စွမ်းအား မြှင့်တင်ခြင်း
Vol. 8 Ch. 737
မြေကမ္ဘာ နတ်ဘုရား ခုနစ်ယောက်ကို တစ်ပြိုင်နက်တည်း အနိုင်ယူ ပြီးနောက် "ချန်းပေ့ရွှမ်း" ဆိုသော နာမည်နှင့် ဂုဏ်သတင်းက ခွန်ရှု့နယ်မြေ တစ်ခွင်အား ဖုံးလွှမ်းသွား၏။
များစွာသော ကျင့်ကြံသူများက ချန်းဖန်အား ရည်ရွယ်ချက် အမျိုးမျိုးဖြင့် လာရောက်ကာ ရှာဖွေကြသည်။ သို့သော်လည်း မည်သူကမှ သူ့အား မတွေ့ကြရချေ။
တစ်ချိန်တည်းမှာပင် ချန်းဖန်နှင့် ပတ်သက်သူများ ဖြစ်ကြသည့် ချီညီအမနှင့် တောင်ပိုင်း နိုင်ငံ မင်းသမီးလေးတို့မှာလည်း ကျော်ကြား လာကြ၏။ အထူးသဖြင့် ချီရှို့အာမှာ ချန်းဖန်၏ တပည့် ဖြစ်ရာ သူမမှာ လူအများ၏ အာရုံစိုက်စရာ တစ်ခု ဖြစ်လာခဲ့သည်။
"အစ်မ ... လူတွေ အများကြီးက ဆရာ ဘယ်မှာရှိလဲ ဆိုပြီး ငါ့ဆီကို နေ့တိုင်းလာပြီး မေးနေကြတာပဲ ... အချို့ကဆို ငါ့ကို တန်ဖိုးကြီး လက်ဆောင်တွေ ပေးနေကြ သေးတယ် ... ဒါပေမဲ့ ငါမှ ဆရာ ဘယ်မှာရှိလဲ ဆိုတာ တကယ် မသိတာ"
ချီရှို့အာမှာ ထိုဖြစ်စဉ်ကို အနည်းငယ် စိတ်ပျက် နေပုံ ရ၏။
"အရူးမလေး ... လက်ဆောင် ရတာ မကောင်းဘူးလား"
ချီချင်းဝေ့က ချီရှို့အာ၏ ခေါင်းကို ပွတ်ရင်း ဆိုလိုက်သည်။
"ဒါပေမဲ့ အခု အရေး အကြီးဆုံးက လက်ဆောင်တွေ မဟုတ်ဘူး ... ဂိုဏ်းကြီး ခုနစ်ဂိုဏ်းနဲ့ ဖန်ရှင်းတောင်ကြားတို့ရဲ့ သဘောထားပဲ ... ချန်းပေ့ရွှမ်းက သူတို့ လူတွေကို သတ်ထားတာ ဆိုတော့ လွယ်လွယ်နဲ့တော့ လွှတ်ပေးမှာ မဟုတ်ဘူး"
"ဒါဆို သူတို့က ဆရာ့ကို တိုက်ကြတော့ မှာလား ... "
ချီရှို့အာ၏ မျက်နှာတွင် စိုးရိမ်ခြင်းများက ဖြတ်ပြေး သွား၏။
"မသိဘူး ... ဒါပေမဲ့ သူတို့ ငြိမ်နေမှာ မဟုတ်တာတော့ သေချာတယ်"
ချီချင်းဝေ့က လေးပင်စွာဖြင့် ခေါင်းအား ဘယ်ညာ ခါယမ်းလိုက်သည်။ သူမသည် ဂိုဏ်းကြီး တစ်ခုမှ ဖြစ်ရာ ထိုဂိုဏ်းများ မည်သို့ လည်ပတ်သည်ကို ကောင်းစွာ သိရှိသည်။
ဂိုဏ်းကြီးများသည် သူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ထိန်းသိန်းရန် အတွက် ချန်းဖန်အား ရှင်းလင်းပစ်မည်မှာ သေချာ၏။ ချန်းဖန် တံခါးပိတ် ကျင့်ကြံပြီး ဆယ်ရက်မြောက်၌ ထိတ်လန့်ဖွယ် သတင်း အပိုင်းအစ တစ်ခုက ပျံ့လွင့်လာသည်။
ထိုသတင်းကား လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ချန်းဖန်အား ခွန်းဝူတောင်တန်းသို့ ဖိတ်ခေါ်ခဲ့သည် ဆိုသော သတင်းပင် ဖြစ်သည်။ ထိုသတင်းအား ကြားသည်နှင့် ခွန်ရှု့ နယ်မြေ တစ်ခုလုံး ဆွံ့အ သွားကြ၏။
