← Chapters

ရတနာဆေး

Vol. 8 Ch. 736

ရတနာဆေး

Vol. 8 Ch. 736

"ဘာလို့ အဲဒါက ဒဏ္ဍာရီထဲက နတ်ဘုရား ပြစ်ဒဏ်နဲ့ တူနေရတာလဲ ... "

တောင်ပိုင်းနိုင်ငံ မင်းသမီးလေးက ကောင်းကင်သို့ မော့ကြည့်ရင်း ရေရွတ် လိုက်သည်။

"ဟုတ်တယ် ... "

ချီချင်းဝေ့ကလည်း ခေါင်းညိတ် လိုက်၏။

"မြေကမ္ဘာ နတ်ဘုရားတွေ ကောင်းကင် တန်ခိုးရှင် အဆင့်ကို တက်လှမ်းတဲ့အခါ ကောင်းကင်မှာ မိုးကြိုးတိမ်တိုက်တွေ ဖြစ်ပေါ် လာတတ်တယ်တဲ့ ...  နောက်ပြီးတော့ အရမ်း အစွမ်းထက်တဲ့ ရတနာဆေးတွေ လက်နက်တွေ ဖန်တီးတဲ့ အခါမှာလည်း အဲလို ဖြစ်တတ်တယ်လို့ ငါ ကြားဖူးတယ်"

သူတို့သည် မည်သည့် အရာများ ဖြစ်ပျက် နေကြောင်း မခန့်မှန်း နိုင်သော်လည်း မိုးကြိုး တိမ်တိုက်များမှာမူ ပိုမို၍ ပြန့်ကားလာနေဆဲ ဖြစ်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

အဆုံး၌ ဆယ်မိုင် ပတ်လည် ကောင်းကင်ကား လျှပ်စီး ပင်လယ် အဖြစ် ပြောင်းလဲ သွားခဲ့သည်။  မရေမတွက်နိုင်သော နဂါးများသည် ထိုပင်လယ်၌ အတောင်များကို ဖြန့်ကျက် ပျံသန်းရင်း ဟိန်းဟောက် ကြ၏။

တစ်ရက် ...

နှစ်ရက် ...

သုံးရက် ...

ကိုးရက် ...

မိုးကြိုးတိမ်တိုက်များမှာ မိုင်တစ်ရာ ပတ်လည် အထိ ပြန့်ကားလာသည်။ လမ့်တိုင်မြို့ တစ်ခုလုံးရှိ မြင်းများ၊ ခွေးများ၊ သားရဲများ အလုံးစုံကား မြည်သံပင် မပြုရဲကြတော့ချေ။ သူတို့ ကြောက်ရွံ့စွာဖြင့် ချောင်ချိုချောင်ကြား နေရာများသို့ တိုးဝှေ့ နေကြသည်။

ဆယ်ရက်မြောက်နေ့ ...

"ဘုန်း ... "

ရုတ်တရက် ဆေးမီးဖိုသည် ပေါက်ကွဲကာ လျှပ်စီး အလင်းများ ဝန်းရံနေသည့် ဆေးတစ်လုံး ဖြစ်ပေါ်လာ၏။ ထိုဆေးသည် သလင်းကျောက် အလား ကြည်လင်ကာ နေတစ်စင်း အလား အဖြူရောင် အလင်းများကို ထုတ်လွှတ် နေသည်။ ဆေးလုံး၏ အလယ်တွင်မူ အတောင် တစ်စုံပါသော လူသားငယ် တစ်ဦး၏ ပုံရိပ် ရှိ၏။

"ဟူး ...  လား ...  လား ... "

သင်းပျံ့သော ရနံ့တစ်ခုက အခန်း အတွင်း ပျံ့လွင့်လာသည်။ ချီရှို့အာက ထိုရနံ့အား ခေါင်းမော့၍ ရှူရှိုက်ရင်း ချန်းဖန်အား မေးလိုက်၏။

"ဆရာ ...  ရတနာဆေးကို ဖော်စပ် ပြီးပြီလား"

"မဟုတ်ဘူး ...  အခုမှ စမှာ"

ချန်းဖန်က ခေါင်းကို မော့၍ အဆောက်အအုံ ခေါင်းမိုးကို ဖြတ်ကာ မိုးကြိုး တိမ်တိုက်များအား ကြည့်လိုက်သည်။

