ကောင်းကင်သားတော်ကို လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်ခြင်း
Vol. 8 Ch. 731
လူတိုင်းသည် အဖြစ်အပျက် အလှည့်အပြောင်းကို ငေးကြောင်ကာ ကြည့်နေမိကြ၏။ တောင်ထိပ် တစ်ခုလုံး၌ တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။ ပိုင်စုရှင်း၊ ချီချင်းဝေ့တို့သည် စကား တစ်ခုခု ပြောချင်သော်လည်း မည်သည့် စကားလုံးမှ ထွက်မလာခဲ့ချေ။ ထိုအရာက သူမတို့၏ အံ့ဩမှုကို ဖော်ပြစရာ စကားလုံး မရှိ၍လည်း ဖြစ်နိုင်၏။
ချန်းဖန်ကမူ လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ငြိမ်စွာပင် ရပ်နေဆဲ ဖြစ်၏။ သူ၏ အမူအရာက သေမျိုး နတ်ဘုရား သုံးယောက်ကို ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့သော နတ်ဆိုးနှင့် လားလားမျှ တူညီခြင်း မရှိချေ။
"သူ ... သူက တကယ့် နတ်ဆိုးပဲ ... "
တောင်ပိုင်း နိုင်ငံ မင်းသမီးလေးက အံ့ဩတကြီးဖြင့် ထအော် လိုက်၏။ သူမ၏ မျက်လုံးများက လေးစားခြင်းများဖြင့် တဖိတ်ဖိတ် လက်နေခဲ့သည်။
"ဘယ်သူ လာဦးမလဲ ... "
ချန်းဖန်က အေးဆေး ပေါ့ပါးစွာပင် မေးလိုက်သည်။ များစွာသော လူငယ် တန်ခိုးရှင်များက ကောင်းကင်သားတော်ကို ကြည့်လိုက် ကြ၏။ ဤနေရာ၌ ကောင်းကင်သားတော်မှ လွဲ၍ အခြား မည်သူမျှ ထိုနတ်ဆိုးကို ယှဉ်နိုင်မည် မဟုတ်ချေ။ ကောင်းကင်သားတော်သာလျှင် ချန်းဖန်ကို အနိုင်ယူရန် ခွန်ရှု့ နယ်မြေ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။
"မင်းက ငါ့အချိန်အတွက် မထိုက်တန်ဘူး ... "
ကောင်းကင်သားတော်က ချန်းဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။
"မင်းရဲ့ ခန္ဓာက လီဝမ်ချန်းထက် ပိုပြီး သန်မာတယ် ... မင်းရဲ့ ဝိညာဉ် စွမ်းအားက ကျောင်းယုလုံထက် ပိုပြီး အစွမ်းထက်တယ် ... မင်းရဲ့ နတ်ဘုရား စွမ်းအားက ကျိမိသားစုရဲ့ လျှို့ဝှက် ကျင့်စဉ်ကိုတောင် ချိုးဖျက် နိုင်တယ် ... အဲဒီ စွမ်းအားတွေနဲ့ ဆို မင်းက ခွန်ရှု့ နယ်မြေမှာ ပြိုင်ဘက်ကင်း တန်ခိုးရှင် တစ်ယောက် ဖြစ်နိုင်တယ် ... ဒါပေမဲ့ ... "
ကောင်းကင်သားတော်က ညင်သာစွာဖြင့် ခြေတစ်လှမ်း လှမ်းလိုက်သည်။
"ဟူး ... "
သိမ်မွေ့သော ချီစွမ်းအင် တစ်ခုက သူ၏ ခြေထောက် အောက်တွင် ဖြစ်ပေါ်လာကာ သူ့အား သယ်မ၏။ သူ၏ မျက်နှာကမူ နှမြောခြင်းများဖြင့် ပြည့်နှက် နေသည်။
"ဒါပေမဲ့ ဘာဖြစ်လဲ ... "
တောင်ပိုင်း နိုင်ငံ မင်းသမီးလေးက စိတ်မရှည်စွာ မေးလိုက်သည်။
"ဒါပေမဲ့ ... "
စုပိုင်ရှင်းက ခေါင်းကို ငုံ့ရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"ကောင်းကင် သားတော်က သေမျိုး နတ်ဘုရား မဟုတ်တော့ဘူး ... "
