နိမိတ်ဆိုး(2)
Vol. 19 Ch. 182
သူတို့ထဲတွင် ကျင်းတောက်ကျန့်ထက် ပို၍ထူးချွန်ကာ အဆင့်မြင့်သော တောက်ကျန့် အနည်းငယ်သာရှိသည်။
ကုကျစ်စုန့်၏ အရှိန်အဝါအား ခံစားလိုက်ရပြီးနောက် ရန်ကျန်းဇီ သူမဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ? သူမက တောက်ဓမ္မပညာကို အမေ့ဗိုက်ထဲမှာကတည်းက လေ့ကျင့်လာတာမို့လို့လား?!?
“ကြည့်ဦး၊ အဲဒါကဘာကြီးလဲ!?”
တစ်ယောက်၏ စကားသံအရ အားလုံး အံ့အားသင့်နေရာမှ သူမထံသို့ အနီးကပ် ကြည့်လိုက်မိကြသည်။
ကုကျစ်စုန့်၏ မက်မွန်သားဓားရှည်သည်ကား မြေကြီးပေါ်တွင် ဗဟိုချက်အဖြစ် ရှိနေပြီး အရောင်လက်နေသည့် အဖြူ၊အမည်း စစ်တုရင် အပိုင်းအစနှစ်ခုသည်က သူမ၏ ဘယ်ဘက်နှင့် ညာဘက်တွင် ရှိနေသည်။
သူမ၏ ခြေထောက်နားတွင်လည်း အဌဂံဖွဲ့စည်းပုံ (ပဂွာ) ရှိနေခဲ့သည်!
သူမအား ဝန်းရံနေသော မှိတ်လိုက်၊ပျောက်လိုက် ဖြစ်နေသည့် အရှိန်အဝါသည်လည်း စက်ဝိုင်းတစ်ခုလုံး ပြည့်နှက်ကာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပျံ့နှံ့နေခဲ့သည်။
ဖွဲ့စည်းပုံပညာရှင်၏ မျက်နှာသည်က ရှုံံ့တွနေခဲ့ပေသည်။ သူသည် ရင်ထဲတွင် မယုံကြည်နိုင်မှုနှင့် ငြင်းဆန်လိုစိတ်များ ပြင်းထန်နေခဲ့သော်လည်း အံကိုကြိတ်ကာ မေးလိုက်မိသည်။
“အဲ့တာက ‘အဌဂံဖွဲ့စည်းပုံနဲ့ နန်းတော်ကိုးခု’လား!?”
ရန်ကျန်းဇီ သူ့အား စိုက်ကြည့်လိုက်သည်။
“အဲဒါက ဘာလဲ?”
‘အဌဂံဖွဲ့စည်းပုံနှင့် နန်းတော်ကိုးခု’ဆိုသည်မှာ တိုင်ချီနှင့် အဌဂံ ပဂွာတို့မှ ဆင်းသက်လာသည့် အကြီးစား ဖွဲ့စည်းပုံတစ်ခု ဖြစ်သည်။
နန်းတော်ကိုးခုနှင့် ပဂွာတို့၏ တည်နေရာအပေါ် အခြေခံထားကာ ဓာတ်ကြီးငါးပါး၏ ချုပ်တည်းမှုနှင့် ကွဲပြားမှုတို့ ပေါင်းစပ်ချိန်တွင် ရိုးရှင်းသည်ဟု ထင်ရသော ဖွဲ့စည်းပုံတစ်ခု ထွက်ပေါ်လာသည်။
လူများသည် ဖွဲ့စည်းပုံထဲရှိ နေရာတစ်ခုအား အနည်းငယ်ပြောင်းလဲလိုက်ရုံမျှဖြင့် ဖွဲ့စည်းပုံတစ်ခုလုံးသည် အလုပ်လုပ်ပုံကွဲပြားကာ စွမ်းအင်လည်း ကွဲပြားသော အခြားဖွဲ့စည်းပုံတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ဥပမာဆိုရလျှင် သူရဲကောင်းဖွဲ့စည်းပုံ၊ ခုန်အုပ်တော့မည့် နဂါးဖွဲ့စည်းပုံ၊ ရှည်လျားသော မြွေဖွဲ့စည်းပုံ၊ ဓားပျံများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းဖွဲ့စည်းပုံ အစရှိသည်တို့ဖြစ်သည်။
