နိမိတ်ဆိုး(2)
Vol. 19 Ch. 184
တစ္ဆေတံခါးဝမှ နောက်တစ်ခေါက်ပြန်ဖြတ်လာပြီးနောက် ကုကျစ်စုန့် တုန်ယင်းနှင့် ကျိုးဟွေ့လန်တို့အား ဟွမ်ကွမ်းလမ်းဆုံသို့ ခေါ်လာခဲ့သည်။
သူမ ငရဲတံခါးဝသို့ ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် အရှေ့မှ ခေါ်သံများကို ကြားလိုက်ရလေသည်။
ကုကျစ်စုန့် မော့ကြည့်လိုက်ချိန်တွင် သရဲများ၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေခဲ့ကြပြီး ဤသည်မှာ ထန်စန်း၏ အသားအား မြင်လိုက်ရသော မကောင်းဆိုးဝါးများကဲ့သို့ သူမ၏ ကိုယ်ပေါ်သိုး ခုန်အုပ်ချင်နေဟန်ပေါ်နေသည်။
သရဲတိုင်းက သူမ၏နာမည်ကို အော်ခေါ်နေကြပြီး တချို့ကတော့ အလံကဲ့သို့ အရာမျိုး ဆွဲထုတ်လာသည်။
တချို့ကတော့ ခေါင်းပေါ်တွင် သူမ၏ အေးစက်စက်မျက်နှာပုံ ပါဝင်သော ကလစ်များဖြင့် ဝတ်ဆင်ထားပြီး အနုပညာလောကမှ ပရိတ်သတ်များနှင့်ပင် အသွင်တူလှသည်။
ဖြစ်စဉ်မှာ သူမ မြေအောက်ကမ္ဘာတွင် ရုတ်တရက်ပေါ်လာပြီးနောက်တွင် မားမြန်အား သူမ ပြန်လာမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည့် သတင်းမှာ နားစွန်နားဖျားကြားသည့် သရဲများကြောင့်ဟိုးလေးတကျော် ဖြစ်သွားခြင်းပင်။
အချိန်အတော်ကြာသည်ထိ အနီးအနားမှ သရဲများသည် အပျော်လွန်ကာ ဟွမ်ကွမ်းလမ်းသို့ ပြေး၍ ထိုင်နေကြသည်။
တချို့ကတော့ ကြယ်ဝိဥာဥ်များကို လိုက်ဖမ်းကာ ထိုကြယ်လေးများနှင့် စန်းတုချွမ်နှင့် အခြားနေရာများမှ ပျံသန်းလာကြသည်။
သရဲတစ်ကောင်က သူ၏ ခေါင်းကို ဖြုတ်ပေးမည်ဆိုပါက သူမ၏ အကြည့်အား ဖမ်းစားနိုင်လိုက်သည်ဟု မည်သူ သတင်းလွှင့်လိုက်သည်လည်း မသိ။
အကြောမခံချင်ကြသည့် သရဲများသည်က သူတို့ အိုင်ဒေါထံမှ အကြည့်တစ်ချက်ရရန် နည်းမျိုးစုံ သုံးလာကြသည်။
“စုန့်စုန့်၊ ငါ့ကိုကြည့်ပါ၊ ငါ တစ်ခေါင်းလုံးကို ဖြုတ်ပြီး မင်းကို ပေးလိုက်လို့ရတယ်!!”
“ငါလည်း လုပ်နိုင်တာပေါ့၊ ငါက မျက်လုံးတွေကိုတောင် ဖောက်ထုတ်ပြီး မင်းကို နံရိုးတစ်ချောင်းလည်းပေးမယ်၊ စုန့်စုန့် ငါ မင်းကို အရမ်းကြိုက်တာပဲ!!”
