← Chapters

ချန်းပေ့ရွှမ်း ရှင် ဘယ်သူလဲ

Vol. 8 Ch. 724

ချန်းပေ့ရွှမ်း ရှင် ဘယ်သူလဲ

Vol. 8 Ch. 724

ချန်းဖန်၏ အစီအစဉ် အရဆိုလျှင် ခွန်ရှု့နယ်မြေ၌ သူ လုပ်စရာ အလုပ် သုံးခု ရှိ၏။

ပထမ တစ်ခုမှာ လုယန်ရွယ်ကို ရှာဖွေရန် ဖြစ်သည်။ နှင်းနတ်ဘုရား နန်းတော်၌ သူမ အဆင်ပြေ၊ မပြေ သူမသိရသေးချေ။

ဒုတိယ တစ်ခုမှာ ခွန်ရှု့နယ်မြေရှိ ကောင်းကင် လမ်းကြောင်းအား ရှာဖွေရန် ဖြစ်သည်။ သို့မှသာ ထိုလမ်းကြောင်းကို အသုံးပြု၍ ကမ္ဘာမှ ထွက်ခွာနိုင်မည် ဖြစ်သည်။

တတိယ တစ်ခုကား ကမ္ဘာကို တိုက်ခိုက်ရန် ပြင်နေသည့် ခွန်ရှု့ နယ်မြေ၏ အရှင်သခင်များကို ဦးချိုးရန် ဖြစ်သည်။ အကယ်၍ မလုံလောက်သေးလျှင် သူ့ အနေဖြင့် သတ်ရန် ဝန်လေးမည် မဟုတ်ချေ။

သို့သော်လည်း နေရာ ကူးပြောင်းခြင်း အစီအရင် အတွင်းရှိ မုန်တိုင်းကား ပြင်းထန် လွန်းလှသည်။

နှစ်ပတ် ကြာပြီးနောက်တွင်ပင် ချန်းဖန်သည် တစ်ဝက်မျှသာ ပြန်လည် ကောင်းမွန်သေး၏။ သူ့အနေဖြင့် အပြည့်အဝ ပြန်လည် ကောင်းမွန်ဖို့ ဆိုလျှင် သုံးလခန့်အထိ စောင့်ရဦးမည် ဖြစ်သည်။ သူ့အနေဖြင့် အမြန်ဆုံး ပြန်လည် ကောင်းမွန်လိုပါက ရတနာ ဆေးဝါး အချို့ကို ဖော်စပ်ကာ စားသုံးမှ ရပေလိမ့်မည်။

“ကောင်းကင် အမတေ ဆေးမြစ် ဖီးနစ်နဂါး ကိုးကောင်သစ်သီး ရေခဲကြာပန်း ... အဲဒါတွေ အားလုံးက ရတနာ ဆေးဝါးနဲ့ တစ်ဝက်တစ်ပျက် ရတနာ ဆေးဝါးတွေလေ ... ခွန်ရှု့ နယ်မြေ တစ်ခုလုံးမှာတောင် နည်းနည်းပဲ ရှိတာ ... ကျွန်တော်တို့လို ကျင့်ကြံသူလေးတွေမှာ အဲဒီလို ဆေးဝါးတွေ ရှိဖို့ မပြောနဲ့ ... အပြင်မှာတောင် တစ်ခါမှတောင် မမြင်ဖူးပါဘူး ခင်ဗျာ …”

ချန်းဖန် ပြောသည့် ဆေးဝါး၊ ဆေးပင်များ၏ အမည်များအား ကြားပြီးနောက်၌ အရှေ့မြစ်ဂိုဏ်း ကျင့်ကြံသူ သုံးယောက်၏ မျက်နှာများကား ဖြူရော် သွားကြ၏။

“မင်းတို့ ဘာမှ မသိဘူး ဟုတ်လား ... ဒါဆို မင်းတို့က ဘာအသုံးဝင်သေးလဲ”