"ကျင့်ကြံသူ တစ်ယောက်က မူလ အဆင့်ကို ကျော်ဖြတ်ပြီး ရွှေအမြုတေ အဆင့်ကို တက်လှမ်းတဲ့ အခါမှာ နတ်ဘုရား ပြစ်ဒဏ်ကို ဖြတ်ကျော်ရတယ် ...  ဆေး ဖော်စပ်ခြင်း မှာလည်း အတူတူပဲ ...  ဘယ်လို ဆေးမျိုးကမှ မိုးကြိုး ကပ်ဘေးကို မဖြတ်ကျော်ဘဲ ရတနာ ဆေးဝါး ဖြစ်မလာနိုင်ဘူး"

"ဘုန်း ... "

ရုတ်တရက် ကောင်းကင်ရှိ မိုးကြိုး တိမ်တိုက်မှ လျှပ်စီးကြောင်း တစ်ခု ဖြစ်ပေါ်လာကာ ဆေးလုံးအား ရိုက်ခတ်၏။

"ဘုန်း ...  ဘုန်း ... "

ရတနာဆေးလုံးက အဖြူရောင် အလင်းအား ထုတ်လွှတ်ကာ လျှပ်စီးကြောင်းအား ပိတ်ဆို့သည်။

"အဲဒါက ... "

တောင်ပိုင်းနိုင်ငံ မင်းသမီးလေးမှာ ထိုအရာကို ကြည့်ရင်း ဆွံ့အ သွား၏။ သို့သော်လည်း ထိုးကြိုးကား အစသာ ဖြစ်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

မကြာခင်မှာပင် ပိုမို ပြင်းထန်သော မိုးကြိုး လျှပ်စီးများ ဖြစ်ပေါ်လာကာ ဆေးလုံးအား ရိုက်ခတ်၏။ ထိုမိုးကြိုးများ၏ ပေါက်ကွဲမှု အောက်၌ လမ့်တိုင် မြို့သခင်၏ စံအိမ် တစ်ခုလုံးကား အပျက်အစီး အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

"ဘုန်း ... "

ရုတ်တရက် မိုးကြိုးငါးခု ချိပ်တံဆိပ်သည် အရောင် ငါးသွယ်ကို ထုတ်လွှတ်ရင်း ချီရှို့အာအား ကာကွယ်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

တစ်ချိန်တည်းမှာပင် မိုးကြိုးများကား ဆေးလုံး၏ အပေါ်သို့ အဆက် မပြတ် ရိုက်ခတ်နေဆဲ ဖြစ်သည်။ များစွာသော ကြိုးများ၏ ရိုက်ခတ်မှု၌ ဆေးလုံးမှာ ပိုမို၍ ကြည်လင် လာခဲ့၏။

"သုံးဆယ် ... "

"သုံးဆယ့်တစ် ..."

"..."

"သုံးဆယ့်လေး ... "

"သုံးဆယ့်ငါး ... "

မိုးကြိုးများကို ရေတွက်ရင်း ချန်းဖန်၏ အမူအရာက ပိုမို၍ လေးနက် လာနေခဲ့သည်။ သူသည် ဆေးဖော်စပ်ရာ၌ ရတနာဆေးဝါး သုံးခုကိုသာ အသုံးပြုခဲ့ရာ အပြည့်အဝ အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက် မရှိချေ။

"ဒီတစ်ခုက နောက်ဆုံး တစ်ခု ဖြစ်သင့်တယ် ... "

ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်ရင်း ရေရွတ် လိုက်သည်။ ထိုအခိုက်အတန့်၌ ကမ္ဘာကြီး တစ်ခုလုံးသည် တည်ငြိမ် နေ၏။

"ဟူး ...  ဟူး ... "

မိုင်တစ်ရာ အတွင်းရှိ မိုးကြိုး တိမ်တိုက်များသည် ဆေးလုံး တည်ရှိရာ အထက် ကောင်းကင်၌ ဖြည်းညင်းစွာ စုစည်း၍ နဂါးကြီး တစ်ကောင် အသွင်ကို ဖွဲ့စည်းသည်။ ထိုနဂါးက လက်သည်းများကို ကုပ်ခြစ်ကာ မိုးကြိး စွမ်းအားကို စုပ်ယူရင်း ဟိန်းဟောက်သံအား ပေးသည်။

"သုံးဆယ့် ခြောက်ခုမြောက် မိုးကြိုး ကပ်ဘေး ... "

