နိမိတ်ဆိုး(1)
Vol. 19 Ch. 181
“ကျင်းကော၊ အရမ်း စိတ်မလှုပ်ရှားပါနဲ့၊ အခုခေတ်လူငယ်တွေက နည်းနည်း ရိုင်းပြကြတယ်လေ၊ ခင်ဗျား မေးချင်တာရှိရင် နည်းနည်းလောက် ချော့ပြောလိုက်ရင် ရပါတယ်”
ရန်ကျန်းဇီက သူ့နောက်မှ ရွှမ်တောက်ကျန့်အား လေသံအေးအေးဖြင့် တားဆီးလိုက်ရင်း အရူးလုပ်လိုက်နိုင်သည်။
သူက တစ်ယောက်တည်းဖြစ်နေသော ကုကျစ်စုန့်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီးနောက် စကားစသည်။
“သူငယ်ချင်းလေး မင်းသိပါတယ်၊ ငါတို့က မင်းကို အကြောင်းရင်းမရှိဘဲ ပြဿနာရှာနေတာ မဟုတ်ဘူးနော် ၊ မင်း ‘မကောင်းဆိုးဝါးဝိဉာဉ်’ဆိုတာကို ကြားဖူးလား?
ရွှမ်းမင်ဂိုဏ်းက အဲဒီကျောက်စိမ်းလက်ချောင်းရိုးကို လိုချင်နေရတဲ့ အကြောင်းရင်းက ကံဆိုးခြင်းနဲ့ မွေးလာတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရလို့ပဲ”
“သူရဲ့ ခန္ဓာကိုယ်ထဲမှာ အင်မတန်မှကို ထူထဲပြီး အားကောင်းလွန်းတဲ့ ‘မကောင်းမှုစိတ်ဝိဉာဉ်’နဲ့ မွေးလာတာ၊ ဘယ်လိုနည်းနဲ့မှ သန့်စင်လို့လည်းမရ၊ ဖယ်ပစ်လို့လည်း မရဘူး၊
သူ ဒုက္ခခံနေရတာ နှစ် ၂၀ကျော်ပြီ၊ ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ သူ့ရဲ့အခြေအနေက ပို,ပိုပြီး အန္တရာယ်များလာတယ်၊ သူ့ရဲ့ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးဝိဉာဉ်ကလည်း ပို,ပိုပြီး အားကောင်းလာနေတယ်၊ ဒါကိုသာ မတားလိုက်နိုင်ဘဲ သူ့ရဲ့ ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ထွက်သွားရင်တော့ တစ်ကမ္ဘာလုံးအတွက်ကို ကပ်ဆိုးကြီး ဖြစ်လာမှာပဲ!
အဲဒီအချိန်ကျရင်တော့ မသေသင့်တဲ့ အသက်ပေါင်း သန်းချီ သေကြေပျက်စီးကြလိမ့်မယ်!!”
ထိုအချိန်တွင် ကုကျစ်စုန့်ထံမှ တုံ့ပြန်မှုရမလား၊ သို့မဟုတ် နောက်ဆက်တွဲမေးခွန်းများ မေးမည်အထင်ဖြင့် ရန်ကျန်းဇီ ပြောလက်စ စကားအားရပ်လိုက်သည်။
သို့သော် ကုကျစ်စုန့်ကတော့ မူလနေရာတွင်သာ မျက်နှာအမူအရာမှမရှိ၊ တည်ငြိမ်တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သော်ကြောင့် ရန်ကျန်းဇီတစ်ယောက် စိတ်ထဲတွင် မသက်မသာဖြစ်ကာ ရှက်သွားခဲ့ရသည်။
သူက သူ၏အကြောင်းကိုပင် မိတ်မဆက်နိုင်ခဲ့ဘဲ တောက်ဓမ္မပညာ၏ ဖြောင့်မတ်မှုများအကြောင်းကို ဆက်၍ ပြောနေခဲ့သည်။
“ငါတို့ ရွှမ်းမင်အတွက် အဲဒီပြဿနာကို အခုနှစ်တွေထဲမှ ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး စဉ်းစားခဲ့တာ၊ ဒါပေမယ့်….”
