သတ်ဖြတ်ခြင်း
Vol. 8 Ch. 730
"ဘုန်း ... "
ချန်းဖန်က လက်သီးကို ဆန့်တန်းကာ လီဝမ်ချန်းအား ထိုးနှက်လိုက်၏။ ထိုလက်သီးချက်၌ သူသည် မည်သည့် နည်းစနစ်ကိုမျှ အသုံးမပြုဘဲ ခန္ဓာကိုယ် ခွန်အား သက်သက်ကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။
"ဟူး ... "
လီဝမ်ချန်းက သူ၏ လက်နှစ်ဖက်ကို ရင်ဘတ် အရှေ့၌ ကြက်ခြေခတ်ကာ စိန်ဒိုင်းကာ တစ်ခုကို ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း ထိုစိန်ဒိုင်းကာသည် ချန်းဖန်၏ လက်သီးနှင့် ထိတွေ့သည်နှင့် အပိုင်းပိုင်း ပျက်၏။
"ဘုန်း ... "
ချန်းဖန်၏ လက်သီးက အရှိန် ပြင်းစွာဖြင့် လီဝမ်ချန်း၏ ရင်ဘတ်အား တိုက်ရိုက် ထိမှန်သည်။ လီဝမ်ချန်းမှာ ရွှေရောင် သွေးများကို အန်လိုက်ရကာ နောက်သို့ မီတာ ရာချီတိုင် ဆုတ်ခွာ လိုက်ရ၏။
"ဟမ် ... "
ပိုင်စုရှင်း၏ ကျောက်တုံး အလား တည်ငြိမ်သော မျက်နှာတွင် အံ့အားသင့်ခြင်း နှင့် မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်လာသည်။
လီဝမ်ချန်း၏ စိန်ခန္ဓာသည် မြေကမ္ဘာ အဆင့် တစ်ယောက်၏ ဓားပျံ တိုက်ခိုက်မှုကိုပင် တိုက်ရိုက် ခုခံနိုင်သည်။ ထိုသို့သော ခန္ဓာကိုယ်ကို ဒဏ်ရာရစေသည့် ချန်းဖန်၏ လက်သီးက မည်မျှ အထိ ပြင်းထန် နေရသနည်း။
သို့သော်လည်း ချန်းဖန်၏ မျက်နှာ၌ စိတ်ပျက်ခြင်းများကသာ စိုးမိုး နေ၏။ အကယ်၍ သူသာ ဒဏ်ရာ ရမနေခဲ့ပါက လီဝမ်ချန်း ကဲ့သို့သော ပမွှားလေးကို သတ်ရန် လက်ညိုး တစ်ချောင်းပင် သုံးရန် လိုလိမ့်မည် မဟုတ်ချေ။
"လာစမ်း ... "
ချန်းဖန်က အော်ဟစ်ရင်း လက်ညိုးကို ဆန့်ထုတ် လိုက်၏။
"ကလန့် ... "
သူ၏ လက်ညိုးမှ အနက်ရောင် မီးတောက် တစ်ခု ထွက်ပေါ်လာကာ လေထုအား လောင်ကျွမ်းသည်။ ထိုအရာကား ကိုင်လင် မီးတောက်ပင် ဖြစ်၏။ ကိုင်လင် မီးတောက်က ပြင်းထန်စွာ လောင်ကျွမ်းရင်း ကျိထျန်းယုထံသို့ တိုးဝင်သည်။
"ဘာလဲ ... "
ကိုင်လင် မီးတောက်အား တွေ့သည်နှင့် ကျိထျန်းယုက မီးတောက် အကာအကွယ်ကို ဆင့်ခေါ်ကာ တားဆီးလိုက်၏။ သို့သော်လည်း ကိုင်လင် မီးတောက်၏ ပူပြင်းမှုတွင် ထိုအရာက ခဏ အတွင်း လောင်ကျွမ်း ခံရသည်။
"ဘုန်း ... "
အဆုံး၌ ကျိထျန်းယုမှာ ကိုင်လင် မီးတောက်၏ တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်ခဲ့၏။ သို့သော်လည်း သူ၏ နက်မှောင်သော ဆံပင်များမှာမူ ကိုင်လင် မီးတောက်၏ လောင်ကျွမ်းမှုတွင် ပြာချ ခံလိုက်ရ၏။
"ဟူး ... "
