နိမိတ်ဆိုး(3)
Vol. 19 Ch. 185
ကုကျစ်စုန့်၏ ဝိဉာဉ်သည်ကား ကပ်ဆိုးများအား ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ သူမ ကျရှုံးခဲ့သော်လည်း ဝိဉာဉ်အား မဆုံးရှုံးခဲ့ပေ။
သူမက မြေကမ္ဘာမသေမျိုးအဆင့်သို့ ဝင်နေပြီဖြစ်သည်။ စွမ်းအင်အရဆိုလျှင် သူမ၏ ဝိဉာဉ်သည်က မြေအောက်ကမ္ဘာမှ အများစုထက် ပို၍ မြင့်မားနေသည်ပင်။
ထိုကဲ့သို့သော ဝိဉာဉ်တစ်ခု ရုတ်ချည်း ပေါ်ပေါက်လာခြင်းမှာ ယမမင်းနန်းတော်များ၏ အာရုံအား ဖမ်းစားနိုင်စွမ်းတော့မရှိ။
ပြန်လည်ဝင်စားခြင်း၏ အရှင်နှင့် အခြားယမမင်းများက သူမအား ကပ်ဆိုးကျော်လွှားရန် ကျရှုံးခဲ့သည့် မြေကမ္ဘာမသေမျိုးဟုသာ သတ်မှတ်ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အား ယူဆောင်သွားခဲ့ကြသည်။
“မင်းက အဆင့်ကူးပြောင်းတဲ့ ကပ်ဆိုးကို ခံစားခဲ့ရတယ်၊ ဒီတော့ မင်းလည်း သိမှာပါ၊ ဒီကမ္ဘာရဲ့ ဝိဉာဉ်စွမ်းအင်က အရမ်းကို ထိုးကျနေပြီဆိုတာကိုလေ။
အခုဆိုရင် အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့တဲ့ လူသားမသေမျိုးဆိုတာ ပေါ်မလာတော့တာ နှစ်ပေါင်း ၈၀၀တောင် ကျော်ခဲ့ပြီ၊ မြေအောက်ကမ္ဘာက အရင်ဆုံး ထိခိုက်ခံရတာပဲ”
“အခုဆိုရင် မြေအောက်ကမ္ဘာရဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေက အထိန်းအကွပ်မဲ့နေပြီး မြေအောက်ကမ္ဘာရဲ့ တရားဥပဒေကို လက်တလုံးခြား စိန်ခေါ်ပြီး လွတ်မြောက်သွားတဲ့ အရေအတွက်ကလည်း သိသိသာသာကို တိုးနေတယ်။
ငါတို့ အရင်ကတည်းက ဆွေးနွေးနေခဲ့ကြတာက ထူးဆန်းပြီး မကောင်းမှုအားကောင်းတဲ့ အငွေ့အသက်တစ်ခု ပေါ်လာတဲ့အကြောင့်ကိုပဲ၊ အဲဒါက ဘယ်ကလာတာလဲ၊
ဘာအကြောင်းကြောင့် ပေါ်လာတာလဲဆိုတာကို ငါတို့ မသိနိုင်ပေမယ့် ယင်နယ်မြေနဲ့ ယန်နယ်မြေမှာ ဖြစ်ပျက်နေတဲ့ ပြောင်းလဲမှုတွေအကုန်လုံးက အဲဒီအရာနဲ့ သက်ဆိုင်တယ်လို့ သံသယရှိတယ်”
