မယ် ထင်မထားဘူး”

ချင်မူက ဓားကို ခါလိုက်ပြီး ဓားထိပ်ကို အာရုံစိုက်ကြည့်လိုက်သည်။ သူ၏အကြည့်က ရီဝေနေသည်။ “ကျွန်တော်ရဲ့ ဘဝမှာ လောကဓံအတက်အကျတွေကို သုံးကြိမ် ခံစားခဲ့ရတယ်… အဲဒီအတက်အကျတိုင်းမှာ ကျွန်တော့်ကို အနိုင်ယူနိုင်တဲ့သူက ကျွန်တော်ကိုယ်တိုင်ပဲ… ကျွန်တော်ရဲ့ဓား ဘယ်လောက်ထက်သလဲ ဖုံးကွယ်ထားစရာ မလိုတော့ဘူး”

သူက လက်ချောင်းကို ခါလိုက်ရာ ဓားသံသည် ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။ ဓားရောင်က ဟင်းလင်းပြင်အလွှာများကို ဖြတ်သန်း၍ ကောင်းကင်တွင် ပြည့်နှက်သွား၏။

ချင်မူက ဓားကို အသာအယာလွှဲရမ်းလိုက်ရာ ဓားထိပ်သည် ကမ္ဘာဦးဘုံသို့ ရွယ်ထားသည်။ ကမ္ဘာဦးဘုံအထက်ရှိ ဓားရောင်မှာ သက်တံ့ရောင်တစ်စင်းပမာ ကမ္ဘာဦးဘုံ၏ အနောက်ကမ္ဘာမြေမှ အရှေ့ပင်လယ်အထိ ဖြာဆင်းသွားလေသည်။

ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်ဟလာပြီး သူက နူးညံ့ညံ့သာစွာ ရေရွတ်လိုက်၏။ “ချိုးဖျက်စေ”

ဤဓားရောင်ကို မြင်လိုက်ကြသည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားများက ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံဆီသို့ ချက်ချင်း လျှောက်တင်ကြသည်။ ဧကရာဇ်ယန်ဖုန်းက ပြောပြမတတ်နိုင်အောင် စိတ်လှုပ်ရှားနေသော်လည်း ဧကရာဇ်အတိုင်ပင်ခံ၏ အသွင်အပြင်ကတော့ များစွာပို၍ တည်ငြိမ်အေးဆေးနေ၏။ သူက ချက်ချင်း တာအိုဒဿနတက္ကသိုလ်သို့ သွားရောက်သည်။ “ချိုးဖျက်လိုက်တော့…” သူက ခက်ထန်စွာ အော်ဟစ်လိုက်၏။ “ကောင်းကင်မှာ ဓားရောင် ပေါ်လာပြီ… စွမ်းအင်အကူးအပြောင်းတံတားကို မြန်မြန်ဖျက်ဆီးလိုက်ကြတော့”

တာအိုဒဿနတက္ကသိုလ်တွင် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဆရာသခင်၊ တန်ခိုးရှင်သစ်ခုတ်သမား ၀မ်တျန်းကဲက ပုဆိန်မြှောက်၍ လွှဲရမ်းကာ အမိန့်တစ်ခုပြီးတစ်ခု ပေးနေသည်။ ကမ္ဘာဦးဘုံနှင့် ကောင်းကင်ဘုံများမှ ကမ္ဘာလောကအားလုံးရှိ စွမ်းအင်အကူးအပြောင်းတံတားအားလုံးမှာ ချင်းယွင်ကောင်းကင်ဘုံ တာအိုဂိုဏ်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတာအိုဂိုဏ်းတို့ကြောင့် ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။

ကောင်းကင်ဘုံများရှိ ကမ္ဘာလောကအားလုံး ပရမ်းပတာ ဆူညံနေကြသည်။ စွမ်းအင်အကူးအပြောင်းတံတားကို ဖျက်ဆီးရန် အမိန့်ပေးခံရသည့် နတ်ဘုရားများသည် စောင့်ကြပ်နေကြသော ကောင်းကင်နတ်ဘုံစစ်သည်တော်များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေကြ၏။ တိုက်ပွဲက ပြင်းထန်ရက်စက်သည်။

