← Chapters

လမ့်တိုင် ညီလာခံ

Vol. 8 Ch. 725

လမ့်တိုင် ညီလာခံ

Vol. 8 Ch. 725

“ငါက ဒီဂြိုဟ် တစ်ခုလုံးကို အစိုးရတဲ့ ကောင်းကင် အရှင်သခင် လို့ ပြောရင် မင်း ယုံမှာလား …”

ချန်းဖန်က အနည်းငယ် ပြုံးရင်း ပြန်လည် မေးခွန်းထုတ်လိုက်၏။

သူသည် ချီချင်းဝေ့၏ အေးစက်သော သဘောထားကို သတိပြုမိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူမသည် သူ့အား စတင် တိုက်ခိုက်ခြင်း မပြုသေးရာ သူကလည်း ရိုင်းစိုင်းမည် မဟုတ်ချေ။

“ရှင်က ရှင့်ကိုယ်ရှင် ဂိုဏ်းကြီး တစ်ခုရဲ့ တပည့်လို့ ပြောတယ် ... ဒါပေမဲ့ ဂိုဏ်းကြီးတွေ အားလုံးရဲ့ တပည့်ထဲမှာ ချန်းပေ့ရွှမ်းလို့ ခေါ်တဲ့လူ တစ်ယောက်မှ ရှိမနေဘူး ... ဘာပဲ ဖြစ်ဖြစ် ဒါတွေ ထားပါလေ ... ကျွန်မရဲ့ ညီမလေးနဲ့တော့ ဝေးဝေးမှာ နေပေးပါ”

ချီချင်းဝေ့က ချန်းဖန်အား အေးစက်စွာဖြင့် ကြည့်ရင်း ဆိုလိုက်သည်။

“ကျွန်မရဲ့ ညီမလေးက အခုမှ ကလေးပဲ ရှိသေးပါတယ် ... ရှင် ကျွန်မ ညီမကို တပည့်အဖြစ် လက်ခံတာ သူ့ရဲ့ ပါရမီ တစ်ခုတည်းကြောင့် မဟုတ်ဘူး ဆိုတာ ကျွန်မ သိတယ်”

သူမသည် ချန်းဖန်မှာ ချီရှို့အာကို အသုံးပြု၍ အမတေ ပေါင်းစည်းခြင်း ဂိုဏ်းအနာဂတ် ခေါင်းဆောင် သူမနှင့် နီးစပ်အောင် ကြံနေသည် ဟု တွေးနေပုံ ရ၏။

“ဟဟ ... ချီချင်းဝေ့ ... နင်က ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေတာပဲ”

ချန်းဖန်က ရယ်မောရင်း စကားဆက် လိုက်သည်။

“ငါက ကမ္ဘာတွေ အများကြီးကို ကျော်ဖြတ်ပြီး ခရီးသွားဖူးတယ် ... ဒါပေမဲ့ ငါက အသက်ရှင်ဖို့ ဘယ်တော့မှ မိန်းမ တစ်ယောက်ဆီမှာ မမှီခိုခဲ့ရဘူး... နောက်ပြီး နင့်ကိုယ်နင် ရှို့အာထက် ပိုပါရမီ ပါတယ်လို့ တွေးမနေနဲ့... ရှို့အာရဲ့ ပါရမီက နင့်ထက် အဆတစ်ရာ ပိုကောင်းတယ် ... သူက အနာဂတ်မှာ ကောင်းကင် တန်ခိုးရှင် အဆင့်ကိုပါ အလွယ်လေး တက်လှမ်းနိုင်လိမ့်မယ်”

မြောက်ပိုင်းကောင်းကင် အရှင်သခင် အနေဖြင့် ချန်းဖန်သည် သာမန် မိန်းမငယ်လေး တစ်ယောက်ကို လွယ်လွယ်ကူကူ သဘောကျလိမ့်မည် မဟုတ်ချေ။ သူသည် ချီရှို့အာကို တပည့် လက်ခံခဲ့ရသည့် အကြောင်းရင်းမှာ သူမ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရား သွေးကြောကြောင့် ဖြစ်သည်။

“ဟဟ...”