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မာန်မဲ လိုက်၏။

“နေ ... နေပါဦး တန်ခိုးရှင် ခင်ဗျာ ... ရေခဲ ကြာပန်း အကြောင်းကိုတော့ ကျွန်တော် ကြားဖူးပါတယ် ... အဲဒါက နှင်းနတ်ဘုရား နန်းတော်ထဲမှာ ရှိတယ်တဲ့ ... ဒါပေမဲ့ ရာစုနှစ် ငါးခု ကြာမှ တစ်ခါပဲ ပွင့်ပါတယ်”

အကြီးအကဲ ခေါင်းဆောင်က လျှင်မြန်စွာ ရှင်းပြလိုက်၏။

သူ၏ အမည်သည် ချင်းဟယ် ဖြစ်ပြီး အရှေ့မြစ်ဂိုဏ်း၏ အဆင့်နိမ့် အကြီးအကဲ တစ်ယောက် ဖြစ်သည်။

အခြား နှစ်ယောက်မှာမူ ချင်းဟယ်၏ ဂိုဏ်းတူညီများ ဖြစ်ပြီး ချင်းယွမ်နှင့် ချင်းဖန်ဟု အမည်ရကြ၏။

“ကြည့်ရတာ နှင်းနတ်ဘုရား နန်းတော်ကို ငါ သွားရတော့မယ် ထင်တယ် …”

ချန်းဖန်က သူ၏ မေးစေ့အား ပွတ်သပ် လိုက်သည်။ အခြားလူများသာ ချန်းဖန်၏ အကြံကို သိပါက သွေးအန်၍ သွားလောက်၏။

ထိုအရာကား နှင်းနတ်ဘုရား နန်းတော် ဖြစ်သည်။ ခွန်ရှု့ နယ်မြေ၏ ဂိုဏ်းကြီး ခုနစ်ခုအနက် တစ်ခု ဖြစ်သည်။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ပင် နှင်းနတ်ဘုရား နန်းတော်၏ ရတနာကို ရယူရန် မကြံစည်ရဲချေ။

ထို့နောက် ချန်းဖန်က ထိုသုံးယောက်၏ ခန္ဓာကိုယ်တွင် ကျိန်စာ အစီအရင် တစ်ခု ရေးဆွဲကာ ပြန်လွှတ်လိုက်၏။

ချီရှန်း မြို့တော် အပြင်သို့ ရောက်သည်နှင့် ချင်းဖန်က ဒေါသတကြီး ဆိုလိုက်သည်။

“ကျုပ် လုံးဝ မကျေနပ်ဘူး ... ဟိုချီမိသားစုက ခွေးကောင်လေးတွေက ကျုပ်တို့ကို ဓားနဲ့ ချိန်ရဲတယ် ... သူတို့ကို ပြန်ပြီး လက်စားချေရမှ ဖြစ်မယ်”

“နေဦး ... ငါတို့ ဒီကိစ္စကို ဆရာ့ဆီ အရင် ပြန်ပြီး တင်ပြရမယ်”

ချင်းဟယ်က မျက်မှောင်ကြုတ်ရင်း စဉ်းစဉ်းစားစားဖြင့် ဆိုလိုက်၏။

တစ်ချိန်တည်းမှာပင် ချီမိသားစုဝင် များမှာ စိုးရိမ် ပူပန်နေကြသည်။

“တန်ခိုးရှင် ဆရာချန်း ... သူတို့က အရှေ့မြစ် ဂိုဏ်းရဲ့ အကြီးအကဲတွေပါ ... တန်ခိုးရှင် ဆရာချန်းလို ဂိုဏ်းကြီးတစ်ခုရဲ့ တန်ခိုးရှင်က သူတို့ကို ကြောက်စရာ မလိုပေမဲ့ ... ကျုပ်တို့ ချီရှန်းမြို့လေးကတော့ သူတို့ အမျက်အောက်က ပြေးလွတ်ဖို့ မလွယ်ဘူး”