ယင်အရာရှိများသည်ကား ဝိဉာဉ်များအား ပြန်လည်ဝင်စားနိုင်ရန် ကူညီပေးရသည့် တာဝန်ရှိပြီး မသေမျိုးတရားရုံးသည် လမ်းစဉ်ခြောက်ခုနှင့်အညီ ကွဲပြားစွာတည်ရှိနေသည်။ နယ်မြေသုံးခုတွင် ကြီးမားသည့် ကိစ္စတစ်ခု၊ ကပ်ဆိုးကြီးတစ်ခုခု ပေါ်မလာသရွေ့ ဝင်ရောက်စွက်ဖက်ကြလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ပြန်လည်ဝင်စားခြင်း၏ အရှင်နှင့် အခြားယမမင်းများသည်က အဖြစ်အပျက်များမှာ ယင်ကမ္ဘာနှင့် ယန်ကမ္ဘာကိုသာ ပြောင်းလဲသွားခြင်း ဟုတ်၊မဟုတ်ကိုလည်း မသိနိုင်သကဲ့သို့ မသေမျိုးတရားရုံးမှ ယခုအဖြစ်အပျက်များအား သိရှိမှုရှိ၊မရှိကိုလည်း မသိနိုင်ပေ။
သူတို့ စစ်ဆေးရှာဖွေချင်ပါသော်လည်း မည်သည်ကိုမျှရှာမတွေ့နိုင်သကဲ့သို့ မြေအောက်ကမ္ဘာသို့လည်း ရောက်ရှိမလာခဲ့ပေ။
လူတိုင်း အကြပ်ရိုက်နေကြချိန်တွင် ကုကျစ်စုန့် ရုတ်တရက်ပေါ်လာခဲ့သည်။
သူမသည်ကား သက်ရှိလူသားတစ်ဦးဖြစ်ပါသော်လည်း မြေကမ္ဘာမသေမျိုးတစ်ပါး၏ စွမ်းအင်ကို ပိုင်ဆိုင်ထားခဲ့သည်။
ပြန်လည်ဝင်စားခြင်း၏ အရှင်က သူမကို ကြည့်ကာ စကားဆက်သည်။
“ဒီအခွင့်အရေးကို အရယူပြီး ငါတို့ ယမမင်းနန်းတော်ကနေ မင်းကိုလည်း တစ်ခုလောက် မေးချင်တယ်”
“မြေအောက်ကမ္ဘာကနေ မင်းကို အတတ်နိုင်ဆုံးထိ အရာရှိတစ်ဦးရဲ့ အခွင့်အရေးကို ပေးမယ်၊ မင်း မြေအောက်ကမ္ဘာရဲ့ အကူအညီကို လိုအပ်လာပြီး ငါတို့ လုပ်ပေးနိုင်တဲ့ သတ်မှတ်ချက်ထဲမှာ ရှိတယ်ဆိုရင် ကူညီပေးမယ်၊
ငါမျှော်လင့်တာက မင်းအနေနဲ့ အဲဒီအရာပေါ်လာရတဲ့ အကြောင်းရင်းကို စစ်ဆေးလေ့လာပြီးတော့ ယင်၊ယန်ကမ္ဘာမှာ ပြောင်းလဲနေမှုတွေကိုလည်း စစ်ကြည့်ပေးစေချင်တယ်၊
အကျဉ်းထောင်ကနေ လွတ်မြောက်သွားတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဖမ်းဆီးတဲ့နေရာမှာလည်း ကူညီပေးစေချင်တယ်”
“မင်း ဘယ်လို သဘောရလဲ?”
