← Chapters

ခွန်ရှု့ နယ်မြေအား လှုပ်ခါစေခြင်း

Vol. 8 Ch. 735

ခွန်ရှု့ နယ်မြေအား လှုပ်ခါစေခြင်း

Vol. 8 Ch. 735

ခွန်ရှု့ နယ်မြေသည် ဧရိယာ မိုင်သောင်းချီသာ ကျယ်ဝန်းသော်လည်း ထိုနေရာ၌ ထောင်ချီသော အင်အားစုများ အခြေချ နေထိုင်ကြ၏။ ထိုအင်အားစုများကို အဓိက ဂိုဏ်းများ၊ မိသားစုများက ထပ်ဆင့်  ထိန်းချုပ် ထားကြသည်။ လမ့်တိုင်တောင်တွင် ဖြစ်ပျက်ခဲ့သော တိုက်ပွဲ သတင်းက ခွန်ရှု့ နယ်မြေ တစ်လွှားသို့ တောမီးရိုင်း အလား လျှင်မြန်စွာ ကူးစက် ပျံ့နှံ့သွား၏။ ထိုသတင်းအား ကြားသည်နှင့် လူတိုင်းမှာ ဆွံ့အ သွားကြသည်။

"ချန်းပေ့ရွှမ်း ဆိုတာက ဘယ်သူလဲ ... "

"ငါကြားရသလောက်ဆိုရင် သူက အသက် နှစ်ဆယ် အရွယ် လူငယ်လေးတဲ့ ...  ဒါပေမဲ့ သူက ကောင်းကင် သားတော် အပြင် အခြား မြေကမ္ဘာ နတ်ဘုရားတွေကိုပါ သတ်ခဲ့တယ် ဆိုပဲ ...  သူ့ရဲ့ ပါရမီကို လျှို့ဝှက်အဇူရာ ဂိုဏ်းချုပ် တစ်ယောက်ပဲ ယှဉ်နိုင်လိမ့်မယ် ထင်တယ်"

"နောက်ပြီး ကောလာဟလတွေ အရဆို သူက နှစ်ထောင်ချီ ရှင်သန်ခဲ့တဲ့ ရေနဂါးဖြူကိုတောင် အိမ်မွေး တိရစ္ဆာန် အဖြစ် ဖမ်းခဲ့တယ် တဲ့ ...  သူက တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ"

မရေမတွက်နိုင်သော လူများက ဆွေးနွေး ပြောဆိုကြသည်။

အင်အားကြီး ဂိုဏ်းများ၊ မိသားစုများ၏ ခေါင်းဆောင်များပင် ချန်းဖန် အကြောင်းကို ကြားပြီးနောက် အံ့အားသင့် နေကြ၏။

"သူက ခွန်ရှု့ နယ်မြေရဲ့ အသက် အငယ်ဆုံး မြေကမ္ဘာ နတ်ဘုရားပဲ ... "

"ဒါထက် ပိုတယ်ကွ ...  သူက အသက် အငယ်ဆုံး မြေကမ္ဘာ အဆင့်တင် မဟုတ်ဘူး ...  အစွမ်း အထက်ဆုံး မြေကမ္ဘာ အဆင့်ပဲ ...  သူ ပိုင်ဆိုင်ထားတဲ့ စွမ်းအား အရဆိုရင် ခွန်ရှု့ နယ်မြေရဲ့ ထိပ်တန်း ကျင့်ကြံသူ နှစ်ဆယ်ထဲကို ပါမှာ သေချာတယ်"

"သူက တကယ့်ကို မွန်းစတားပဲ ...  ကောင်းကင် မိုးကြိုး ဂိုဏ်း မိန်ချင်းဂိုဏ်း တွေတောင် သူ့ရဲ့ ရက်စက် မောက်မာမှုကို ယှဉ်နိုင်မယ် မထင်ဘူး"

များစွာသော ခွန်ရှု့သားတို့က ကြောက်ရွံ့ လေးစားစွာဖြင့် ပြောဆိုကြ၏။ အချို့သော ကျင့်ကြံခြင်း မိသားစုများ ဆိုလျှင် ချန်းဖန်ထံသို့ အထူး ကိုယ်စားလှယ်များ စေလွှတ်ကာ သူတို့နှင့် ပူးပေါင်းရန် ကမ်းလှမ်း ကြသည်။

ချီရှန်းမြို့ ...