ချီမူဖန်က ဖြူရော်စွာ ပြုံး၍ ဆိုလိုက်၏။

“အဖေ ... ဘာလို့ စိတ်ပူ နေတာလဲ ... သမီးတို့မှာ တန်ခိုးရှင် ဆရာချန်း ရှိတယ် ... နောက်ပြီး အမကလည်း အမတေ ပေါင်းစည်းခြင်း ဂိုဏ်းရဲ့ တပည့်ပဲဟာ ... သူ ပြန်လာတာနဲ့ သမီးတို့ အရှေ့မြစ်ဂိုဏ်းကို ကြောက်စရာ မလိုတော့ဘူး”

ချီရှို့အာက အားတက်သရောဖြင့် သူမ၏ ဖခင်အား ပြောလိုက်သည်။

ချန်းဖန်က မျက်ခုံးပင့် လိုက်မိ၏။ သူသည် ချီရှို့အာထံမှ သူမ၏ အစ်မအကြောင်းကို အကြိမ်များစွာ ကြားခဲ့ရသည်။ ထို့ကြောင့် သူသည်ပင် ထိုမိန်းကလေးကို စိတ်ဝင်စား လာမိ၏။

ချီရှို့အာ၏ စကားများ အရဆိုလျှင် သူမ၏ အစ်မသည် နောက်ဆုံး တစ်ခေါက် ပြန်လာစဉ်က အထွတ်အထိပ် နောက်ဆုံး အဆင့်သို့ပင် ရောက်နေပြီဟု ဆိုသည်။ ထို့အပြင် သူမသည် အလွန် ချောမောလှပပြီး အရှေ့မြစ်ဂိုဏ်း၏ အကြီးအကဲများကပင် သဘောကျနေကြသည် ဟူ၏။

“သမီး အမက ဒီကိစ္စတွေကို ကိုင်တွယ်နိုင်တဲ့ အထိ အစွမ်း မထက်သေးဘူး …”

ချီမူဖန်က ခေါင်းကိုခါရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။ ထို့နောက် သူက ချန်းဖန်အား လေးစားစွာ ကြည့်လိုက်၏။

“ကျွန်တော်ရဲ့ သမီးလေး ရှို့အာက ငယ်ငယ်တည်းက အရမ်း ဆိုးတယ် ... တကယ်လို့ တန်ခိုးရှင် ဆရာသာ သူ့ကို တပည့်အဖြစ် လက်ခံမယ် ဆိုရင် ကျွန်တော်တို့ ချီမိသားစုက ဘာကိုမဆို ပေးဆပ်ဖို့ အဆင်သင့် ရှိပါတယ်”

ချန်းဖန်က ပြုံးရင်း ရှို့အာလေးအား ကြည့်လိုက်၏။ သူမကလည်း ချန်းဖန်အား ပြန်လည် ကြည့်ရင်း ပြုံးပြကာ မျက်နှာချို သွေးလိုက်သည်။

“ကောင်းပြီလေ …”

ချန်းဖန် စကားပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။

“အဖေ ... သမီး ရှို့အာကို အမတေ ပေါင်စည်းခြင်း ဂိုဏ်းကို ခေါ်သွား မလို့ ... အခြား လူတွေကို ဒုက္ခပေးစရာ မလိုပါဘူး”

ထို့နောက် အဖြူရောင် ဝတ်ဆင်ထားသည့် အလွန် လှပသော မိန်းကလေး တစ်ယောက် အခန်း အတွင်း ရောက်ရှိလာ၏။ သူမ ရောက်ရှိလည်နှင့် အခန်းကား ပိုမို တောက်ပသွားသယောင်ပင် ချန်းဖန် ခံစားလိုက်ရသည်။

“ချင်းဝေ့ ... သမီး ပြန်လာတာလား”

ထိုမိန်းကလေးကို တွေ့သည်နှင့် ချီမူဖန်က အနည်းငယ် အံ့အားသင့် သွား၏။ ချီရှို့အာကမူ ထိုင်ရာမှ ထကာ မိန်းကလေးအား ပြေးဖက် လိုက်သည်။