ကုကျစ်စုန့်အား ထောင်ဖမ်းရန် သူစီစဉ်ခဲ့သည့် ‘ချီမန်သွမ့်ကျား’ဖွဲ့စည်းပုံသည်ပင်လျှင် ‘အဌဂံဖွဲ့စည်းပုံနှင့် နန်းတော်ကိုးခု’၏ အခွဲတစ်ခုသာဖြစ်သည်။
ပညာရှင်သည်ကား ထိုဖွဲ့စည်းပုံအား ကြားရုံမျှသာ ကြားဖူးခဲ့သည်။ ထိုဖွဲ့စည်းပုံအား ဖန်တီးနိုင်ရန် လိုအပ်သည့် စွမ်းအင်နှင့် စီစဉ်သူ၏ လုပ်ဆောင်အကဲဖြတ်နိုင်စွမ်းတို့မှာ မြင့်မားလွန်းလှပေသည်။
သူ့အနေဖြင့် ဖွဲ့စည်းပုံပညာရှင်တိုင်း၏ အိပ်မက်ဖြစ်သည့် ခမ်းနားလှသော ဖွဲ့စည်းပုံအား ပထမဆုံးမြင်တွေ့ရခြင်းသည် ဂျူနီယာတစ်ယောက်ထံမှဖြစ်လိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့မိ!
သူ့မျက်နှာမှာလည်း အေးခဲထားသော ခရမ်းသီးအား အရိုက်ခံထားရသကဲ့သို့ ပိန်လှီရှုံ့တွသွားသည်။
ရန်ကျန်းဇီ ဒေါသတကြီးဖြင့်:
“အခု အဲ့တာကို မြင်ဖူးသွားပြီမဟုတ်လား? ဒါဆို အဲဒီဖွဲ့စည်းပုံကို ဖျက်ဖို့ နည်းလမ်းရှာလေ!!”
ဖွဲ့စည်းပုံပညာရှင်က သူ့အား ဉာဏ်ရည်မမှီသည့်သူတစ်ယောက်အလား ကြည့်လိုက်သည်။
“သူမက ဒီလောက် စွမ်းအားကြီးတဲ့ ဖွဲ့စည်းပုံကို ငါ့ရဲ့ ဖွဲ့စည်းပုံထဲမှာ ဖန်တီးနိုင်တယ်၊ ငါက တစ်ခုခု ပုံမှန်မဟုတ်တာတောင် သတိမထားမိခဲ့ဘူး။ ဒါနဲ့တောင် ငါက သူ့ကို နိုင်လိမ့်မယ်လို့ မင်းထင်နေသေးတာလား?”
သူ ရန်ကျန်းဇီကို အာရုံမထားတော့ဘဲ ကုကျစ်စုန့် ခြေထောက်နားမှ ပဂွာပုံကိုသာ အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေခဲ့ပြီး တစ်ယောက်တည်း တီးတိုး ရေရွတ်နေခဲ့သည်။
“ဆိုတော့ အဲဒါက အဲလိုမျိုးကိုး၊ ဖွဲ့စည်းပုံအမှတ်တွေနေရာမှာ စစ်တုရင်အပိုင်းအစတွေကိုတောင် သုံးလို့ရတယ်ပေါ့၊ သူ့နားကို ကပ်လိုက်ပြီဆိုတာနဲ့ အဌဂံဖွဲ့စည်းပုံရဲ့ ပစ်မှတ်ဖြစ်သွားမှာပဲ။ ဓားရဲ့ ထိပ်ချွန်က ‘ညွှန်ပြနေတဲ့ နေရာ’ပဲ။
အဲဒါဆိုရင် တောင်ကြီးလို့ ရွေ့စရာမလိုပဲ ဖွဲ့စည်းပုံကို မြန်မြန် အသုံးချပြီး ဗျူဟာချနိုင်တယ်၊ ပြောင်းလဲနိုင်တယ်…”
“သူမက ဉာဏ်ကြီးရှင်ပဲ၊ တကယ့်ကို ဉာဏ်ကြီးရှင်ပဲ!!!”