"ဘုန်း ... "
ကောင်းကင် သားတော်၏ ခန္ဓာကိုယ်မှ ထည်ဝါသော မူလ အဆင့်၏ ရောင်ဝါများ ပေါက်ကွဲ ထွက်လာ၏။ ထိုစွမ်းအင်၏ ရိုက်ခတ်မှု အောက်၌ လမ့်တိုင် တောင်တန်းပင် တုန်ရီ လာခဲ့သည်။
"မြေကမ္ဘာ နတ်ဘုရား ... "
လူတိုင်းက ကောင်းကင်သားတော်အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိကြသည်။ ခွန်ရှု့ နယ်မြေ၏ သန်းရာထောင် ချီသော ကျင့်ကြံသူများတွင် မြေကမ္ဘာ အဆင့်မှာ တစ်ရာခန့်သာ ရှိသည်။ မြေကမ္ဘာ အဆင့်တိုင်းသည် အလွန် အစွမ်းထက်ကာ ခွန်ရှု့ နယ်မြေ၏ စစ်မှန်သော အရှင်သခင်များလည်း ဖြစ်၏။
သို့သော်လည်း ယခုတွင်မူ ကောင်းကင် သားတော်သည် အသက် သုံးဆယ် အရွယ်ဖြင့် မြေကမ္ဘာ နတ်ဘုရား အဆင့်ကို တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအရာက ခွန်ရှု့ နယ်မြေ ကျင့်ကြံခြင်း သမိုင်းကြောင်း၌ စံချိန်သစ် တစ်ခုလည်း ဖြစ်သည်။
"ကောင်းကင်သားတော်က တကယ်ကြီး မြေကမ္ဘာ နတ်ဘုရား ဖြစ်နေပြီပဲ ... ယွင်ထျန်း နန်းတော်က ခွန်ရှု့ နယ်မြေကို စိုးမိုးနိုင်တာ မထူးဆန်းတော့ဘူး"
အဖြူရောင် နတ်သမီးက ခပ်တိုး ရေရွတ် လိုက်၏။ ယွင်ထျန်း နန်းတော်၏ မြေကမ္ဘာ နတ်ဘုရား လမ့်ရှောင်မူ ပြုံးရုံသာ ပြုံးနေခဲ့သည်။ သို့သော်လည်း သူ၏ မျက်ဝန်းတွင်မူ ဂုဏ်ယူမှု တစ်ခုက စွန်းထင်း နေခဲ၏။ ထိုအချိန်၌ လမ့်တိုင် တောင်ထိပ်ရှိ လူငယ် တန်ခိုးရှင်များမှာမူ မှင်သက် ဆွံ့အ နေကြဆဲ ဖြစ်သည်။
"ကောင်းကင် သားတော်သာ မြေကမ္ဘာ နတ်ဘုရား ဖြစ်နေမှန်း သိရင် ဒီနှစ် ပြိုင်ပွဲကို ငါ ဝင်မပြိုင်ခဲ့ပါဘူး ... "
များစွာသော လူငယ်များက ဖြူရော်စွာ ပြုံးရင်း ခေါင်းများအား ခါယမ်း လိုက်ကြ၏။
တန်ခိုးရှင် အဆင့်နှင့် မြေကမ္ဘာ အဆင့် အကြားမှ ကွာခြားချက်ကား မိုးနှင့် မြေထက်ပင် ကြီးမားသည်။ မည်သည့် တန်ခိုးရှင်ကမှ မြေကမ္ဘာ နတ်ဘုရားကို အနိုင်ယူ နိုင်မည် မဟုတ်ချေ။
"ချန်းပေ့ရွှမ်း ... ရှင်ရဲ့ အမြင် အာရုံက မောက်မာမှုတွေနဲ့ ကွယ်နေတာပဲ ... ကောင်းကင် သားတော် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ရှင် သိသင့်တယ်"
ချီချင်းဝေ့က ချန်းဖန်အား ကြည့်ရင်း စိတ်မကောင်းစွာဖြင့် သက်ပြင်းချ မိသည်။ ထိုအချိန်၌ ချီရှို့အာလေးမှာမူ အလွန်တရာ ထိတ်လန့် နေခဲ့၏။ ထိုအရာက သူမ ဘဝတွင် မြေကမ္ဘာ နတ်ဘုရား တစ်ပါးကို ပထမဆုံး အနီးကပ် တွေ့မြင်ဖူးခြင်း မဟုတ်ပါလား။