“အစ်မ …”

“ဧည့်သည် ရှေ့မှာ ကလေးဆန် မနေနဲ့ …”

ချီချင်းဝေ့က ရှု့အာ၏ နဖူးကို တွန်းရင်း ဆိုလိုက်၏။ ထို့နောက် သူမက ချန်းဖန် ဘက်သို့ လှည့်လိုက်သည်။

“ရှင်က ဘယ်ဂိုဏ်းကလဲ မသိဘူး ... အဓိက ဂိုဏ်းကြီးတွေ အားလုံးရဲ့ ကျော်ကြားတဲ့ တပည့်တွေကို ကျွန်မ သိထားပါတယ် ... ဒါပေမဲ့ ရှင့်ကိုတော့ တစ်ခါမှ မတွေ့ဖူးသလိုဘဲ”

“အဟမ်း ... ငါက အမြဲ တံခါးပိတ် ကျင့်ကြံနေတာ ... မင်း ငါ့ကို မတွေ့ဖူးတာ ပုံမှန်ပါပဲ”

မြောက်ပိုင်း ကောင်းကင် အရှင်သခင်သည် မိန်းမရွယ်လေး တစ်ယောက်ကို ရုပ်တည်ဖြင့် လိမ်ညာပြီ ဖြစ်၏။

“ဟုတ်လား …”

သို့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်က ချီချင်းဝေ့မှာ ထိုလိမ်ညာမှုကို လုံးဝ အယုံအကြည် မရှိခဲ့ခြင်းပင်။

“ဒီမိန်းကလေးက အမတေ ပေါင်းစည်းခြင်း ဂိုဏ်းရဲ့ အနာဂတ် ခေါင်းဆောင် ဖြစ်လိမ့်မယ် ထင်တယ် …”

ချန်းဖန်သည် တစ်ခဏ အတွင်းမှာပင် ချီချင်းဝေ့အား အလုံးစုံ အကဲခတ်ပြီး ဖြစ်၏။ သူ့အား အလွန်အမင်း အံ့အားသင့်စေသည်က သူမမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် တန်ခိုးရှင် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိ နေခြင်းပင်။ ထိုသို့သော ပါရမီကား နှင်းနတ်ဘုရား နန်းတော်၏ နတ်ဘုရားမလေး ချမ်ရဲ့ရွှယ်နှင့်ပင် နှိုင်းယှဉ် နိုင်၏။

မျှော်လင့်ထားသည့် အတိုင်းပင် မကြာခင် အမတေ ပေါင်းစည်းခြင်းဂိုဏ်း၏ တပည့် နှစ်ယောက် ရောက်ရှိ လာ၏။

“ဂိုဏ်းတူ အစ်မ ... ကျွန်တော်တို့ အရှေ့မြစ်ဂိုဏ်းကို သွားပြီး သတိပေး ပြီးပါပြီ ... သူတို့ ဂိုဏ်းချုပ်က နောက်တစ်ခါ ချီရှန်းမြို့ကို မနှောင့်ယှက်တော့ဘူး လို့ ကတိပေးလိုက်ပါတယ်”

“အစ်မ ... နင်က အမတေ ပေါင်းစည်းခြင်း ဂိုဏ်းမှာ ရာထူး ကြီးကြီး ရထားတာလား”

ရှို့အာက အံ့အားသင့်စွာဖြင့် အစ်မ ဖြစ်သူအား မေးလိုက်သည်။

“လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဂိုဏ်းတူ အမက ဂိုဏ်းရဲ့ မြေကမ္ဘာ အဆင့်အောက် လူအားလုံးကို တိုက်ခိုက် အနိုင်ယူခဲ့တယ်လေ ... သူက မြေကမ္ဘာ အဆင့်ကို ရောက်တာနဲ့ ဂိုဏ်းချုပ် လောင်းလျာ ဖြစ်လာတော့မှာ”