“ကုကျစ်စုန့်၊ မင်း သရဲအစေခံလိုချင်တာလား? မင်း တစ်ခုခုပြောလိုက်တာနဲ့ ငါချက်ချင်း မင်းကို စာချုပ်လာပေးလှည့်မယ်၊ ငါက အရှေ့တိုင်းပညာကို သင်ထားပြီး Michelin three stars ကို မသေခင်မှာ အောင်ထားသေးတာ!!”
“ဘာတွေပြောနေတာတုန်း? ငါက အသက်ရှိစဉ်တုန်းက စီးပွားရေးကုမ္ပဏီတစ်ခုမှ ငွေကြေးဆိုင်ရာ ပညာရှင်ကွ!
စုန့်စုန့်၊ မင်း ပါးစပ်တစ်ချက်ဟလိုက်တာနဲ့ မင်းအတွက် စတော့လည်း လဲပေးမယ်၊ မင်းရဲ့ စီးပွားရေးကိုလည်း စီမံပေးပြီး မင်းကို ၃နှစ်အတွင်း သန်းကြွယ်သူဌေးဖြစ်အောင် လုပ်ပေးနိုင်တယ်!”
“စုန့်စုန့် ငါတို့လည်း မင်းနဲ့ စကားပြောချင်တာပေါ့၊ ဘယ်အချိန် မြေအောက်ကမ္ဘာမှာ လာနေမှာလဲဟင်?”
“……”
အင်တာဗျူးခန်းတွင် သရဲအကောင်ပေါင်းများစွာ ရှိနေခဲ့ပြီး တုန်ယင်းရောရော ကျိုးဟွေ့လန်ပါ အံ့ဩလွန်း၍ စကားပင် မပြောနိုင်ပေ။
သူတို့၏အနီးအနားမှ သုန်မှုန်နေသော မျက်လုံးထောင်ချီများအား စိုက်ကြည့်နေရင်း ထိုမျက်လုံးအကြည့်များထဲမှ မနာလိုစိတ်၊ မုန်းတီးစိတ်တို့အား ခံစားနေခဲ့ရသည်။
ထိုသရဲအားလုံးဆုတောင်းနေသည်မှာ တုန်ယင်းနှင့် ကျိုးဟွေ့လန်အား ဆွဲဖယ်၍ သူတို့နေရာ အပိုင်သိမ်းချင်ကြခြင်းဖြစ်သည်။
“ကြည့်ရတာ တောက်ကျန့်က မြေအောက်ကမ္ဘာမှာလည်း တော်တော်လေး နာမည်ကြီးပုံပဲ၊
တုန်ယင်းကျဲကျဲ, ကျွန်မ သူတို့နဲ့ ယှဉ်လိုက်ရင် အရမ်း အနိုင်လိုချင်စိတ်နည်းနေတာများလား?”
တုန်ယင်း နူးညံ့စွာ ပြန်ပြောသည်။
“ကိုယ့်ကိုကိုယ် သိတာ အကောင်းဆုံးပါပဲ”
ကျိုးဟွေ့လန်: “QAQ”
လက်ဖြစ် ပန်းရောင်ဘီးကုတ်အား ဝတ်ဆင်ထားသော မားမြန်ကတော့ အနည်းငယ်ရှက်နေပုံပေါ်ပြီး သူ၏ ဖုန်းကို ထုတ်ကာ ကုကျစ်စုန့်အား လှမ်းပေးလိုက်သည်။
“ကြည့်ပါဦး စုန့်စုန့်၊ မင်းက မြေအောက်ကမ္ဘာမှာ ပရိတ်သတ်တွေ အများကြီးရှိတယ်”
ဖုန်းတွင် ဖွင့်ထားသည်မှာ မျက်လုံးကြီးကောင်လေး(ဝေ့ပေါ်) စာမျက်နှာတစ်ခုဖြစ်ပြီး ခေါင်းစဉ်ဘေးတွင်တော့ အပိုအဖြစ် ‘မြေအောက်ကမ္ဘာ’ဆိုသည့် စာလုံး ပါရှိသည်။
သူမ၏ ပေ့ချ်တွင် ရှိသော ပရိတ်သတ်များမှာ ၈၈၈သိန်းဖြစ်သည်!