ရန်ကျန်းဇီ သက်ပြင်းချကာ ခေါင်းကို တွင်တွင်ရမ်းသည်။
“ကျောက်စိမ်းလက်ချောင်းရိုးပေါ်လာတာက အခု ဒီပြဿနာအတွက် သဲလွန်စတွေ့လိုက်တာပဲ၊ ဒီပစ္စည်းက မိုးကြိုးကပ်ဆိုးနဲ့ ပြင်ဆင်ခြင်းခံထားရတော့ တကယ့်ကို အကောင်းဆုံး မှော်လက်နက်ပဲ၊
အဲဒါက မကောင်းဆိုးဝါး ဝိဉာဉ်တွေကို သန့်စင်ပေးပြီး ထိန်းချုပ်ထားနိုင်တယ်၊ ဒါကြောင့်လည်း ငါတို့ ဂိုဏ်းက အဲဒီ လက်ချောင်းရိုးကို အသုံးပြုနိုင်မယ်ဆိုရင် အဲဒီလူရဲ့ကိုယ်ထဲမှာ ရှိတဲ့ မကောင်းဆိုးဝါးဝိဉာဉ်ကို ချုပ်နှောင်ထားပြီး ကမ္ဘာကို မလိုအပ်ပဲ ဒုက္ခမရောက်အောင် ကြိုတင်တားဆီးနိုင်လိမ့်မယ်”
“ဒီကိစ္စက အစတုန်းကတော့ ငါတို့ဂိုဏ်းထဲမှာပဲ သိထားတဲ့ လျှို့ဝှက်ချက်ပဲ၊ မင်းကို ပြောပြရတဲ့ အကြောင်းရင်းကလည်း မင်းအနေနဲ့က ရွှမ်းမင်ရဲ့ နည်းလမ်းတွေကို နားလည်၊ သိတတ်ပြီးတော့ ကမ္ဘာပေါ်က လူတွေရဲ့ လုံခြုံရေးကို အဓိက အရေးပါဆုံးအဖြစ် သတ်မှတ်ထားဖို့ မျှော်လင့်မိလို့ပါ”
ကုကျစ်စုန့်အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောရပါက သူမ၏လက်ထဲမှ သူတို့ တိုက်ရိုက်လုသွားသည်ကမှ တော်လိမ့်ဦးမည်။
ရန်ကျန်းဇီ၏ အလိမ်အညာဂရုစိုက်မှု၊ အတွေးအခေါ်နှင့် ဒဿနိကများကို နားထောင်နေရမည့်အစား တိုက်ရိုက် အင်အားသုံး လုယက်ခြင်းသာ ခံလိုက်ချင်တော့သည်။
ထိုမောက်မာနေသည့် မျက်နှာအိုကြီးအား ကြည့်ရင်း သူမ၏ မျက်နှာအမူအယာက အနည်းငယ်ရှုပ်ထွေးသွားသကဲ့သို့ စိတ်ထဲတွင်လည်း မသတီသယောင် ခံစားလိုက်ရသည်။
သူ့၏စကားအရ သူမသာ ရွှမ်းမင်၏ ‘တောင်းဆိုချက်’အား မလိုက်လျောပေးခဲ့ပါက သူမသည်ဆင်ခြင်တုံတရားမရှိ၊ သာမန်လူများ၏ အသက်အား ဂရုမစိုက်ဟု ဝိုင်း၍ လက်ညိုးထိုးကြမည်မှာ မုချပင်။
နောင်အနာဂတ်တွင် ထို မကောင်းမှု စွမ်းအားကြီးသည့် လူသာ အထိန်းအချုပ်မဲ့သွားကာ လူများကို ဒုက္ခပေးခဲ့ပါလျှင်လည်း သူမသာလျှင် သမိုင်းပေးတရားခံ ဖြစ်ချေဦးမည်။
ထိုကဲ့သို့ ကိုယ်ကျင့်တရားမြင့်မြတ်သူအဖြစ် ဟန်ဆောင်ပြောဆိုနေသည်မှာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများ ခေါ်ဝေါ်ကြသကဲ့သို့ ‘ကျင့်ဝတ်ပြန်ပေးဆွဲခြင်း’ ပင်ဖြစ်ပေသည်။
ကုကျစ်စုန့် မက်မွန်သားဓားရှည်ကို အားပြုရပ်လိုက်ရင်း ခပ်အေးအေးပြန်ပြောသည်။
“ရှင်တို့ရဲ့စကားအရတော့ ကျွန်မက ရှင်တို့ကို အဲ့ဒီကျောက်စိမ်းလက်ချောင်းရိုး ပေးလိုက်တာကလွဲလို့ အခြား ရွေးချယ်စရာ မရှိဘူးပေါ့ ဟုတ်လား?”
