သင်က ဘယ်သူလဲ
Vol. 8 Ch. 722
“အဟမ်း …”
ထိုအခိုက်အတန့်က မြောက်ပိုင်း ကောင်းကင် အရှင်သခင်အား အနည်းငယ် အရှက်ရှစေ၏။ သူက ချက်ချင်းပင် ဝိညာဉ်ချီဖြင့် အနက်ရောင် ဝတ်စုံတစ်ခု ဖန်တီးကာ ခန္ဓာကိုယ်အား လွှမ်းခြုံ လိုက်သည်။
“ဟူး ... ဟူး …”
ချန်းဖန်၏ လှုပ်ရှားမှုကို တွေ့မြင်ပြီးနောက် အသက်လတ် လူကြီး၏ မျက်ဝန်း၌ လေးစားခြင်းများ ဖြစ်ပေါ်လာသည်။ သူက ချက်ချင်းပင် ဦးညွှတ်၍ နှုတ်ဆက် လိုက်၏။
“ကျွန်တော်က ပမွှား ကျင့်ကြံသူလေး ချီမူဖန်ပါ ... သူကတော့ ကျွန်တော်ရဲ့ သမီးလေး ရှို့အာပါ ... တွေ့ရတာ ဂုဏ်ယူမိပါတယ် တန်ခိုးရှင် ဆရာ ခင်ဗျာ”
“တန်ခိုးရှင် ဆရာ …”
ချန်းဖန်က စိတ်ထဲမှ လိုက်လံ ရေရွတ် လိုက်မိသည်။
“ကျွန်မ နာမည်က ချီရှို့အာပါရှင် ... တန်ခိုးရှင် ဆရာကို တွေ့ရတာ ဝမ်းသာပါတယ်”
မိန်းကလေးကလည်း သူမ၏ ဖခင် အတိုင်း ချန်းဖန်အား ဦးညွှတ်လိုက်သည်။
“ထလို့ရပြီ …”
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
သူသည် တစ်ချက် ကြည့်ရုံမျှဖြင့်ပင် ထိုသားအဖ နှစ်ယောက်၏ ကျင့်ကြံမှု အဆင့်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ချီမူဖန်သည် အခြေခံ တည်ဆောက်ခြင်း အလယ်ဆင့် ဖြစ်ကာ ချီရှို့အာကမူ ယခုမှ စဦး အဆင့်သို့ ရောက်ရှိသေးသည်။
“သူတို့သာ ကမ္ဘာမှာ ဆိုရင် ကျော်ကြားတဲ့ သိုင်းသမားတွေ ဖြစ်နေလောက်ပြီ”
ချန်းဖန်က စိတ်ထဲတွင်ပင် တိတ်တဆိတ် မှတ်ချက် ချလိုက်သည်။
“ငါက အင်အားကြီး ရန်သူ တစ်ယောက်နဲ့ တိုက်ခိုက်ပြီး ဒီနေရာကို လမ်းမှား ရောက်လာတာ ... ဒီနေရာက ဘယ်နေရာလဲ ... နောက်ပြီး မင်းတို့က ဘယ်သူလဲ”
ချန်းဖန်က မေးလိုက်၏။
ချီမူဖန်သည် သူ့အား သံသယ အကြည့်ဖြင့် ကြည့်နေသည့်တိုင် မိန်းကလေးကမူ ချန်းဖန်၏ စကားလုံးတိုင်းကို ယုံကြည်နေခဲ့၏။ ထို့ကြောင့် သူမက ချန်းဖန် မေးသမျှကို စိတ်ရှည် လက်ရှည် ဖြေပေးခဲ့သည်။
မိန်းကလေး၏ စကားများ အရဆိုလျှင် ယခု ရောက်ရှိနေသော နေရာမှာ မန်ကုတောင်တန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
