← Chapters

လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်ခြင်း

Vol. 8 Ch. 728

လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်ခြင်း

Vol. 8 Ch. 728

လူတိုင်းက ဝူတန့်ရှန် ကြည့်သည့် နေရာသို့ လိုက်ကာ ကြည့်လိုက်ကြ၏။ သို့သော်လည်း သူတို့ မြင်တွေ့ရသည်က မထင်မရှား တန်ခိုးရှင် တစ်ယောက်သာ ဖြစ်သည်။

"ဝူတန့်ရှန်က ကောင်းကင်မိုးကြိုး ဂိုဏ်းရဲ့ ပါရမီရှင် တစ်ယောက်လေ ...  သူက ဘာလို့ နာမည် မရှိတဲ့ လူတစ်ယောက်ကို စိန်ခေါ်နေရတာလဲ ...  သိက္ခာကျမှာ မကြောက်တာလား"

ကျောင်းယုလုံက နားမလည်စွာ ရေရွတ် လိုက်သည်။

"ကလေး ...  ဒီကို လာခဲ့ ...   မမ မင်းကို ကာကွယ်ပေးမယ်"

တောင်ပိုင်းနိုင်ငံ၏ မင်းသမီးလေးက ချန်းဖန်အား လက်ယပ် ခေါ်လိုက်၏။

တောင်ပိုင်း နိုင်ငံသားများသည် ပွင့်လင်းသူများ ဖြစ်ကြပြီး မင်းသမီးလေးမှာလည်း သူမ၏ ရဲရင့်မှုဖြင့် ကျော်ကြားသည်။ ထို့ကြောင့်ပင် မည်သူကမျှ ထိုအရာကို အံ့အား မသင့်ကြချေ။

"အရှက်မရှိလိုက်တာ ... "

ချီရှို့အာက တောင်ပိုင်း မင်းသမီးလေးအား မျက်စောင်း ထိုးလိုက်၏။

"ဟူး ...  ဟူး ... "

ထိုအချိန်၌ ချန်းဖန်မှာမူ နေရာတွင်ပင် မျက်လုံးကို မှိတ်ကာ ထိုင်နေဆဲ ဖြစ်သည်။ သူ၏ အသက်ရှူခြင်းက ဒေါသနဂါးမြစ်၏ စီးဆင်းမှုနှင့် လိုက်လျောညီထွေ မြောလွင့် နေ၏။ သို့သော်လည်း ဝူတန့်ရှန်နှင့် အခြား မြေကမ္ဘာ အဆင့်များမှာ ထိုအရာကို သတိ မထားမိ ကြချေ။

"ဘာလဲ ...  လေကျယ်ကောင်လေး ...   မင်း ကြောက်နေတာလား ...  မတိုက်ရဲဘူး ဆိုရင်လည်း ဒူးထောက်ပြီး တောင်းပန် ...  ငါ မင်း အသက်ကို ချမ်းသာပေးမယ် ...  ဟားဟား ... "

ဝူတန့်ရှန်က ရယ်မောရင်း မောက်မာစွာ ပြော လိုက်သည်။ သို့သော်လည်း ချန်းဖန်က သူ့အား အဖက်လုပ်ရန် မဆိုထားနှင့်။ မျက်လုံးကိုပင် ဖွင့်၍ မကြည့်ခဲ့ချေ။ ယခု တစ်ကြိမ်တွင်မူ လီဝမ်ချန်းပင် မျက်မှောင်ကြုတ် သွားခဲ့၏။ သူက ချန်းဖန်အား ကြည့်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

"ရောင်းရင်း ...  သင့်အနေနဲ့ လမ့်တိုင် ညီလာခံ တက်လာပြီ ဆိုရင် စိန်ခေါ်မှုကို ငြင်းလို့ မရဘူး ...  သင် လက်မခံချင်ဘူး ဆိုရင် တောင်ထိပ်ကနေ ထွက်သွားပေးပါ" သို့တိုင်အောင် ချန်းဖန်က လှုပ်ပင် လှုပ်မလာ သေးချေ။

"ဒီကောင်စုတ်ကတော့ ... "

ချီချင်းဝေ့က စိတ်ပျက် လက်ပျက်ဖြင့် ခေါင်းအား ခါယမ်း လိုက်၏။ ထိုအကောင်ကား အမှန်ပင် အရှက်မဲ့ကာ ခေါင်းမာလွန်းသည်။

"တော်ကြတော့ ... "