ရန်ကျန်းဇီ: “???”
သူ၏ ဝက်ကဲ့သို့သော အဖွဲ့သားများ တစ်ယောက်ပြီးတစ်ယောက် လွယ်လွယ်ကူကူ သစ္စာဖောက်သွားသည်ကို မြင်လိုက်ရပြီးနောက် ရန်ကျန်းဇီ အိန္ဒြေသိက္ခာရှိယောင် မဆောင်နိုင်တော့။
သူတို့ ရွှမ်းမင်အဖွဲ့သားများသည်ကား ကျောက်စိမ်းလက်ချောင်းရိုးအား အရမယူနိုင်သည့်အပြင် ဤမိန်းကလေးအား အရှုံးပေး၍ ပြန်လာရသည်ဆိုပါက အားလုံးသည် လုပ်ဖော်ကိုင်ဖက်များ၏ ဟားစရာဖြစ်ရလိမ့်မည်!
ရန်ကျန်းဇီ လေသံမာမာဖြင့် ပြောလိုက်သည်။
“ကုကျစ်စုန့်၊ မင်းက ရက်စက်ပြီးတော့ ပြင်းထန်တဲ့ နည်းလမ်းတွေ သုံးပြီး ငါတို့ရွှမ်းမင်ရဲ့ စီနီယာကို တိုက်ခိုက်ခဲ့တယ်။ မင်းက အသည်းနှလုံးမဲ့တဲ့ စုန်းမပဲ!
ဒီနေ့ ရွှမ်းမင်လောကမှာ မကောင်းတဲ့ အကျင့်တွေ မရှိအောင် ငါ ရှင်းလင်းရလိမ့်မယ်!”
ကုကျစ်စုန့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း ပျင်းယိပျင်းတွဲ မျက်လုံးများဖြင့် ရန်ကျန်းဇီအား စောင်းကြည့်လိုက်သည်။
“အိုး... ကြောက်လိုက်တာ”
ဘေးဘီဝဲယာကြည့်လိုက်ချိန်တွင် ယနေ့လာကြသူများတွင် ရွှမ်းမင်၏ အခရာ တစ်ဦးတစ်ယောက်မျှ မပါချေ။
အဓိပ္ပာယ်မှာ ရွှမ်းမင်ဂိုဏ်း၏ မျက်လုံးထဲတွင် ကုကျစ်စုန့်သည်ကား စကားနားမထောင်၊ မာနကြီးသည့် ကောင်မလေး အဆင့်သာဖြစ်သည်။
ထိုအချိန်တွင် မူလက ကျမ်းစာရွက်ထဲတွင် နေထိုင်သည့် ကွေ့ယင်းတစ္ဆေ ကျိူးဟွေ့လန်က သူမဘေးပတ်လည်မှ ဖိအားများနှင့် ပတ်ဝန်းကျင်မှ အရှိန်အဝါများကို ခံစားနေရသည်။
ထိုအရှိန်အဝါများက သူမနှင့် ရင်းနှီးနေခဲ့သည်။ သူမ နှစ်ရာကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့စဉ်က သူမအား လိုက်လံဖမ်းဆီးခဲ့သော ထူးခြားပညာရှင်များမှာ ထိုရွံစရာကောင်းသည့် ကျမ်းစာများ ဝတ်ဆင်ထားတတ်ကြသည်။
ထိုအချိန်တွင် ကျိုးဟွေ့လန်ယုံကြည်နေသည်မှာ ကုကျစ်စုန့်သည်က မရိုးသားသည့် ပုံပေါ်လွန်းသောကြောင့် မကောင်းသည့် ထူးခြားပညာရှင် တစ်ယောက်သာ ဖြစ်သည်ဟုပင်။
သူမ ထင်သည်မှာ ကုကျစ်စုန့်အား ဖြောင့်မတ်သည့် ရွှမ်တောက်ကျန့်တစ်ဦး၏ လိုက်လံဖမ်းဆီးခြင်းခံနေရသည်ဟု တွေးနေမိသည်။
ထို့ကြောင့် ကုကျစ်စုန့်ထံတွင် မျက်နှာရစေရန်နှင့် မြေအောက်ကမ္ဘာသို့ အပို့မခံရစေရန်အတွက် ကျိုးဟွေ့လန် သတ္တိရှိရှိပင် ကျမ်းစာရွက်ထဲမှ ခုန်ထွက်လာခဲ့သည်။
“ငါ့ရဲ့ သခင်ကို ဘယ်သူက ထိခိုက်အောင် လုပ်နေတာလဲ?!”