"ငါ နှစ်သုံးဆယ် တိုင်တိုင် ကျင့်ကြံခဲ့တယ် ... ဒါပေမဲ့ ဘယ်သူကမှ ငါ့ကို ကြောက်လန့်အောင် မစွမ်းဆောင် နိုင်ခဲ့ဘူး ... ငါက ရွှမ်လော့နဲ့ မြေကမ္ဘာ အဆင့်တွေကိုပဲ ပြိုင်ဘက် အဖြစ် ယူဆခဲ့တယ်"
ကောင်းကင် သားတော်၏ စကားက ကောင်းကင်ကို ပဲ့တင်သံ ရိုက်၍ ပျံ့လွင့်လာ၏။
"လွန်ခဲ့တဲ့ နှစ်သုံးရာက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ဟာ ရေနဂါးကို ဖိနှိပ်ပြီး သူရဲ့ စွမ်းအားကို ယူဆောင်ခဲ့တယ် ... လွန်ခဲ့တဲ့ နှစ်တစ်ရာမှာ ဓားတန်ခိုးရှင် ချန်းဟယ်ကလည်း တူညီတဲ့ အရာကို လုပ်ဆောင်ခဲ့တယ် ... ဒီနေ့မှာ ငါ ကောင်းကင် သားတော်က သမိုင်းကို တစ်ကျော့ပြန် ရေးထိုးမယ်"
ကောင်းကင်သားတော်က ချန်းဖန်အား အလုံးစုံ လျစ်လျူကာ ဒေါသနဂါးမြစ် သို့သာ မျက်နှာမူ၏။ သူ၏ အမူအရာက ချန်းဖန်၏ ဖြစ်တည်မှုကို အနည်းငယ်ပင် ဂရုစိုက်ပုံ မရချေ။
"မင်းပြောလို့ ပြီးပြီလား ... ပြီးရင် လာပြီး အသေခံလိုက်တော့ ... ငါ့မှာ အချိန် မရှိဘူး"
ချန်းဖန်က ကောင်းကင် သားတော်၏ စကား မဆုံးခင်မှာပင် စိတ်မရှည်စွာဖြင့် ဖြတ်ပြော လိုက်၏။ သူ၏ စကားက များစွာသော လူများကို မျက်လုံးပြူး စေသည်။ ကောင်းကင် သားတော်ပင် မျက်ခုံး တစ်ချက်တွန့်ကာ ချန်းဖန်အား လှည့်ကြည့်မိသည်။
"ဟားဟား ... မင်းက တကယ် ရယ်ရတဲ့ ကောင်လေးပဲ ... ချန်းပေ့ရွှမ်း မလား ... ငါ မင်းနာမည်ကို မှတ်ထားပေးမယ်"
ကောင်းကင်သားတော်က ပြုံးရယ်ရင်း ဆိုလိုက်သည်။
"နားငြီးတယ်ကွာ ... "
ချန်းဖန်က ကောင်းကင်သားတော် ဆီသို့ လက်သီး တစ်ချက် ထိုးလိုက်သည်။
"ဘုန်း ... "
အစစ်အမှန် အမတေ စွမ်းအားက ထိုလက်သီးမှ ထွက်လာကာ ဆယ်မီတာ ရှည်လျားသော နဂါးတစ်ကောင် အသွင် ပြောင်းလဲ၍ ကောင်းကင်အား ထက်ဝက် ပိုင်းဖြတ်၏။
"ဟူး ... "
ကောင်းကင်သားတော်က အင်္ကျီလက်ကို တစ်ချက် ခါယမ်း၍ ထိုနဂါးအား ဖျက်ဆီး လိုက်သည်။
"မင်းက ကောင်းကင် အရှင် မဖြစ်သေးတော့ မြေကမ္ဘာ နတ်ဘုရား တစ်ပါးရဲ့ စွမ်းအားကို ဘယ်နားလည်ပါ့မလဲ ... "
"ဘုန်း ... "
ရုတ်တရက် ကောင်းကင် သားတော်၏ ခန္ဓာကိုယ်မှ ဆူနာမီ အလား ပြင်းထန်သော စွမ်းအင်လှိုင်း တစ်ခု ပျံ့လွင့်လာ၏။ လမ့်တိုင် တောင်ထိပ်ရှိ များစွာသော လူငယ် တန်ခိုးရှင်များမှာ ထိုစွမ်းလှိုင်း၏ ဖိနှိပ်မှု အောက်၌ နောက်သို့ပင် ဆုတ်လိုက်ကြရသည်။
"ဘုန်း ... "
သို့သော်လည်း ချန်းဖန်က ထိုစွမ်းအင်လှိုင်းအား လက်သီးဖြင့် ထိုး၍ တိုက်ရိုက် ဖျက်ဆီးလိုက်သည်။
"မြေကမ္ဘာ နတ်ဘုရား ဟုတ်လား ... ငါ အဲအဆင့်ကို ဆယ်ယောက်ထက် မနည်း သတ်ပြီးပြီ"
"မောက်မာလိုက်တာ ... "
ကောင်းကင်သားတော်က မျက်မှောင် ကြုတ်ရင်း သူ၏ တိုက်ခိုက်မှု အဟုန်ကို နှစ်ဆ မြှင့်လိုက်သည်။