ခေတ္တမျှ တွေးတောနေပြီးနောက် ကုကျစ်စုန့် မတ်တပ်ရပ်ကာ အရိုအသေပြုလိုက်သည်။
“ကျွန်မ လက်ခံပါတယ်”
သူမ ဝိဉာဉ်ဂိတ်တံခါးဝအား အကြိမ်ပေါင်းများစွာ အသုံးပြုနေခဲ့သော်လည်း ငရဲ၏ အရှင်ဆယ်ပါးက သူမအား မသိကျိုးကျွန်ပြုထားသည်ဟုသာ ထင်ခဲ့မိသည်။
အမှန်တရားမှာ အရှင်ဆယ်ပါးသည် သူမအား စောင့်ကြည့်နေနှင့်ပြီး ဖြစ်နေသောကြောင့်ပင်။
ကုကျစ်စုန့်အနေဖြင့် ထိုအနက်ရောင်မြူခိုးအား စစ်ဆေးရန်အတွက် မြေအောက်ကမ္ဘာ၏ တမန်တော်ဖြစ်ရန်ပင်မလိုအပ်ပါချေ။ ထိုအရာသည်ကား ယခင်ဘဝက သူမ ကပ်ဆိုးကျော်လွှားခြင်းအား ကျရှုံးစေပြီး ခန္ဓာကိုယ်အား ထိခိုက်စေခဲ့သည့် အဓိက တရားခံဖြစ်သည်။
ယခုဘဝတွင်လည်း သူမအား တောက်ဓမ္မပညာတွင် တိုးတက်မှုနှောင့်နှေးအောင် ပြုလုပ်နေသည့် တရားခံမှာလည်း ထိုအရာ ဖြစ်နိုင်ချေများလှသည်။
သူမ ထိုအရာကို စစ်ဆေးမှု ပြုကို ပြုရမည်။
သူမ၏ နောက်ကွယ်တွင် ပြဿနာရှာနေသည့် ထိုအရာ မည်သည်အရာဖြစ်ကြောင်းကို ရှာဖွေချင်သည်။
မည်သို့ပင်ဖြစ်စေ သူမက ယမမင်းထံမှ အကူအညီရရှိခဲ့ပြီးနောက် အဆင်ပြေမည့် အပေးအယူတစ်ခုလည်း အောင်မြင်ခဲ့သောကြောင့် ခဲတစ်လုံးဖြင့် စာနှစ်ကောင်မိခြင်းသာဖြစ်ပေသည်။
“ကောင်းပါပြီ၊ ဒါဆို ငါမင်းကို မင်းရဲ့ အမှတ်အသား တံဆိပ်ရိုက်ဖို့ ကူညီပေးမယ်”
ပြန်လည်ဝင်စားခြင်း၏ အရှင် ကုကျစ်စုန့်အား တစ်ချက်ကြည့်လိုက်သည်။
“မင်း အခြားလိုအပ်တာ ရှိသေးရင် အခုပြောလို့ ရတယ်နော်”
ကုကျစ်စုန့် စဉ်းစားမနေပဲ ပွင့်လင်းစွာ ပြောလိုက်သည်။
“ကျွန်မကို တမန်တော်အဖြစ် စာရင်းသွင်းတဲ့အခါ မြေအောက်ကမ္ဘာကနေ ကြေငြာချက်ထုတ်ပေးလို့ ရနိုင်မလား?”
ပြန်လည်ဝင်စားခြင်းအရှင် မျက်ခုံးလေး ပင့်ကာ ကြည့်လိုက်သည်။
“ရပါတယ်”
ဤကုကျစ်စုန့်သည်ကား လိုချင်သည့်အရာရှိလျှင် တောင်းဆိုရန် တွေဝေတုံ့ဆိုင်းမှုမရှိ။ သူ သိချင်စိတ်ဖြင့် မေးမိသည်။
“မင်းက အဲဒါကို ဘယ်သူ့ကို ပြချင်လို့လဲ?”
“တောက်ဓမ္မဂိုဏ်းတွေကိုပါ”
အလုံးစုံစီစဉ်ပြီးနောက် ပြန်လည်ဝင်စားခြင်းအရှင်က ဟာသနှောကာ စကားဆိုပြန်သည်။
“အခု မြေအောက်ကမ္ဘာရဲ့ တမန်တော်ဖြစ်လာပြီဆိုတော့ မင်းနဲ့ မြေအောက်ကမ္ဘာရဲ့ ဆက်သွယ်မှုက အရင်ထက် ပိုပြီး နီးစပ်သွားပြီ၊
အခုတလော မင်းကို သဘောကျတဲ့ သရဲတစ္ဆေတွေ အရမ်းကို များတယ်နော်၊ မြေအောက်ကမ္ဘာမှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေး ဘာလေးများ မလုပ်ချင်ဘူးလား?”