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကား ခွန်ရှု့ နယ်မြေ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်သည်။ သူသည် လွန်ခဲ့သည့် ရာစုနှစ် သုံးခုက တိမ်ကောင်းကင် အဘိုးအိုကိုပင် အနိုင်ယူခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်ကား ကောင်းကင် တန်ခိုးရှင် အဆင့်နှင့် အလွန် နီးကပ် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထို့သို့သော ပုဂ္ဂိုလ်ကြီးက ချန်းပေ့ရွှမ်းအား ဖိတ်ခေါ်ခဲ့သည်ဟု ဆိုသည်။ ထိုအရာက ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ လှုပ်ရှားမှု အစ ဖြစ်နေမည်လား။
"လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ဆရာ့ကို တွေ့ချင်တယ် ... ဟုတ်လား ... "
ချီရှို့အာ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော် သွား၏။ ခွန်ရှု့ နယ်မြေရှိ လူများ အတွက် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ "ပြိုင်ဘက်ကင်း" ဆိုသော ဂုဏ်ပုဒ်ကို ကိုယ်စားပြုသည်။
လွန်ခဲ့သည့် နှစ်တစ်ထောင်က လျှို့ဝှက် အဇူရာ ဂိုဏ်းမှာ ခွန်ရှု့ နယ်မြေ၏ ထိပ်တန်း ဂိုဏ်းများတွင်ပင် မပါဝင် ခဲ့ချေ။ သို့သော်လည်း လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ပြိုင်ဘက်ကင်းခြင်းနှင့် အတူ လျှို့ဝှက် အဇူရာဂိုဏ်းမှာလည်း လွန်ခဲ့သည့် ရာစုနှစ်များ အတွင်း၌ တဟုန်ထိုး တိုးတက်လာ၏။ ယခုဆိုလျှင် သူတို့သည် ယွင်ထျန်း နန်းတော်ထက် မသာလျှင်ပင် အားမနည်းသော အနေအထားသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။
"ချန်းပေ့ရွှမ်းက အရမ်း အစွမ်းထက်တယ် ဆိုပေမဲ့ အခုမှ မြေကမ္ဘာ အဆင့်ကို ရောက်ရုံပဲ ရှိသေးတာ ... သူက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
တောင်ပိုင်းနိုင်ငံ မင်းသမီးလေးက ခေါင်းအား ခါယမ်း လိုက်သည်။ ချီချင်းဝေ့ကလည်း ဖြူရော်စွာဖြင့် ပြုံးလိုက်မိ၏။
"ငါက ဆင်နတ်ဘုရား ဒါမှမဟုတ် ငါ့ဆရာ လာမယ် ထင်ထားတာ ... လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ် ကိုယ်တိုင် လာမယ်လို့ မထင်မိဘူး ... ကြည့်ရတာ ဂိုဏ်းချုပ်တွေနဲ့ မဟာ အကြီးအကဲတွေတောင် ချန်းပေ့ရွှမ်းကို ကိုင်တွယ်ဖို့ မဝံ့ရဲကြတာ ဖြစ်မယ်"
