အံ့အားသင့်ခြင်း
Vol. 8 Ch. 729
ဂိုဏ်းကြီး ခုနစ်ဂိုဏ်းနှင့် ကျိမိသားစု တို့သည် လမ့်တိုင် ညီလာခံကို စောင့်ကြည့်ရန် မြေကမ္ဘာ အဆင့်များကို စေလွှတ်လေ့ ရှိသည်။ ယခု ချန်းဖန်ထံသို့ ဒေါသတကြီး ပြေးဝင်လာသူမှာ ကောင်းကင် မိုးကြိုးဂိုဏ်းမှ မြေကမ္ဘာ နတ်ဘုရား ကျေးမုတ်ဆိတ် ဖြစ်၏။
"ဘုန်း ... "
ကျေးမုတ်ဆိတ် က လက်ဝါးကို မြှောက်ကာ ချန်းဖန်အား ရိုက်ချရန် ပြင်လိုက်သည်။
"ကျင့်ကြံသူ ကြေးမုတ်ဆိတ် ... ကျေးဇူးပြုပြီး လမ့်တိုင် ညီလာခံရဲ့ စည်းမျဉ်းတွေ မချိုးဖောက် ပါနဲ့"
ရုတ်တရက် လီဝမ်ချန်းက ကြားဝင်ကာ အော်ဟစ် လိုက်၏။
"ဟုတ်တယ် ကျင့်ကြံသူ ကျေးမုတ်ဆိတ် ... သင်က မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ပဲ ... သင့်မှာ သူ့ကို သင်ခန်းစာ ပေးဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"
တာအို တန်ခိုးရှင် ချန်းစွန်းကလည်း ဆိုလိုက်သည်။
"ဒါက ကျုပ်တို့ တိုက်ပွဲပဲ ... ကျုပ်တို့ အတွက် ထားလိုက်ပါ"
ကောင်းကင်သားတော်ကလည်း အေးဆေးစွာ ပြောလိုက်သည်။
"ဟမ့် ... "
ကျင့်ကြံသူ ကျေးမုတ်ဆိတ်က သူ၏ လက်ဝါးကို ပြုန်ရုတ်သိမ်းကာ နောက်သို့ ဆုတ်လိုက်၏။အကယ်၍ သူသာ ချန်းဖန်အား တိုက်ခိုက်ပါက ညီလာခံ စည်းမျဉ်းကို တိုက်ရိုက် ချိုးဖောက် သလို ဖြစ်သွားပေလိမ့်မည်။ ထိုအရာက သူ၏ ဂုဏ်သိက္ခာအား ထိခိုက်စေသည့် အပြင် ကောင်းကင်မိုးကြိုးဂိုဏ်းကိုလည်း အခြားလူများ ကဲ့ရဲ့စရာ ဖြစ်လာနိုင်သည်။
"ဟူ ... ဟူး ... "
ချန်းဖန်ကမူ မူလ နေရာတွင်ပင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေဆဲ ဖြစ်၏။ သူ၏ အမူအရာက ကျင့်ကြံသူ ကျေးမုတ်ဆိတ် ဖြစ်စေ၊ လီဝမ်ချန်း ဖြစ်စေ မည်သူ့ကိုမျှ ဂရုစိုက်ပုံ မရချေ။ သူ၏ ဒဏ်ရာများကား ပြန်လည် ကောင်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။ ဒေါသနဂါးမြစ်မှ ဝိညာဉ်ချီ အကူအညီက သူ့၏ ဒဏ်ရာ ကုသနှုန်းကို တဟုန်ထိုး မြင့်တက်စေ၏။ ယခုဆိုလျှင် သူသည် မူလ အဆင့်သို့ ပြန်လည် တက်လှမ်းရန် အတွက် ခြေလှမ်း တစ်ဝက်ပင် မလိုတော့ချေ။
"ကြာတယ်ကွာ ... ဘယ်သူလာမှာလဲ"
ချန်းဖန်က စိတ်မရှည်ဟန် မေးလိုက်၏။
"ချန်းပေ့ရွှမ်း ... မင်းက ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီး နေတာပဲ ... ဝူတန့်ရှန် ဆိုတာက ငါတို့ အထဲမှာ အားအနည်းဆုံးပဲ ... သူ့ကို အလစ် ချောင်းတိုက်ပြီး အနိုင်ရတာနဲ့ ငါတို့ အားလုံးကိုပါ နိုင်မယ် ထင်မနေနဲ့"
တာအို တန်ခိုးရှင် ချန်းစွန်းက နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။ သူ၏ အဆင့်အတန်းသည် လျှို့ဝှက် အဇူရာဂိုဏ်း၌ သခင်လေး ရွှမ်လော့ကို မမှီသည့်တိုင် အစွမ်း အထက်ဆုံး ဓားတန်ခိုးရှင် တစ်ဦး ဖြစ်သည်။ ထို့အပြင် သူ၏ အသက်အရွယ် အရ ဉာဏ်ပညာနှင့် အတွေ့အကြုံမှာ အခြား လူငယ် တန်ခိုးရှင်များထက် ပိုမို သာလွန်၏။
"ကလန့် ..."