မန်ကုတောင်တန်းသည် ခွန်ရှု့နယ်မြေ တစ်ခုလုံးကို ဖြန့်ကျက်ထားပြီး ထိုအထဲ၌ ကြမ်းတမ်းသော သားရဲများ နေထိုင် ကျက်စားသည်။ ချန်းဖန် ရှိနေသည့် သစ်တောမှာ မန်ကုတောင်တန်း၏ အစပ် တစ်နေရာသာ ဖြစ်၏။
“ဒီတောင်တန်းတွေရဲ့ အပြင်ဘက်မှာ ချီရှန်းမြို့တော် ရှိပါတယ်ရှင် ... ကျွန်မရဲ့ အဖေက မြို့တော်သခင်ပါ”
ချီရှို့အာက သူမ၏ မေးစေ့ကလေးကို မော့ရင်း ဂုဏ်ယူစွာ ဆိုလိုက်၏။
“ချီရှန်းမြို့တော်က အရှေ့မြစ်ဂိုဏ်းရဲ့ ကာကွယ်မှု အောက်မှာ ရှိနေတာပါ ... ဂိုဏ်းရဲ့ စည်းမျဉ်းတွေ အရဆိုရင် ဂိုဏ်းကို တန်ခိုးရှင် ဆရာ ရောက်နေတဲ့ အကြောင်း သတင်း ပို့ဖို့ လိုအပ်ပါတယ်”
ချီမူဖန်က ဝင်၍ ဖြည်းညင်းစွာ ဆိုလိုက်သည်။
“အရှေ့မြစ်ဂိုဏ်း ... ငါ တစ်ခါမှ မကြားဖူးဘူး ... အဲဒါက ကောင်းကင် မိုးကြိုးဂိုဏ်း လျှို့ဝှက် အဇူရာဂိုဏ်းတို့နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ”
ချန်းဖန်က မေးလိုက်၏။
ထိုနာမည်များကို ကြားသည်နှင့် ချီမူဖန်၏ မျက်နှာက အလွန် လေးနက်သွားသည်။ သူက ခန္ဓာကိုယ်ကို ဆန့်တန်းရင်း ချန်းဖန်၏ မေးခွန်းကို ဖြေလိုက်သည်။
“ကောင်းကင်မိုးကြိုးဂိုဏ်း လျှို့ဝှက် အဇူရာ ဂိုဏ်းတို့က နှစ်ထောင်ချီ သမိုင်းကြောင်း ရှိတဲ့ ကြီးကျယ် မြင့်မြတ်တဲ့ ဂိုဏ်းကြီးတွေပါ ... အရှေ့မြစ်ဂိုဏ်းကတော့ အထွတ်အထိပ် ရောက်ခဲ့တဲ့ အချိန်တုန်းကတောင် မြေကမ္ဘာ နတ်ဘုရား တစ်ပါးပဲ ပေါ်ထွက်ဖူးပါတယ် ... တန်ခိုးရှင် ဆရာက ကောင်းကင်မိုးကြိုးဂိုဏ်း ဒါမှမဟုတ် လျှို့ဝှက် အဇူရာဂိုဏ်းတို့လို ဂိုဏ်းကြီး တစ်ခုခုကလာတာ များလား”
“ဒါပေါ့ …”
ချန်းဖန်က ခေါင်းညိတ် လိုက်၏။
ချန်းဖန်၏ အဖြေကို ကြားသည်နှင့် ချီမူဖန်၏ မျက်နှာတွင် လေးစားခြင်းနှင့် ကြောက်ရွံ့ခြင်းများ ဖြတ်ပြေး သွားသည်။ ဂိုဏ်းကြီး တစ်ခုမှ တန်ခိုးရှင် ဆရာ တစ်ယောက်မှာ အရှေ့မြစ် ဂိုဏ်းချုပ်ထက်ပင် ပို၍ လေးစားမှုနှင့် ထိုက်တန်၏။
ထို့နောက် ချီမူဖန်က ချန်းဖန်အား ချီရှန်းမြို့သို့ လိုက်လည်ရန် ဖိတ်ခေါ်ခဲ့သည်။ ချန်းဖန်ကလည်း ထိုဖိတ်ခေါ်မှုကို လက်ခံခဲ့၏။