ချီချင်းဝေ့က လှောင်ရယ်ရယ် လိုက်၏။ ထို့နောက် သူမက ချန်းဖန်ကို ကျောခိုင်းလိုက်သည်။

“လမ့်တိုင် ညီလာခံကို အစွမ်းထက် ကျင့်ကြံသူတွေ အများကြီး လာလိမ့်မယ် ... ရှင့်ရဲ့ အပြုအမူတွေကို သတိထားပါ ... တစ်ခုခု ပြဿနာ ဖြစ်ရင် ကျွန်မ ကူညီမှ မဟုတ်ဘူး”

ချန်းဖန်ကမူ မည်သို့မျှ ပြန်ပြော မနေတော့ချေ။ သူက တိတ်ဆိတ်စွာပင် မျက်လုံးကို ပိတ်၍ ပြန်လည် ကျင့်ကြံလိုက်၏။

သူ့အနေဖြင့် ယခု အချိန်၌ အရေးကြီးဆုံးမှာ ဒဏ်ရာ ကုသရန် ဖြစ်သည်။ မိန်းမငယ်လေး တစ်ယောက်နှင့် ငြင်းခုံနေရန် မဟုတ်ပေ။

နောက်ရက်များ အတွင်း၌ ချီရှို့အာက ချန်းဖန်ထံသို့ နေ့တိုင်းလာရောက်ကာ အပြင်လောကနှင့် ပတ်သက်သော မေးခွန်းများစွာ မေး၏။

ချန်းဖန်ကလည်း သူမအား ကမ္ဘာမြေနှင့် စကြဝဠာ အကြောင်းများကို စိတ်ရှည် လက်ရှည် ပြန်လည် ရှင်းပြသည်။

“အဲဒါဆို အာကာသထဲမှာ တကယ်ပဲ ကျင့်ကြံသူတွေ ရှိတာပေါ့နော် ... သူတို့က လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထက် ပိုပြီးတော့ အစွမ်းထက်လား”

ရှို့အာက စိတ်ဝင်တစားဖြင့် မေး၏။

“တကယ့် အစစ်အမှန် ကျင့်ကြံသူ တစ်ယောက်က လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ် တစ်ဘီလျံကိုတောင် လက်တစ်ချောင်းတည်းနဲ့ သတ်နိုင်တယ် ... နောက်ပြီး သူတို့ရဲ့ သွေးတစ်စက်ကတင် ကမ္ဘာကြီး တစ်ခုလုံးကို ဆေးကြော ပစ်နိုင်တယ်လေ”

ချန်းဖန်က ရှင်းပြလိုက်သည်။

“တန်ခိုးရှင် ဆရာချန်း ... အစ်မတို့က ပြောတယ် ... ကျွန်မမှာ သဘာဝ ဝိညာဉ်ရင်းမြစ်ပဲ ရှိတယ်တဲ့ ... ဒါကြောင့် ကျွန်မ လုပ်နိုင်တဲ့ အကောင်းဆုံး အရာက ဂိုဏ်းကြီး တစ်ခုရဲ့ တပည့်ကို လက်ထပ်တာပဲတဲ့ ... ဒါပေမဲ့ ကျွန်မက အစ်မလို ဖြစ်ချင်တာ သိလား …”

ချီရှို့အာက အားငယ်စွာဖြင့် ပြောလိုက်၏။

ခွန်ရှု့နယ်မြေတွင် လူတစ်ယောက်၏ ဝိညာဉ် ရင်းမြစ်မှာ ပါရမီကို ရည်ညွှန်းသည်ဟု ယူဆကြ၏။