နောက်ဆုံး၌ ကောင်းကင်သားတော်က ပြဿနာအား ဝင်ရောက် ဖြေရှင်းရန် ကြိုးစား လိုက်၏။ ဝူတန့်ရှန်က တိတ်ဆိတ်စွာပင် ခေါင်းကို ညိတ်ရင်း သူ၏ နေရာ၌ ပြန်လည် ထိုင်လိုက်သည်။ ထို့နောက် သူက မကျေမနပ်ဖြင့် ဆိုလိုက်၏။

"အဲဒီ သောက်ကလေးက အရမ်းကို လေကြီးတယ် ...  ညီလာခံ မစခင်တုန်းက ဓားတန်ခိုးရှင် ချန်းဟယ်ကိုတောင် လက်တစ်ဖက်တည်းနဲ့ အနိုင်ယူ နိုင်တယ် လို့ သူက ကြွားနေတာ ...  အဲဒါကြောင့် ကျုပ်က သူ့ကို သင်ခန်းစာ ပေးချင်နေတာ"

ဝူတန့်ရှန်း၏ စကားအား ကြားပြီးနောက် မြေကမ္ဘာ အဆင့်များပင် မျက်လုံးများ ပြူးကျယ် သွားသည်။ ဓားတန်ခိုးရှင် ချန်းဟယ်ကား ခွန်ရှု့ နယ်မြေ၏ ပုံရိပ် ကြီးမားသည့် နာမည်ကျော် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ့အား မည်သူမျှ ထိုသို့ မစော်ကား ဝံ့ကြချေ။

"တကယ်ပဲလား ... "

ကောင်းကင် သားတော်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သူကား ဓားတန်ခိုးရှင် ချန်းဟယ်ကို အလွန် လေးစားသူ တစ်ယောက် ဖြစ်ရာ ထိုသို့သော အပြုအမူမျိုးကို လက်မခံနိုင်ချေ။ လျှို့ဝှက် အဇူရာ ဂိုဏ်းမှ တာအို တန်ခိုးရှင် ချန်းစွန်းက ထိုင်ရာမှ  ထကာ ချန်းဖန်အား ဒေါသတကြီး ကြည့်လိုက်၏။

"သောက်ခွေးကောင်လေး ...  ဓားတန်ခိုးရှင် ချန်းဟယ်က ငါ့ဆရာကွ ...  မင်း စော်ကားချင်တိုင်း စော်ကားလို့ ရတဲ့သူ မဟုတ်ဘူး"

ယခု တစ်ကြိမ်တွင်မူ တောင်ပိုင်း နိုင်ငံ၏ မင်းသမီးလေးမှာ တိတ်ဆိတ် ငြိမ်ကုပ် သွားတော့၏။ သူမသည် အလွန် ရဲရင့်သော်လည်း ထိုဒေါသထွက်နေသည့် လူအုပ်ကြီးကို ရင်မဆိုင်ရဲချေ။

"အစ်မ ... "

ချီရှို့အာက ချီချင်းဝေ့အား အားကိုးတကြီးဖြင့် ကြည့်လိုက်၏။ သူမကား ငိုတော့မလိုပင် ဖြစ်နေခဲ့သည်။

"အဲဒါက သူ့အမှားပဲ ...  သူ့ ဘာသာသူ ဖြေရှင်းပါစေ ...  ငါ သူ့ကို အခု ကယ်လိုက်နိုင်ရင်တောင် အမြဲတမ်း လိုက်ပြီး ကယ်နိုင်မှာ မဟုတ်ဘူး"

ချီချင်းဝေ့က အေးစက်စွာဖြင့် ဆိုလိုက်သည်။

"ဒါပေမဲ့ ..."

ချီရှို့အာက ထိုစကားမှာ တန်ခိုးရှင် ဆရာချန်း ဟာသလုပ်ပြောနေခြင်းဟု ပြောချင် နေသော်လည်း  သူ့အစ်မ၏ စူးရဲသော အကြည့်ကြောင့် ပါးစပ်ကိုသာ ပိတ်ထား လိုက်ရတော့၏။

"စိတ်လျှော့ ချန်းစွန်း ...  ငါ အရင် အဲကောင်နဲ့ ရှင်းလိုက်ဦးမယ်"

