← Chapters

ပါရမီရှင်များ စုစည်းမှု

Vol. 8 Ch. 726

ပါရမီရှင်များ စုစည်းမှု

Vol. 8 Ch. 726

“သူက ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ ဝူတန့်ရှန်ပဲ ... သူက မဟာအကြီးအကဲရဲ့ ဆက်ခံသူ ဖြစ်ပြီးတော့ ကောင်းကင် မိုးကြိုးဂိုဏ်း ထဲမှာတောင် ထျန်းမင်ကျီပြီးရင် ပါရမီ အရှိဆုံးလို့ ပြောလို့ရတယ် ... နောက်ပြီး သူက အရမ်း ရန်လိုတယ်တဲ့”

လူအများကြား၌ တိုးတိတ်သော အသံများ ထွက်ပေါ်လာသည်။

သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိချေ။ သူက မောက်မာစွာပင် ဝူတန့်ရှန်အား ပြန်လည် ကြည့်လိုက်၏။

“မင်းက အရိုက်ခံချင်လို့လား …”

ချန်းဖန်၏ စကားကို ကြားသည်နှင့် လူတိုင်း တိတ်ဆိတ် သွားကြ၏။

ဝူတန့်ရှန်ကား သွေးစွန်းရသည်ကို နှစ်သက်သော တန်ခိုးရှင် တစ်ယောက် ဖြစ်သည်။ သူ့အား ရန်သူခြင်းက ကိုယ့်သေလမ်း ကိုယ်ဖောက်ခြင်းနှင့် အတူတူပင်။

“အဲဒီ လူငယ်က ဘယ်သူလဲ …”

“ငါတော့ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး ... လျှို့ဝှက်နေတတ်တဲ့ စိတ်တိုကြီး တစ်ယောက် များလား”

ပရိတ်သတ်များ အကြား၌ တီးတိုး ဝေဖန်သံများ ထွက်ပေါ်လာ၏။

“မင်း သောက်ရူးကောင် …”

ဝူတန့်ရှန်၏ မျက်နှာတွင် ဒေါသများ ဖြစ်ပေါ်လာသည်။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ ချန်းဖန်အား ရိုက်နှက်ရန် ပြင်လိုက်၏။

“ဝူတန့်ရှန် ... သူက အမတေ ပေါင်းစည်းခြင်း ဂိုဏ်းရဲ့ အစောင့် တစ်ယောက်ပဲ ... နင်တို့ နှစ်ယောက် စာရင်းရှင်းချင်ရင် ငါတို့ ထွက်သွားမှ လုပ်ဖို့ အကြံပေးချင်တယ်”

ချီချင်းဝေ့က မျက်မှောင်ကြုတ်ရင်း ဝင်ရောက် ပြောလိုက်၏။

ဝူတန့်ရှန်က အနည်းငယ် စဉ်းစားရင်း ခေါင်းညိတ် လိုက်သည်။

“ကောင်းပြီလေ ... မင်းကို ခဏတော့ ချမ်းသာ ပေးလိုက်မယ် ... ပြိုင်ပွဲပြီးတာနဲ့ ငါတို့ ပြန်တွေ့ ကြတာပေါ့”

ကြိမ်းဝါးပြီးသည်နှင့် ဝူတန့်ရှန်က ပြန်လည် ထွက်ခွာ သွားတော့၏။

ချီချင်းဝေ့က ချန်းဖန်အား အေးစက်စွာ ကြည့်လိုက်သည်။

“ဒါက ရှို့အာအတွက် ကျွန်မ ရှင့်ကို ကူညီတဲ့ နောက်ဆုံး အကြိမ်ပဲ ... ရှင့် အနေနဲ့ ကိုယ့်နေရာ ကိုယ်သိဖို့ မျှော်လင့်တယ် ...  ဒီနေရာမှာရှိတဲ့ ကျင့်ကြံသူတိုင်းက ရှင့်လို လွယ်လွယ်လေး သတ်ပစ်နိုင်တယ်”