သူ၏ ဒဏ်ရာများမှာ အရှင်း မပျောက်သေးသော်လည်း ဝိညာဉ်ပင်လယ် အဆင့်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ရာ အတော်လေး ပြန်ကောင်းနေပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ချန်းဖန်သည် အရှေ့မြစ်ဂိုဏ်းကို ရင်ဆိုင်ရန် ယုံကြည်ချက် အပြည့် ရှိ၏။
“ငါ့အနေနဲ့ အလင်းမျိုးနွယ်ကို သုံးပြီး ဆေးဖော်စပ်ဖို့ ဝိညာဉ် ဆေးဝါးတွေ ရှာဖွေရမယ် ... အဲဒါမှ ဒဏ်ရာတွေ မြန်မြန် သက်သာလာမှာ”
ချန်းဖန်က တွေးလိုက်သည်။
“တန်ခိုးရှင် ဆရာက ဘယ်ဂိုဏ်းကလဲဟင် …”
“တန်ခိုးရှင် ဆရာက နတ်ဘုရားတွေကို တွေ့ဖူးမှာပေါ့နော် ... သူတို့က ဘယ်လို ပုံစံတွေရှိလဲ”
“တန်ခိုးရှင် ဆရာ ... ကျွန်မရဲ့ အမကိုလေ တန်ခိုးရှင်ဂိုဏ်း တစ်ခုက ခေါ်သွားတယ် ... နောက်ပြီး အဖေက ကျွန်မကိုပါ အဲဒီ တန်ခိုးရှင်ဂိုဏ်းကို ပို့မလို့တဲ့”
ချီရှို့အာက ချန်းဖန်ကို နားကွဲလောက်သည် အထိ တရစပ် မေးခွန်းများ မေးသည်။
ချန်းဖန်မှာလည်း စိတ်ကောင်းဝင်နေသည် ဖြစ်ရာ သူမ မေးသမျှကို ဒိုင်ခံ ဖြေပေးသည့် အပြင် ဟာသများပြင် ပြောနေလိုက်သေး၏။
ချီရှို့အာ၏ အပြစ်ကင်းသော မျက်နှာလေးကို ကြည့်ရင်း ချန်းဖန်မှာ သူ၏ တပည့် အားရှို့ကိုပင် ပြန်လည် မြင်ယောင် လာမိသည်။
“သခင်ကြီး ... သခင်မလေး …”
သစ်တောထဲမှ ထွက်ပြီးနောက် လူငယ် တစ်ယောက်က သူတို့အား အဆင်သင့် စောင့်ကြိုနေသည်။
ချန်းဖန်သည် လူငယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ် နေသော အထွတ်အထိပ် အဆင့်၏ စွမ်းအား အရိပ်အငွေ့ အချို့ကို ချက်ချင်းပင် သတိပြု လိုက်မိ၏။
“တန်ခိုးရှင် ဆရာ ... သူက မြို့တော် ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင် ချီတုန်းပါ ... ချီတုန်း ... ဒါက ဂိုဏ်းကြီး တစ်ခုက တန်ခိုးရှင် ဆရာ ချန်းပါ ... ငါတို့ရဲ့ ဧည့်သည်ပေါ့ ... သူ့ကို လေးလေးစားစား ဆက်ဆံကြပါ”
“ဂိုဏ်းကြီး တစ်ခုက တန်ခိုးရှင် ဆရာ …”
ချီတုန်းက ချန်းဖန်ကို သေချာစွာ အကဲခတ် လိုက်သော်လည်း မည်သည့် စွမ်းအား အငွေ့အသက်ကိုမျှ ခံစား၍ မရခဲ့ချေ။
“ဟမ့် …”
ရုတ်တရက် ချီတုန်း၏ မျက်နှာ၌ လှောင်ပြောင်သည့် အငွေ့အသက်အချို့ ပေါ်ပေါက်လာ၏။ သို့သော်လည်း သူက ချက်ချင်းပင် အပြုံးဖြင့် ပြန်လည် ဖုံးဖိလိုက်သည်။