ကျယ်ပြန့်လှသော စကြ၀ဠာထဲတွင် တာအိုရသေ့ဆယ်ယောက်ကျော်က ကျားနက်နတ်မင်းကို ၀န်းရံလျက် သွေးသံတရဲရဲဖြင့် တိုက်ခိုက်နေကြသည်။ ဤနေရာတွင် တပ်စွဲထားသည့် မိစ္ဆာနတ်ဘုရားစစ်တပ်များသည် ရှေ့သို့ ဆက်လက်ချီတက်နေကြ၏။ တာအိုရသေ့များက ပြိုင်တူအော်ဟစ်လျက် ဓား၀င်္ကပါတစ်ခုကို ပူးပေါင်းဖွဲ့တည်လိုက်ကြပြီး တာအိုဓား၏ ကောင်းကင်ဘုံ ၂၈ ဘုံအဖြစ် ပြောင်းလဲကာ ရန်သူကို ကာဆီးလိုက်ကြသည်။

ကျားနက်နတ်မင်းက အားကုန်ပြေး၀င်သွားသည်။ သူက ဟိန်းဟောက်၍ စွမ်းအင်အကူးအပြောင်းတံတားကို အသက်သွင်းလိုက်၏။ စွမ်းအင်အကူးအပြောင်းတံတား၏ တည်ဆောက်ပုံအလွှာလွှာက ‌အပြင်သို့ ပျံ့ထွက်လာပြီး မတူညီသော အရပ်မျက်နှာများသို့ ပျံ့နှံ့သွားသည်။

ရုတ်တရက် တာအိုရသေ့တစ်ဦး၏ ခန္ဓာကိုယ်မှာ နတ်လှံတစ်လက်ဖြင့် ထိုးစိုက်ခံလိုက်ရ၏။ သူ၏ မူလဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး ယဇ်ပလ္လင်တွင် ထိုးစိုက်သွားတော့သည်။

ကျားနက်နတ်မင်းက မမြင်ချင်ယောင်ဆောင်ထားပြီး ယဇ်ပလ္လင်ကို အားကုန်အသက်သွင်းကာ မန္တန်အစီအရင်များအား ချိုးဖျက်နေ၏။

လန်းခန်းကောင်းကင်ဘုံသည် ကောင်းကင်နတ်ဘုံတွင် အင်အားအကြီးဆုံး ကောင်းကင်ဘုံတစ်ဘုံ ဖြစ်၏။ ကောင်းကင်နတ်ဘုံသည် ဤနေရာရှိ စွမ်းအင်အကူးအပြောင်းတံတားကို စောင့်ကြပ်ရန် စစ်သည်တော်ထောင်သောင်းပေါင်းများစွာ နေရာချထား၏။ သူတို့က ဤနေရာမှ ကမ္ဘာဦးဘုံသို့ အလျင်အမြန် သွားရောက်၍ ကောင်းကင်နတ်ဘုံထံ ဆောလျင်စွာ သတင်းပို့နိုင်သည်။

ထို့ကြောင့် ဤစွမ်းအင်အကူး‌အပြောင်းတံတားအား မည်သို့ဆိုစေ ဖျက်ဆီးရမည်ဖြစ်၏။ မဟုတ်လျှင် ကြိုးစားသမျှအားလုံး သဲထဲရေသွန်ဖြစ်သွားပေလိမ့်မည်။

‌တာအိုရသေ့နောက်တစ်ဦး သေဆုံးသွားသည့်အခါ ဓား၀င်္ကပါမှာ ပျောက်ကွယ်သွားသည်။ ဤနေရာတွင် တပ်ချထားသည့် ကောင်းကင်နတ်ဘုံ၏ စစ်တပ်က ကျားများ၊ ဝံပုလွေများကဲ့သို့ ခုန်၀င်လာကြပြီး ကျန်ရှိသညိ့ တာအိုရသေ့ဒါဇင်ခန့်ကို လွှမ်းမိုးသွားတော့သည်။

