← Chapters

ခွန်ရှု့နယ်မြေ

Vol. 8 Ch. 721

ခွန်ရှု့နယ်မြေ

Vol. 8 Ch. 721

မကြာခင်မှာပင် ခွန်ရှု့နယ်မြေ၏ ကျင့်ကြံသူ အသိုင်းအဝိုင်း တစ်ခုလုံး ပွက်ပွက်ဆူ သွားလေ၏။

“သင် ကြားပြီးပြီလား ... မြေကမ္ဘာ နတ်ဘုရား ဟန်ရှီရဲ့ ဝိညာဉ်ပြား ကွဲအက်သွားပြီတဲ့ ... သူလည်း သေမျိုး ကမ္ဘာမှာ အသတ်ခံ လိုက်ရတယ် ထင်တယ် …”

“ပထမ ထျန်းမင်ကျီ နောက် မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းနဲ့ ဓားတန်ခိုးရှင် ချန်းဟယ် အခု မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ ... သေမျိုး ကမ္ဘာမှာ ဘာတွေ ဖြစ်နေတာလဲ ... ဘယ်လို သေမျိုးက ခွန်ရှု့ နယ်မြေရဲ့ အရှင်သခင်တွေကို သတ်ပစ်နိုင်ရတာလဲ”

“သေမျိုး ကမ္ဘာမှာ ထူးဆန်းတာ တစ်ခုခု ဖြစ်နေပြီ ထင်တယ်နော် …”

ခွန်ရှု့ နယ်မြေ၏ မရေ မတွက်နိုင်သော ကျင့်ကြံသူများက ချောက်ချားစွာဖြင့် ဆွေးနွေးကြသည်။

လွန်ခဲ့သည် ထောင်စုနှစ်များ အတွင်း၌ ကောင်းကင်တံခါးသည် အကြိမ်ကြိမ် ပွင့်ခဲ့ပြီး ခွန်ရှု့နယ်မြေ၏ ကျင့်ကြံသူများသည်လည်း သေမျိုး ကမ္ဘာသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကြသည်။

သို့သော်လည်း ယခုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ကြိမ်မျှ မကြုံခဲ့ဖူးချေ။ ထိုအရာက ပထမဆုံး အကြိမ်အဖြစ် ခွန်ရှု့ နယ်မြေ၏ ကျင့်ကြံသူများ သေမျိုး ကမ္ဘာတွင် အသတ်ခံရခြင်း ဖြစ်လေသည်။

***

ထိုအချိန် နှင်းနတ်ဘုရား နန်းတော် အတွင်း၌ …

“ခုအချိန်ဆို ရှောင်ဝူနဲ့ ချန်းဖန်တို့ ဘာတွေ လုပ်နေကြ မလဲ …”

လုယန်ရွယ်သည် အဝေးသို့ ငေးမောရင်း  တွေးနေခဲ့၏။

ရုတ်တရက် အေးစက် မောက်မာသော စကားသံ တစ်ခုက သူမ၏ နားစည်သို့ တိုးဝင်လာသည်။

“လုယန်ရွယ် ... စုဒြာ စာကြည့်တိုက်က ရှုပ်ပွေ နေပြန်ပြီ ... နင် ခုချက်ချင်း သွားပြီး သန့်ရှင်းလိုက်ဦး”

“ကောင်းပါပြီ ... ဂိုဏ်းတူ အမချီ”

လုယန်ရွယ်က ဦးခေါင်းကို ညွှတ်ရင်း နာခံစွာ ဆိုလိုက်၏။

ထို့နောက် သူမက စုဒြာ စာကြည့်တိုက်သို့ သွားကာ ဖုန်များကို သပ်ချေစွာဖြင့် ရှင်းလင်း လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် အနောက်မှ ထွက်ပေါ်နေသော စကားသံ အချို့ကို လျစ်လျူထား၏။

“သေမျိုး တစ်ယောက်က သူ့ ကိုယ်သူ ဘာထင်နေတယ် မသိဘူး ... ဆရာ ဒေါ်လေး ဟုန်ကြောင့်သာ မဟုတ်ရင် သူက အဆင့်နိမ့် အစေခံ တန်းလျားမှာ အလုပ်လုပ် နေရမှာ”