ဝူတန့်ရှန်က တာအို တန်ခိုးရှင် ချန်းစွန်းအား သွားဖြဲကာ ပြုံးလိုက်၏။ ထို့နောက် သူက ချန်းဖန်အား လမ့်တိုင် တောင်ထိပ်မှ ကန်ချရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ချန်းဖန်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာသည်။ စိတ်ရှုပ်ခြင်းက သူ၏ အကြည့်တွင် စိုးမိုးနေ၏။ သူက ထိုင်ရာမှ ထကာ ဝူတန့်ရှန် ဘက်သို့ လှည့်လိုက်သည်။

"ငါ့ဘာသာ ကျင့်ကြံနေတာကို မင်း ဘာလို့ လာရှုပ်တာလဲ"

"မင်းက ငါ့ဆရာကို စော်ကားတယ် လို့ ဝူတန့်ရှန်က ပြောတယ် ...  အဲဒါ အမှန်ပဲလား"

တာအိုတန်ခိုးရှင် ချန်းစွန်းက အမူအရာ ကင်းမဲ့စွာပင် ချန်းဖန်အား မေးလိုက်သည်။ သို့သော်လည်း ချန်းဖန်က သူ့အား လျစ်လျူကာ ဝူတန့်ရှန်ကိုသာ စူးစိုက် ကြည့်နေခဲ့၏။

"မင်းက ငါ့ကို တောင်ခြေမှာ စတွေ့ ကတည်းက မလေးစား ပြုမူခဲ့တယ် ...  ငါ့ကို စော်ကားချင်တိုင်း စော်ကားလို့ ရတဲ့သူလို့ ထင်နေတာလား"

"စော်ကားတော့ ဘာဖြစ်လဲကွာ ... "

ဝူတန့်ရှန်က ဂရု မစိုက်စွာဖြင့် နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်၌ လျှပ်စီး အလင်းနှင့် မိုးကြိုး စွမ်းအားက စတင် တောက်ပလာ၏။

"လာစမ်း ..."

ချန်းဖန်က ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ သူ၏ လက်ကို ဆန့်ထုတ်လိုက်၏။

"ဟူး ...  ဟူး ... "

ရုတ်ချည်းပင် သန်မာသော စုပ်အား တစ်ခု ပေါ်ပေါက်လာကာ ဝူတန့်ရှန်အား ချန်းဖန်ထံ ဆွဲယူသည်။

"သွားစမ်း ..."

ဝူတန့်ရှန်က သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အသုံးပြုပြီး စုပ်အား၏ ဆွဲယူမှု အောက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ထိုအရာက အသုံးမဝင်ခဲ့ချေ။

"ခုရော ဘယ်လိုလဲ ... "

ချန်းဖန်က ရုန်းကန်နေသော ဝူတန့်ရှန်၏ လည်မြိုကို ဖမ်းဆုပ်ရင်း လှောင်ပြုံး ပြုံးလိုက်၏။

"သောက်ရူးကောင် ...  ငါ့ကို လွှတ်ပေးစမ်း"

ဝူတန့်ရှန်၏ မျက်နှာတစ်ခုလုံးကား ဒေါသဖြင့် နီရဲ နေခဲ့ပြီ ဖြစ်လေသည်။ သူသည် ဘဝ တစ်လျှောက်လုံး၌ ထိုသို့ အရှက်ကွဲမှုမျိုး တစ်ခါမှ မကြုံခဲ့ဖူးချေ။

"ချန်းပေ့ရွှမ်း ...  ငါမင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖမ်းပြီး ဖျက်ဆီး ပစ်မယ်လို့ ကျိန်ဆို ..."

"ဘုန်း ... "

သူ၏ စကားမဆုံးခင်မှာပင် ချန်းဖန်က သူ၏ လည်ပင်းကို ဆွဲ၍ မြေပြင်ပေါ် ကိုင်ပေါက်ပစ် လိုက်၏။

"ခရက် ... "

ရုတ်တရက် အရိုးကျိုးသံ သဲ့သဲ့ ထွက်ပေါ် လာသည်။ လူတိုင်းသည် လုံးဝ တိတ်ဆိတ် ဆွံ့အ နေကြ၏။ သူတို့သည် ချန်းဖန်အား မွန်းစတား တစ်ကောင် အလား ငေးကြောင်ကာ ကြည့်နေမိသည်။