ကျားနက်နတ်မင်းက အံတင်းတင်းကြိတ်၍ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းလုံးအား အလယ်ဗဟိုမှ ‌ဆွဲမြှောက်လိုက်ရာ တံတားတစ်ခုလုံး ပြိုကျသွားချေပြီ။

သူက ချာခနဲ လှည့်၍ စွမ်းအင်အကူးအပြောင်းတံတား ပြိုလဲသွားသောကြောင့် လူစုကွဲသွားသည့် စစ်တပ်ထဲသို့ ပြေး၀င်သွားကာ ကျန်ရှိသည့် တာအိုရသေ့ဒါဇင်ကျော်ကို ကယ်တင်ရန် ကြိုးစားလိုက်သည်။

“ပြေးကြ…”

တာအိုရသေ့တစ်ဦးမှာ ဓားဆယ်လက်ကျော်ဖြင့် ထိုးစိုက်ခံလိုက်ရ၏။ သူ၏ ကျောတွင် အပေါက်များ ဗလပွဖြစ်သွားသည်။ သူက ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာ ခြောက်ယောက်၊ ခုနစ်ယောက်ခန့်ကို အတင်းအကြပ် တွန်းလှန်ခုခံထားရင်း ပြန်လှည့်ကြည့်ကာ ရယ်ပြသည်။ သူ၏သွားများမှာ သွေးတို့ကြောင့် ရဲရဲနီနေ၏။ “ကျွန်တော်တို့ အောင်မြင်သွားပြီ… ကျွန်တော်တို့အားလုံး အသက်ရှင်ကျန်ခဲ့တယ်… ပြေးကြပါတော့…”

ကျားနက်နတ်မင်းမှာ မျက်ရည်များ ဝိုင်းလျက် လှည့်ထွက်လာသည်။ မရေမတွက်နိုင်သော နေရာရွှေ့ပြောင်းသင်္ကေတများ ထွက်ပေါ်လာကာ သူ့ကို လွှမ်းခြုံသွားချေသည်။

သူ နေရာရွှေ့ပြောင်းသွားသည့်အချိန်မှာပင် ပြိုကျနေသော စွမ်းအင်အကူးအပြောင်းတံတားထဲမှ တာအိုရသေ့၏ အသံ ပျံ့လွင့်လာသည်။ “ငါတို့ တာအိုဂိုဏ်းက သင်္ချာနဲ့ အမှန်တရားကို သိမြင်ပြီး မဟာတာအိုကို ရှာဖွေတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တာအိုကျင့်စဉ်တွေကို အထင်မသေးနဲ့… ကောင်းကင်ကြယ်တာအိုသင်္ချာ…”

ဝုန်း…

အဆုံးသတ်မရှိသော ကြယ်တာရာအလင်းရောင်တို့က ထိုနေရာမှ ပေါက်ကွဲထွက်လာပြီး အဆက်မပြတ် လှည့်ပတ်ပြီးနောက် အပြင်သို့ ပျံ့နှံ့လာသည်။ ၎င်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ သင်္ချာပညာ၏ အဏုမြူသင်္ချာ ဖြစ်ပြီး သင်္ချာကို အသုံးပြု၍ သာမာန်မဟုတ်သော ကြယ်တာရာပေါက်ကွဲခြင်းကို လှုံ့ဆော်လိုက်ခြင်းပင်။ ကြောက်မက်ဖွယ်စွမ်းအားက မကြာခင် ထိုနေရာကို လွှမ်းခြုံသွားပေလိမ့်မည်။

“ကမ္ဘာလောကတစ်သောင်းနဲ့ ကောင်းကင်နတ်ဘုံအကြား ဆက်နွယ်ထားတဲ့ စွမ်းအင်အကူးအပြောင်းတံတားက လုံးဝပျက်စီးသွားပြီ”