လူ့ကမ္ဘာကဲ့သို့ ပြောရပါလျှင် ထိုအရေအတွက်သည် ရှားနိုင်ငံ၏ လူဦးရေ အကုန်လုံးနီးနီးဖြစ်သည်။
ထိုအခါမှသာလျှင် ကုကျစ်စုန့်လည်း ‘ဝိဉာဉ်ရေးရာ’အစီအစဉ်သည်က မြေအောက်ကမ္ဘာတွင်လည်း တိုက်ရိုက်ထုတ်လွှင့်ပြီး သူမမှာ မြေအောက်ကမ္ဘာ၏ ထိပ်တန်းကြယ်ပွင့်တစ်ဦးလည်းဖြစ်နေကြောင်းကို သိလိုက်ရသည်။
သူမ၏ စိတ်များက ရှုပ်ထွေးနေခဲ့ပြီး မည်သည့်စကားကိုပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ သူမအနီးမှ သရဲအစုအဝေးလိုက်မှာ သူမ၏ ‘ပရိတ်သတ်များ’ ဖြစ်နေခဲ့သည်ပင်။
ကုကျစ်စုန့် စိတ်ထဲတွင် အံ့ဩစရာကောင်းသကဲ့သို့ ခံစားရ၍ မေးမိသည်။
“ဒီလူတွေ အကုန်လုံးကို ကျွန်မကို စောင့်ကြည့်နေကြတာပေါ့? သရဲတွေကလေ?”
မားမြန်ကတော့ ဂုဏ်ယူဝံ့ကြွားစွာဖြင့်:
“သေချာတာပေါ့ စုန့်စုန့်၊ ပြီးတော့ ငါတို့မှာ ပရိတ်သတ် သရဲ အကောင် ၁၃၂၂ ကောင်ပါတဲ့ အကြီးစားဖန်ဂရုတောင် ရှိတယ်။ ငါကလည်း မင်းရဲ့ပရိတ်သတ်အကြီးစားပဲ”
ကုကျစ်စုန့်:
“သရဲ ၁ဘီလီယံလောက်တောင် ရှိတာလေ….?”
မားမြန် ခေတ္တရပ်သွားသည်။
“အမှန်ပဲ၊ ၈၈၈သိန်းက နည်းလွန်းနေတယ်၊ စုန့်စုန့်၊ စိတ်မပူပါနဲ့၊ အခုက မြေအောက်ကမ္ဘာမှာ အင်တာနက်က အရမ်းမဖွံ့ဖြိုးသေးဘူးလေ၊
ငရဲ၁၈ထပ်မှာလည်း မရောက်နိုင်သေးဘူး၊ ဒါပေမယ့် ငါ ဖန်ဆိုဒ်တစ်ခုတောင် ထောင်ဖို့ လုပ်နေတာ”
မားမြန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်သည်။
“ငါ မင်းကို တစ်ကမ္ဘာလုံးမှာ နာမည်ကြီးအောင် လုပ်ပေးမယ်”
“……မဟုတ်သေးပါဘူး”
ကုကျစ်စုန့် နဖူးကို ကိုင်ထားလိုက်ရင်း ယနေ့က သူမဘဝ၏ အထူးဆန်းဆုံးနေ့ဖြစ်သည်ဟု တွေးမိသည်။
သရဲများ၏ စိတ်အားတက်ကြွမှုအား ငြင်းဆိုရန်ကမူ သူမအတွက် ခက်ခဲ့လှသည်။ သရဲများ၏ အရေအတွက် ထပ်,ထပ်တိုးလာသည်ကို မြင်လိုက်ရပြီးနောက် သူမ ယူဆောင်လာသော ဝိဉာဉ်နှစ်ခုအား မားမြန်၏လက်ထဲသို့ အပ်လိုက်သည်။
“ယင်အရာရှိမင်း၊ ကျွန်မ တစ်ခု တိုင်ကြားစရာရှိလို့ ငရဲမင်းနဲ့ တွေ့ချင်တယ်။ ငရဲမင်းကို အသိပေး,ပေးလို့ ရနိုင်မလား?”