ကုကျစ်စုန့်၏ စိတ်ရှုပ်သွားပုံပေါ်သည့် မျက်နှာအား ကြည့်ရင်း ပြန်လည်ဝင်စားခြင်းအရှင် သဘောကျစွာ နှစ်ကြိမ်ခန့် ရယ်မောလိုက်သည်။
ထို့နောက် ယင်အရာရှိတစ်ဦးကို ခေါ်ကာ သူမအား ယမမင်းနန်းတော်မှ ပြန်ခေါ်သွားစေခဲ့သည်။
နန်းတော်တစ်ခုလုံးတွင် ပြန်လည်ဝင်စားခြင်းအရှင်တစ်ဦးသာ ကျန်ရှိတော့ချိန်၌ သူက မျက်လုံးများကို မှေးစင်းကာ လေထဲမှ သေဆုံးရှင်သန်ခြင်း စာအုပ် အထူကြီးအား ခေါ်ထုတ်လိုက်သည်။
စာအုပ်ကို ဖွင့်လိုက်သည်နှင့် စာမျက်နှာများသည်က အလိုအလျောက် လှန်နေပြီးသားဖြစ်နေခဲ့ပြီး စာအုပ်အဆုံးထိ ကုကျစ်စုန့်၏ နာမည် တစ်ကြိမ်မျှပင် ပေါ်မလာခဲ့ပေ။
ရွှယ်လီ မေးစေ့ကို အသာထိလိုက်ရင်း တီးတိုးပြောသည်။
“ဒီကုကျစ်စုန့်က တကယ်ကို ဘယ်သူလဲ….?”
တုရှန်ဗီလာတွင်:
အခန်းထဲမှ လေထုသည်ကား ဖိအားများနေခဲ့ပြီး လူများစွာထံမှ စွမ်းအင်များ အနိမ့်အမြင့်ဖြစ်နေခြင်းများ ရောယှက်နေခဲ့သော်လည်း အားလုံးထဲတွင် အထင်ရှားဆုံးစွမ်းအင်အား ဖုံးကွယ်နိုင်စွမ်းမရှိပေ။
သိပ်သည်းနေသော အရှိန်အဝါမှာ အေးစက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့ပြီးနောက် ဖိနှိပ်ထားသည့် အလွှာများ၏ အောက်မှ စွမ်းအင်အချို့ တစ်ချက်တစ်ချက်တွင် စိမ့်ထွက်လာသည်။
လေထုတွင် ခံစားနေရသည်မှာလည်း ဆိုးသွမ်းကာ စိတ်ဓာတ်ကျဖွယ်ကောင်းသည့် အငွေ့အသက်များသာလျှင်ဖြစ်သည်။
အနီရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး ဆံပင်စည်းထားသော အမျိုးသမီးငယ်လေးတစ်ဦးက ဧည့်ခန်းထဲတွင် ထိုင်နေကာ သူမနှင့် မနီးမဝေးမှ ပိတ်ထားသည့် တံခါးအား စူးစူးရှရှ စိုက်ကြည့်နေခဲ့သည်။
ကုကျစ်စုန့်သာ ဤနေရာတွင် ရှိပါက ထိုအမျိုးသမီးငယ်လေးသည်ကား သူမနှင့်အတူ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ပြိုင်ပွဲဝင်တစ်ဦးဖြစ်ကြောင်း သတိထားမိမည်ဖြစ်သည်။
ရှီဟိုင်ဟုန်..
သူမ၏ ဆန့်ကျင်ဘက်တွင်တော့သက်လတ်ပိုင်းအရွယ်စုံတွဲတစ်တွဲ ထိုင်နေခဲ့ကြသည်။
နှစ်ယောက်လုံးသည်ကား ကြော့ရှင်း၍ အထက်တန်းဆန်စွာဝတ်စားဆင်ယင်ထားကြသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့သည်က ချမ်းသာသည့် မိသားစုမှဖြစ်ကြောင်းအတပ်ပြောနိုင်ပေသည်။
သို့သော် ထိုအခိုက်တွင်မူ နှစ်ဦးလုံးသည်ကား ဝမ်းနည်းနေဟန်ပေါ်ကာ ခန္ဓာကိုယ်ကိုလည်း သတိအနေအထားဖြင့် ပိတ်ထားသော တံခါးအား စိုက်ကြည့်နေခဲ့ကြသည်။
ရုတ်တရက် လေထဲတွင် တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရကာ အိမ်ထဲမှ အသံများသည်လည်း တစ်ခုခု တိုက်မိကာ လဲကျသွားသကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့သည်။
“ရှောင်ချန်!”