"ဘုန်း ... "
သူ၏ ခန္ဓာကိုယ် တစ်ဝိုက်၌ တောက်ပသော မြူနှင်းများ ကျဆင်းလာ၍ ထိုမြူနှင်းများက သံချပ်ကာဝတ် စစ်သည် သူရဲကောင်းများ အသွင်သို့ ဖွဲ့စည်းသည်။ ထိုစစ်သည် သူရဲကောင်းများက ချွန်ထက်သော ဓားများကို စွဲကိုင်ကာ စစ်ပွဲအတွက် အသင့် ပြင်၏။
"အဲဒါက ... ယွင်ထျန်း နန်းတော်ရဲ့ ကောင်းကင် စစ်သည် ကျင့်စဉ်မလား ... မြေကမ္ဘာ အဆင့်တွေပဲ အဲဒီ ကျင့်စဉ်ကို အသုံးပြုနိုင်တယ် လို့ ကျူပ် ကြားဖူးတယ်"
လူငယ် တန်ခိုးရှင် တစ်ယောက်က အံ့ဩတကြီးဖြင့် ဆိုလိုက်သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
အထွတ်အထိပ် အဆင့် ရှိသော ကောင်းကင် စစ်သည် တစ်ရာကျော်သည် တညီတညွှတ်တည်း ချီတက်လာ၏။ ထိုစစ်သည်များအား ကောင်းကင် ဗိုလ်ချုပ် ကိုးယောက်က ဦးဆောင်သည်။ ကောင်းကင် ဗိုလ်ချုပ် ကိုးယောက်သည် နဂါး ကိုးကောင်ကို စီးနင်းကာ ချန်းဖန်ထံ အရပ်မျက်နှာ ကိုးခုမှ တိုးဝင်သည်။
"လာစမ်း ... "
ချန်းဖန်က ခါးရှိ ကျောက်မျက်အား တို့ထိ၍ ဓားပျံကိုးချောင်းအား ဆင့်ခေါ် လိုက်သည်။ ထိုဓားပျံ ကိုးချောင်းက ကောင်းကင်သို့ ဝေ့ဝိုက် ပျံတက်၍ ကောင်းကင် ဗိုလ်ချုပ် ကိုးယောက်၏ ဦးခေါင်းများအား ဖြတ်တောက် လိုက်၏။
"မင်းက ဒါကြောင့် ဒီလောက် မောက်မာ နေတာကိုး ... တကယ်ပဲ မဆိုးဘူး"
ကောင်းကင်သားတော်က အသိအမှတ် ပြုဟန်ဖြင့် ခေါင်း တစ်ချက် ညိတ်လိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက ရုတ်ချည်းပင် အေးစက်သွား၏။
"ဒါပေမဲ့ ... မင်း ငါ့ကို လာမရှုပ်ခဲ့သင့်ဘူး"
"ကလန့် ... "
အားလုံး၏ အကြည့်များ အောက်တွင်ပင် ကောင်းကင်သားတော်၏ လက်ရှိ လက်ကောက် တစ်ကွင်းသည် ကောင်းကင်သို့ ပျံတက်ကာ အရွယ်အစား ကြီးမားလာသည်။ ထိုအရာက လေထုကို တိုက်စား၍ အရှိန်ပြင်းစွာ လှည့်ပတ်ရင်း မြူနှင်းကွင်း တစ်စုံ အဖြစ် ပြောင်းလဲ၏။
"အဲဒါက ယွင်ထျန်း နန်းတော်ရဲ့ ယွင်ထျန်းကွင်းတွေ မလား"
တောင်ပိုင်းနိုင်ငံ မင်းသမီးလေးက လေထုတွင် လှည့်ပတ်နေသော မြူနှင်းကွင်း တစ်စုံအား ကြည့်ရင်း ရေရွတ် လိုက်သည်။
လူတိုင်းမှာ "ယွင်ထျန်းကွင်း" ဆိုသော အစ်မည်ကို ကြားသည်နှင့် ထိတ်လန့် သွားကြ၏။ ထိုအရာများကား ထိပ်ဆုံး အဆင့် ဝိညာဉ် လက်နက်များ ဖြစ်သည်။ မြေကမ္ဘာ အဆင့်များပင် ထိုလက်နက်အား မရင်ဆိုင် လိုကြချေ။ အခြား တစ်ဖက်၌ ချန်းဖန်၏ ဓားကိုးချောင်း မှာမူ အလွန်ဆုံး ရှိမှ အစောပိုင်း အဆင့် ဝိညာဉ် လက်နက်များသာ ဖြစ်သည်။ သူတို့ကား ယွင်ထျန်းကွင်းများ၏ ပြိုင်ဘက် မဟုတ်ချေ။