တစ်ဆက်တည်း ဆိုသလိုပင် ချန်းဖန်က ကျောင်းယုလုံထံသို့ ဝိညာဉ် စွမ်းအင်လှိုင်း တစ်ခု ပစ်လွှတ်ကာ နတ်ဘုရား စိတ်အာရုံဖြင့် တိုက်ခိုက် လိုက်၏။
"ဟမ့် ... "
ကျောင်းယုလုံက အေးစက်စွာ ပြုံးရင်း ဝိညာဉ် စွမ်းအင်ဖြင့် ပြန်လည် တိုက်ခိုက် လိုက်လေသည်။ တရှီဂိုဏ်းသည် ဝိညာဉ် စွမ်းအင်ကို လေ့ကျင့်ခြင်းဖြင့် ထင်ရှားသည်။ တရှီဂိုဏ်းမှ လူ တစ်ယောက်အား ဝိညာဉ် စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်းမှာ အလွန်ပင် ရူးမိုက်ရာ ကျလွန်းသည်။
"ဘုန်း ... "
ဝိညာဉ် စွမ်းအင်လှိုင်း နှစ်ခုသည် လေထဲတွင် ထိပ်တိုက်တွေ့သည်။
"အား ... "
ရုတ်တရက် ကျောင်းယုလုံ၏ ခန္ဓာကိုယ်က တုန်ရီ၍ သူ၏ မျက်နှာမှာလည်း သွေးဆုတ် ဖြူရော် သွား၏။ သူ့အတွက် ချန်းဖန်၏ ဝိညာဉ် လှိုင်းနှင့် ရင်ဆိုင်ရခြင်းက ခွန်းလွန် တောင်တန်းကြီးနှင့် ရင်ဆိုင် နေရသလို ခံစားနေရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ...
ချန်းဖန်သည် ထိပ်တန်း ကျင့်ကြံသူ သုံးယောက်ကို တိုက်ခိုက် အနိုင်ယူကာ ဒူးထောက်စေခဲ့ပြီ ဖြစ်လေသည်။
"သူက လက်သီးကို လက်သီးနဲ့ ပြန်ပြီး ရင်ဆိုင်တယ် ... မီးကို မီးနဲ့ ပြန်ပြီး တိုက်ခိုက်တယ် ... ဝိညာဉ် စွမ်းအင် သမားကို ဝိညာဉ် စွမ်းအင်နဲ့ ပြန်ပြီး အနိုင်ယူတယ် ... ခန္ဓာကိုယ် နတ်ဘုရား စွမ်းအား နဲ့ ဝိညာဉ် စွမ်းအင် သုံးခု စလုံးမှာ သူက အရမ်း မြင့်မားတဲ့ အဆင့် တစ်ခုကို ရောက်နေပြီ"
ပိုင်စုရှင်း၏ မျက်နှာတွင် လေးစားမှုများက ဖြစ်ပေါ် နေရာယူ လာ၏။ ထိုအချိန်၌ ချီချင်းဝေ့မှာ မည်သို့မျှ မတွေးနိုင်သည် အထိ ဆွံအ ငေးကြောင်း နေမိ၏။ ထိုတန်ခိုးရှင် သုံးယောက်ကား သူမထက် ပို၍ အစွမ်း မထက်လျှင်ပင် သူမအောက် ကျသော သူများ မဟုတ်ကြချေ။ သို့သော်လည်း ချန်းဖန်ကမူ ထိုသုံးယောက်အား လွယ်လွယ်ကူကူပင် အသာစီး ယူပြခဲ့၏။ ထိုအရာက ချန်းပေ့ရွှမ်းမှာ သူမထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သော သူ ဟူ၍ ဆိုလိုခြင်း မဟုတ်ပါလား။
"ငါ မယုံဘူး ... "
လီဝမ်ချန်းက ဒဏ်ရာများကို လျစ်လျူရင်း သူ၏ ခွန်အားကို နောက်တစ်ကြိမ် ပြန်လည် စုစည်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းမှာ မူလက ထက်ပင် ပိုမို တောက်ပ၍ လာ၏။ သူက ခြေထောက်ကို မြှောက်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
"ဘုန်း ... "