ချီချင်းဝေ့ အဖြေ မပေးရသေးခင်မှာပင် အခြားတပည့် တစ်ယောက်က ဝင်၍ ဆိုလိုက်သည်။

“ဘာကြီး …”

လူတိုင်း အံ့အားသင့် သွားကြ၏။

အမတေ ပေါင်းစည်ခြင်းဂိုဏ်း …

ထိုအရာကား နှစ်ထောင်ချီ သမိုင်းကြောင်း ရှိသော ခွန်ရှု့ နယ်မြေ၏ ဂိုဏ်းကြီး ခုနစ်ဂိုဏ်း အနက် တစ်ဂိုဏ်း ဖြစ်သည်။

သို့တိုင်အောင် ချီချင်းဝေ့သည် ထိုဂိုဏ်း၏ အနာဂတ် ဂိုဏ်းချုပ်အဖြစ် ရွေးချယ် လျာထား ခံခဲ့ရသည်။ သူမက မည်မျှ အထိ ပါရမီ မြင့်မား နေရသနည်း။

“နောက်ဆုံးတော့ ငါတို့ ချီမိသားစု ထွန်းတောက်မယ့် အချိန် ရောက်လာပြီ”

ချီမူဖန်မှာ စိတ်လှုပ်ရှားမှုကြောင့် လက်များပင် တုန်ရီလာခဲ့၏။

ချီချင်းဝေ့ကမူ တည်ငြိမ်စွာပင် ရှိနေခဲ့၏။ သူမက ချီရှို့အာဘက်သို့ လှည့်ကာ ဆိုလိုက်သည်။

“ရှို့အာ ... သိမ်းစရာ ရှိတာ သွားသိမ်းပြီး ငါနဲ့ လိုက်ခဲ့တော့ ... ကိုးလပိုင်း ကိုးရက်နေ့မှာ လမ့်တိုင် ညီလာခံ ရှိတယ် ... အဲဒီနေ့မှာ ခွန်ရှု့ နယ်မြေ တစ်ခုလုံးမှာ ရှိတဲ့ ကျင့်ကြံသူတွေ ဒေါသနဂါးမြစ်မှာ စုစည်းပြီး  ခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်ကြလိမ့်မယ် ... ငါတို့ အဲဒီကို သွားရမယ်”

“ဘာကြီး ... လမ့်တိုင် ညီလာခံက စတော့မှာလား …”

ချီရှို့အာက ရေရွတ်ရင်း ချန်းဖန်အား လှည့်ကြည့်လိုက်သည်။

“ဒါပေမဲ့ ငါ တန်ခိုးရှင် ဆရာချန်း ဆီကနေ သင်ချင်သေးတယ် ... သူက အရမ်း အစွမ်းထက်တယ် သိလား”

“ဟွန့် …”

ချီချင်းဝေ့၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူမက ချန်းဖန်အား အေးစက်စွာ ကြည့်လိုက်သည်။

“ရှင်လည်း ကျွန်မတို့နဲ့ အတူ လိုက်ပြီး ကြည့်သင့်တယ် ...”

ချန်းဖန်က ထိုဖိတ်ခေါ်မှုကို ချက်ချင်းပင် ငြင်းပယ်ရန် ပြင်လိုက်၏။ သူ့ကဲ့သို့ မြောက်ပိုင်း ကောင်းကင် အရှင်သခင်က ထိုမိန်းမ၏ စကားကို အဘယ်ကြောင့် နားထောင်ရမည်နည်း။

သို့သော်လည်း ချီရှို့အာက ချန်းဖန်ထံသို့ ပြေးလာကာ အင်္ကျီလက်အား မျှော်လင့်တကြီး ဆွဲလိုက်၏။ သူမ၏ စိတ်အား ထက်သန်နေသော မျက်နှာလေးကို ကြည့်ရင်း နောက်ဆုံး၌ ချန်းဖန်မှာ ခေါင်းကိုသာ ညိတ်လိုက်ရတော့သည်။