ကုကျစ်စုန့်: “…?”
ရန်ကျန်းဇီ၏ မျက်လုံးများသည်က ကုကျစ်စုန့်၏ မကောင်းသည့်အမြစ်အား ဆွဲကိုင်လိုက်မိသကဲ့သို့ အရောင်လက်သွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မင်းက တကယ့်ကို မကောင်းဆိုးဝါးစုန်းမပဲ၊ မင်းက မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်မွေးပြီး တားမြစ်ထားတဲ့ နည်းလမ်းတွေနဲ့ တစ္ဆေကို ချုပ်၊ ပြီးတော့ သရဲအစေခံအဖြစ် အသုံးချနေတာပဲ။ မင်းရဲ့စိတ်ဓာတ်က တော်တော်ကို ပုတ်သိုးနေတာပဲ!!”
ကုကျစ်စု့န် ပြောစရာစကားပင်မရှိတော့ပေ။
သူမ ကျိုးဟွေ့လန်၏ ဖောက်ထွင်းမြင်နေရသော ဝိဉာဉ်အား လှမ်းကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှမဆိုခဲ့။
နောက်ထပ် အပြစ်ထပ်ရှာနေစရာပင်မလိုအပ်ပါချေ။ သူမ၏ အနီးတွင် သရဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမ ထိုလူများ၏ စိတ်အလိုအား မလိုက်လျောသရွေ့တော့ သူမအား မကောင်းဆိုးဝါးဟု သမုတ်ကြမည်ဖြစ်သည်။
တစ်ဖက်တွင်တော့ ရန်လိုဟန်ဖြင့် ထွက်လာသည့် ကျိုးဟွေ့လန်တစ်ယောက် ဘေးဘီဝဲယာကို ကြည့်လိုက်ချိန်တွင် သူမ ကောင်းစေလိုသော စိတ်ရှိသော်လည်း တကယ်တမ်းတွင် မကောင်းသည့် အရာတစ်ခုအား ပြုလုပ်မိကြောင်း သဘောပေါက်သွားသည်။
သူမ အတင်းလုပ်ယူ ပြုံးလိုက်ရင်း ချက်ချင်းလိုပင် ကျမ်းစာရွက်ထဲသို့ ပြန်ခုန်ဝင်သွားကာ နောက်ထပ် စကားတစ်ခွန်းမျှပင် မဟရဲတော့။
သို့သော် ကုကျစ်စုန့်၏ဘေးမှ တစ္ဆေအား မြင်တွေ့လိုက်ရပြီးနောက် ဘေးတွင် တွေဝေစွာ ရပ်နေခဲ့သည့် ရွှမ်တောက်ကျန့်များသည်လည်း ဝင်၍ တိုက်ခိုက်ရတော့သည်။
ချက်ချင်းလိုပင် ကုကျစ်စုန့်အား အရပ်မျက်နှာစုံမှ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
သူမ လက်ထဲမှ မဟော်ဂနီဓားအား မြှောက်လိုက်ရင်း ဓားထိပ်တွင် အနက်ရောင်စစ်တုရင်တစ်ခုအား ကောက်ယူလိုက်ပြီးနောက် လေထဲသို့ မြှောက်လိုက်သည်။