ဝူတန့်ရှန်ကား ကောင်းကင်မိုးကြိုးဂိုဏ်း၏ ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူသည် ချီချင်းဝေ့၊ လီဝမ်ချန်း တို့လောက် အစွမ်း မထက်သည့်နှင့် တန်ခိုးရှင် အထွတ်အထိပ် အဆင့်တွင် ရှိနေသူ ဖြစ်သည်။ သူ့အား ယခုကဲ့သို့ အနိုင်ယူရန်မှာ အမှန်ပင် မလွယ်ကူ လှချေ။ ထိုမြင်ကွင်းကို ကြည့်ရင်း ချီချင်းဝေ့ပင်လျှင် တိတ်ဆိတ် နေခဲ့၏။  သူမသည် ချန်းဖန် ထိုမျှ အစွမ်းထက်မည်ဟု တစ်ခါမျှ မတွေးခဲ့ချေ။

"ရောင်းရင်း ...  အခြားလူတွေရဲ့ မျက်နှာကို ထောက်ပြီး သူ့ကို လွှတ်ပေးလိုက်ပါ"

မိုးကြိုးတောင်မှ လီဝမ်ချန်းက အရှေ့သို့ ထွက်လာကာ ဆိုလိုက်သည်။

"ဝူတန့်ရှန်က ရိုင်းစိုင်းခဲ့တယ် ဆိုပေမဲ့ သူက ငါ့ဆရာ အတွက် လုပ်ခဲ့တာ ...  မင်း ဆက်ပြီး တိုက်ခိုက်ချင်တယ် ဆိုရင် ငါ မင်းကို အဖော်ပြု ပေးမယ်"

တာအို တန်ခိုးရှင် ချန်းစွန်းကလည်း ပြောလိုက်သည်။

"မင်း ခွေးကောင် ...  ငါ့ကို အလစ်တိုက်ပြီး နိုင်တာကို ဂုဏ်ယူ မနေနဲ့ ...  သတ္တိရှိရင် ... "

ဝူတန့်ရှန်က လဲကျ နေရာမှ ဒေါသတကြီး ဆိုလိုက်သည်။ သူသည် ပါးစပ်ကို မဟနိုင်ရာ စကား ပြောရာ၌ နတ်ဘုရား စိတ်အာရုံကိုသာ အသုံးပြု နေရ၏။ သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် ချန်းဖန်က ဆောင့်ကန်လိုက် ပြန်သည်။

"ဘုန်း ... "

ဝူတန့်ရှန်၏ ခန္ဓာကိုယ်သည် အနားရှိ ကျောက်နံရံ တစ်ခုထံ လွင့်စဉ်ကာ ချိုင့်ဝင် သွား၏။

"ဟူး ...  ဟူး ... "

ရုတ်တရက် အဖြူရောင် အလင်း စက်ဝိုင်း တစ်ခု ပေါ်လာကာ ဝူတန့်ရှန်အား ကာကွယ်သည်။ ထိုအရာကား သူ၏ ဖခင် ကောင်းကင်မိုးကြိုးဂိုဏ်း မဟာ အကြီးအကဲ ပေးထားသည့် အကာအကွယ် အဆောင်ပင် ဖြစ်လေသည်။ ထိုအဆောင်အား မြေကမ္ဘာ အဆင့် တစ်ယောက်ပင် ချိုးဖျက်နိုင်မည် မဟုတ်ချေ။

"ချန်းပေ့ရွှမ်း ...  မင်း လွန်နေပြီ ... "

လီဝမ်ချန်းနှင့် တာအို တန်ခိုးရှင် ချန်းစွန်းတို့ကား ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ ထိုလူငယ်ကား အမှန်ပင် ရိုင်းစိုင်း မောက်မာလွန်း၏။ သူ့အား မဆုံးရပါက သူတို့ ခွန်ရှု့ နယ်မြေကို မျက်နှာပြဝံ့တော့မည် မဟုတ်ချေ။

"မင်းက ဂိုဏ်းကြီး ခုနစ်ဂိုဏ်းကို မျက်လုံးထဲ မထည့်တာလား ... "

လီဝမ်ချန်းက ချန်းဖန်အား အေးစက်စွာဖြင့် မေးလိုက်၏။ တစ်ချိန်တည်းတွင်ပင် သူ၏ ခန္ဓာကိုယ်က ရွှေရောင် အလင်းဖြင့် တောက်ပလာသည်။

"ကလန့် ..."