“ဂိုဏ်းတူအစ်မ ... စကားပြောတာ သတိထားပြီး ပြောဦး ... သူ့မှာက ရေခဲဝိညာဉ် ရင်းမြစ် ရှိတယ်တဲ့နော်”

“ဟင်းဟင်း ... နေ အနောက်က ထွက်မှပဲ သူက မြေကမ္ဘာ အဆင့်ကို ဝင်နိုင်လိမ့်မယ်”

***

ယွင်ထျန် နန်းတော်အတွင်း …

ဒေါသထွက်နေသော မြေကမ္ဘာ နတ်ဘုရား တစ်ဦးက ဒေါသတကြီးဖြင့် အော်ဟစ်ကာ ဆိုလိုက်သည်။

“ကျုပ်တို့ ဂိုဏ်းတွေ အားလုံးက ဓမ္မရတနာတွေကို စုစည်းပြီး သေမျိုး ကမ္ဘာကို ဖျက်ဆီးမှ ဖြစ်တော့မယ် …”

“ကျုပ်လည်း သင်နဲ့ အတူ လိုက်မယ် ... ဂိုဏ်း တပည့်တွေရဲ့ သေဆုံးမှုက ဘာနဲ့မှ အစားထိုးလို့ မရဘူး”

“ကောင်းကင်မိုးကြိုး ဂိုဏ်းရဲ့ ဆန္ဒကလည်း သင်တို့နဲ့ တူညီတယ်”

အမြင့်ဆုံး နေရာ၌ ထိုင်နေသော ဂိုဏ်း ခေါင်းဆောင်ကမူ ဘာမှဝင်မပြောပဲ အခြား လူများကိုသာ အကဲခတ် နေခဲ့၏။ သူ၏ မျက်ဝန်းတွင်မူ ဒေါသ အချို့က တငွေ့ငွေ့ ကျွမ်းလောင်နေသည်။

မြေကမ္ဘာ နတ်ဘုရား ဟန်ရှီကား ခွန်ရှု့ နယ်မြေတွင်ပင် အလွန် အစွမ်းထက်သူ ဖြစ်သည်။ သူ၏ ရုတ်တရက် သေဆုံးမှုက သေမျိုးကမ္ဘာတွင် ထူးဆန်းသော အရာ တစ်ခုခု ဖြစ်ပျက်နေကြောင်း ထင်ထင်ရှားရှား ညွှန်ပြနေ၏။

“ဂိုဏ်းတွေ အားလုံး ပြန်ပြီး ကောင်းကင် တံခါး ဖွင့်ဖို့ ပြင်ဆင်ထားသင့်တယ် ... ငါတို့ သေမျိုး ကမ္ဘာကို စစ်ခင်းရမယ်”

မြင့်မားသော ပလ္လင် တစ်ခုထက်တွင် ထိုင်နေသည့် တိမ်ကောင်းကင် အဘိုးအိုက ဆိုလိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် မြူနှင်း ထူထူက လွင့်နေ၏။

“ကောင်းပါပြီ …”

အခြား မြေကမ္ဘာ အဆင့်များက ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်။

***

ထိုအချိန် ခွန်ရှု့ နယ်မြေနှင့် ကမ္ဘာကို ဆက်သွယ်ထားသော နေရာ ကူးပြောင်းခြင်း အစီအရင် အတွင်း၌ …

“ဟူး ... ဟူး …”

အဇူရာ ခွန်ပန် သားရဲ တစ်ကောင်သည် သေဆုံးခြင်း စွမ်းအင်များကို ရှောင်တိမ်းရင်း ဖြတ်ကျော်နေ၏။

“ငါ့အနေနဲ့ လူသား ပုံစံနဲ့ အစီအရင်ကို ကျော်ဖြတ်နိုင်တဲ့အထိ အစွမ်း မထက်သေးဘူး ... ဘာပဲဖြဖြစ် ခွန်ပန် အသွင်ကို ရထားတာ ငါ ကံကောင်းတာပဲ ... ခွန်ပန်က ဟင်းလင်းပြင်တွေ ကြားမှာ မွေးဖွားခဲ့တဲ့ သက်ရှိ ဆိုတော့ ဒီလို အန္တရာယ်များတဲ့ ပတ်ဝန်းကျင် မျိုးမှာတောင် ရှင်သန် နိုင်တယ် …”