ထိုအရာ လမ်းပေါ်သို့ ပြုတ်ကျသွားသည်နှင့် ဖွဲ့စည်းပုံအတွင်းမှ မြူခိုးများသည်လည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ပတ်ပတ်လည်မှ ခြုံခိုတိုက်ခိုက်ခြင်းနှင့် သေစေလိုစိတ်များ ပေါ်ထွက်လာခဲ့သည်။
ထိုခဏတွင် ကုကျစ်စုန့်၏ ကိုယ်ခန္ဓာကား လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ဖွဲ့စည်းပုံထဲတွင် ပိတ်မိနေသော ထူးခြားပညာရှင်များသည်လည်း ထိတ်လန့်တုန်လှုပ်ကာ သတိကို မလျှော့ရဲခဲ့ပေ။
သူတို့ထဲတွင် အစိမ်းရောင်ဝတ်ရုံဖြင့် လူငယ်လေးကတော့ တစ်ခုခုလွဲမှားနေကြောင်း သတိထားမိလိုက်ကာ အင်္ကျီလက်ထဲမှ သစ်သားတူရိယာတစ်ခုအား ထုတ်ယူလိုက်သည်။
ထိုအရာ၏ ကျောဘက်အား သူ့၏လက်ချောင်းနှင့် ထိလိုက်သည်နှင့် တပြိုင်နက် ထိုအရာ၏ အဆစ်များနှင့် ခြေလက်များသည် အလယ်ဗဟိုမှ ဆန့်ထွက်လာပြီးနောက် သက်ရှိတစ်ဦးကဲ့သို့ လှုပ်ရှားနေခဲ့သည်။
ရုပ်သေးရုပ်အား အသုံးချ၍ သူ့ရှေ့မှ ဝေခွဲမရသည့် အရာအား ဖြိုဖျက်ရန် ကြိုးစားလိုက်ချိန်၌ သူ့ဘေးတွင် တစ်စုံတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။
တုံ့ပြန်ရန် အချိန်မရသေးခင်မှာပင် အမျိုးသမီးငယ်၏ သစ်သားဓားဖြင့် ဆွဲ,မခံလိုက်ရပြီးနောက် သူ့လက်ထဲမှ ရုပ်သေးရုပ်သည်လည်း မြေပေါ်သို့ ကျကာ နှစ်ပတ်၊သုံးပတ် လိမ့်သွားခဲ့သည်။
ကုကျစ်စုန့် ဤရွှမ်းမင်အဖွဲ့အား သဘောမကျချေ။ သူတို့ထဲတွင် အသိစိတ်အနည်းငယ်ကျန်နေသေးသူမှာ ဤလုပုဂိုဏ်း၏ မျိုးဆက်သစ်ကောင်လေးတစ်ဦးသာ ရှိသည်။
“မင်းက အပြစ်ကြီးငါးပါးကို ကျူးလွန်နေပြီးဖြစ်နေပြီ၊ ‘မသန်စွမ်း’လို့ နာမည်မတပ်ခံချင်ရင် ဒီနေရာမှာပဲ ငြိမ်ငြိမ်နေ”
ထိုစကားပြောပြီးသည်နှင့် သူမ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
အဖြူနှင့် အနက်ရောင်စစ်တုရင်များ နေရာဆက်တိုက် ပြောင်းရွေ့နေပြီးပြီးနောက် ‘အဌဂံဖွဲ့စည်းပုံနှင့် နန်းတော်ကိုးခု’ တို့သည် ပို,ပို၍ ရှုပ်ထွေးခက်ခဲလာခဲ့သည်။
ရွှမ်တောက်ကျန့်များ၏ တိုက်ခိုက်မှုများသည်က တစ်ခုနှင့်တစ်ခုပင် တိုက်မိနေပြီး အချင်းချင်း ပြန်လည်ထိခိုက်စေခြင်းပင် ဖြစ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ့်ကိုယ်ကိုယ် ဆရာကြီးများဟု သတ်မှတ်ထားသည့် တောက်ကျန့်များ ကျရှုံးသွားခဲ့သည်။