“ကောင်းပြီ ... ငါ နင်နဲ့ အတူ လိုက်ပေး ရမှာပေါ့”

“ဟီးဟီး ... အစ်ကိုကြီးချန်းက အကောင်းဆုံးပဲ”

ချီရှို့အာ၏ မျက်နှာက မှိုရသည့်အလား ပြုံးရွှင်သွားသည်။ ချီချင်းဝေ့မှာမူ မျက်မှောင်ကြုတ် နေခဲ့သော်လည်း မည်သို့မျှ ဝင်မပြောခဲ့ချေ။

သူတို့တွင် အချိန် များများစားစား မရှိရာ အထုပ်အပိုး ချက်ချင်းပြင်၍ ထွက်ခွာ လိုက်ကြသည်။

ချန်းဖန်မှာ ဓားအားဖြည့် ကျောက်မျက် ရှိရာ မည်သည့် အထုပ်အပိုးမျှ မလိုချေ။

သို့သော်လည်း ချီရှို့အာအတွက်မူ လုံးဝ ခြားနား၏။ သူမသည် အိတ်ကြီး ခုနစ်အိတ်ကို မနိုင်မနင်းဖြင့် သယ်လာခဲ့သည်။

သို့သော်လည်း ကံကောင်းစွာပင်  ချီချင်းဝေ့၌ သားရဲ တစ်ကောင် ပါလာခဲ့သည်။ ထိုသားရဲသည် အကြေးခွံများ ရှိသော ခြေလေးချောင်း မြေငလျင် သားရဲကြီး ဖြစ်၏။

ချန်းဖန်တို့သည် မြေငလျင် သားရဲကို စီးရင်း တစ်မြို့ဝင် တစ်မြို့ထွက် ခရီးဆက် လာခဲ့ကြသည်။ မြို့တော်သခင်တိုင်းက သူတို့အား ဂုဏ်ယူစွာ ဆီးကြို နှုတ်ဆက်ကြ၏။

ချန်းဖန်သည် ထိုအခွင့်အရေးကို ယူကာ လိုအပ်သော ဝိညာဉ်ဆေးပင်များကို သိမ်းကြုံး ဝယ်နေခဲ့သည်။ ချမ်ရဲ့ရွှယ်ကမူ ဘာမှ မပြောပဲ သူ့အား တိတ်ဆိတ်သာ လေ့လာနေခဲ့၏။

ရှို့အာလေးကမူ ချန်းဖန်အား ကူညီကာ ဆေးများ ဝယ်ပေးရင်း ဆေးဖော်စပ်ခြင်းကို လေ့လာနေခဲ့၏။ ချန်းဖန်ကလည်း သူမ မေးသမျှကို စိတ်ရှည် လက်ရှည်ဖြင့် ဖြေကြား ပေးသည်။

တစ်ရက် …

နှစ်ရက် …

သုံးရက် …

ချန်းဖန်၏ ဒဏ်ရာများကား တဖြည်းဖြည်း ပြန်လည် သက်သာ လာနေခဲ့၏။ တစ်ချိန်တည်းတွင် သူသည် ဆေး တော်တော်များများကို စုဆောင်း မိနေပြီ ဖြစ်သည်။

ဆယ်ရက်ကြာ ခရီးနှင်ပြီးနောက် သူတို့ အဖွဲ့သည် လမ့်တိုင်တောင်သို့ တဖြည်းဖြည်း နီးကပ်လာခဲ့၏။ မြို့တစ်မြို့၌ သူတို့ စခန်းချ နေစဉ်မှာပင် အရိပ် တစ်ခုက ချန်းဖန်ထံ ချည်းကပ်လာခဲ့၏။

“ချန်းပေ့ရွှမ်း ... နင်က ဘယ်သူလဲ”

ချီချင်းဝေ့၏ လှပသော မျက်နှာလေးက အလိုမကျခြင်းများနှင့် ပြည့်နှက်နေ၏။

***

All Chapters