ထို့နောက် သူတို့သည် ချီတုန်း၏ ကြီးကြပ်မှု အောက်တွင် မြင်းများဖြင့် ဆက်လက် ခရီးနှင် လာခဲ့၏။
နေ့တစ်ဝက်မျှ မကြာမီတွင်ပင် သူတို့သည် ချီမူဖန်၏ ချီရှန်းဟု ခေါ်သော မြို့သို့ ရောက်လာခဲ့သည်။
ချီရှန်းမြို့သည် မန်ကုတောင်တန်း၏ တောင်ခြေတွင် တည်ဆောက်ထားသော မြို့ တစ်မြို့ ဖြစ်ကာ လူဦးရေ တစ်သောင်းခန့် နေထိုင်ကြ၏။
ချီမူဖန်သည် ချန်းဖန်ကို ကြိုဆိုရန်အတွက် မြို့တော် ခန်းမတွင် စားသောက်ပွဲ တစ်ခု အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ထိုစားသောက်ပွဲသို့ ချီမိသားစု အကြီးအကဲများနှင့် ချီရှန်းမြို့ ခေါင်းဆောင်များပါ တက်ရောက်ကြ၏။ သို့သော်လည်း သူတို့အထဲ၌ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးမျှပင် ပါမနေခဲ့ချေ။
“ဒီလူတွေရဲ့ ကျင့်ကြံခြင်း အဆင့်က တော်တော်လေး နိမ့်တာပဲ ... ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်နဲ့ အထက် လူတွေကို တန်ခိုးရှင် ဆရာလို့ သူတို့ ခေါ်တာ မထူးဆန်းတော့ဘူး”
ချန်းဖန်က မှတ်ချက် ချလိုက်သည်။
ရုတ်တရက် ချီတုန်းက သူ၏ လက်ထဲမှ ကြေးခွက်ကို မြှောက်ရင်း ဆိုလိုက်၏။
“ကျုပ်က အနက်ရောင် သူရဲကောင်း အဖွဲ့ရဲ့ ခေါင်းဆောင် ချီတုန်းပါ ... တန်ခိုးရှင် ဆရာကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီတစ်ခွက် သောက်ပါရစေ ... ဒါနဲ့ စကားမစပ် တန်ခိုးရှင် ဆရာက ဂိုဏ်းကြီး တစ်ခုကပါ ဆိုတော့ ဘယ်ဂိုဏ်းကပါလဲ ... ဘယ် တန်ခိုး အဆင့်ကို ရောက်နေပါပြီလဲ”
“အပြုအမူကို ဆင်ခြင်စမ်း ... သူက ငါ ဖိတ်ခေါ်ထားတဲ့ တန်ခိုးရှင် ဆရာကွ”
ချီမူဖန်က မျက်မှောင်ကြုတ်ရင်း ဆူပူ လိုက်သည်။
“သခင်ကြီး ... ချီရှန်းမြို့လို ဝေးလံ ခေါင်ဖျားတဲ့ ဒေသကို ဘယ်တုန်းက ဂိုဏ်းကြီးတွေရဲ့ တန်ခိုးရှင် ဆရာတွေ လာဖူးလို့လဲ ... မတော်လို့ လူဆိုး ဖြစ်နေရင် ကျုပ်တို့မြို့ ဒုက္ခရောက်မှာ”
ချီတုန်းကက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့ လိုက်၏။
သူ၏ စကားက များစွာသော မြို့ ခေါင်းဆောင်များကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။