ရုတ်တရက် တာအို တန်ခိုးရှင် ချန်းစွန်း၏ ရှေးဟောင်းဓားက လေထဲသို့ ပျံတက်လာသည်။ တစ်ချိန်တည်းမှာပင် ဓား၏ ကိုယ်ထည်ရှိ ရှုပ်ထွေးသော သင်္ကေတများက တဖြည်းဖြည်း တောက်ပလာကာ အဝါရောင် အလင်းများအား ထုတ်လွှတ်၏။
"တာအို တန်ခိုးရှင် ချန်းစွန်းက လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ ထိပ်တန်း ဓားတန်ခိုးရှင် တစ်ယောက်ပဲ ... သူ့ရဲ့ ထန်တောင်တန်း ဓားကျင့်စဉ်က ချန်းဟယ် ဓားကျင့်စဉ်နဲ့တောင် ယှဉ်နိုင်တယ် ... သခင်လေး ရွှမ်လော့ကတောင် ဓားလမ်းစဉ်မှာ သူ့ကို မမှီဘူးလို့ ဝန်ခံထားတယ်"
ကောင်းကင်သားတော်က မှတ်ချက်ချ လိုက်သည်။ သူ၏ မှတ်ချက်က များစွာသော လူများအား ပင့်သက် ရှိုက်မိစေ၏။ ရွှမ်လော့ကား လျှို့ဝှက် အဇူရာဂိုဏ်း၏ သခင်လေး ဖြစ်သည်။ အကယ်၍ တာအို တန်ခိုးရှင် ချန်းစွန်း၏ ဓားလမ်းစဉ်မှာ ရွှမ်လော့ထက် ပိုမြင့်သည် ဆိုပါက နတ်ဘုရား ကဲ့သို့ အမှန်တကယ် အစွမ်းထက်၍သာ ဖြစ်ရမည်။
တစ်ချိန်တည်းတွင် ချီရှို့အာမှာမူ ချန်းဖန် အတွက် စိတ်ပူ နေမိသည်။ သူမသည် ချန်းဖန်အား ဆရာ အဖြစ် လက်ခံထားပြီး ဖြစ်ရာ သူမ၏ ဆရာ သေဆုံးသွားမည်ကို မလိုလားချေ။
"ဟူး ... ဟူး ... ဟူး ... "
မဆုံးမဲ့သော အဝါရောင် အလင်းများက ကောင်းကင်သို့ ပျံတက်ကာ တောင်တစ်တောင် အရွယ်အစား ရှိသည့် ဓားတစ်ချောင်းအား ဖွဲ့စည်း၏။
"သေစမ်း ... "
တာအို တန်ခိုးရှင် ချန်းစွန်းက အသက်ကို ပြင်းပြင်းရှူရင်း ထိုဓားကြီးဖြင့် ချန်းဖန်အား လွှဲခုတ် လိုက်၏။ တာအို တန်ခိုးရှင် ချန်းစွန်းသည် ယခု အချိန်အထိ သေမျိုး နတ်ဘုရား အဆင့်ကို မရောက်သေးသော်လည်း သူ၏ တိုက်ခိုက်မှုမှာမူ တန်ခိုးရှင် အဆင့်ထက် ကျော်လွန် နေပြီ ဖြစ်သည်။
"မြန်မြန် အညံ့ခံလိုက် ... ကျွန်မ ရှင့် အသက်ကို ကယ်ပေးနိုင်သေးတယ်"
ချီချင်းဝေ့က စိုးရိမ်တကြီးဖြင့် ချန်းဖန်အား အော်ပြောလိုက်သည်။ သူမသည် အစ်မတွေ ပေါင်းစည်းခြင်း ဂိုဏ်း၏ အနာဂတ် ခေါင်းဆောင် ဖြစ်သည့် အပြင် ဂိုဏ်းချုပ်၏ အချစ်ဆုံး တပည့်လည်း ဖြစ်သည်။ အကယ်၍ သူမကသာ အသနားခံ ပါက ဂိုဏ်းချုပ်က ချန်းဖန်၏ အသက်ကို ကယ်တင် ပေးမည်မှာ သေချာသည်။