မားမြန်: “သေချာပေါက် ရတာပေါ့”
ကုကျစ်စုန့် ထိုမျှ တက်ကြွနေမှုများအား မခံစားနိုင်သော်လည်း စိတ်ညစ်ညူးသည်တော့ မဟုတ်ပါချေ။
မထွက်ခွာမှီ သူမထံတွင်ပါသည့် အဝါရောင်စက္ကူအလွတ်များနှင့် ရွှေတုံးများပုံစံ ခေါက်ကာ သရဲပရိတ်သတ်များအား လက်ဆောင်အဖြစ် ပေးခဲ့သည်။
သို့သော် သူမ၏ ဝိဉာဉ်စွမ်းအားသည်က အားကောင်းလွန်းသောကြောင့် ထိုစက္ကူရွှေတုံးများသည်ကား မြေအောက်ကမ္ဘာတွင် စကန်ဖတ်ပြီးနောက်တွင် ကောင်းကင်နှင့် မြေကမ္ဘာဘဏ်တွင် အမြင့်ဆုံးအဆင့်အဖြစ် အလိုအလျောက် သတ်မှတ်ခံရလိုက်သည်။
သူမက ကောင်းမှုအဖြစ် ပြုချင်ခဲ့သော်ငြား ထိုသရဲပရိတ်သတ်များသည်ကား ရွှေတုံးများအား လုယက်ကြရင်း ရန်ဖြစ်ကုန်ကြသည်။
တချို့ဆိုလျှင် မျက်လုံးများ ကျွတ်ထွက်ကာ လူအများခြေအောက်တွင် ကြေမွကုန်ကြလေသည်။
ယမမင်းနန်းတော်ထဲသို့ ဝင်ရောက်လာချိန်တွင် ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ကုကျစ်စုန့် ထိုမြင့်မားမက်စောက်သည့် အဆောက်အဦးထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် လှေကားအမြင့်များ၏ ထိပ်တွင် ငရဲနန်းတော် ဆယ်ခုထဲမှ တစ်ခုအား တွေ့လိုက်ရသည်။
သူမ လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။
“ကျွန်မ ငရဲမင်းနဲ့ တွေ့ချင်ပါတယ်”
ပြန်လည်ဝင်စားခြင်း၏ အရှင်ဖြစ်သော ရွှယ်လီသည်ကား ဆယ်ခုမြောက်နန်းတော်အား အုပ်စိုးသည့် ယမမင်းဖြစ်သည်။
သူ့သည်ကား အပြစ်ပေးရန်ကိစ္စ အသေးအကျဉ်းများကိုပင် လက်အောက်ငယ်သားများထဲတွက် တာဝန်အပ်နှင်းထားခြင်း မရှိတတ်သည့် တစ်ဦးတည်းသော ယမမင်းလည်း ဖြစ်သည်။
ရွှယ်လီသည်က သရဲများ၏ ကောင်းခြင်း၊ဆိုးခြင်းအား ဆုံးဖြတ်ရာတွင် အထူးပြုဖြစ်ပြီး ပြန်လည်ဝင်စားချိန်တွင် ယောင်္ကျား၊မိန်းမ၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းနှင့် အသက်ရှည်ခြင်းတို့အား အဆုံးအဖြတ်ပေးသော ယမမင်းလည်းဖြစ်သည်။
ကုကျစ်စုန့် ယခင်ဘဝက မြေအောက်ကမ္ဘာသို့ ဝင်ထွက်သွားလာနေချိန်တွင် သူမ မြေအောက်ကမ္ဘာ၏ ယမမင်းဆယ်ပါးနှင့် အဆက်အသွယ်ရှိခဲ့သည်။
သူတို့ထဲတွင် ပြန်လည်ဝင်စားခြင်းအား အုပ်စိုးသည့် ရွှယ်လီသည်က စိတ်အရှည်ဆုံးဖြစ်ပြီး မကောင်းဆိုးဝါးသရဲများအား မစစ်ဆေးဘဲ ချက်ချင်း အပြစ်ပေးခြင်း၊ အကျဉ်းချခြင်းတို့ မလုပ်တတ်ပေ။
ယခုအကြိမ်တွင်တော့ ပြန်လည်ဝင်စားခြင်း၏ အရှင် ရွှယ်လီမှာ တော်ဝင်သရဖူအား ဝတ်ဆင်ထားပြီး သူမကိုလည်း စိတ်ဝင်စားနေဟန်ပေါ်သည်။
“မင်း ငါ့ကိုသိလို့လား?”