"ဘာကြီး ...  ချန်းပေ့ရွှမ်းက ကောင်းကင် သားတော်နဲ့ ဂိုဏ်းကြီးတွေက မြေကမ္ဘာ နတ်ဘုရား ခုနစ်ယောက်ကို သတ်ခဲ့တယ် ဟုတ်လား"

ချီမူဖန်နှင့် အခြားလူများမှာ ထိုသတင်းကို ကြားသည်နှင့် ရုပ်တုများ အလား အေးခဲ သွားကြ၏။ သို့သော်လည်း သူတို့သည် ထိုအရာကို ယုံကြည်နိုင်ခြင်း မရှိချေ။

မြေကမ္ဘာ နတ်ဘုရားများကား ခွန်ရှု့ နယ်မြေ၏ အရှင်သခင်များ ဖြစ်ကြသည်။ ထိုသို့သော အရှင်သခင် ရှစ်ယောက်ကို ချီရှန်းမြို့တွင် တည်းခိုခဲ့သော တန်ခိုးရှင် ဆရာချန်းက တစ်ပြိုင်နက်တည်း အနိုင်ယူခဲ့သည် ဟု ဆိုသည်။

ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

"သူတို့ ပြောတဲ့ ချန်းပေ့ရွှမ်း ဆိုတာက ငါတို့ သိထားတဲ့ တန်ခိုးရှင် ဆရာချန်းမှ ဟုတ်ရဲ့လား ... "

ချီမူဖန်က မသေချာ မရေရာစွာဖြင့် တီးတိုး ရေရွတ် လိုက်၏။

သို့သော်လည်း ချန်းဖန်က ချီရှို့အာအား တပည့် အဖြစ် လက်ခံလိုက်ကြောင်း သတင်း ကြားရချိန် တွင်မူ ချီမူဖန်၏ မျက်နှာက ကြီးမားသော အပြုံးကြီး တစ်ခုဖြင့် ပြည့်နှက် သွားဝောာ့သည်။ ချီမူဖန် အတွက် သူ၏ သမီး အကြီးဆုံးမှာ အစဉ်အမြဲ ဂုဏ်အယူရဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူ၏ ဒုတိယ သမီးငယ်မှာလည်း သမီး အကြီးထက် လျော့နည်းခြင်း မရှိသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် များစွာသော လူများမှာ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းနှင့် ဖန်ရှင်း တောင်ကြားတို့၏ တုန့်ပြန်ပုံကို စောင့်ကြည့် နေကြသည်။ ချန်းဖန်သည် မြေကမ္ဘာ နတ်ဘုရားများစွာကို သတ်ဖြတ်ခဲ့ရာ ဂိုဏ်းကြီးများက ထိုအပြစ် အတွက် အလွယ်တကူ ခွင့်လွှတ်ပေးမည် မဟုတ်ချေ။

"အဲကောင်လေးက သေလူ ဖြစ်နေပြီ ...  ဂိုဏ်းကြီး ခုနစ်ဂိုဏ်းက လက်စားချေမှာ သေချာတယ်"

များစွာသော လူများက ချန်းပေ့ရွှမ်း ဆိုသော ပါရမီရှင် ကောင်လေး၏ ကံကြမ္မာ အတွက် ခေါင်းများကို ခါယမ်းမိကြ၏။ ထိုချန်းပေ့ရွှမ်းမှာ နှစ်တစ်ထောင်တွင် တစ်ယောက် ပေါ်ထွန်းသည့် ပါရမီရှင် ဖြစ်သော်လည်း ခွန်ရှု့ နယ်မြေ၏ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းအား ယှဉ်နိုင်မည် မဟုတ်ချေ။

***

လဲ့ယင်တောင် ...

ဘုန်းကြီးအိုကြီး တစ်ပါးသည် ဆယ်မီတာ မြင့်သော ဗုဒ္ဓ ရုပ်တုကြီး၏ အရှေ့၌ ထိုင်နေခဲ့၏။ သတင်းအား ကြားပြီးနောက် ဘုန်းကြီးအို၏ ခန္ဓာက တစ်ချက် တုန်ခါသွားသည်။

"ဘုန်း ... "

လဲ့ယင်တောင်ကြီးမှာလည်း ဘုန်းကြီးအို၏ ဒေါသကို ခံစားမိသည့် အလား ကြီးစွာသော တုန်လှုပ်မှုကို ထုတ်ဖော်သည်။

"ချန်းပေ့ရွှမ်းက ငါ့ရဲ့ အချစ်ဆုံး တပည့်ကို သတ်ခဲ့တယ် ...  ဒီအကြွေး အတွက် သူ့ဆီက အသက်ကို ငါ ပြန်တောင်းမယ်"

ဘုန်းကြီးအိုကြီးက သူ၏ ဒေါသ အပူမီးများ ဖုံးလွှမ်းနေသော မျက်လုံးကို ဖွင့်ရင်း အံကြိတ်ကာ ရေရွတ်လိုက်၏။

***

လျှို့ဝှက် အဇူရာဂိုဏ်း၊ နန်းတော် တစ်ခု အတွင်း၌ ...