"ဟဟ ... "
သို့သော်လည်း ချန်းဖန်က သူမ၏ စကားကို ဂရု မစိုက်ဘဲ ရယ်မော လိုက်၏။
"ချီချင်းဝေ့ ... ငါ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မင်း မသိသေးပါဘူးကွာ ... ခွန်အား ဆိုတာရဲ့ အဓိပ္ပာယ်ကို ဒီနေ့ မင်းကိုငါ ပြရသေးတာပေါ့ ... "
ချန်းဖန်က အေးဆေးစွာပင် အဝါရောင် ဓားကြီး လာရာ အရပ်သို့ ဦးတည်၍ သူ၏ လက်ကို မြှောက်လိုက်၏။ ထို့နောက် သူက လက်ညိုးအား ပျင်းရိပျင်းတွဲဖြင့် ဆန့်တန်း လိုက်၏။
ထိုတိုက်ပွဲတွင် တာအို တန်ခိုးရှင် ချန်းစွန်းသည် သူ အနှစ်လေးဆယ် လုံးလုံး စုသည်းထားသည့် ချီစွမ်းအင်များကို အသုံးချကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုက တောင်ကြီး တစ်လုံးကိုပင် ဖျက်ဆီး ပစ်နိုင်၏။
သို့သော်လည်း တုန့်ပြန်လာသော ချန်းဖန်၏ အမူအရာကမူ အလွန်တရာ ကပျက်ကချော် နိုင်လွန်းသည်။ သူကား တောင်တစ်လုံး အရွယ် ဓားကြီးကို လက်ညိုးတစ်ချောင်းဖြင့် ရင်ဆိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
"ဘဝင်ရူးကောင် ... "
ချီချင်းဝေ့က ဒေါသတကြီးဖြင့် ရေရွတ် လိုက်၏။
အမှန်တကယ်တွင် သူမ ကိုယ်တိုင်သည်လည်း ချန်းဖန်အား ကြည့်မရချေ။ ညီမဖြစ်သူ ချီရှို့အာ၏ မျက်နှာ ကြောင့်သာလျှင် သူမက ချန်းဖန်အား ကူညီရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
"ဘုန်း ... "
ထိုအချိန်မှာပင် အဝါရောင် ဓားချီက ချန်းဖန်၏ လက်ညိုးထံသို့ ကြီးစွာသော အဟုန်ဖြင့် ကျဆင်းလာ၏။
"ကလန့် ... "
သို့သော်လည်း ချန်းဖန်၏ လက်ညိုးက ထိုဓားအား ထိုးခွဲ၏။ ထို့နောက် လက်ညိုးက ဓား၏ ကိုယ်ထည် အတိုင်း ရှေ့ဆက်တိုးကာ ဓားတန်ခိုးရှင် ချန်းစွန်း၏ ရင်ဘတ်ကိုပါ အသာအယာ တို့ထိသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
ရုတ်တရက် ဓားနှင့် အတူ တာအို တန်ခိုးရှင် ချန်းစွန်း၏ ခန္ဓာကိုယ်က သွေးမြူ အဖြစ် ဆင့်ကာ ဆင့်ကာ ပေါက်ကွဲ သွားတော့၏။
ချန်းဖန်ကား လက်ညိုး တစ်ချောင်းတည်းနှင့်ပင် ဓားတစ်ချောင်းကို ဖျက်ဆီး၍ တာအိုတန်ခိုးရှင် ချန်းစွန်းအား သတ်ပစ်လိုက်ပြီ ဖြစ်သည်။
"... "