ချန်းဖန်၏ အော်ဟစ်သံ ဆုံးသည်နှင့် နဂါးက ဆေးလုံးဆီသို့ ပြေးဝင်ကာ ရိုက်ခတ်လေ၏။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ရုတ်တရက် မိုင်ထောင်ချီ ပတ်ဝန်းကျင်ကား မိုးကြိုးသံများနှင့် ပြည့်နှက် ဖုံးလွှမ်း သွားတော့သည်။

"အဲဒါက ...  ဒဏ္ဍာရီထဲက နတ်ဘုရား ပြစ်ဒဏ်များလား"

မိုင်ပေါင်းများစွာ အတွင်းရှိ မြေကမ္ဘာ အဆင့်များသည် လမ့်တိုင်မြို့ ရှိရာ အရပ်သို့ လှမ်းမျှော်ကြည့် လိုက်ကြသည်။

"ဆရာ ...  ဘာတွေ ဖြစ်နေတာလဲ"

မိုးကြိုးငါးခု ချိပ်တံဆိပ်၏ ကာကွယ်မှု အောက်တွင် ရှိနေသည့်တိုင် ချီရှို့အာမှာ ကြောက်လန့် နေမိ၏။ ချန်းဖန်က သူမ၏ မေးခွန်းကို ပြန်မဖြေပဲ ကောင်းကင်ရှိ မိုးကြိုး တိမ်တိုက်များကိုသာ မော့ကြည့် နေခဲ့သည်။

"ဟူး ...  ဟူး ... "

သုံးဆယ့် ခြောက်ခုမြောက် မိုးကြိုးကို ပစ်လွှတ်ပြီးနောက် မိုးကြိုး တိမ်တိုက် များကား တဖြည်းဖြည်း လွင့်စဉ်ကာ ကွယ်ပျောက် သွားတော့သည်။

"တော်ပါသေးရဲ့ ... "

ချန်းဖန်က သက်ပြင်း တစ်ချက် ချရင်း ပြုံးလိုက်သည်။

"မိုးကြိုးဝိညာဉ် သန့်စင်ခြင်း ဆေးက အောင်မြင် သွားပြီ"

မိုးကြိုးဝိညာဉ် သန့်စင်ခြင်း ဆေး ...

ထိုအရာကား သူဖော်စပ် နေသည့် ရတနာဆေး၏ နာမည် ဖြစ်၏။ ချန်းဖန်သည် မိုးကြိုးဝိညာဉ် သန့်စင်ခြင်း ဆေးကို မိုးကြိုးသစ်သီး၊ ရေနဂါးဖြူ အမတေနှင့် အလင်းမျိုးနွယ်၏ သွေးအား ရောစပ်ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။

"ဆေးလုံး အောင်မြင်သွားပြီ ဆိုတော့ ငါ ကျင့်ကြံဖို့ အချိန် ရောက်ပြီ ... "

ချန်းဖန်၏ မျက်လုံးများက လင်းလက် သွား၏။ မိုးကြိုးဝိညာဉ် သန့်စင်ခြင်းဆေးမှာ အစောပိုင်း မူလ အဆင့် တစ်ယောက် မဆိုထားနှင့် ရွှေအမြုတေ အဆင့် တစ်ယောက်၏ ခွန်အားကိုပင် တိုးမြှင့် ပေးနိုင်သည်။ ချန်းဖန်သည် ထိုဆေးဖြင့် အဆင့် တစ်ခု သို့မဟုတ် နှစ်ခု အထိပင် မြှင့်တင် နိုင်၏။ သို့သော်လည်း ထိုအရာက ချန်းဖန်၏ ဦးတည်ချက် မဟုတ်ပေ။ သူ့တွင် ပိုကောင်းသော အစီအစဉ် တစ်ခု ရှိ၏။

"ကောင်းကင် ပန်းချီ ဆယ့်နှစ်ခုရဲ့ ဒုတိယ ကောင်းကင်ပြို ပန်းချီက မိုးကြိုး သားရဲကို ကျင့်ကြံတာပဲ ...  ငါသာ ဒီဆေးကို သုံးပြီး ကျင့်ကြံမယ် ဆိုရင် အောင်မြင်မှာ သေချာတယ် ...  အဲဒါဆိုရင် ငါ ကောင်းကင်သားရဲ နှစ်ကောင်ရဲ့ သွေးကို ပိုင်ဆိုင်လာမှာ"