အမှန်အတိုင်း ဆိုရလျှင် ချီချင်းဝေ့သည် ချန်းဖန်ကို ကြည့်မရသော်လည်း ထိုသို့ ထူးချွန်သော ပါရမီရှင်ကို စောစောစီးစီး မသေ စေလိုပေ။
"တကယ်လို့ တိုက်ခိုက်မယ် ဆိုရင် ချန်းပေ့ရွှမ်း ရှုံးမှာ သေချာတယ် ... အခု အချိန်မှာ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ် ဘယ်လောက် အစွမ်းထက် နေလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်း နိုင်ကြဘူး ... ငါတို့ လုပ်နိုင်တာ ဆိုလို့ တိုက်ပွဲ မဖြစ်အောင် ဆုတောင်းဖို့ပဲ ကျန်တော့တယ်"
ချီချင်းဝေ့၏ စကားအား ကြားပြီးနောက် ချီရှို့အာ၏ မျက်နှာမှာ လုံးဝ ဖြူရော် သွားတော့၏။ တစ်ချိန်တည်းမှာပင် ချန်းဖန်နှင့် မိတ်ဖွဲ့ရန် ကြိုးစားနေသူများမှာလည်း ရပ်တန့် သွားကြ၏။ သူတို့အတွက် ချန်းဖန်ကို မိတ်ဖွဲ့ရန် ကြိုးစားခြင်းက အန္တရာယ်များကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
***
ထိုအချိန်၌ ချန်းဖန်ကမူ အပြင်တွင် ဖြစ်ပျက် နေသော အကြောင်းအရာများကို မသိဘဲ တံခါးပိတ် ကျင့်ကြံခြင်းကိုသာ အာရုံစိုက် နေခဲ့၏။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
ပေါက်ကွဲသံများနှင့် အတူ ချန်းဖန်၏ ခန္ဓာ၊ နတ်ဘုရား စိတ်ဝိညာဉ်တို့မှာ ပိုမို၍ အစွမ်းထက် လာနေခဲ့သည်။
သုံးရက် ...
ငါးရက် ...
ဆယ်ရက် ...
လဝက်အကြာ၌ ချန်းဖန်သည် အတားအဆီး အလုံးစုံကို ချိုးဖျက်ကာ နောက် တစ်ဆင့်သို့ တက်ရောက် သွားခဲ့၏။ မူလ အလယ်ဆင့်ကို တက်ရောက် ပြီးနောက် ချန်းဖန်၏ စွမ်းအားမှာ အဆများစွာ ပိုမို တိုးတက် လာခဲ့သည်။
သူသည် အတိတ်၌ ကောင်းကင်မိုးကြိုး ဂိုဏ်းချုပ်ကို အနိုင်ယူရန် ခရမ်းရောင် မိုးကြိုးဓားကို သုံးကြိမ် တိတိ တိုက်ခိုက်ခဲ့ရသည်။ သို့သော်လည်း ယခုသာ တိုက်ခိုက်ရပါက သူသည် ကောင်းကင်မိုးကြိုး ဂိုဏ်းချုပ်အား လက်ဗလာဖြင့်ပင် လွယ်ကူစွာ အနိုင်ယူ နိုင်နေပြီ ဖြစ်သည်။ သို့သော်လည်း ထိုအရာကား လုံလောက်မှု မရှိသေးချေ။
ချန်းဖန်က အစီအရင် တစ်ခုအား ရေးဆွဲလိုက်ရာ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်၌ ရှေးဟောင်း ပုံရိပ် တစ်ခု ပေါ်လာခဲ့၏။ ထိုအရာကား ကောင်းကင်ပန်းချီ ဆယ့်နှစ်ခုမှ ဒုတိယ ပန်းချီ "ကောင်းကင်ပြို ပန်းချီ" ပင် ဖြစ်သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