ထို့နောက် ချီချင်းဝေ့က ချန်းဖန်အား ကျောခိုင်းကာ ထွက်ခွာသွား၏။ အမတေ ပေါင်းစည်းခြင်း ဂိုဏ်း၏ အခြား တပည့် နှစ်ယောက်ကလည်း သူမ နောက်သို့ လိုက်ပါ သွားကြသည်။

ထိုနေရာ၌ ချန်းဖန်နှင့် ချီရှို့အာတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့၏။

“တန်ခိုးရှင် ဆရာချန်း ... ဝူတန့်ရှန်က ရန်လိုတဲ့လူလို့ ကျွန်မ ကြားဖူးတယ် ... တစ်ခါကဆို သူက ကောင်းကင်မိုးကြိုးဂိုဏ်း တပည့် တစ်ယောက်ကို သုံးရက်တိတိ ညှဉ်းဆဲပြီး သတ်ပစ်ခဲ့တယ်တဲ့ ... အဲဒီ သွေးတာတဲ့ စရိုက်ကြောင့်ပဲ ကောင်းကင်မိုးကြိုးဂိုဏ်း အနာဂတ် ခေါင်းဆောင် နေရာကို ထျန်းမင်ကျီနဲ့ မယှဉ်နိုင်ခဲ့တာ”

ချီရှို့အာက ချန်းဖန်အား စိတ်ပူစွာ သတိပေးလိုက်သည်။

ချန်းဖန်က မိန်းကလေး၏ ဦးခေါင်းကို ပွတ်ပေးလိုက်၏။ ထို့နောက် သူက ယုံကြည်ချက် ရှိစွာ ဆိုလိုက်သည်။

“စိတ်မပူနဲ့ ... ငါက ဓားတန်ခိုးရှင် ချန်းဟယ်ကိုတောင် အနိုင်ယူခဲ့တာ ... သူ ငါ့ကို လာရှုပ်ရဲရင် ငါ ကောင်းကင် မိုးကြိုးဂိုဏ်း တစ်ခုလုံးကိုပါ ဖျက်ဆီး ပစ်လိုက်မယ်”

ချန်းဖန်သည် အမှန်တကယ်ပင် လိမ်ညာနေခြင်း မဟုတ်ချေ။ ဒဏ်ရာများသာ အပြည့်အဝ ပြန်ကောင်းလာပါက သူသည်  ကောင်းကင်မိုးကြိုး ဂိုဏ်းကို အခက်အခဲမရှိ ဖျက်ဆီး ပစ်နိုင်သည်။

လမ့်တိုင် ညီလာခံ ကျင်းပမည့် အချိန်ကား တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ရာ လမ့်တိုင်တောင်သို့ ခွန်ရှု့ နယ်မြေ တစ်လွှားမှ ပါရမီရှင်များ စုစည်း ရောက်ရှိ လာကြ၏။

ထိုသူများ အနက် အချို့က မောက်မာ ထောင်လွှားကာ အချို့က ဖော်ရွေ၏။ အချို့က အေးစက်ကာ အချို့က ချောမောသည်။

“ဟိုအလှလေးက တောင်ပိုင်းနိုင်ငံရဲ့ မင်းသမီးလေးပဲ ... ခွန်ရှု့နယ်မြေရဲ့ ထိပ်တန်း အလှပဂေး ဆယ်ယောက်ထဲက တစ်ယောက်ပေါ့”

“ဟိုကတုံးနဲ့ ဘုန်းကြီးက လဲ့ယင်တောင်ရဲ့ လီဝမ်ချန်းပဲ ... သူက စိန်ခန္ဓာ ကျင့်စဉ်မှာ ထူးခြားခြင်း အဆင့်ကိုတောင် ရောက်နေပြီတဲ့”

“ဖန်ရှင်းတောင်ကြားရဲ့ ကျိထျန်းယုလည်း လာတာလား …”

တောင်ပိုင်းနိုင်ငံ၏ မင်းသမီးလေသည် အသက်ရှူ မှားလောက်အောင် ချောမော လှပသည်။ သူမသည် ရှည်လျားသော ဆံပင်ကို ကျောက်စိမ်း ဆံညှပ်များဖြင့် ချည်နှောင် ထားကာ ခန္ဓာကိုယ်တွင်မူ လှပသော ဝတ်စုံကို ဆင်မြန်းထား၏။