လီဝမ်ချန်း၏ ခြေလှမ်းက မြေပြင်အား ကြီးမားသော ငလျင် တစ်ခု ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခြေထောက် အောက်မှ စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ် လာသည်။ ထိုစွမ်းအင်လှိုင်းက ရွှေရောင် ဘုန်းတော်ကြီး အသွင်ဖြင့် လီဝမ်ချန်း၏ နောက်တွင် ဖွဲ့စည်းသည်။
"လီဝမ်ချန်းက သေမျိုး နတ်ဘုရား ဖြစ်နေပြီလား ... "
အခြား လူငယ်များသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။ ထိုသို့သော စွမ်းအားကား သေမျိုး နတ်ဘုရားများတွင်သာ ပိုင်ဆိုင်နိုင်သည့် စွမ်းအား ဖြစ်သည်။ တန်ခိုးရှင် အဆင့်များ ပိုင်ဆိုင်နိုင်သည့် စွမ်းအား မဟုတ်ချေ။
"ငါလည်း ကျန်သေးတယ် ... "
မိုးချုန်း သကဲ့သို့ အော်ဟစ်သံနှင့် အတူ ကျိထျန်းယုကလည်း ခရမ်းရောင် မီးအလင်းများ ဝန်းရံကာ ကောင်းကင်သို့ တက်၏။ သူသည်လည်း သေမျိုး နတ်ဘုရား စွမ်းအားကို ထုတ်သုံးခဲ့ပြီ ဖြစ်သည်။
"နောက်ထပ် သေမျိုး နတ်ဘုရား တစ်ယောက် ... "
လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ကျိထျန်းယုက အော်ဟစ် ရယ်မော လိုက်၏။ သူ၏ အသံက ဝိညာဉ် စွမ်းအင်လှိုင်းများ အသွင် ပြောင်းလဲ၍ နဂါး လေးကောင်အား ဖန်တီးသည်။
"ဟူး ... "
ကျောင်းယုလုံသည် နဂါး တစ်ကောင်၏ အပေါ်သို့ တက်ကာ ကောင်းကင်သို့ သူတော်စင် တစ်ပါးအလား ပျံတက်၏။
"တတိယမြောက် သေမျိုး နတ်ဘုရား ... "
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လူငယ် တန်ခိုးရှင် သုံးယောက်ကား သေမျိုး နတ်ဘုရား၏ စွမ်းအားကို ထုတ်သုံးခဲ့ပြီ ဖြစ်လေသည်။
"ဘာတွေ ဖြစ်နေတာလဲ ... "
လမ့်တိုင် တောင်ခြေမှ လူများသည် ခြေဖျား ထောက်ရင်း တောင်ပေါ်သို့ လှမ်းကာ မျှော်ကြည့် လိုက်ကြ၏။
"ငါ သေမျိုး နတ်ဘုရား သုံးယောက်ရဲ့ စွမ်းအားကို အာရုံရနေတယ် ... ကြည့်ရတာ တိုက်ပွဲက နောက်ဆုံး အချိန်ကို ရောက်နေပြီ ထင်တယ်"
တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
"မဟုတ်ဘူး ... တိုက်ပွဲက ခုမှ စမှာကွ"
အခြား တစ်ယောက်က ခေါင်းကို ခါယမ်း လိုက်၏။ တောင်ခြေရှိ လူများ ဆွေးနွေး ငြင်းခုန် နေကြချိန်၌ တောင်ပေါ်ရှိ တိုက်ပွဲမှာလည်း ရပ်တန့်သွားခြင်း မရှိချေ။ ချန်းဖန်သည် သေမျိုး နတ်ဘုရား သုံးယောက်နှင့် ရင်ဆိုင် နေရသည့်တိုင် တုန်လှုပ်ခြင်း မရှိဘဲ အဝေးရှိ မြစ်ကိုသာ ငေးကြည့် နေခဲ့သည်။ ထိုမြစ်ထဲ၌ ကူးခပ် နေသည့် နဂါး တစ်ကောင်၏ ဖြစ်တည်မှုကို သူ အာရုံခံမိနေ၏။
"ချန်းပေ့ရွှမ်း ... ငါတို့ရဲ့ ခွန်အား အပြည့်အဝကို မြင်ခွင့်ရတာ မင်း ဂုဏ်ယူ သင့်တယ်"