ချန်းဖန် ကောင်းကင်ပြို ပန်းချီကားကို လေ့ကျင့် နေစဉ်မှာပင် တောင်ကြား တစ်ဝိုက်၌ မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ် လာ၏။ တစ်ချိန်တည်း၌ မိုးကြိုးတိမ်တိုက် များမှာလည်း ကောင်းကင်တွင် စုဝေးလာခဲ့သည်။
"ဟူး ... ဟူး ... "
ချန်းဖန် လေ့ကျင့်နေစဉ်မှာပင် သူ၏ ခန္ဓာကိုယ် အနှံ့၌ အလင်းစက်များ ပေါ်ပေါက် လာသည်။ ထိုအလင်းစက်များမှာ ကောင်းကင် ဝါးမြိုခြင်း ပန်းချီ၏ အလင်းစက် များနှင့် သိသိသာသာ မတူညီဘဲ ကွာခြား၏။
ထိုအလင်းစက်များက ချန်းဖန်၏ အရိုးများ၊ သွေးကြောများတွင် နေရာယူကာ စွမ်းအားများကို လောဘတကြီး စုပ်ယူ၏။ ထိုအလင်းစက် တစ်ခုချင်းစီ၏ စုပ်ယူမှုမှာ သာမန် မြေကမ္ဘာ အဆင့် တစ်ယောက်၏ စုပ်ယူမှုနှင့်ပင် ညီမျှသည်။ သို့သော်လည်း ကံကောင်းစွာပင် ချန်းဖန်သည် ထိုအတွက် ကြိုတင် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။
"ခရက် ... "
ဓားသန့်စင်ခြင်း ကျောက်မျက် အတွင်းရှိ ဝိညာဉ် ကျောက်တုံးများ၊ ဝိညာဉ်ဆေးများမှာ ကွဲကြေသွား၏။
ချန်းဖန်သည် ထိုဝိညာဉ်ကျောက်တုံးများ၊ ဆေးများကို သူ သတ်ခဲ့သည့် မြေကမ္ဘာ နတ်ဘုရားများထံမှ ရရှိထားခြင်း ဖြစ်သည်။ ထိုသူများတွင် ချန်းဖန် ကဲ့သို့ ဓား အားဖြည့် ကျောက်မျက် မရှိသော်လည်း သေးငယ်သည့် ပစ္စည်း သိုလှောင်နိုင်သော အိတ်လေးများ ရှိကြ၏။ ချန်းဖန်သည် ထိုအိတ်များထဲမှ ဝိညာဉ် ကျောက်တုံး တစ်သိန်းခန့်ကို ရှာဖွေ နိုင်ခဲ့သည်။
"ဘုန်း ... ဘုန်း ... "
ချန်းဖန် အသက်ရှူ လိုက်တိုင်း၌ ဝိညာဉ် ကျောက်တုံးများက တစ်ခုပြီး တစ်ခု ကွဲကြေကာ သန့်စင်သော ဝိညာဉ်ချီအဖြစ် ပြောင်းလဲ သွားကြ၏။ ထိုဝိညာဉ်ချီများက ချန်းဖန်၏ နံဘေးတွင် လွင့်မြေကာ အလင်းစက်များ၏ စုပ်ယူမှုကို ခံယူ ကြသည်။
"ခြောက်ဆယ် ရာနှုန်း ... "
"ခုနစ်ဆယ် ရာနှုန်း ... "
"ရှစ်ဆယ် ရာနှုန်း ... "
ကောင်းကင်ပြို ပန်းချီသည် တဖြည်းဖြည်း ပြည့်စုံ လာခဲ့၏။ တစ်ချိန်တည်းမှာပင် ချန်းဖန်၏ ကိုယ်အတွင်းမှ ပုံရိပ်မှာလည်း ပိုမို၍ ပြည့်စုံလာသည်။ ထိုပုံရိပ်ကား လူသား ခန္ဓာနှင့် နဂါး ဦးခေါင်း ရှိ၏။ ၎င်း၏ ဘေးတွင်မူ မိုးကြိုး အလင်းများက တောက်ပ နေခဲ့သည်။
လိန်ဟူ ကောင်းကင် သားရဲ ...