ရန်ကျန်းဇီ ပြုံးရုံသာ ပြုံးပြသည်။
ကုကျစ်စုန့်၏ လက်ထဲတွင် ကိုင်ထားသည့် ဖုန်းမှာလည်း အချိန်ကိုက် အသံမြည်လာကာ မက်ဆေ့ချ်တစ်စောင် ကျလာခဲ့သည်။
ကုကျစ်စုန့် ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ လေဆိပ်မှ သူမ စီးနင်းရမည့်လေယာဉ်သည်ကား မကြာခင်ထွက်ခွာတော့မည်ဖြစ်ကြောင်း သတိပေးစာဖြစ်သည်။
သူမ ခေါင်းပြန်မော့လာချိန်တွင် မျက်ဝန်းများက ရေခဲအလား အေးစက်နေသည်။
“ခုနတုန်းက ပြောခဲ့သလိုပဲ ကျွန်မမှာ လုပ်စရာတွေ ရှိသေးတယ်၊ ဒီတော့ အဲဒါကို ရှင်တို့ကို မပေးနိုင်ဘူး၊ ရွှမ်မင်က သုံးချင်တယ်ဆိုရင်တော့ ခဏ ငှားပေးလို့ ရတယ်၊ သဘောတူညီစာချုပ်ကို အဖြူ၊အနက် သေချာကွဲပြားအောင်တော့ ရေးပေးရမယ်၊ ရှင်တို့က အဲဒါကို အချိန် ဘယ်လောက်ကြာကြာငှားမှာလဲဆိုတာကို ရေးပြီး လူသိရှင်ကြား ကြေငြာပေးရမယ်”
လူအုပ်ထဲမှ တစ်ယောက်က ခွက်ထိုးခွက်လန် ထရယ်သည်။
မည်သည့်နေရာက ရောက်လာမှန်းမသိသည့် ထူးခြားဆန်းကြယ်ပညာရှင်ပေါက်စလေးတစ်ဦးက ရွှမ်းမင်နှင့် ရင်းနှီးသည့် ဆက်ဆံရေးမျိုးကို ဖန်တီးကာ အပြင်လောကကိုပါ အသိပေးချင်နေသည်။
ဒီမိန်းကလေးက တုံးတာလား? ရိုးသားတာပဲလား?
အစိမ်းယှက်သည့် မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော ဆံပင်ရှည်ရှည်နှင့် တောက်ကျန့်ငယ်လေးတစ်ဦးက သူ့အား သနားဟန်ဖြင့် ဝင်ပြောသည်။
“မိန်းကလေး၊ မင်း အဲဒါကို ပေးလိုက်တာ ကောင်းလိမ့်မယ်နော်”
သူတို့က စွမ်းအားများကို အသုံးချကာ လူများအား အနိုင်ကျင့်၊ ဥစ္စာလုနေကြမှန်း အားလုံး၏စိတ်ထဲတွင်သိကြသည်။
ထိုအဖွဲ့ထဲတွင် သူတို့က ဓားမြများနှင့် ထူးမခြားနားဟု တွေးကာ စိတ်ဘဝင်မကျဖြစ်နေသော ထူးခြားပညာရှင် နှစ်ဦး၊သုံးဦးလည်း ရှိနေသေးသည်။
သူတို့သည်ကား ဂိုဏ်းမှ ရွေးချယ်ခံရကာ ဤခရီးတွင် ပါဝင်ရန် အစေလွှတ်ခံရသူများသာ ဖြစ်ကြသည်။
တခြား ချုပ်တည်းမှုများနှင့် ပူပန်စရာများကြောင့်သာ သူတို့၏ စိတ်မသက်မသာဖြစ်ရခြင်းကို မေ့ပျောက်၍ မိုက်ကန်းသည့် အလုပ်များ လုပ်နေရခြင်းဖြစ်ပေသည်။