ချန်းဖန်က သေဆုံးခြင်း စွမ်းအား အချို့ကို ဝါးမြိုရင်း တွေးလိုက်သည်။

ပထမ၌ သူသည် လုံလောက်အောင် မသန်မာ သေးသ၍ ခွန်ရှု့ နယ်မြေကို မဝင်ရန် ဆုံးဖြတ် ထားခဲ့သည်။ သို့သော်လည်း မြေကမ္ဘာ နတ်ဘုရား ဟန်ရှီ၏ ဝင်ရောက်လာမှု အပြီး၌ အခြား လူများလည်း ဝင်မလာဟု မပြောနိုင်တော့ချေ။

“နောက်ပြီး ... ကောင်းကင် လမ်းကြောင်းက ခွန်ရှု့ နယ်မြေထဲမှာ ရှိနေတာ ... အနှေးနဲ့ အမြန် ငါ ဝင်ရမှာပဲလေ”

ချန်းဖန်သည် တွေးရင်းပင် ကောင်းကင်တံခါး အဝင်ဝ နားသို့ တဖြည်းဖြည်း ရောက်ရှိ လာခဲ့၏။ သူက အတောင်များကို ပြင်းထန်စွာ ခတ်ရင်း အော်ဟစ် လိုက်သည်။

“ပွင့်စမ်း …”

“ဘုန်း …”

ရုတ်တရက် တုန်ခါသော အသံတစ်ခုကြောင့် ကောင်းကင် တံခါး၏ အစောင့်အကြပ် တန်ခိုးရှင်များသည် သေချာစွာ စစ်ဆေးလိုက်ကြ၏။ သို့သော်လည်း အချိန် ကြာသည် အထိ ကောင်းကင် တံခါးသည် မည်သို့မျှ ထူးခြား မလာရာ သူတို့သည် ခေါင်းကို ခါရင်း မူလနေရာများ၌ ပြန်ထိုင် လိုက်ကြသည်။

***

ထိုအချိန် ကောင်းကင်တံခါးနှင့် ကီလိုမီတာ တစ်ရာခန့် အကွာ၌ …

“ခရက် …”

လေဟာနယ်သည် ရုတ်တရက် အက်ကွဲလာကာ အဇူရာ အလင်းများ ဖုံးလွှမ်းနေသည့် ခွန်ပန် သားရဲ တစ်ကောင် ထွက်ပေါ်လာ၏။

“ဘုန်း …”

ထိုသားရဲသည် အလင်းများ အသွင် ပေါက်ကွဲ၍ ပြန်လည် စုစည်းကာ ချန်းဖန်၏ အသွင်ကို ဖွဲ့စည်းသည်။

ချန်းဖန်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ ဒဏ်ရာတစ်ခု ဆိုလျှင် သူ၏ ရင်ဘတ်မှ ခါးအထိပင် ရှည်လျားသည်။

ကောင်းကင်တံခါးကို အင်အားသုံး၍ ကျော်ဖြတ်မှုက ခွန်ပန် အသွင်ဖြင့်ပင် သူ့အား ကြီးမားစွာ ထိခိုက်စေသည်။ ထိုခရီး၌ သူ၏ ခွန်အားပင်လျှင် အခြေခံ တည်ဆောက်ခြင်း အောက်ဆုံး အဆင့်သို့ လျော့ကျ သွားခဲ့ရ၏။

သို့သော်လည်း ချန်းဖန်က ထိုအရာကို ဂရုစိုက်ဟန် မရချေ။ သူက ခေါင်းကို မော့၍ လေကို ရှူသွင်းရင်း ပြုံးလိုက်သည်။

“ကောင်းလိုက်တဲ့ ချီစွမ်းအင်တွေ ... ဒီလို အရသာမျိုး မခံစားရတာ ဘယ်လောက်တောင် ကြာပြီလဲ”