ကမ္ဘာဦးဘုံအပြင်တွင် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာ၏။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်အနေနဲ့ ကောင်းကင်နတ်အရှင်ရှုကို ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာမှာ ရှိတဲ့ သက်ရှိတွေအကုန်လုံးကို သတ်ခိုင်းလိမ့်မယ် … ဒါမှမဟုတ် ရွှမ်တုကနေ ကမ္ဘာဦးဘုံတစ်ခုလုံးအပေါ် အမှောင်ထု လွှမ်းမိုးစေပြီး ရှေးဟောင်းနတ်ဘုရားဘုရင်ဆီကနေ ကပ်ဘေးတွေ လွှတ်ခိုင်းလိမ့်မယ် … အဲဒါတွေအားလုံးအတွက် ကျွန်တော့်မှာ အစီအစဉ် ရှိထားပြီးပြီ”

ထိုက်ချူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး သူ၏အနောက်ရှိ ကမ္ဘာဦးဘုံဘက်သို့ လှမ်းကြည့်လိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် လူငယ်တစ်ဦး၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် ကြီးထွားနေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသစ်ပင်ထက်ပင် ပို၍ရှည်လျားလာ၏။ သူ၏ဦးခေါင်းက တိမ်တိုက်များထဲအထိ ဝင်ရောက်နေပြီး ဦးချိုနှစ်ဖက်ကလည်း ကွေ့ကောက်လျက် ကောင်းကင်ထဲသို့ ဝင်ရောက်နေကြသည်။

“ငါ ရပ်နေတဲ့နေရာက ယိုတုပဲ”

ယိုတုဘာသာစကားက မြေအောက်ဘုံအရှင်သခင်ငယ်၏ ပါးစပ်မှ ထွက်လာသည်။ ချက်ချင်းဆိုသလို ထာဝရငြိမ်းချမ်းရေးအင်ပါယာ တည်ရှိသည့်နေရာမှာ နှစ်ခြမ်း ကွဲသွားပြီး ယိုတုအသေးစားလေးက ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် ထပ်သွားသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ရုံသည် ရွှင်ပျော်ပျော်ကျေးရွာ၏ ‌၃၃ ဘုံမြောက် ကောင်းကင်ဘုံ၌ စက္ကူလှေလေးတစ်စင်းအတွင်း၌ ထိုင်နေသည်။ သူက လက်မြှောက်၍ သူ၏ အရှေ့ရှိ မီးအိမ်ကို မီးညှိလိုက်၏။

မီးအိမ်က ထွန်းလင်းတောက်ပလာပြီး သူ၏အရိပ်သည် ချက်ချင်းပင် မြေထုကို ဖုံးလွမ်းသွားသည်။ သူ၏မူလဝိညာဉ်က အရိပ်နီးပါး ကျယ်ပြန့်လာပြီး ကမ္ဘာဦးဘုံ၏ အနောက်တွင် နောက်ထပ်ယိုတုတစ်ခုကို ဖွဲ့တည်လိုက်၏။

ယိုတုနှစ်ခုက တစ်ခုနှင့် တစ်ခု ထပ်သွားပြီး ဖုံးကွယ်မခံထားရသည့် နေရာအစွန်းများနှင့် ထောင့်များမှာ ဖုန်းတုတွင် ပေါ်လာသည်။ သေဆုံးသူတို့ ကမ္ဘာ၏ ကျောက်တိုင်များက ကြီးမားသထက် ကြီးမားလာပြီး ယွမ်တုတွင် တောင်တန်းကြီးကဲ့သို့ နေရာယူကာ ထိုနေရာများကို ကာကွယ်ပေးထားသည်။