ခရမ်းရောင် မီးတောက်များ ဝန်းရံနေသည့် ကျိထန်းယုက ဆို၏။ ချီချင်းဝေ့၏ မျက်နှာကား ဖြူရော် နေခဲ့ပြီ ဖြစ်သည်။ ထို သေမျိုး နတ်ဘုရား သုံးယောက်နှင့် တိုက်ခိုက်ခြင်းက ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းနှင့် မကွာခြားပေ။
"ကောင်းကင် သားတော် တစ်ယောက်ပဲ သူတို့ သုံးယောက်ကို တစ်ပြိုက်နက် တိုက်ခိုက် နိုင်လိမ့်မယ် ထင်တယ် ... "
ချီချင်းဝေ့သည် ခပ်လှမ်းလှမ်းရှိ ချောမော ခန့်ညားသော လူငယ်ကို ငေးမော ကြည့်လိုက်သည်။ ထိုလူငယ်မှာ လွန်ခဲ့သည့် သုံးနှစ်ကထက် ပို၍ သူမနှင့် ဝေးကွာ သွားသလို ခံစား လိုက်ရသည်။
"သောက်စကား မများနဲ့ကွာ ... အဆင်သင့် ဖြစ်ရင် လာခဲ့"
ချန်းဖန်က ဂရု မစိုက်စွာ ဆိုလိုက်၏။
"သေချင်နေတာပဲ ... "
ကျောင်းယုလုံက အေးစက်စွာ ပြောရင်း သူ၏ နဂါး လေးကောင်ကို ချန်းဖန်အား သတ်ဖြတ်ရန် အမိန့်ပေး လိုက်သည်။
"ဂါး ... "
နဂါးများက ဟိန်းဟောက်ရင်း ချန်းဖန်ထံ ဆိုင်ကလုန်းများ အလား တိုးဝင်သည်။ ထိုတိုက်ခိုက်မှုကား အလွန် အစွမ်းထက်လှရာ သာမန် သေမျိုး နတ်ဘုရား တစ်ယောက်ပင် လွတ်မြောက်မည် မဟုတ်ချေ။
"သွားစမ်း ... "
တစ်ချိန်တည်းမှာပင် ကျိထန်းယုက နတ်ဘုရား မီးတောက် အလင်းတန်းကို မျက်လုံးမှ ပစ်လွှတ် လိုက်သည်။
"ဟူး ... ဟူး ... "
မီးတောက်များက အရှိန်ပြင်းစွာ ကျွမ်းလောင်ရင်း ချန်းဖန် အပေါ်သို့ မီးမိုးများ သဖွယ် ကျ၏။ သေချာ ကြည့်မည် ဆိုပါက ထိုမီးတောက်များ အတွင်း၌ ခရမ်းရောင် မီးတောက်ဘီး တစ်ခုအား တွေ့နိုင်သည်။ ထိုအရာကား အဆင့်မြင့် ဝိညာဉ် လက်နက် တစ်ခု ဖြစ်သည့် နတ်ဘုရား မီးတောက်ဘီး ဖြစ်၏။
"ဘုန်း ... "
လီဝမ်ချန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ရွှေရောင် ဘုန်းတော်ကြီး အတွင်းမှ စွမ်းအားများအား အလုံးစုံ စုပ်ယူ ဝါးမြို လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်က ပို၍ ကြီးမားလာကာ သူ၏ အရေပြားကလည်း ပို၍ ရွှေရောင် တောက်ပလာ၏။ ထို့နောက် သူက လက်အား ဆန့်တန်းကာ ချန်းဖန်အား ရိုက်ချ လိုက်သည်။
"အာဟက် ရွှေရောင် ခန္ဓာ ... "
ထိုမြင်ကွင်းကို မြင်သည်နှင့် လူတိုင်းက အံ့ဩတကြီး ရေရွတ် လိုက်မိသည်။ ထိုအရာကား လဲ့ယင်တောင်၏ အစွမ်း အထက်ဆုံး ကျင့်စဉ် ဖြစ်သည်။ ကောလာဟလများ အရ ဆိုလျှင် ဆင်နတ်ဘုရား တစ်ယောက်သာ ထိုနည်းစနစ်ကို အောင်မြင်ခဲ့သည် ဟု ဆို၏။
"ဘုန်း ... "