ခွန်ရှု့နယ်မြေ၏ ချီထူထပ်မှုသည် ကမ္ဘာ၏ မည်သည့် နေရာထက် မဆို သာလွန်၏။

“ဟူး လား လား …”

ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်၍ စစ်ဆေးလိုက်ရာ အရှေ့ အရပ်၌ သစ်တော တစ်ခုကို တွေ့ရသည်။ ထိုသစ်တော အတွင်းရှိ သစ်ပင်များသည် မီတာ ရာချီ မြင့်မား၌ ထိုကြား၌ ထူးဆန်းသော သားရဲများ ပျော်မွေ့နေကြ၏။

“ခရက် …”

ချန်းဖန်သည် လမ်းလျှောက်ရန် ကြိုးစားလိုက်သော်လည်း နာကျင်မှုကသာ သူ၏ စိတ်အတွင်း စိုးမိုးလာသည်။ ထို့ကြောင့် သူက ခန္ဓာကိုယ်အား နတ်ဘုရား စစ်အာရုံဖြင့် စစ်ဆေးလိုက်၏။

“ငါ့ရဲ့ သွေးကြောနဲ့ အရိုးတွေ တော်တော်များများ ပျက်စီးသွားတာပဲ ... အဆိုးဆုံးက အစစ်အမှန်ချီ တစ်ဝက်လောက် ခန်းခြောက်သွားတယ် ... ဒီဟင်းလင်းပြင် အစီအရင်က ငါ့အတွက် အတော်လေး ကြီးမားပုံ ရတယ်”

ထိုဒဏ်ရာများကား သွေးပင်လယ်တွင် ရရှိခဲ့သည့် ဒဏ်ရာများထက်ပင် ပိုမို၍ များပြား သေးသည်။ သို့သော်လည်း ချန်းဖန်က စိတ်ပူခြင်း မရှိချေ။

“ကံကောင်းတာက ဒီ ခွန်ရှု့ နယ်မြေမှာ ဝိညာဉ်ချီ အရမ်း ထူထပ်နေတာပဲ ... အဇူရာ သက်ရှည် ခန္ဓာရဲ့ ပြန်လည် ကုစားနိုင်စွမ်းနဲ့ဆို သုံးလ အတွင်း ငါ အပြည့်အဝ ပြန်ကောင်း လာလိမ့်မယ် ... နောက်ပြီး ဓားသန့်စင်ခြင်း ကျောက်မျက်ထဲမှာ အလင်းမျိုးနွယ်ဝင်လည်း ကျန်သေးတယ်”

ချန်းဖန်က တွေးရင်း သစ်တောဆီသို့ ဖြည်းညင်းစွာ လျှောက် လာခဲ့၏။ ထို့နောက် သူက သစ်ပင်ကြီး တစ်ပင်၏ ခြေရင်း၌ ထိုင်ချလိုက်သည်။

“ငါ ပြန်ပြီး ကောင်းလာတာနဲ့ ခွန်ရှု့ နယ်မြေနဲ့ ပြဿနာကို ရှင်းရမယ် …”

ချန်းဖန်က သူ၏ မျက်လုံးများအား ဖြည်းညင်းစွာ ပိတ်လိုက်၏။

“ဟူး ... ဟူး …”

သူ၏ ဝင်သက် တိုင်းက  ပတ်ဝန်းကျင်ရှိ အစိမ်းရောင် ဝိညာဉ်ချီများကို စုစည်းကာ ဒဏ်ရာအား ကုသသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခွန်အားမှာလည်း လျင်မြန်စွာ ပြန်လည် မြင့်တက် လာခဲ့သည်။

အခြေခံ တည်ဆောက်ခြင်း အလယ် အဆင့် …

အခြေခံ တည်ဆောက်ခြင်း ထိပ်ဆုံး အဆင့် …

သုံးရက် ကြာပြီးနောက် ချန်းဖန်သည် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။

လဝက် ကြာပြီးနောက် ချန်းဖန်သည် ဝိညာဉ် ပင်လယ် အဆင့်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။