ချန်းဖန်က မေးစေ့အား ပွတ်သပ်ရင်း စဉ်းစား လိုက်၏။ ခွန်အား အရဆိုလျှင် ကောင်းကင် သားရဲ ဆယ့်နှစ်ကောင်သည် ကွဲပြားသော နတ်ဘုရား စွမ်းအားများမှ လွဲ၍ များစွာ ကွာခြားခြင်း မရှိလှချေ။

သို့သော်လည်း ကောင်းကင် ပန်းချီ တစ်ခုကို အောင်မြင်ခြင်းက နတ်ဘုရား စွမ်းအား တစ်ခုတည်းကိုသာ ရရှိစေခြင်း မဟုတ်ချေ။  ထိုအရာက ခန္ဓာ၊ ဝိညာဉ် နှင့် ခွန်အား သုံးခု စလုံးကိုပါ တဟုန်တည်း တိုးတက်စေ နိုင်သည်။

ချန်းဖန်သာ ဒုတိယ ပန်းချီကို အောင်မြင်ပြီးပါက မိုးကြိုးသားရဲ၏ သွေးနှင့် နတ်ဘုရား စွမ်းအားကို ပိုင်ဆိုင် လာမည့် အပြင် ပထမ ပန်းချီ ခွန်ပန် သားရဲ၏ စွမ်းအားမှာလည်း နှစ်ဆတိုး လာပေလိမ့်မည်။

အကယ်၍ ပန်းချီ ဆယ့်နှစ်ခု လုံးကို အောင်မြင်ပြီးပါက ကျင့်ကြံသူမှာ ကောင်းကင် သားရဲ ဆယ့်နှစ်ကောင်၏ စုစုပေါင်း ခွန်အားကို ပိုင်ဆိုင် လာလိမ့်မည် ဖြစ်သည်။

ထို့ကြောင့်ပင် ချန်းဖန်သည် ကောင်းကင် ပန်းချီ ဆယ့်နှစ်ခု ကျင့်စဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အားနည်းချက် တစ်ခုကား ပန်းချီ တစ်ခုချင်းစီက အရင်းအမြစ် များစွာ လိုအပ် နေခြင်းပင်။

ဆေးလုံးအား သိမ်းဆည်း ပြီးနောက် ချန်းဖန်က ချီချင်းဝေ့တို့နှင့် ခဏတဖြုတ် စကား ပြောကာ လမ့်တိုင်မြို့မှ ထွက်ခွာ လာခဲ့သည်။ ထို့နောက် သူက လုံခြုံသော တောင်ကြား တစ်ခုကို ရှာဖွေကာ တံခါးပိတ် ကျင့်ကြံရန် ပြင်ဆင် လိုက်၏။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ချန်းဖန်က များစွာသော အစီအရင်များအား တောင်ကြား တစ်ဝိုက်၌ ရေးဆွဲကာ ကာကွယ် လိုက်သည်။

ကြယ်ဓား ဝင်္ကပါ၊ မိုးကြိုးငါးခု အစီအရင်၊ ကောင်းကင်ဓား အဆောင် စသည်ဖြင့် များစွာသော အစီအရင်များ ကာကွယ်ထားသော တောင်ကြားကို မူလ အထွတ်အထိပ် တစ်ယောက်ပင် ကျူးကျော် နိုင်မည် မဟုတ်ချေ။ ထို့နောက် ချန်းဖန်က မိုးကြိုး ဝိညာဉ် သန့်စင်ခြင်း ဆေးအား ထုတ်ယူကာ ကျင့်ကြံခြင်းကို စတင် လိုက်သည်။

"ဟူး ...  ဟူး ...  ဟူး ... "

ချန်းဖန်၏ စွမ်းအားများသည် ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် တိုးတက်လာ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အဖြူရောင် အလင်းများဖြင့် ဝန်းရံနေပြီး ထိုတစ်ဝိုက်၌ လျှပ်စီး နဂါးများက ကခုန် ကြလေသည်။ ချန်းဖန် လေ့ကျင့်နေသည့် တစ်ချိန်တည်းမှာပင် ခွန်ရှု့ နယ်မြေ တစ်ခုလုံးကား ကသောင်းကနင်း ဖြစ်နေခဲ့၏။

***

All Chapters