သူတို့အားလုံး လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကုကျစ်စုန့်အား ခေါင်းမမာရန် ဖြောင်းဖျခြင်းသာဖြစ်သည်။
ဤမျှ အရည်အချင်းပြည့်ဝသော ဂျူနီယာတစ်ဦးအား ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် ဖြစ်ရပ်တစ်ခုကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသွားမည်ကို သူတို့ မလိုလားကြပေ။
ရန်ကျန်းဇီ၏ နောက်မှ အဘိုးအိုက ခပ်ပြင်းပြင်း နှာခေါင်းရှုံံ့လိုက်သည်။
“ခေါင်းမာလိုက်တာ! ဒီလို တစ်ကိုယ်ကောင်းဆန်ပြီး စိတ်သဘောထားသေးသိမ်တဲ့ ကောင်မစုတ်လေးအတွက်နဲ့ လေကုန်ခံမနေတာ အကောင်းဆုံးပဲ”
ကုကျစ်စုန့်၏ မျက်နှာ အင်မတန် အေးစက်တည်ငြိမ်သွားခဲ့သည်။
“ကျွန်မက နောက်ကျတာကို သဘောမကျဘူး၊ ရှင်တို့က ကျွန်မ မြို့ကိုပြန်ဖို့အတွက် လေယာဉ်ပေါ်ကို တက်မှာကို နှောင့်နှေးအောင် လုပ်လိုက်ပြီ”
သူမ၏ စကားလုံးများသည် ထိုလူအုပ်၏ နားထဲတွင်တော့ ဟာသလိုပင်။ အဘိုးအို မရပ်တော့ပဲ ကုကျစ်စုန့်ဘက်သို့ တည့်တည့် လျှောက်သွားလိုက်သည်။
ထိုလူကြီးသည် မီးခိုးရောင်ဆံပင်ရှိကာ အရပ်လည်း ပုသည်။ ကိုယ်ပေါ်တွင် ခါးစည်းဝတ်ရုံအတိုအား ဝတ်ဆင်ထားကာ အဖြူရောင် သားမြီးယပ်ရှည်တစ်ချောင်း ကိုင်ဆောင်ထားသည်။
သူ၏ တက်ကြွကျယ်လောင်သော အသံနှင့် လျင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုများကြောင့် သူ၏ အကျင့်စရိုက်ကို မကြည့်ပါက သူသည်က နတ်သူငယ်တစ်ဦးဖြင့်ပြင် ဆင်တူနေသည်။
အဘိုးအို ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ရွှမ်တောက်ကျန့်က စိတ်ပူဟန်ဖြင့် တားသည်။
“ကျင်းတာ့ကော၊ တာ့ကောရဲ့ တောက်ဓမ္မပညာက ထပ်ပြီး အဆင့်မြင့်နေပြီလေ၊ ဒီကလေးမ ထိခိုက်ခံစားနေရပါဦးမယ်ဗျာ”
‘ချီမန်သွမ့်ကျား’ သရုပ်လွှဲဖွဲ့စည်းပုံအား ပြင်ဆင်ထားသည့် ဖန်းတောက်ကျန့်ကလည်း ဟန်ဆောင်သက်ပြင်း ချလိုက်သောကြောင့် ရန်ကျန်းဇီ၏ အကြည့် သူ့ထံသို့ လှည့်လာခဲ့သည်။
“ဖန်းကော၊ ကောကရော ဘာလို့ သက်ပြင်းချတာတုန်း?”