ဝိညာဉ်ရင်းမြစ်များ အနက် သဘာဝ ဝိညာဉ်ရင်းမြစ်မှာ အညံ့ဆုံး ဝိညာဉ်ရင်းမြစ် ဖြစ်ပြီး ၎င်း၏ အထက်၌ အဆင့်နိမ့် ဝိညာဉ် ရင်းမြစ်၊ အလယ်အလတ် ဝိညာဉ် ရင်းမြစ်၊ အဆင့်မြင့် ဝိညာဉ် ရင်းမြစ်နှင့် သာလွန် ဝိညာဉ် ရင်းမြစ်တို့ အစဉ်လိုက် ရှိ၏။

အဇူရာဂိုဏ်း သခင်လေး၊ ထန်းမင်ကျီ၊ ချမ်ရဲ့ရွှယ် စသူတို့မှာ အကောင်းဆုံး ဝိညာဉ် ရင်းမြစ်ဖြစ်သည့် သာလွန် ဝိညာဉ် ရင်းမြစ်ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။

“အရူးမလေး ... နင့်မှာ ဘာသဘာဝ ဝိညာဉ် ရင်းမြစ်မှ မရှိဘူး ... အနီရောင် မီးငှက် နတ်ဘုရား သွေးကြောပဲ ရှိတာ ... အဲဒီ အရူးတွေက သူတို့ ဘာပြောနေလဲ ဆိုတာတောင် သိတာ မဟုတ်ဘူး”

ချန်းဖန်က ရယ်မောလိုက်၏။

“အနီရောင် မီးငှက်  နတ်ဘုရား သွေးကြော …”

ရှို့အာက နားမလည်စွာ လိုက်လံ ရေရွတ် လိုက်သည်။

“အင်း ... ဟုတ်တယ် …”

ချန်းဖန်က တည်ငြိမ်စွာပင် ရှင်းပြ လိုက်သည်။

“စကြဝဠာမှာ နတ်ဘုရား သွေးကြောပေါင်း မရေမတွက်နိုင်အောင် ရှိတယ် ... ဒါပေမဲ့ အနီရောင် မီးငှက် နတ်ဘုရား သွေးကြောက သာမန် နတ်ဘုရား သွေးကြော မဟုတ်ဘူး ... မီးငှက် ဆိုတာက မီးရဲ့ ဘုရင် ကောင်းကင် သားရဲ တစ်ပါးလေ ... အဲဒီ နတ်ဘုရား သွေးကြောကို ပိုင်ဆိုင်တဲ့ ဘယ်သူမဆို အာကာသအဆင့် မဟုတ်ရင်တောင် ဝိညာဉ် အခြေတည် အဆင့်ကို အလွယ်လေး ရောက်တယ် ... နင်သာ ကြိုးစားမယ် ဆိုရင်တော့ တစ်နေ့မှာ အစစ်အမှန် တန်ခိုးရှင်တောင် ဖြစ်လာနိုင်တယ်”

နတ်ဘုရား သွေးကြောများမှာ  နတ်ဘုရား ခန္ဓာနှင့် သဘောတရားချင်း ဆင်တူ၏။ သို့သော်လည်း ခြားနားချက်ကား နတ်ဘုရား သွေးကြောများမှာ နတ်ဘုရား ခန္ဓာကဲ့သို့ ကျင့်ကြံခြင်းဖြင့် မရရှိနိုင်ချေ။

“တကယ်ကြီးလား …”

ရှို့အာလေး၏ မျက်လုံးများက တဖန် ပြန်လည်၍ တောက်ပလာ၏။

ထိုနေ့မှ စ၍ ရှို့အာသည် ပို၍ တိတ်ဆိတ် သွားသည်။ သူမသည် ချန်းဖန်ကို အသုံးမဝင်သည့် မေးခွန်းများ မေးမည့်အစား ချန်းဖန်၏ သင်ကြားမှုများကိုသာ သေချာစွာ နားထောင်ရင်း စတင် ကျင့်ကြံ နေခဲ့သည်။