ဤသို့ဖြင့် ချန်းဖန်သည် ထိုင်ရာမှ မထဘဲ ဆက်လက် ကျင့်ကြံ နေခဲ့၏။ သူသည် ဆာလောင်သည့် အချိန်၌ အမတေ စုစည်းခြင်း ဆေးများကို စားသုံးကာ ဝိညာဉ်ရေများကို သောက်သည်။

တစ်ခါတစ်ရံတွင်လည်း သူသည် ဝိညာဉ် စွမ်းအားဖြင့် သစ်တော့ အတွင်းမှ သားရဲများကို ဖမ်းယူကာ ရွှေရောင် မီးတောက်ကို အသုံးပြု၍ ကင်စားသည်။

နှစ်ပတ် အတောအတွင်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ်ရှိ အပြင်ပန်း ဒဏ်ရာများကား ပျောက်ကင်း သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ နတ်ဘုရား အသွင် ရုပ်ရည်တွင် မည်သည့် ချို့ယွင်းချက်မျှ ရှိမနေတော့ချေ။

တစ်နေ့ ချန်းဖန် ကျင့်ကြံနေစဉ်မှာပင် အဝေးတစ်နေရာမှ မိန်းကလေး အသံတစ်ခု ထွက်ပေါ်လာ၏။

“အဖေ ... သမီး ဝိညာဉ်ချီတွေ တစ်နေရာကို စုစည်းသွား နေသလို အာရုံခံမိတယ် ... အဲဒါက ဝိညာဉ် ဆေးဝါးများ ဖြစ်နေမလား”

ချန်းဖန်သည် အသံနှင့် အတူ သစ်ရွက်ခြောက်ကို နင်းကျော်လာသော ခြေသံ အချို့ကိုပါ ချန်းဖန် ကြားလိုက်ရသည်။

“ရှို့အာ ... ဂရုစိုက် ... ဒီနေရာမှာ သားရဲတွေ ရှိနေနိုင်တယ်”

ဩရှရှ နိုင်သော ယောက်ျား အသံတစ်ခု ထွက်ပေါ်လာပြန်၏။

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်၍ ကြည့်လိုက်ရာ အနီရောင်ဝတ်စုံ ဝတ်ထားသည့် ငယ်ရွယ်သော မိန်းကလေး တစ်ယောက်ကို တွေ့ရသည်။ သူမနှင့် မလှမ်းမကမ်းတွင်မူ လူကြီး တစ်ဦး ရှိနေ၏။

မိန်းကလေးသည် ချန်းဖန်ကို တွေ့သည်နှင့် မျက်လုံးအစုံ ပြူးကျယ်သည်အထိ အံ့ဩသွား၏။ သူမက မျက်လုံးကို စုံပိတ်ကာ အော်ဟစ်လိုက်သည်။

“ဘာဖြစ်နေတာလဲ …”

လူကြီးက မေးလိုက်သည်။ ထို့နောက် မိန်းကလေး ညွှန်ပြရာသို့ ကြည့်လိုက်ရာ သူ ကိုယ်တိုင်လည်း ဆွံ့အ၍ သွား၏။

ချန်းဖန်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ထို့နောက် သူက ခန္ဓာကိုယ်အား ပြန်လည် ငုံ့ကြည့်လိုက်သည်။ ထိုအခါ မိန်းကလေးနှင့် လူကြီး ဖြစ်သွားသော အမူအရာကို သူ နားလည် သွား၏။

ကောင်းကင်တံခါး ဖြတ်သန်းမှုကား အလွန် ကြမ်းတမ်းရာ သူ၏ အဝတ်အစားများ အားလုံး ဖျက်ဆီးခံလိုက်၏။ ထို့ကြောင့် ယခု၌ သူ၏ ခန္ဓာကိုယ်တွင် မည်သည့် အဝတ်အစားမျှ ရှိမနေခဲ့တော့ချေ။

မြောက်ပိုင်း ကောင်းကင် အရှင်သခင်ကား ခွန်ရှု့နယ်မြေ၏ လူများကို မွေးရာပါ ဝတ်စုံဖြင့် ပထမဆုံး တွေ့ဆုံခဲ့ပြီ ဖြစ်လေသည်။

***

All Chapters