တာအို တန်ခိုးရှင် ချန်းစွန်းကလည်း သူ၏ ကျောတွင် လွယ်ထားသော ဓားကို ဆွဲထုတ် လိုက်သည်။

"ချန်းပေ့ရွှမ်း ခွေးကောင် ...  အခု မင်း ဘာတတ်နိုင်သေးလဲ ...  ငါ ပြန်ကောင်းလာရင် မင်းရဲ့ ဂိုဏ်းကို ရှာပြီး မင်းနဲ့ ပတ်သက်သမျှ လူအားလုံးကို သတ်ပစ်မယ်"

ဝူတန့်ရှန်က အော်ဟစ် လိုက်သည်။ သူသည် အဆောင်၏ ကာကွယ်မှု အောက်၌ ရှိနေရာ ချန်းဖန်၏ တိုက်ခိုက်မှုများအား ကြောက်ရွံ့ နေစရာ မလိုတော့ချေ။ ထို့ကြောင့်ပင် သူ၏ အမူအရာက ပိုမို၍ မောက်မာလာခဲ့၏။

"ဟုတ်လား ..."

ချန်းဖန်က ထူးမခြားနားစွာ ဆိုရင်း သူ၏ အင်္ကျီလက်အား ခါယမ်း လိုက်သည်။

"ဟူး ..."

ရုတ်တရက် အဖြူရောင် စွမ်းအင် လှိုင်း တစ်ခု ဖြစ်ပေါ်လာ၏။

"ဘုန်း ... "

အဖြူရောင် စွမ်းအင်လှိုင်းနှင့် ထိတွေ့သည်နှင့် ဝူတန့်ရှန်၏ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညာဉ်က သွေးမြူ အဖြစ် ပြောင်းလဲကာ ပေါက်ကွဲသည်။ ဝူတန့်ရှန်ကား သူ မသေဆုံးခင် အချိန် အထိ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း ကောင်းစွာ သဘော မပေါက်လိုက်ချေ။

"  ...  "

ရုတ်ချည်းပင် လမ့်တိုင် တောင်ထိပ် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွားသည်။

ကောင်းကင်သားတော်ပင်လျှင် ဆွံ့အ နေခဲ့၏။ ချန်းဖန် ဝူတန့်ရှန်ကို အမှန်တကယ် သတ်ပစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားကြချေ။

"ဘယ်လိုဖြစ်နိုင်မှာလဲ ... "

တောင်ပိုင်းနိုင်ငံ မင်းသမီးလေးကား မျက်လုံးများ ထွက်ကျလု မတတ် ချန်းဖန်အား ပြူးပြဲ ကြည့်နေမိသည်။

သူမ၏ အမြင်အရ ဆိုလျှင် ချန်းဖန်သည် သာမန် တန်ခိုးရှင် အဆင့် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူက ဝူတန့်ရှန့်ကို သတ်ကာ မဟာ အကြီးအကဲ၏ အဆောင်ကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုအရာက သူမ စိတ်ကူးထဲမှ အတွေးနှင့် လုံးဝ ဆန့်ကျင်နေခဲ့၏။

"သူ ...  ဝူတန့်ရှန်ကို သတ်ပစ်လိုက်တယ်"

ချီချင်းဝေ့မှာမူ နေရာတွင်ပင် အေးခဲကာ ချန်းဖန်အား ကြည့်နေမိသည်။

"သူက ကောင်းကင်မိုးကြိုးဂိုဏ်း မဟာ အကြီးအကဲရဲ့ သားပဲ ...  မကောင်းတော့ဘူး"

ကျိထန်းယုက ဖြူရော်စွာ ပြုံးရင်း ရေရွတ် လိုက်၏။ လူတိုင်းသည် ကောင်းကင်မိုးကြိုးဂိုဏ်း၏ မဟာ အကြီးအကဲ မည်မျှ ဒေါသကြီးကြောင်း သိထားကြသည်။ ထိုစိတ်တိုကြီးက သားဖြစ်သူ၏ သေဆုံးမှု အတွက် မရရသည့် နည်းဖြင့် လက်စားချေမည်မှာ သေချာသည်။

"ရဲတင်းလိုက်တာ ... "

ရုတ်တရက် ဟိန်းဟောက်သံနှင့် အတူ မိုးကြိုး တိုက်ခိုက်မှု တစ်ခု ချန်းဖန်ထံသို့ တိုးဝင် လာလေ၏။ ကောင်းကင်မိုးကြိုးဂိုဏ်း၏ မြေကမ္ဘာ နတ်ဘုရားကား ညီလာခံ၏ စည်းမျဉ်းများကို လျစ်လျူကာ တိုက်ရိုက် တိုက်ခိုက်လိုက်ပြီ ဖြစ်လေသည်။

***

All Chapters