ယမမင်း၏ ဝတ်ရုံက တဖျတ်ဖျတ် လွင့်နေပြီး သူက ဓားကို ကိုင်၍ ဖုန်းတုအား ဖုံးလွှမ်းကာ အမှောင်ထုထဲတွင် မားမားမတ်မတ် ရပ်တည်နေ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်နယ်စားမင်းက ယွမ်တု၏ အလယ်ဗဟိုသို့ ရောက်ရှိလာပြီး ကောင်းကင်နိယာမ အထွတ်အမြတ်ရတနာကို မြေကြီးထဲသို့ ထိုးစိုက်လိုက်သည်။ သူ မတ်မတ်ရပ်လိုက်သည့်အခါ ကောင်းကင်တာအိုအထွတ်အမြတ်ရတနာ ၄၉ ပါးကလည်း မြောက်တက်လာ၏။

ဝုန်း…

ကောင်းကင်လျှို့ဝှက်ချက်များ၊ ကောင်းကင်အမှန်တရားများ၊ ကောင်းကင်ရန်သူများအပါအဝင် ကျန်အထွတ်အမြတ်ရတနာများက ကမ္ဘာဦးဘုံ၏ ကောင်းကင်ပေါ်သို့ မြောက်တက်၍ အကာအရံအလွှာ ၄၉ လွှာကို ချက်ချင်း ဖန်တီးလိုက်သည်။

ကမ္ဘာဦးဘုံတွင် အတွင်းကောင်းကင်ဘုံအလွှာ ၄၉ လွှာ ရှိပြီး ကောင်းကင်ဘုံများ၏ ကြယ်တာရာများက အတွင်းကောင်းကင်ဘုံ ၄၉ လွှာတွင် ထွက်ပေါ်လာကြ၏။ နေမင်း၊ လမင်းနှင့် အရာအားလုံးက တည်ရှိနေပြီး ရွှမ်တုငယ်လေးအဖြစ် ဖွဲ့တည်လိုက်သည်။

ထိုက်ချူမှာ ဤမြင်ကွင်းကို မြင်လျှင် အက်ကွဲသော လေသံဖြင့် ပြောလိုက်၏။ “ညီငယ်လေး မင်းက သေချာပြင်ဆင်ထားတာပဲ”

ချင်မူက ပြုံးလိုက်သည်။။ “အစ်ကိုနှစ်က ကျွန်တော့်ကို ချီးကျူးလိုက်ပြီပဲ”

ဧရာမကောင်းကင်နတ်ဘုံတစ်ခုက သူ၏အနောက်တွင် ရုတ်တရက် ပေါ်လာပြီး ပလ္လင်ခန်းမ ၇၂ ဆောင်က ကောင်းကင်နန်းဆောင် ၃၆ ဆောင်ကို ဝန်းရံထားသည်။ ချင်မူ့မူလဝိညာဉ်က ဖရိုဖရဲခန်းမအရှေ့တွင် ရပ်နေပြီး သူ၏အသံက တာအိုဘာသာစကားဖြင့် ထွက်ပေါ်လာသည်။ “အစ်ကိုနှစ်၊ အစ်ကိုက ကျွန်တော် မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ဖြစ်မှန်း သိနေတာပဲ… ဒါပေမဲ့ ကျွန်တော် အတိတ်စကြ၀ဠာမှာ သခင်လေးခုနစ် ဖြစ်လာတာ မဟုတ်ဘူးဆိုတာကိုတော့ မသိဘူးမလား”

ချင်မူက သူ၏ ကောင်းကင်နတ်ဘုံအောက်တွင် ရပ်နေသဖြင့် အလွန်တရာ သေးငယ်နေသည်။ ထို့နောက် ဧရာမထိုက်ချူကြီးကို မော့ကြည့်ကာ မှင်သေသေ ပြောလိုက်၏။ “ကျွန်တော်ဟာ ဒီနေရာ၊ ဒီစကြ၀ဠာမှာပဲ မီလော့နန်းတော်ရဲ့ သခင်လေးခုနစ် ဖြစ်လာခဲ့တာ”

All Chapters