ရန်ကျန်းဇီ အံကိုကြိတ်ထားခဲ့ပြီး အခြေအနေသည် ယခုအတိုင်း ဆက်သွားလို့ မဖြစ်တော့ကြောင်းလည်း သဘောပေါက်လာသည်။
သူက သူ့ရင်ဘတ်တွင် လက်ရာများ ဆက်တိုက် နှိပ်ခတ်နေခဲ့ပြီး သာမန်လူများ နားမလည်နိုင်သော ဂါတာမန္တာန်များ ရွတ်ဖတ်နေခဲ့သည်။ သူ့ရှေ့မှ မြင်ကွင်းသည်လည်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။
ရန်ကျန်းဇီ၏ ကျင့်ကြံမှုသည်က အင်မတန် မြင့်လှသည်မဟုတ်၊ ရွှမ်းမင်၏ ဆဌမအဆင့်တွင်သာ ရှိသည်။
သို့သော် သူ၏ အဆင့်ကတော့ အင်မတန်မြင့်သည်။ တချို့ အလယ်တန်းအဆင့် တောက်ဓမ္မကျောင်းများဆိုလျှင် သူ့အား ဆရာခေါ်ကြသည်။
အဘယ်ကြောင့်ဆိုသော် သူသည်ကား တိုက်ရိုက်ဆင်းသက်လာသည့် မျိုးဆက်သစ်ဖြစ်နေခြင်းကြောင့်ပင်။
သူကျင့်ကြံသည်မှာ ကောင်းကင်နှင့် မြေကမ္ဘာ၏ တောက်ဓမ္မပညာဖြစ်သည်။ ယနေ့ခေတ်တွင် ထိုပညာအား လိုက်စားသူ နည်းပါးသောကြောင့် သူ့နေရာကို ခိုင်မာစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
မြူခိုးများကြားတွင် ကုကျစ်စုန့်အား ခပ်ရေးရေး မြင်တွေ့လာရပြီးနောက် ရန်ကျန်းဇီဒေါသအမျက် ခြောင်းခြောင်း ထွက်နေခဲ့သည်။
သူ့အင်္ကျီလက်ထဲမှ စွမ်းအားကြီး မီးတောက် ကျမ်းစာရွက်နှစ်ရွက်အား ထုတ်ယူကာ မန္တာန်တစ်ခုဖြင့် မီးညှိလိုက်ပြီးနောက် ကုကျစ်စုန့်ရှိရာသို့ ပစ်ခွင်းလိုက်သည်။
သူ့အား ကျောပေးထားသော ကုကျစ်စုန့်က ရုတ်တရက် ခေါင်းလှည့်လာပြီးနောက် လှောင်ပြောင်လိုစွာ ပြုံးလိုက်သည်။
ထိုအချိန်တွင် ရန်ကျန်းဇီတစ်ယောက် မသိုးမသန့် ခံစားလိုက်ရပြီးနောက် သူ့နောက်မှ အသံတစ်ခုကို ကြားလိုက်ရလေ၏။
အနောက်သို့ လှည့်လိုက်သည်နှင့် မီးတောက်များ လောင်မြိုက်နေသော ကျမ်းစာရွက်သည်က သူ့ထံသို့ မြွေတစ်ကောင်အလား ခုန်ဝင်လာကာ သူ၏ မျက်ခုံး၊ မျက်တောင်များနှင့် မျက်နှာအား လောင်ကျွမ်းသွားစေခဲ့သည်။
*