အဇူရာ ဝတ်စုံ ဝတ်ဆင်ထားသော တာအို တန်ခိုးရှင် တစ်ဦးသည် ဓားကို လွယ်ရင်း အဝေးသို့ လှမ်းမျှော် ငေးနေသည်။ သူ၏ မျက်ခုံးမွေးက ကျောက်စိမ်းရောင် ခြယ်ကာ သူ၏ မျက်လုံးများက ထက်ရှသော အလင်းတစ်ခုကို ထုတ်လွှတ်နေ၏။

"ချန်းပေ့ရွှမ်း ...  ငါ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး"

သူက သက်ပြင်းတစ်ချက် ချရင်း ခေါင်းအား ခါယမ်း လိုက်သည်။

"ကြည့်ရတာ အပြင်လောကကို နောက်တစ်ခါ ထွက်ရဦးမယ် ထင်တယ်"

တစ်ချိန်တည်းမှာပင် အမတေ ပေါင်းစည်းခြင်းဂိုဏ်း၊ ဖန်ရှင်း တောင်ကြားနှင့် တရှီဂိုဏ်း၏ မြေကမ္ဘာ နတ်ဘုရားများမှာလည်း ထိုသတင်းကို ကြားပြီးနောက် တိုက်ပွဲ အတွက် ပြင်ဆင် ကြ၏။

***

ယွင်ထျန်း နန်းတော်၊ ဗဟိုခန်းမ အတွင်း ...

"အပြစ်ပေးရမယ် ...  ဒီပြစ်မှု အတွက် ငါတို့ သူ့ကို အပြစ်ပေးရမယ် ...  သူတော်စင်တွေကို စုစည်းစမ်း ...  ရှစ်ယောက်က သူ့ကို သတ်ဖို့ မလုံလောက်ရင် အယောက် ရှစ်ဆယ် အထိ ခေါ်ကြ ...  ငါတို့ ဂိုဏ်းကို ရန်လာစရင် ဘယ်လို အဆုံးသတ် ရမယ် ဆိုတာ ခွန်ရှု့ နယ်မြေကို ပြရမယ်"

မုတ်ဆိတ်ဖြူ အဘိုးအို တစ်ဦးက ဒေါသတကြီး အော်ဟစ် လိုက်သည်။ သူ၏ အသံတွင် ယွင်ထျန်း နန်းတော် တစ်ခုလုံး ပြင်းထန်စွာ တုန်ဟီး၏။ ကျင့်ကြံသူ လမ့်ရှောင်၏ သေဆုံးမှုမှာ ယွင်ထျန်း နန်းတော် အတွက် အသေးအမွှား ကိစ္စ တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း ကောင်းကင် သားတော်မှာမူ ယွင်ထျန်း နန်းတော်၏ အနာဂတ် ခေါင်းဆောင် ဖြစ်သည်။ သူမရှိပဲ ယွင်ထျန်း ဂိုဏ်းသည် ခွန်ရှု့ နယ်မြေ၏ အကြီးမားဆုံး ဂိုဏ်းအဖြစ် ဆက်လက် ရပ်တည်ရန် ခက်ခဲပေလိမ့်မည်။

တိမ်ကောင်းကင် အဘိုးအိုမှာမူ အကြီးမားဆုံး ပလ္လင်ထက်၌ ထိုင်ရင်း ငြိမ်သက်စွာပင် တစ်စုံတစ်ခုကို စဉ်းစား နေသည်။ တစ်ချိန်တည်း မှာပင် သူ၏ မျက်လုံးများက အလွန်အမင်း အေးစက်နေ၏။ အတန်ကြာ၌ သူက သက်ပြင်းချရင်း ဆုံးဖြတ်ချက် ချလိုက်သည်။