အချိန်များ စီးဆင်းသွားပြီးနောက် လမ့်တိုင် ညီလာခံ ကျင်းပမည့် နေ့ရက်မှာလည်း တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လမ့်တိုင် တောင်တန်းသည် ဒေါသနဂါးမြစ် ကမ်းခြေအနီးတွင် တည်ရှိ၏။ အရှည်ဆုံး တောင်ထိပ်၏ အထက်တွင်မူ စင်မြင့်တစ်ခု ဆောက်လုပ်ထားကာ ထိုစင်မြင့်၌ ခွန်ရှု့ နယ်မြေ၏ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြိုင်ပွဲ၏ အနိုင်ရရှိသူသည် ခွန်ရှု့ နယ်မြေ၏ အုပ်ချုပ်သူ ဖြစ်လာလိမ့်မည် ဖြစ်သည်။

“တကယ်ဆို ဒီနှစ်က ခုထက် ပိုပြီး စည်ကားရမှာ ... ချမ်ရဲ့ရွှယ်တို့ ထျန်းမင်ကျီတို့ လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ သခင်လေးတို့လို လူငယ်တွေ အားလုံးက ပြိုင်ပွဲမှာ ပထမနေရာကို ယှဉ်နိုင်တဲ့အထိ အစွမ်းထက် ကြတယ် ... ဒါပေမဲ့ သေမျိုး ကမ္ဘာကို ဝင်ပြီးတဲ့ နောက်မှာ သူတို့တွေ ပျောက်သွားတယ်တဲ့”

ပရိသတ် အချို့က တီးတိုး ဆိုကြသည်။

“ခွန်ရှု့နယ်မြေမှာ ပါရမီရှင်တွေ ပေါပါတယ်ကွာ …”

အချို့က ပြန်လည် ချေပ၏။

“လဲ့ယင်ဂိုဏ်းရဲ့ လီဝမ်ချန်း နှင်းနတ်ဘုရား နန်းတော်ရဲ့ ပိုင်စုရှန်း အမတေ ပေါင်းစည်းခြင်း ဂိုဏ်းက ချီချင်းဝေ့ ... သူတို့ အားလုံးကလည်း လျှော့မတွက်သင့်တဲ့ လူတွေနော်”

“ဟုတ်တယ် ... ဒါတောက် လျှို့ဝှက် အဇူရာဂိုဏ်း ဖန်ရှင်း တောင်ကြား ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေ မပါသေးဘူး ... နောက်ပြီး ယွင်ထျန်း နန်းတော်ရဲ့ တစ်ယောက် တို့ပေါ့”

“ယွင်ထန်း နန်းတော်ရဲ့ တစ်ယောက်” ဆိုသော စကားက လူတိုင်းအား ဆိတ်ငြိမ် သွားစေ၏။

ကောင်းကင်သားတော် …

သူကား တိမ်ကောင်းကင်၏ သားဖြစ်ပြီး မွေးဖွားခါစကပင် နတ်ဘုရား စွမ်းအားကို ပိုင်ဆိုင်ခဲ့သည်ဟု အဆိုရှိသည်။ သူသည် အလွန် ထူးချွန်ရကား လျှို့ဝှက် အဇူရာဂိုဏ်း၏ သခင်လေးကပင် သူ့အား ကြောက်လန့် ရ၏။

“သူတို့တွေ အားလုံး မြေကမ္ဘာ နတ်ဘုရားတွေ ဖြစ်လာပြီး ကမ္ဘာကြီးကို စိုးမိုးမဲ့ အချိန်တွေ ငါ ကြည့်ချင်လှပြီ …”

လူအို ကျင့်ကြံသူ တစ်ယောက်က  စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