ဖွဲ့စည်းပုံပညာရှင်က အလွန်လေးနက်ဟန်ဆောင်၍ပြောလာသည်။
“ငါတွေးမိတာက ဒီကုကျစ်စုန့်ဆိုတဲ့ကလေးမလေးက တကယ်ကို အရည်အချင်းရှိပြီး ဖွဲ့စည်းပုံတွေပါလည်း တော်တယ်လေ၊ နှမြောဖို့ ကောင်းတာပဲ”
“မှန်တာပဲ၊ သူမရဲ့ ပညာက တော်ပေမယ့် အကျင့်စာရိတ္တ ညံ့လွန်းတယ်”
ရန်ကျန်းဇီ တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒါကတော့ သူမကို အပြစ်တင်လို့ မရဘူး။ သူမက ရွှမ်းမင်ရဲ့ သင်ကြားမှုတွေကို မသင်ယူခဲ့ရဘူးလေ၊ သူမရဲ့ စိတ်က ဖောက်ပြန်ပြီးတော့ ကျရှုံးရမဲ့ နေ့ကိုရောက်ဖို့ သိပ်ကြာမှာ မဟုတ်လောက်ဘူး၊
ဒါကြောင့် လူကြီးဖြစ်တဲ့ အစ်ကိုကျင်းကိုပဲ သူ့ကို ပညာပေးခိုင်းပြီး အကျင့်စရိုက် ပြင်ခိုင်းကြတာပေါ့၊ သူ့အတွက်လည်း ကောင်းတဲ့အရာဖြစ်မှာပါ”
နှစ်ယောက် စကားပြောနေချိန်တွင် ကျင်းတောက်ကျန့်က ကုကျစ်စုန့်အနီးသို့ ရောက်ရှိနေပြီဖြစ်သည်။
အကြောင်းအရင်းတစ်ခုခုကြောင့် မကြာသေးခင်အချိန်ကထိ ဆက်တိုက် အာခံနေခဲ့သော မိန်းမငယ်လေးသည်က ယခုတွင်တော့ ကြောက်ရွံ့နေသည့်အလား မလှုပ်မယှက်ရပ်နေခဲ့သည်။
တောက်ကျန့်အိုကြီးက လက်ထဲတွင် ကိုင်ထားသည့် သားမြီးယပ်အား ဝှေ့ရမ်းလိုက်ချိန်တွင် လေဟုန်ခွင်းသည့် အသံ ထွက်လာခဲ့သည်။
သူက သားမြီးယပ်အား ကြာပွတ်သဖွယ် အသုံးပြုကာ ကုကျစ်စုန့်ထံသို့ အညှာအတာကင်းမဲ့ပြီး ရက်စက်လှသည့် မျက်လုံးများဖြင့် လှမ်းရိုက်လိုက်သည်။
လူအများအား ဖျန်ဖြေရန် ကြိုးစားခဲ့သော အစိမ်းရောင်ဝတ်ရုံဖြင့် လူငယ်လေးက သက်ပြင်းချမိသည်။
နောက်ဆက်ဖြစ်မည့် အဖြစ်ဆိုးအား သူမကြည့်ရက်တော့ချေ။ သူမျက်လွှာချကာ အကြည့်လွှဲထားလိုက်သည်။
နောက်တစ်စက္ကန့်အကြာတွင် အက်ကွဲစူးရှစွာ အော်ဟစ်သံများ ပုံရိပ်ယောင်ဖွဲ့စည်းမှုတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။
ရွှမ်တောက်ကျန့်က ထူးဆန်းသည့်အရာတစ်ခုအား ကြားလိုက်ရပြီးနောက် အဝေးတစ်နေရာသို့ အံ့အားသင့်စွာ လှမ်းကြည့်လိုက်သည်။
သူမြင်တွေ့လိုက်ရသည်မှာ မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော လူအိုကြီးသည်ကား အရိုက်ခံလိုက်ရသည့် ကော်ဇော်စုတ် တစ်ချပ်ကဲ့သို့ လေထဲတွင် လွင့်ထွက်သွားခြင်းကိုပင်။
အော်သံများသည်က ကုကျစ်စုန့် နှုတ်မှ ထွက်လာခြင်းမဟုတ်။
တောက်ကျန့်အိုကြီးကျင်း ထံမှပင်ဖြစ်သည်!!
ထို့နောက် သူ့ခန္ဓာကိုယ်မှာ လူအုပ်ထံမှ နှစ်မီတာသုံးမီတာအကွာရှိ ရန်ကျန်းဇီ၏ ခြေထောက်နား၌ ပုံကျသွားသည်။
ထိုအရာသည် မည်သူမျှ မမျှော်လင့်ထားခဲ့သည့် အဆုံးသတ်ပင်!
ရန်ကျန်းဇီ၏ မျက်နှာဖုံးက နောက်ဆုံးတော့ ကျွတ်သွားခဲ့ပြီးနောက် ရှုံံ့တွနေသော မျက်နှာဖြင့် တောက်ကျန့်ကျင်း၏ ခန္ဓာကိုယ် သူ့၏ခြေထောက်အား မထိခင် ဘေးသို့ ရှောင်လိုက်သည်။
“ကျင်းကော?!”