လီဝမ်ချန်းကမူ အဖြူရောင် သင်္ကန်းကို ဝတ်ဆင်ထား၏။ သို့သော်လည်း ရိုးရှင်းသော ဝတ်စုံက သူ၏ ထူးခြားသော ရုပ်ရည်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

ကျိထျန်းယုမှာမူ မီးအလင်းများ ဝန်းရံနေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့ရကား မည်သူမျှ သူ၏ စိတ်ကို ခန့်မှန်းနိုင်ခြင်း မရှိချေ။

“တောင်ပိုင်းနိုင်ငံရဲ့ မင်းသမီးလေးက သူ့ရဲ့ အလှအပကြောင့် ကျော်ကြားတယ် ... သူ့ရဲ့ အဖေက မြေကမ္ဘာ အလယ်ဆင့် တစ်ယောက်ပဲ”

“ဖန်ရှင်းတောင်ကြား ကျိမိသားစုက ခွန်ရှု့နယ်မြေမှာ လွှမ်းမိုးနိုင်စွမ်း  အရှိဆုံး မိသားစုတွေထဲက တစ်ခုပဲ ... မိသားစု ခေါင်းဆောင် အနေနဲ့ ကျိထျန်းယုက အဓိက ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်လောက် အာဏာ ရှိတယ်”

“လီဝမ်ချန်းကတော့ သွားစဖို့ မသင့်တော်တဲ့ တစ်ယောက်ပဲ ... ငါတောင် သူ့ ခံစစ်ကို ဖျက်ဆီးနိုင်ဖို့ မလွယ်ဘူး”

ချီချင်းဝေ့က အသစ် ရောက်လာသော လူများကို ကြည့်ရင်း မှတ်ချက်ချ၏။

“ဘာပဲဖြစ်ဖြစ် ... အစ်မက အကောင်းဆုံးပဲ ... ပြိုင်ပွဲမှာ သူတို့တွေ အားလုံးကို အနိုင်ယူနိုင်ပြီး ပထမဆုရမှာ သေချာတယ်”

ချီရှို့အာက သူမ၏ အစ်မ လက်ကို ကိုင်ရင်း ဆိုလိုက်သည်။

“ပထမဆု …”

ချီချင်းဝေ့က သူမ၏ ခေါင်းအား ခါယမ်း လိုက်သည်။

“သူသာ ဝင်ပြိုင်မယ် ဆိုရင် ဘယ်သူမှ ပထမဆုကို မရနိုင်ဘူး …”

လူတိုင်းသည် ချီချင်းဝေ့ ပြောသော “သူ” မှာ မည်သူ ဖြစ်ကြောင်း နားလည်ကြ၏။

“အစ်မကလည်း ... အစ်မက အမတေ ပေါင်းစည်းခြင်းဂိုဏ်းရဲ့ အနာဂတ် ခေါင်းဆောင်ပဲဟာ ... သူ့ထက် အများကြီး အားမနည်း လောက်ပါဘူး”

ရှို့အာက မကျေမနပ်ဖြင့် ဆိုလိုက်သည်။

“ရှို့အာ ... နင်က ကောင်းကင် သားတော်ကို မမြင်ဖူးတော့ သူ ဘယ်လောက် အန္တရာယ် များလဲ ဆိုတာ ဘယ်သိပါ့မလဲ”

ချီချင်းဝေ့က ဆက်လက် ရှင်းပြလိုက်၏။

“လွန်ခဲ့တဲ့ သုံးနှစ်မှာ ကောင်းကင် သားတော်က သေမျိုး နတ်ဘုရား အဆင့်ကို ရောက်နေခဲ့ပြီ ... အခု သူ ဘယ်အဆင့် ရောက်နေမလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး”

ချီချင်းဝေ့၏ မျက်လုံးတွင် လေးစားခြင်းနှင့် ရိုသေခြင်းက ရောနှော တောက်ပနေ၏။

လီဝမ်ချန်း၊ တောင်ပိုင်းနိုင်ငံ မင်းသမီး၊ ကျိထျန်းယုတို့ ရောက်လာ အပြီး၌ ခွန်ရှု့ နယ်မြေ၏ အခြားလူငယ် ကျင့်ကြံသူ များစွာလည်း ရောက်ရှိ လာကြသည်။