ချန်းဖန်က တည်ငြိမ်စွာပင် အသံ၏ အမြန်နှုန်းကို ချိုးဖောက်ကာ ကောင်းကင်သို့ နဂါး တစ်ကောင် အလား ထိုးတက် သွား၏။ ထို့နောက် သူက လေထဲတွင်ပင် ချိပ်တံဆိပ် တစ်ခုကို ရေးဆွဲကာ လက်ဝါးအား ဖိချ လိုက်သည်။
"ကြာပန်း တစ်ထောင် ... "
"ဘုန်း ... "
ကြားပန်း တစ်ထောင်က နဂါး လေးကောင်ကို ခဏ အတွင်း ကျိုးပျက်စေကာ ကျောင်းယုလုံထံ ဆက်လက် တိုးဝင်၏။
"သွားစမ်း ... "
ကျောင်းယုလုံက အကာအကွယ် အဆောင် များစွာကို ပစ်လွှတ်ကာ သူ၏ ခန္ဓာကိုယ်အား ကာလိုက်သည်။ သို့သော်လည်း ထိုအဆောင်များက ကြာပန်း တစ်ထောင်အား တားဆီးနိုင်ခြင်း အလျင်း မရှိချေ။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
ချန်းဖန်၏ တိုက်ခိုက်မှုက များစွာသော အကာအကွယ် အဆောင်များကို ဖျက်ဆီးကာ ကျောင်းယုလုံ၏ နဖူးပေါ်သို့ တည်တည့် ကျသည်။
"ဘုန်း ... "
ကျောင်းယုလုံ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပေါက်ကွဲ၍ မရေ မတွက်နိုင်သော ပြာမှုန်များ အသွင်ဖြင့် လွင့်စဉ်လေ၏။ သို့သော်လည်း ချန်းဖန်သည် ရပ်တန့်ခြင်း မရှိချေ။ သူက လက်ကို ဆန့်ထုတ်ကာ နတ်ဘုရား မီးတောက်ဘီးအား ဆုပ်ကိုင် လိုက်သည်။ ထို့နောက် သူက လက်ကို လွှဲ၍ ထိုအရာကို ကျိထန်းယုထံ ပြန်လည် ပစ်လွှတ်လိုက်၏။
"ဘုန်း ... "
နတ်ဘုရား မီးတောက်ဘီးက မူလကထက် ဆယ်ဆ ပိုမို မြန်ဆန်သော အရှိန်ဖြင့် ကျိထန်းယုထံ တိုးဝင်သည်။ ကျိထန်းယုသည် ထိုအရာကို ကာကွယ်ရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်သာ နှစ်ပိုင်း ပြတ်ရသည်။
ထို့နောက် ချန်းဖန်သည် နောက်သို့ ပြန်လှည့်ကာ လီဝမ်ချန်း၏ လက်ဝါးအား လက်ဝါးဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ မျက်လုံး တစ်လုံး အတွက် မျက်လုံး တစ်လုံးချင်း ...
"ဘုန်း ... "
လီဝမ်ချန်း၏ လက်ဝါးသည် အလယ်မှ ထက်ဝက် ကွဲထွက်ကာ ထိုအက်ကွဲကြောင်းက လက်မောင်း၊ ပခုံးမှ တစ်ဆင့် ဦးခေါင်း အထိ ပျံ့နှံ့သွားသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးက ပေါက်ကွဲကာ သွေးစမှုန်များ အဖြစ် လေနှင့် အတူ လွင့်မြော သွားလေ၏။
"ဟူး ... ဟူး ... "
တောင်ထိပ်၌ လေက ကြမ်းတမ်းစွာ တိုက်ခိုက် နေသည်။ ချန်းဖန်သည် သူ၏ လက်နှစ်ဖက်ကို နောက်သို့ ညင်သာစွာ ပြန်ပို့လိုက်၏။ သူ၏ မျက်လုံးများတွင်မူ တည်ငြိမ်ခြင်းကသာ ကြီးစိုး နေသည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် သူကား ထိပ်တန်း တန်ခိုးရှင် သုံးယောက်ကို လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီ ဖြစ်လေ၏။
***