ကုကျစ်စုန့်၏ ပြန်အဖြေကို မစောင့်တော့ဘဲ ရွှယ်လီ ဆက်ပြောသည်။
“ဒါပေမဲ့ မြေအောက်ကမ္ဘာက ယမမင်းတွေကတော့ မင်းကိုသိတယ်နော် ကုကျစ်စုန့်၊ မင်းက မြေအောက်ကမ္ဘာမှာ နာမည်ကြီးပဲ၊
တစ္ဆေဂိတ်တံခါးဝကိုတောင် နေ့တိုင်းလိုလို မင်းလိုရာကိုသွားဖို့ သုံးတတ်သေးတယ်။ ထိုင်ပြီး စကားပြောရအောင်၊ ငါတို့ မင်းကို စောင့်နေတာ ကြာပြီ”
ကုကျစ်စုန့် မျက်ခုံးလှုပ်လှုပ်ဖြင့် ကျေးဇူးတင်စကားဆိုကာ အောက်ခြေတွင် ထိုင်လိုက်သည်။
ယမမင်း၏ ကြင်နာသော လေသံနှင့် ပျော်နေသော အသံတို့ကြောင့်သာ မဟုတ်ပါလျှင် ကုကျစ်စုန့်ကတော့ ယမမင်းများသည်က သူမအား ပြဿနာရှာချင်နေပြီဟုသာ တွေးမိမည်ဖြစ်သည်။
ပြန်လည်ဝင်စားခြင်း၏ အရှင်မှ စမေးသည်။
“အရင်ဆုံး ပြောပါဦး၊ ဘာလို့ ငါနဲ့တွေ့ချင်တာလဲ?”
ကုကျစ်စုန့် ကျိုးဟွေ့လန်၏အကြောင်းကို ပြောပြခဲ့သည်။ ရွှယ်လီ မြေအောက်ကမ္ဘာအား ဆင့်ခေါ်၍ စစ်ဆေးလိုက်ချိန်တွင် ကျိုးဟွေ့လန်၏ သတို့သားလောင်းသည်ကား အပြစ်ဒဏ်မှ လွတ်မြောက်သွားကြောင်း တွေ့လိုက်ရသည်။
အကြောင်းရင်းမှာ သူသည်က သရဲတစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသောကြောင့် မြေအောက်ကမ္ဘာသို့ ရောက်ရှိလာချိန်တွင် သေချာ စစ်ဆေးမေးမြန်းခြင်း မပြုခဲ့သောကြောင့်ပင်။
ထို့နောက် ပြန်လည်ဝင်စားခြင်း၏ အရှင်မှ ဆက်မေးသည်။
“မင်း ဒီကိုလာတာ ဒီကိစ္စတစ်ခုတည်းတော့ မဟုတ်ဘူးမလား?”
ကုကျစ်စုန့် တွေဝေသွားပြီးနောက် သူမ အိတ်ကပ်ထဲမှ ဖန်ပုလင်းငယ်လေးအား ထုတ်ကာ လက်နှစ်ဖက်နှင့် ရိုရိုသေသေ ပေးလိုက်ရင်း ပြောသည်။
“ပြန်လည်မွေးဖွားခြင်းရဲ့ အရှင်ကို မေးပါရစေ၊ ဒီအရာက မြေအောက်ကမ္ဘာကနေ ယိုထွက်လာတာများလား?”