ရုတ်ချည်းပင် လူတိုင်း တိတ်ဆိတ် ငြိမ်သက် သွားကြ၏။ လီဝမ်ချန်း၊ ကျိထန်းယုတို့ အပါအဝင် အားလုံးကား ဆွံ့အ နေကြသည်။ ကောင်းကင် သားတော် ပင်လျှင် တိုက်ပွဲရလဒ်ကို လုံးဝ မယုံကြည် နိုင်အောင် ဖြစ်နေခဲ့သည်။
"သူက ဘာလို့ ဒီလောက် အစွမ်းထက် နေရတာလဲ"
ချီချင်းဝေ့၏ နှလုံးကား မြင်းစီးသကဲ့သို့ ကဆုန်ပေါက် နေခဲ့ပြီ ဖြစ်လေသည်။ သူမကား ချန်းဖန် ထိုမျှ အစွမ်းထက်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။
"အဲဒါက စုန်းကျိန်စာပဲ ... ခွေးကောင် မင်း အောက်တန်းကျတဲ့ စုန်းကျိန်စာကို သုံးတယ်"
ယွင်ထျန်း နန်းတော်၏ ယွင်ဖန်းက ထိုင်ရာမှ ထကာ အော်ဟစ်လိုက်သည်။
"ဘုန်း ..."
ရုတ်တရက် မမြင်ရသည့် လက်ဝါးဖြင့် ရိုက်ချ ခံရသည့် အလား ယွင်ဖန်း၏ ဦးခေါင်းသည် ညက်ညက်ကြေသွား၏။ ထို့နောက် သူ၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်သည် မြေပြင်သို့ တဖြည်းဖြည်း အိကာ ပြိုလဲကျ သွားသည်။
"ဟူး ... ဟူး ... ဟူး ... "
လမ့်တိုင် တောင်ထိပ် တစ်ခုလုံးကား လေတိုးသံမှ လွဲ၍ အလုံးစုံ တိတ်ဆိတ် ငြိမ်သက် နေသည်။
"မဖြစ်နိုင်ဘူး ... သူက"
တောင်ပိုင်းနိုင်ငံ မင်းသမီးလေး၏ မျက်ဝန်း၌ လေးစားခြင်းနှင့် ကြောက်ရွံ့ခြင်းများက ဖြစ်ပေါ် နေရာယူ လာ၏။ ချီရှို့အာမှာမူ မည်သည့် အရာကိုမျှ မစဉ်းစားနိုင်ပဲ ငေးကြောင် နေမိခဲ့၏။ သူမသည် အဘယ် အရာများ ဖြစ်ပျက် သွားကြောင်း ယခုထိ နားမလည်နိုင်သေးချေ။
"အောမိသောဖော ... ကျေးဇူးပြုပြီး နိမ့်ကျတဲ့ ဘုန်းတော်ကြီးနဲ့ စိန်ခေါ်မှုကို လက်ခံပေးပါ"
လီဝမ်ချန်းက လက်အုပ်ချီရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ တစ်ချိန်တည်းမှာပင် ကျိထန်းယုနှင့် တရှီဂိုဏ်းမှ ကျောင်းယုလုံတို့ကလည်း လီဝမ်ချန်း၏ ဘယ်နှင့် ညာ နှစ်ဖက်တွင် နေရာယူ၏။
"မင်း ငါ့ကို အထဲက ကြိုက်တဲ့ တစ်ယောက်ကို ရွေးနိုင်တယ် ... "
ကျောင်းယုလုံက အေးစက်စွာဖြင့် ဆိုလိုက်သည်။
"သုံးယောက်စလုံး လာခဲ့ကွာ ... ငါ့မှာ အချိန် မရှိဘူး"
ချန်းဖန်က ဂရုမစိုက်စွာ ပြောရင်း သူ၏ လက်နှစ်ဖက်အား နောက်ပစ် လိုက်၏။
"မောက်မာလိုက်တာ ... "