သက်လတ်ပိုင်းအမျိုးသမီးက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ရင်း သူမ၏ မျက်နှာချောချောတွင်လည်း ပူပန်မှုများ ပြည့်နေခဲ့ပြီး တံခါးအနီးသို့ လျှောက်သွားချင်သည့် အသွင်ပေါ်နေခဲ့သည်။
ထိုအရာကို မြင်လိုက်ရသည့် ရှီဟိုင်ဟုန် သူမအား အလျင်အမြန်တားမြစ်လိုက်သည်။
“မစ်စ်ယန်၊ အရမ်းစိတ်မလှုပ်ရှားပါနဲ့၊ အဖေနဲ့ တောက်ကျန့်ချန်ကျင်းတို့က ‘မြေကမ္ဘာ’အဆင့် ထူးခြားပညာရှင်တွေပါ၊ သားဖြစ်သူ အဆင်ပြေမှာပါ၊
သူတို့က အခုလောလောဆယ် အစီအရင်ချမှတ်နေတုန်းပဲ၊ အခန်းနားကို အရမ်းကပ်လို့ မရဘူး။ အဲဒီလိုလုပ်ရင် သူတို့ကိုရော သားဖြစ်သူကိုပါ နှောင့်ယှက်လိုက်သလိုဖြစ်သွားလိမ့်မယ်”
“ချင်းအာ.. အရင်ထိုင်ပြီး စိတ်ကို လျှော့လိုက်ပါဦး၊ တောက်ကျန့်လေးရှီ ပြောတာမှန်ပါတယ်။ ယန်ချန် အဆင်ပြေမှာပါ”
သူမ၏ဘေးမှ တည်ငြိမ်သည့်အမျိုးသားက ဇနီးဖြစ်သူအား အားပေးစကားပြောနေသော်ငြား ကျစ်ကျစ်ပါအောင် ဆုတ်ထားသည့် လက်သီးများနှင့် အသက်ရှူမြန်နေခြင်းများမှ သူသည်လည်း အင်မတန် စိတ်အေးနေပုံတော့ မပေါ်သည်ကို ဖော်ပြနေခဲ့သည်။
“ဒါပေမဲ့…”
ဖူချင်းအာ စိတ်မတည်ငြိမ်နိုင်စွာဖြင့် ခင်ပွန်းဖြစ်သူနှင့် ရှီဟိုင်ဟုန်အား အပြန်အလှန်ကြည့်လိုက်ပြီးနောက် လေသံအေးအေးဖြင့် မေးရှာသည်။
“မစ်စ်ရှီ၊ ကျွန်မရဲ့သားလေး အဆင်ပြေမှာပါနော်? ဟုတ်တယ်မဟုတ်လားဟင်?”