"ဟူး ... ဟူး ... "
ယွင်ထျန်းကွင်းများသည် လျှင်မြန်စွာပင် ဟင်းလင်းပြင် သင်္ဘောကြီး တစ်စင်း၏ အရွယ်အစားထိ ကြီးမားလာသည်။ ထို့နောက် ၎င်းတို့က ချန်းဖန် ထံသို့ ပြင်းစွာသော တိုးဝင် လာ၏။
ချီချင်းဝေ့က သက်ပြင်းတစ်ချက် ချရင်း သူမ၏ ခေါင်းအား ငုံ့လိုက်မိသည်။ ချန်းဖန် မည်မျှပင် အစွမ်းထက် စေကာမူ "ယွင်ထျန်းကွင်း" များကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် တောင်ပိုင်းနိုင်ငံ မင်းသမီးလေးမှာ အနည်းငယ် ဝမ်းနည်းနေပုံ ရ၏။ သူမသည် ချန်းဖန်၏ ချောမောသော ရုပ်ရည်နှင့် ပါရမီကို သဘောကျရာ သူ့အား မသေစေလိုချေ။ အားလုံးထဲ၌ ချီရှို့အာ တစ်ယောက်သာလျှင် ချန်းဖန် အပေါ် ယုံကြည်နေခဲ့သည်။ သူမက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ချန်းဖန်အား အားပေး နေခဲ့သည်။
"ဓမ္မ လက်နက်တွေရဲ့ စွမ်းအားက အသုံးပြသူ အပေါ်မှာ အများကြီး မှီခိုနေတယ် ... "
ချန်းဖန်က ချီရှို့ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
"ရှို့အာ ... ငါ မင်းကို ဒီနေ့ သင်ခန်းစာ တစ်ခု သင်ပြ ပေးမယ် ... သေချာကြည့်ထား"
ထို့နောက် သူက အေးဆေးစွာပင် လက်ညိုးအား လှုပ်ယမ်းလိုက်၏။
"ပီးရှို့ နှင်းဆီ အော်ဆာရာ ... "
"အနီရောင်ငှက် ငန်းဖြူ လိပ်နက် ... "
"အဝါရောင်ပျိုးပန်း အဇူရာမြွေ ခရမ်းတိမ်တိုက် ... "
ချန်းဖန်က လက်ညိုးအား ကိုးကြိမ်တိုင် လှုပ်ယမ်း၍ သေးငယ်သော ဓားပျံ ကိုးချောင်းအား ကောင်းကင်သို့ ပစ်လွှတ် လိုက်သည်။
"ဓားအမတေ ပိုးမျှင် ... ပေါင်းစည်း"
ချန်းဖန်၏ အမိန့်အောက်တွင် ဓားပျံ ကိုးချောင်းက တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ ရွှေရောင် ဓားအလင်း အသွင် ပြောင်းလဲသည်။ ထိုရွှေရောင် ဓားအလင်းက မမြင်နိုင်သော အမြန်နှုန်းဖြင့် ယွင်ထျန်းကွင်းများထံ တိုးဝင်လေ၏။
"ဘုန်း ... "
ရွှေရောင် ဓားအလင်း၏ ပိုင်းဖြတ်မှု အောက်တွင် ယွင်ထျန်းကွင်းများကား တို့ဟူး အလား ပိုင်းဖြတ် ခံရသည်။ သို့သော်လည်း ရွှေရောင် ဓားအလင်းက ရပ်တန့်ခြင်း မရှိဘဲ ကောင်းကင်သားတော်ထံ ဆက်လက် တိုးဝင်၏။
"လာစမ်း ... "
ကောင်းကင် သားတော်က အကာအကွယ် အလင်းများကို အသက်သွင်းကာ ရွှေရောင် ဓားအလင်းကို ခုခံသည်။
"ဘုန်း ... "
သို့သော်လည်း ရွှေရောင် ဓားအလင်းက အကာအကွယ် အားလုံးကို ဖျက်ဆီးကာ ကောင်းကင် သားတော်၏ ခန္ဓာအား ထက်ဝက် ပိုင်းဖြတ်သွားသည်။
"ဓားအမတေ ... ပိုးမျှင်"
ချန်းဖန်ကား ကောင်းကင် သားတော်ကို လက်တစ်ချောင်းတည်းဖြင့် အနိုင်ယူခဲ့ပြီ ဖြစ်လေသည်။
***