"မလှုပ်ရှားခင် ချန်းပေ့ရွှမ်း အကြောင်းကို အရင်ဆုံး စုံစမ်းလိုက်ကြရအောင် ...  သူ့ရဲ့ စွမ်းအားတွေ ရုတ်တရက် မြင့်တက် လာတာက တစ်ခုခု လွဲချော်နေတယ် လို့ ငါ ခံစားရတယ် ...  သူ့နောက်မှာ အစွမ်းထက်တဲ့ နောက်ခံတွေ မရှိဘူး ဆိုတာ သေချာမှပဲ ငါတို့ တိုက်ခိုက်ကြတာပေါ့"

***

ထိုအချိန်၌ ချန်းဖန်မှာမူ လမ့်တိုင် တောင်တန်း အနီးရှိ လမ့်တိုင် ရှေးဟောင်းမြို့သို့ ရောက် ရှိနေခဲ့၏။ လမ့်တိုင်မြို့၏ သခင်မှာ အထွတ်အထိပ် အဆင့်ကို ရောက်နေသည့် အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် ချန်းဖန်အား အနည်းငယ်ပင် မလေးမစား မလုပ်ရဲပဲ နွေးထွေးစွာ ကြိုဆိုခဲ့၏။

ချန်းဖန်နှင့် အတူ လမ့်တိုင်မြို့သို့ ချီညီအစ်မ နှစ်ယောက် အပြင် သူ့အား ကြွေနေသည့် တောင်ပိုင်းနိုင်ငံ မင်းသမီးလေးပါ လိုက်ပါ လာခဲ့သည်။ သို့သော်လည်း ချန်းဖန်သည် ထိုမင်းသမီးအား ရံဖန်ရံခါမှသာ စကား ပြောလေ့ ရှိပြီး သူ၏ အချိန် အများစုကို ဆေးများ ဖော်စပ်ခြင်း၊ ချီရှို့အာအား လမ်းညွှန် သင်ပြပေးခြင်းများဖြင့် ကုန်ဆုံး စေခဲ့သည်။

"ဟူး ...  ဟူး ... "

နတ်ဘုရား မီးတောက်များသည် ချန်းဖန်၏ မျက်လုံးမှ ထွက်ကာ ဆေးမီးဖို အပေါ်သို့ ကျရောက်နေ၏။ လမ့်တိုင်မြို့၌ ရှုတောင် ဓားနန်းတော် ကဲ့သို့ မြေကမ္ဘာ မီးတောက်များ မရှိရာ ချန်းဖန်သည် ဆေးသန့်စင်ခြင်း၌ သူ၏ ကိုယ်ပိုင် စွမ်းအားကိုသာ အသုံးပြု နေရသည်။ ချီရှို့အာသည် ချန်းဖန်၏ အနားတွင် ထိုင်ရင်း ဆေးသန့်စင်ခြင်း ဖြစ်စဉ်ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့၏။

"ဆရာ ...  ဘာဆေးတွေ လုပ်နေတာလဲ"

"အရမ်း အစွမ်းထက်တဲ့ ဆေးတွေပေါ့ ...   နာမည်နဲ့ ပြောရမယ် ဆိုရင်တော့ ရတနာဆေး ဆိုပါတော့ကွာ"

ချန်းဖန်က အဖြေပေးလိုက်သည်။ ရတနာဆေးများသည် ဝိညာဉ်ဆေးထက် တစ်ဆင့်မြင့်သော ဆေးများ ဖြစ်ပြီး ရွှေအမြုတေ အဆင့် တစ်ယောက် အတွက်ပင် ဖော်စပ်ရန် ခက်ခဲ၏။ ချန်းဖန်သည် တစ်ခါက သွေးဘိုးဘေး၏ အမတေကို သုံး၍ ရတနာဆေးကို တစ်ခါ ဖော်စပ် ဖူးခဲ့သည်။

သို့သော်လည်း သွေးဘိုးဘေးမှာ သာမန် အဆင့်နိမ့် မူလအဆင့် တစ်ယောက်သာ ဖြစ်ရာ သူ၏ အမတေကို သုံး၍ ဖော်စပ်သော ဆေးမှာလည်း တစ်ဝက် တစ်ပျက် ရတနာဆေးသာ ဖြစ်ခဲ့၏။

"ရတနာဆေး ... "