ယမမင်းက လက်တစ်ဖက် ဝှေ့လိုက်ချိန်တွင် ပုလင်းငယ်လေးသည်လည်း သူ၏ လက်ဖဝါးထဲသို့ လွင့်ပျံလာခဲ့သည်။ သူက အဖုံးအား ဖွင့်ကာ အနံ့ခံလိုက်ပြီးနောက် ဖတ်ရခက်သော မျက်နှာအမူအယာဖြင့် အဖုံးကို ပြန်ပိတ်လိုက်သည်။
“မဟုတ်ဘူး၊ ငါလည်း မင်းကို မြင်စေချင်တဲ့ အရာတစ်ခုတော့ ရှိတယ်”
သူ့စကားဆုံးသည်နှင့် စာအုပ်ငယ်တစ်အုပ်က ကုကျစ်စုန့်ရှေ့တွင် ပေါ်လာခဲ့သည်။
ယမမင်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ စာအုပ်ငယ်လေးအား ဖွင့်ကာ ဖတ်ရှုလိုက်သည်။
ထိုစာအုပ်လေးထဲတွင် လွန်ခဲ့သည့် နှစ် ၂၀၀မှ မြေအောက်ကမ္ဘာတွင် ဒေတာအချက်အလက်ပြောင်းလဲမှုများအား မှတ်တမ်းတင်ထားခဲ့သည်။
ထိုအထဲတွင် သက်ရှိဘဝမှ သေဆုံးချိန်တွင် သရဲများဖြစ်ကာ ပြန်လည်ဝင်စားခြင်းမှ လွတ်မြောက်သွားသော သရဲအရေအတွက်သည်က သိသိသာသာ တိုးလာနေခဲ့သည်။
မြေအောက်ကမ္ဘာမှ မကောင်းဆိုးဝါးဝိဉာဉ်အရေအတွက်သည်လည်း တိုးပွားလာသည်။
ငရဲဆယ့်ရှစ်ထပ်နှင့် အခြားငရဲလေးများသို့ ပို့ဆောင်ခံရသည့် မကောင်းဆိုးဝါးဝိဉာဉ်များမှာလည်း ယခင်ရာစုနှစ်များထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။
သူမ ရုတ်တရက်တွေးလိုက်မိသည်။
လူတွေက တစ်နေ့တခြား ပို,ပို၍ ဆိုးဝါးလာပြီးနောက် မြေအောက်ကမ္ဘာမှ သရဲများလည်း အထိန်းအကွပ်မဲ့လာကြတာပဲ။
ဤအချက်အလက်များသည်က လူတိုင်း မြင်တွေ့ခွင့်မရှိသင့်ဘဲ မြေအောက်ကမ္ဘာ၏ လျှို့ဝှက်ချက်ဖြစ်သင့်သည်ဟုလည်း တွေးလိုက်မိသည်။
ပြန်လည်မွေးဖွားခြင်း၏ အရှင်အား ကြည့်လိုက်ရင်း အဘယ်သို့သော သဘောထားဖြင့် သူမအား ဤအချက်အလက်များအား ပြသနေကြောင်းကို ကုကျစ်စုန့် တွေးနေမိသည်။
မမျှော်လင့်ထားစွာပင် ယမမင်းရွှယ်လီမှ ဖြည်းဖြည်းချင်း စကားဆိုလာသည်။
“တကယ်တော့ ငါတို့က မင်းကို မြေအောက်ကမ္ဘာမှာ ပထမဆုံးအကြိမ်ပေါ်လာတည်းက သတိထားမိလိုက်တယ်၊ မင်းရဲ့ စိတ်ဝိဉာဉ်က အရမ်းကို ထူးခြားတယ်လေ”
*