ရှီဟိုင်ဟုန် သူမ စိတ်အား သက်သာစေရန် အမြန်ခေါင်းငြိမ့်သည်။
သို့သော် သူမစိတ်ထဲတွင်တော့ လေးလံနေခဲ့ပြီး ထိုစကားအား ယုံကြည်မှုမရှိပေ။
တံခါးတစ်ချပ်သာ ခြားသည့် အခန်းထဲတွင် ပိုက်ကွန်တစ်ခုနှင့် သတ်ဖြတ်ခြင်းအစီအရင်တစ်ခု ချမှတ်ထားပြီးဖြစ်သည်။
သူမ၏ ဖခင် ရှီကွေးနှင့် ယိယွမ်ဘုန်းကြီးကျောင်း၏ အရှင် တောက်ကျန့် ချန်ကျင်းတို့သည်ကား ရွှမ်းမင်၏ အဓိကဂိုဏ်းခွဲသုံးခုမှ အရေးပါသည့် ပညာရှင်နှစ်ဦးဖြစ်ပြီး သူတို့နှစ်ဦးလုံး ထိုအခန်းထဲတွင် ရှိနေခဲ့သည်။
မကောင်းသည့် အရာများကို ဖိနှိပ်ကာ ‘မကောင်းဆိုးဝါးဝိဉာဉ်’အား သန့်စင်ရန်အတွက်ပင်။
သို့သော် ယခုအချိန်ခဏတွင် လေထဲမှ ‘မကောင်းဆိုးဝါးဝိဉာဉ်’မျာ့က ပို၍ပင် တိုးပွားလာခဲ့ပြီး ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေသည့် အရိပ်အယောင်ပေါ်နေခဲ့သည်။
ဤသည်က ရှီကွေးနှင့် တောက်ကျန့်ချန်ကျင်းတို့၏ ထိန်းချုပ်ခြင်းအစီအရင်မှာ အလုံးစုံမအောင်မြင်သည့် လက္ခဏာဖြစ်သည်။
မကောင်းသည့် ကျိန်စာနှင့် လူသည်က အထိန်းအကွပ်လုံးဝမဲ့သွားကာ မကောင်းဆိုးဝါးဝိဉာဉ်၏ အလုံးစုံဝါးမျိုခံလိုက်ရပြီးနောက် ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါအဖြစ် ပြောင်းလဲခံလိုက်ရပါလျှင် အခန်းထဲမှ ဖွဲ့စည်းပုံကြီးအား အသုံးပြုကာ ထိန်းချုပ်လာမည်ဖြစ်သည်။
အခြေအနေ ပို၍ ဆိုးဝါးလာပါက သတ်ဖြတ်ခြင်းဖွဲ့စည်းပုံအား အသက်သွင်းမည်ဖြစ်သည်။
ထိုအရာသည် ဤအခန်းထဲတွင် ရှိနေသော သူများ မည်သူမျှ မဖြစ်စေချင်သည့် အရာပင်ဖြစ်သည်။
ယန်မိသားစုက သဘာဝလွန်လောကတွင် နာမည်ကြီးဖြစ်ဟန်ပေါ်သည်။
သူတို့၏ ဘိုးဘေးများသည် လွန်ခဲ့သော နှစ် ၇၀၀၊ ၈၀၀ ခန့်ထိပင် မှတ်တမ်းကောက်ယူနိုင်သည်။ သူတို့သည်ကား ယန်နိုင်ငံတော်၏ တော်ဝင်မိသားစုမှ ခွဲဖြာဆင်းသက်လာသည်ဟုပင် ဆိုနိုင်သည်။
သူတို့၏ခန္ဓာကိုယ်တွင် တော်ဝင်သွေး အငွေ့အသက်ပင် ကျန်နေနိုင်သေးသည်။
သဘာဝလွန်ပညာရှင်မိသားစုကြီးတစ်ခုဖြစ်သော ရှီမိသားစုနှင့် ကွဲပြားစွာ ယန်မိသားစုမှ ထူးခြားပညာရှင်အမြောက်အမြား ထွက်ပေါ်ခဲ့ပါသော်လည်း ထိုပညာရှင်များ၏ စွမ်းအင်သည် သာမန်သာဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀အတွင်း ယန်မိသားစုမှ စွမ်းအင်အမြင့်ဆုံးပညာရှင်မှာ ‘ရွှမ်’အဆင့်၅ဆင့်မြောက်သာဖြစ်သည်။
ရှေးခေတ်မှ ဖြစ်တည်လာသော တော်ဝင်မိသားစု၏ မျိုးဆက်များသာ မဟုတ်ပါက ယန်မိသားစုသည် ရွှမ်းမင်တွင် နေရာပင် ရှိတော့မည်မဟုတ်ပေ။
*