ချီရှို့အာမှာ ထိုနာမည်ကို ကြားပြီးနောက် ပို၍ စိတ်ဝင်စား လာခဲ့၏။

"ဟုတ်တယ် ...  ဒီဆေးက အရမ်းကို အစွမ်းထက်ပြီး စားလိုက်တဲ့ သူရဲ့ ခွန်အားကို အများကြီး မြှင့်တင် ပေးနိုင်တယ် ...  ဒီတစ်ခေါက် ပြီးရင် ရှို့အာ အတွက်လည်း ဆေးဖော်ပေးမယ် ...  ဒါပေမဲ့ တစ်ခု စိုးရိမ်စရာ ရှိတာက အကျိုးဆက်ကို ရှို့အာ တောင့်မခံနိုင်မှာ ကိုပဲ"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။

"တော်တော် အန္တရာယ် များတာပဲ ... "

ချီရှို့အာက သူမ၏ လျှာကလေးကို ထုတ်လိုက်၏။

"လာစမ်း ... "

ထို့နောက် ချန်းဖန်က သူ၏ ခါးရှိ ကျောက်မျက်အား တို့ထိလိုက်၏။

"ဟူး ... "

ရုတ်တရက် အဖြူရောင် အလင်းတန်းများနှင့် အတူ လူသား တစ်ဦး၏ ပုံရိပ် သူတို့ အရှေ့၌ ပေါ်လာသည်။ ထိုလူသား၌ အတောင်ပံ တစ်စုံ ပါရှိ၏။

"ငှက်လူသား ... "

ချီရှို့အာက အံ့ဩတကြီးဖြင့် ထိုပုံရိပ်ကို လက်ညိုး ထိုးလိုက်သည်။ ထို့နောက် ချန်းဖန်က ချန်းဖန်က ရေနဂါးဖြူကိုပါ ဆင့်ခေါ်၍ ၎င်း၏ စွမ်းအားကိုပါ အတင်းအကြပ် ဖိအားပေးကာ ထုတ်ယူ လိုက်သည်။ ချန်းဖန်၏ ဆေးဖော်စပ် နေမှုကို ကြည့်ရင်း ချီရှို့အာ၏ မျက်လုံးများကား ပြူးသထက် ပြူးကျယ် လာတော့၏။

"ဆရာက တကယ့်ကို ကြီးကျယ်တဲ့ ဆေး တစ်မျိုး ဖော်စပ်နေတာ ဖြစ်ရမယ်"

ချီရှို့အာက ကြိတ်ကာ မှတ်ချက်ချ လိုက်သည်။

နောက်ဆုံး၌ ချန်းဖန်က လျှပ်စီး အလင်းများ တောက်ပနေသော သစ်သီး တစ်လုံးကို ထုတ်ယူ လိုက်သည်။ အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သူက ထိုသစ်သီးကိုပါ ဆေးအိုးထဲ ပစ်ထည့် လိုက်၏။ အကယ်၍ ချီရှု့အာသာ မြေကမ္ဘာ နတ်ဘုရား တစ်ယောက် ဖြစ်ပါက ထိုသစ်သီးမှာ အလွန် အဖိုးတန်သော မိုးကြိုးသစ်သီး ဖြစ်ကြောင်း သိပေလိမ့်မည်။

"အချိန် သိပ်မရှိတော့ဘူး ...  ငါ့ရဲ့ပထမ အစီအစဉ်က နှင်းနတ်ဘုရား တောင်ကြားရဲ့ ရေခဲကြာပွင့်ကို ယူပြီးက ဒီဆေးကို ဖော်စပ် ဖို့ပဲ ...  အဲဒါဆို ပိုပြီး ဘေးကင်းမှာ သေချာတယ် ...  ဒါပေမဲ့ ခွေးခုနစ်ကောင်ကို သတ်ပြီးတဲ့ နောက်မှာ ခွန်ရှု့ နယ်မြေ တစ်ခုလုံးက ငါ့ကို လိုက်နေပြီ ...  ဒီတော့ သူတို့ အင်အားစုနေတုန်းမှာ ငါရဲ့ ခွန်အားကို အမြန် မြှင့်တင်မှ ဖြစ်တော့မယ်"

ချန်းဖန်က တွေးတောရင်း နတ်ဘုရား မီးတောက် အပူချိန်ကို ရုတ်တရက် တိုးမြှင့် လိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ကို မြောက်ကာ ဆေးမီးဖိုအား ရိုက်ချလိုက်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

တစ်ချိန်တည်းမှာပင် လမ့်တိုင်မြို့ ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ ဖြစ်ပေါ်ကာ အဆက်မပြတ် ထစ်ချုန်း၏။

***

All Chapters