“မြန်မြန်၊ လူကို အရင်ထူလိုက်ကြ!”
ထူးခြားပညာရှင်တစ်ယောက် အနီးသို့ကပ်ကြည့်လိုက်ချိန်တွင် တောက်ကျန့်အိုကြီး၏ အင်္ကျီတစ်ခုလုံး သွေးများ စိုရွှဲနေသည်ကို သတိပြုမိလိုက်သည်။
သူ ချက်ချင်းဆိုသလိုပင် ဒဏ်ရာအား သွေးတိတ်အောင် လုပ်ရန်ပြင်လိုက်သည်။
သူ၏ ရင်ဘတ်တစ်ဖက်တစ်ချက်တွင် သွေးထွက်နေသော အပေါက်နှစ်ပေါက်ရှိပြီး လက်ချောင်းရိုးများမှာလည်း ပြုတ်ကျသည့် ဒဏ်ကြောင့် ကျိုးကျေနေခဲ့သည်။
ထိုထူးခြားဆန်းကြယ်ပညာရှင်များလည်း တစ်ယောက်မျက်နှာတစ်ယောက် အံ့ဩထိတ်လန့်ခြင်းများနှင့် ကြည့်နေမိကြပြီး မည်သို့စကားပင် ပြောရမှန်းမသိတော့ပေ။
ကျင်းလောင်တုန်၏ ခါးတွင် ရွှမ်းမင်၏ ရှေးစာလုံးများဖြစ်သော ‘ရွှမ်းချီကျဲ’ အား ရေးထိုးထားသည့် ကြေးနီရောင် တံဆိပ်တစ်ခု ချိတ်ဆွဲထားသည်။
ထိုအရာသည် ရွှမ်တောက်ကျန့်၏ အဆင့်နှင့် လယ်ဗယ်သတ်မှတ်ချက်ပင်ဖြစ်သည်။
ဟွမ်အဆင့်ထူးခြားပညာရှင်တွင် အဆင့် ၁၂ခုရှိသည်။ ထူးခြားဆန့်ကြယ်ပညာရှင် အဆင့် ၈ခု၊ မြေကမ္ဘာအဆင့်ပညာရှင် အဆင့် ၄ခုဖြစ်သည်။ နောက်ဆုံး ကောင်းကင်အဆင့် ထူးခြားပညာရှင်သည်ကား မသေမျိုးအဆင့်သို့ ခြေတစ်လှမ်း ရောက်နှင့်နေပြီးဖြစ်ပြီး ကပ်ဆိုးအား ကျော်လွှားလုနီးနီးပင်ဖြစ်ပေသည်။
သဘာဝလွန်လောကတစ်ခုလုံးက သူတို့အားလုံးအား ရှာတွေ့နိုင်လိမ့်မည်ပင်မဟုတ်တော့ပေ။
ထို့ကြောင့် သူတို့အတွက်တော့ ကျင်းတောက်ကျန့်အဆင့်ရှိ ရွှမ်တောက်ကျန့်များမှာ စွမ်းအားကြီးလှပြီဖြစ်သည်။
ထိုကဲ့သို့သော ရွှမ်ဂိုဏ်း၏ အဆင့်မြင့်တောက်ကျန့်တစ်ဦးက ကုကျစ်စုန့်နှင့်တွေ့ကာ တစ်ဖက်လူ မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် မတွေ့လိုက်နိုင်ဘဲ တစ်ချက်တည်းနှင့် အနိုင်ယူခံလိုက်ရသည်။
အခြား ဂိုဏ်းသားများ မထိတ်လန့်ပဲ မနေနိုင်ပေ။
တစ်ယောက်ယောက်က တုန်ရီစွာ ပြောလိုက်သည်။
“ဒီတောက်ကျန့်က ‘မြေကမ္ဘာ’အဆင့် ထူးခြားပညာရှင်မဟုတ်ဘူးလား? ငါတို့ ဒီကောင်မလေးကို ထပ်ပြီး အနိုင်ကျင့်ဖို့ လုပ်နေဦးမှာလား…?”