ကောင်းကင်မိုးကြိုးဏ်း၊ လျှို့ဝှက် အဇူရာဂိုဏ်းတို့ကား ခွန်ရှု့နယ်မြေ၏ ထိပ်ဆုံး နေရာတွင် ရပ်တည်နေသော ဂိုဏ်းကြီးများ ဖြစ်ကြသည်။ ထိုသို့သော ဂိုဏ်းကြီးများ၏ ပမွှား တပည့်များပင်လျှင် ယခုကဲ့သို့ ဝေးလံ ခေါင်ဖျားသည့် နေရာအား လာမည် မဟုတ်ကြချေ။
“မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား”
ချန်းဖန်က လက်ထဲမှ ဝိုင်ခွက်ကို ပြန်ချရင်း အနည်းငယ် ပြုံးလိုက်၏။
“မဟုတ်ပါဘူး ... ကျုပ်က သခင်ကြီးကို ပိုပြီး ဂရုစိုက်စေချင်ရုံပါ ... တကယ်သို့ သင်က ဂိုဏ်းကြီး တစ်ခုက ဆိုရင် ကျုပ် ဒူးထောက်ပြီး ပြန် တောင်းပန်ပါ့မယ်”
ချီတုန်းက ရိုးသား ဖြောင့်မတ်သည့် ပုံစံဖြင့် ဆိုလိုက်၏။
“ချီတုန်း ပြောတာ မှန်တယ် ... ဘယ် တန်ခိုးရှင် ဆရာက ငါတို့ ချီရှန်း မြို့လေးကို လာလည်မှာလဲ ... အရှေ့မြစ်ဂိုဏ်းရဲ့ အကြီးအကဲတွေတောင် အခွန် ကောက်ဖို့ လောက်ပဲ လာကြတာ”
“ငါတို့ မြို့တော် သခင်က သူ့ရဲ့ လှည့်ကွက်ထဲ ကျသွားခဲ့တာ ဖြစ်မယ် …”
“ငါ ချီတုန်း ပြောတာကို ထောက်ခံတယ်”
အကြီးအကဲများက တစ်ယောက် တစ်ပေါက် ဆိုလိုက်ကြသည်။
ချီမူဖန်မှာမူ မည်သည့် လုပ်ရမှန်း မသိတော့ချေ။ သူသည် ချန်းဖန်၏ အဝတ်အစား ဝတ်ဆင်ပုံကို တွေ့မြင်ပြီးနောက် တန်ခိုးရှင် ဆရာဟု တန်းကာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ချန်းဖန်၏ နောက်ကြောင်း တစ်ခုတစ်လေကိုမျှ သူ မသိခဲ့ချေ။
“သူက တကယ်ပဲ လူလိမ်များလား”
ချီမူဖန်၏ မျက်နှာ၌ သံသယ အရိပ်အယောင် များက ပေါ်လာခဲ့၏။
“ချီတုန်း ... နင် ဘာဖြစ်ချင် နေတာလဲ ... တန်ခိုးရှင် ဆရာက ဒီနေရာကို သူ လမ်းမှားပြီး ရောက်လာတာလို့ ပြောပြီးပြီလေ ... နင်က သူ့ကို လူလိမ်လို့ စွပ်စွဲနေတယ်”
ချီရှို့အာက ဒေါသတကြီး အော်ဟစ် လိုက်သည်။
“သခင်မလေး ... ကမ္ဘာကြီးက အရမ်း အန္တရာယ် များတယ် ... ဒါကို သင်ခန်းစာ တစ်ခုလို့သာ မှတ်ယူလိုက်ပါ”
ချီတုန်းက ချီရှို့အာအား ပြန်ပြောရင်း ချန်းဖန်အား စူးစိုက် ကြည့်လိုက်သည်။
“တကယ်လို့ သင်က ဂိုဏ်းကြီး တစ်ခုကဆိုရင် ဂိုဏ်း အမှတ်အသား ပြပါလား ... ကျုပ်တို့ သိသလောက် ဆိုရင် ဂိုဏ်းတွေ အားလုံးမှာ ကိုယ်ပိုင် အမှတ်အသား ရှိကြတယ် တဲ့”
လူတိုင်းက ချန်းဖန်အား ကြည့်လိုက်ကြသည်။