“လျှို့ဝှက် အဇူရာဂိုဏ်းမှ တာအိုတန်ခိုးရှင် ချန်စွန်း …”

“ယွင်ထျန်း နန်းတော်၏ ဒုတိယ လူငယ် ခေါင်းဆောင် ယွင်ဖန်း …”

“တရှီဂိုဏ်းရဲ့ တပည့် ခေါင်းဆောင် ကျောင်းယုလုံ …”

နှင်းနတ်ဘုရား နန်းတော် ရောက်ရှိလာသည့် အချိန်၌ လူထု တစ်ခုလုံး ဆူပွက် သွားခဲ့တော့၏။

“ဟူ ... ဟူး …”

မြောက်ဘက် ကောင်းကင်၌ ကြီးမားသော အဖြူရောင် ကြိုးကြာ တစ်ကောင် ထွက်ပေါ် လာသည်။ ၎င်း၏ ကျောထက်တွင်မူ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်စု ရှိ၏။

“ဟမ့် ... ပိုင်စုရှင်း …”

တောင်းပိုင်နိုင်ငံ မင်းသမီးလေးက နှာခေါင်း ရှုံ့လိုက်၏။ သူမ၏ မျက်ဝန်းတွင်မူ မနာလိုခြင်း အရိပ်အငွေ့ အချို့က ဖြတ်ပြေးနေသည်။

ပိုင်စုရှင်း ပေါ်မလာခင် အချိန်အထိ သူမသည် လူအများ၏ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ထိုလူ အားလုံး၏ အကြည့်များကား ပိုင်စုရှင်းထံသို့ ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။

“နှင်းနတ်ဘုရား နန်းတော်မှာ ချမ်ရဲ့ရွှယ်က အလှဆုံးတဲ့ ... ပိုင်စုရှင်းတောင် ဒီလောက် လှရင် ချမ်ရဲ့ရွှယ်ဆို ဘယ်လိုတောင် နေမယ် မသိဘူး ... ချမ်ရဲ့ရွှယ် သေမျိုး ကမ္ဘာမှာ သေသွားတာ နှမြောစရာပဲ”

ကျိထျန်းယုက တီးတိုး ရေရွတ် လိုက်၏။

“ဟီးဟီး ... ငါ မနေ့က လျှို့ဝှက်ချက် တစ်ခုကို ကြားခဲ့ရတယ် ... ချမ်ရဲ့ရွှယ်ရဲ့ ဝိညာဉ်ပြားက ခုထိ ရှိနေတုန်းပဲတဲ့”

တောင်းပိုင်း နိုင်ငံ၏ မင်းသမီးလေးက ဆိုလိုက်သည်။

“ဘာကြီး …”

လူတိုင်း ဆွံ့အ သွားကြ၏။

မူလအဆင့် ငါးယောက် အပါအဝင် သေမျိုး ကမ္ဘာသို့ သွားသော ကျင့်ကြံသူတိုင်း သေဆုံး သွားပြီး နောက်တွင်ပင် ချမ်ရဲ့ရွှယ်က အသက်ရှင် နေသေးသည်လား။

ထိုအချိန်၌ ချန်းဖန်ကမူ ထောင့်တစ်နေရာတွင် ထိုင်ရင်း ဒဏ်ရာများကို ပြန်လည် ကုစား နေခဲ့၏။ သူကား မူလ အဆင့်သို့ ပြန်လည် ရောက်ရှိရန် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။

“နောက် ခြောက်ရက် အတွင်း ငါ အပြည့်အဝ ပြန်ကောင်းလာတော့မယ် ... အဲဒီအခါကျရင် ရေနဂါးဖြူကို သတ်ပြီး ဆေးဝါး အချို့ ဖော်စပ်မယ်”

ချန်းဖန်က တည်ငြိမ်စွာပင် လုပ်ရမည့်အ အစီအစဉ်များကို ချနေမိ၏။ ထိုအချိန်မှာပင် ရုတ်တရက် ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

“ကောင်းကင်သားတော် ရောက်လာပြီဟေ့ …”

***

All Chapters