လမ့်တိုင် ညီလာခံကား မကြာခင် ကျင်းပတော့မည် ဖြစ်သည်။

ထိုညီလာခံသည် နှစ်နှစ်ဆယ်တိုင်း တစ်ကြိမ် ကျင်းပသော ညီလာခံ ဖြစ်ပြီး ခွန်ရှု့နယ်မြေ၏ အကြီးကျယ်ဆုံး အဖြစ်အပျက်တစ်ခု ဖြစ်၏။ ထိုပွဲသို့ ခွန်ရှု့ နယ်မြေ၏ မြေကမ္ဘာ အဆင့်များပင် တက်ရောက်ကြ၏။

ချီချင်းဝေ့က အဝေးရှိ မြစ်ပြင်ကို လှမ်းမျှော်ငေးရင်း ဆိုလိုက်သည်။

“ဒေါသနဂါး မြစ်ထဲမှာ နှစ်ထောင်ချီ ရေနဂါးဖြူ တစ်ကောင် ရှိတယ်တဲ့ ... သူက နှစ်နှစ်ဆယ် ကြာတိုင်း ရေပြင်ပေါ်ကို တက်လာပြီး လရောင်ကို စုပ်ယူလေ့ ရှိတယ် ... သူ့ကို ဖမ်းနိုင်တဲ့ ဘယ်သူကိုမဆို ရေနဂါးဖြူက ဆယ်နှစ်ကျင့်ကြံမှုနဲ့ ညီမျှတဲ့ စွမ်းအားကို ပေးတယ်တဲ့ ... ဒါပေမဲ့ လွန်ခဲ့တဲ့ ရာစုနှစ်တွေ အတွင်းမှာ အဲဒီလို လုပ်နိုင်ခဲ့တာ ဆိုလို့ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်နဲ့ ဓား တန်ခိုးရှင် ချန်းဟယ်တို့ပဲ ရှိခဲ့တယ်”

ချီချင်းဝေ့၏ စကားကို ကြားသည်နှင့် ချီရှို့အာက ချန်းဖန်အား ကြည့်ရင်း စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

“တန်ခိုးရှင် ဆရာချန်း ... ကျွန်မလည်း ဓားတန်ခိုးရှင် ချန်းဟယ်လို အစွမ်းထက်ပြီး နဂါးကို စွမ်းအားပေးဖို့ တွန်းအားပေး ချင်လိုက်တာ ... အဲဒါဆို အရမ်း ပျော်ဖို့ ကောင်းမှာပဲနော်”

မိန်းကလေး၏ စကားကို နားထောင်ပြီးနောက် ချန်းဖန်က ခေါင်းအား ဘယ်ပြန်ညာပြန် ခါယမ်း လိုက်သည်။

“ချန်းဟယ်က အားနည်းတယ် ... ငါ သူ့ကို လက်ချောင်း တစ်ချောင်းတည်းနဲ့ အနိုင်ယူ နိုင်တယ် ... နောက်ကို သူ့လို မဖြစ်ချင်နဲ့”

“ဟမ့် …”

ရုတ်တရက် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။

“ဓားတန်ခိုးရှင် ချန်းဟယ်က လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ အစွမ်း အထက်ဆုံး ဓားတန်ခိုးရှင်ပဲ ... ဘယ်သူက သူ့ရဲ့ ခွန်အားကို မေးခွန်းထုတ်ရဲလဲ”

ချန်းဖန်က အသံ လာရာသို့ လှည့်ကြည့်လိုက်ရာ သူ့ထံသို့ လမ်းလျှောက် လာသော လူတစ်အုပ်ကို တွေ့မြင်လိုက်ရသည်။ ထိုလူအုပ်ထဲ၌ ယောက်ျား သုံးယောက် မိန်းမ နှစ်ယောက် ပါဝင်၏။

ခေါင်းဆောင်သည် မိုးကြိုး သင်္ကေတများ ပါသည့် အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားသော ယောက်ျား တစ်ယောက် ဖြစ်သည်။ အလင်းနှင့် လျှပ်စီးက သူ၏ မျက်လုံးတွင် တစ်လှည့်စီ ဖြစ်ပေါ်နေကာ အေးစက်ခြင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

***

All Chapters