ချန်းဖန်၏ အမူအရာကို ကြည့်၍ လူတိုင်း နှာခေါင်းရှုံ့လိုက်ကြသည်။
ကျိထန်းယု၊ ကျောင်းယုလုံနှင့် လီဝမ်ချန်း တို့ကား ခွန်ရှု့ နယ်မြေ၏ ထိပ်တန်း တန်ခိုးရှင် အဆင့်များ ဖြစ်ကြသည်။ သူတို့ သုံးယောက်ပေါင်း တိုက်ခိုက်မှုကို ရွှမ်လော့၊ ကောင်းကင်သားတော်တို့ပင် စိန်ခေါ်ရဲမည် မဟုတ်ချေ။
"ဘုန်း ... "
ကျောင်းယုလုံက ပထမ ဦးဆုံး တိုက်ခိုက် လိုက်၏။ သူ၏ ဘယ်ဘက် လက်မှ နဂါး နှစ်ကောင် ဖြစ်ပေါ်လာကာ ချန်းဖန်ထံသို့ တိုးဝင်သည်။
တရှီဂိုဏ်းသည် ဝိညာဉ် စွမ်းအားကို အဓိက လေ့ကျင့်ကြ၏။ ကျောင်းယုလုံ အသုံးပြု လိုက်သော နဂါး ထိန်းချုပ်ခြင်း ကျင့်စဉ်မှာ တရှီဂိုဏ်း၏ အစွမ်း အထက်ဆုံး ကျင့်စဉ် ခုနစ်ခု အနက် တစ်ခု ဖြစ်၏။ ထိုကျင့်စဉ်ကို အောင်မြင်သည်နှင့် ကျင့်ကြံသူသည် နဂါး ရှစ်ကောင်ကို ဆင့်ခေါ်ကာ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။ ကျောင်းယုလုံမှာ ထိုကျင့်စဉ်ကို မအောင်မြင် သေးသော်လည်း ထိုအရာကပင် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။
"ဘုန်း ... "
ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းကာ နဂါး နှစ်ကောင်အား ရိုက်ချလိုက်၏။ ထိုရိုက်ချက်တွင်ပင် နဂါးနှစ်ကောင်မှာ စက္ကူ အလား စုတ်ဖြဲ ခံရလေသည်။
"ငါစမ်းကြည့်မယ် ... "
ထိုအချိန်မှာပင် ကျိထန်းယုက ပါးစပ်ကို ဟကာ ခရမ်းရောင် မီးတောက်များအား ချန်းဖန်ထံ မှုတ်ထုတ် လိုက်သည်။
"ဟူး ... "
ချန်းဖန်က လေအား စုပ်ယူ၍ ပြန်လည် မှုတ်ထုတ်လိုက်၏။ ထိုလေ၏ တိုက်စားမှုတွင်ပင် မီးတောက်များကား အလုံးစုံ ဖျက်ဆီး ခံရပြန်သည်။
"သေစမ်း ... "
လီဝူချန်းက ရှေ့သို့ တိုးရင်း ချန်းဖန်အား လက်သီးဖြင့် ထိုးချလိုက်၏။ ထိုလက်သီးက ရွှေရောင် တောက်ပနေကာ တောင်တစ်လုံးကိုပင် ဖျက်ဆီးနိုင်သည့် အားအင်အား သယ်ဆောင်ထားသည်။
"ဘုန်း ... "
သို့သော်လည်း ချန်းဖန်က ဂရုမစိုက်စွာပင် ထိုလက်သီးကို သူ့ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ထိုးခွင့် ပြုလိုက်သည်။ ထို့နောက် သူက အေးဆေးစွာပင် ပြုံးလိုက်၏။
"ကဲ ... ငါ့အလှည့် ရောက်ပြီ ... "
***