ထိုကောင်းကင် သားရဲကား လျှပ်စီးနှင့် မိုးကြိုးကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ဖြင့် မွေးဖွားလာသည့် အစွမ်း အထက်ဆုံး မိုးကြိုး သားရဲ ဖြစ်သည်။ ရှေးဟောင်း ဒဏ္ဍာရီများ အရ ဆိုလျှင် လိန်ဟူ ကောင်းကင်သားရဲသည် ကောင်းကင် အရှင်းသခင် တစ်ယောက်ကိုပင် ယှဉ်၍ တိုက်ခိုက်နိုင်စွမ်း ရှိ၏။ မကြာခင်မှာပင် အလင်းစက်များ၏ စုပ်ယူမှု အောက်၌ ဝိညာဉ် ကျောက်တုံးအားလုံး ကွဲကြေ သွားဝောာ့၏။ သို့သော်လည်း ချန်းဖန်က ထိုအရာကို စိတ်ပူခြင်း မရှိချေ။
"ပေါက်ကွဲစမ်း ... "
ချန်းဖန်က အစီအရင် တစ်ခုကို ရေးဆွဲရင်း အော်ဟစ်လိုက်၏။
"ဘုန်း ..."
ချန်းဖန်၏ ခန္ဓာကိုယ် အတွင်းရှိ သွေး အလင်းတန်း အချို့မှာ ပေါက်ကွဲသွားသည်။ သူသည် ဒဏ်ရာ ကုသရန် အတွက် သွေးဘိုးဘေး ခြောက်ယောက်၏ အမတေကို အသုံးပြုခဲ့သော်လည်း ထိုအထဲမှ တစ်ဝက်ခန့်မှာ သူ၏ သွေးကြောများ အတွင်းတွင် ကျန်ရှိ နေသေးသည်။
"ဘုန်း ... "
သွေးရောင်ချီများကို ကုန်စင်အောင် စုပ်ယူပြီးနောက် ချန်းဖန်မှာ လိန်ဟူသားရဲ၏ အသွင်အား သူ၏ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညာဉ်တွင် ခိုင်မာစွာ ရေးထိုး နိုင်ခဲ့၏။
"ဟူး ... "
သူက မျက်လုံးများကို ဖြည်းညင်းစွာ ပြန်လည် ဖွင့်လိုက်သည်။ ၎င်းတို့က မိုးကြိုးလျှပ်စီး အလင်းဖြင့် တလက်လက် တောက်ပ နေ၏။ တစ်ချိန်တည်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ် မှာလည်း စိန်အလား ကြည်လင် နေခဲ့သည်။ သူကား ရွှေအမြုတေ အဆင့် ခန္ဓာကိုယ်ကို ရရှိရန် ခြေတစ်လှမ်းသာ ကွာဝေးတော့၏။
"ဝှစ် ... "
ချန်းဖန်က လက်ဝါးအား ဖြန့်လိုက်ရာ မိုးကြိုးလုံး တစ်ခု ပေါ်လာခဲ့သည်။ ထိုမိုးကြိုးစွမ်းအားကို ရင်းမြစ် အဖြစ် အသုံးပြုပါက မိုးကြိုးငါးခု ချိပ်တံဆိပ်မှာ ပိုမို၍ အစွမ်းထက် လာပေလိမ့်မည်။
"ကောင်းကင်ပန်းချီ ဆယ့်နှစ်ခုက ဒုတိယ ပန်းချီ အောင်မြင်သွားပြီ ... "
ချန်းဖန်က ပြုံးရင်း ထိုင်ရာမှ ဖြည်းညင်းစွာ ထလိုက်၏။ ထိုအခိုက်၌ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်၊ ခန္ဓာကိုယ်၊ အင်အားတို့ကား မူလကထက် အဆများစွာ ပိုမို အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် ခွန်ရှု့ နယ်မြေတွင် ကြောက်စရာ လူ မရှိတော့ချေ။
"ခွန်ရှု့ နယ်မြေက လူတွေကို လေးစားမှု အကြောင်း သင်ပြပေးရမယ့် အချိန် ရောက်ပြီ"
***