ချီရှို့အာပင် ချန်းဖန်ကို စိုးရိမ်စွာ ကြည့်နေခဲ့၏။ ဂိုဏ်း အမှတ်အသားမှာ ဂိုဏ်းဝင်တိုင်း၏ အသက် ဖြစ်သည်။ မည်သူမျှ မေ့ရဲကြမည် မဟုတ်ချေ။
ချန်းဖန်က အဖြေ မပေးဘဲ ဆိတ်ငြိမ်စွာပင် ဝိုင်တစ်ခွက်ကို ငှဲ့လိုက်သည်။
“တွေ့လား ... သူ့မှာ မရှိဘူး”
ချီတုန်းက အေးစက်စွာ ဆိုရင်း သူ၏ ဓားကို ဆုပ်ကိုင်လိုက်၏။
“သင်က ငါတို့ သခင်ကြီးကို လိမ်ညာခဲ့တယ် ... ကျေးဇူးပြုပြီး မြို့တော်က ထွက်သွားပေးပါ ... မဟုတ်ရင်တော့”
ချီတုန်း၏ အသံက ခြိမ်းခြောက် ခြင်းများနှင့် ပြည့်နှက်နေ၏။ ချန်းဖန်၏ နေရာတွင် သာမန် လူတစ်ယောက်သာ ဆိုပါက ကြောက်လန့်မှုဖြင့် တဆတ်ဆတ် တုန်နေလောက်ပြီ ဖြစ်သည်။
“ထွက်သွားစမ်း …”
ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းရင်း ဆိုလိုက်၏။
“ဘုန်း …”
ကြီးမားသော စွမ်းအင်လှိုင်း တစ်ခု၏ ရိုက်ခတ် မှုတွင် ချီတုန်း၏ ခန္ဓာကိုယ်က လွင့်စဉ်သွား၏။
“ ... ”
ရုတ်ခြည်းပင် စားသောက်ပွဲ တစ်ခုလုံး တိတ်ဆိတ်သွားသည်။
အားလုံးသည် ချန်းဖန်ကို မယုံကြည် နိုင်စွာဖြင့် ငေးမော ကြည့်နေကြ၏။ ချီတုန်းကား ချီရှန်းမြို၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ တစ်ဦး ဖြစ်ကာ အထွတ်အထိပ် အဆင့်ကိုပင် ရောက်ရှိ နေသူ ဖြစ်သည်။
အရှေ့မြစ် ဂိုဏ်းချုပ်ပင် ချီတုန်းအား ယခုကဲ့သို့ လွယ်လွယ်ကူကူ အနိုင်ယူနိုင်မည် မဟုတ်ချေ။
“တန်ခိုးရှင် ဆရာ ... သူက တကယ်ပဲ တန်ခိုးရှင် ဆရာပဲ”
ချီမူဖန်က တိတ်ဆိတ်မှုကို ဖြိုခွဲ၍ ချန်းဖန်အား တောင်းပန်လိုက်၏။
အခြား အကြီးအကဲများကလည်း ချန်းဖန်၏ နာမည်ဖြင့် တစ်ခွက် တစ်ဖလား မော့ကြသည်။ ချီရှို့အာကမူ ချန်းဖန်၏ နံဘေးတွင် ကပ်ထိုင်ကာ မေးခွန်းများကိုသာ တရစပ် မေးနေတော့၏။
စားသောက်ပွဲရှိ မည်သူကမျှ ချီတုန်းကို သတိ မရကြတော့ချေ။
စားသောက်ပွဲ ပြီးပြီးနောက် ချန်းဖန်သည် ချီရှန်း မြို့တွင်ပင် ဒဏ်ရာ ကုသရင်း ဆက်လက် နေထိုင်သည်။
သုံးရက် ကြာပြီးနောက် ချီမူဖန်သည် ချန်းဖန်ထံသို့ တလောတကြီးဖြင့် ရောက်ရှိ လာခဲ့၏။
“တန်ခိုးရှင် ဆရာချန်း ... အရှေ့မြစ် ဂိုဏ်းရဲ့ အကြီးအကဲတွေ လာနေပြီတဲ့”
***