အခန်း (၁၈၆)
Vol. 19 Ch. 186
ရှားနိုင်ငံ၏ အချိန်သည်က စစ်ပွဲပြီးကာစအချိန်ဖြစ်ကာ အမှိုက်တိုင်းသည်ပင် ရွှေဖြစ်နေသောခေတ်ဖြစ်သည်။ ယန်မိသားစု၏ မျိုးဆက်သစ်များထဲတွင် မစ်စတာယန်၏ အကြီးဆုံးသားနှစ်ဦးသာလျှင် ဝိဉာဉ်ဆိုင်ရာ စွမ်းအင်တစ်ချို့ရှိပြီး သဘာဝလွန်လောကအား ဝင်ရောက်နိုင်ခဲ့သည်။
အငယ်ဆုံးသား ယန်ဟဲသည်က ထက်မြက်သော်လည်း သူ့တွင် ဝိဉာဉ်ဆိုင်ရာခံစားနိုင်စွမ်းမရှိသည့်အတွက် လူအများ လက်ညိုးထိုးခြင်းခံခဲ့ရသည်။
သူ့တွင် အားကောင်းသည့် ယန်မီးတောက်အား ပိုင်ဆိုင်ထားပြီး မွေးရာပါ သဘာဝလွန်စွမ်းအင် မရှိပေ။
သူသည် သာမန်လူသားတစ်ဦးသာပဖြစ်နေခဲ့သည်ပင်။
ယန်ဟဲက ရွှမ်မင်တွင် အလဟဿအဖြစ်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် စီးပွားရေးကိုသာ အားစိုက်လုပ်ကိုင်ခဲ့သည်။ သူသည် အနာဂတ်ကောင်းမွန်စေရန်အတွက် စီးပွားရေးသမားတစ်ဦးဖြစ်ချင်ခဲ့သည်။
မစ်စတာယန်ရော အစ်ကိုနှစ်ဦးလုံးကပါလျှင် သူ့အား အထင်မကြီးကြပေ။ သူတို့ကဲ့သို့ သဘာဝလွန်ပညာရပ်အား လိုက်စားသည့် မိသားစု၊ သူတို့၏ တော်ဝင်သွေးတို့သည် ထိုကဲ့သို့ စွမ်းအင်မရှိသူတစ်ဦးကြောင့် ညစ်ညူးသွားမည်ကို မလိုလားခဲ့ကြ။
မမျှော်လင့်ထားစွာပင် အောက်ခြေမှ စတင်ခဲ့သည့် ယန်ဟဲသည်ကား ငွေအမြောက်အမြားရှာနိုင်ကာ ယုံချန်တွင် အချမ်းသာဆုံးလူ ဖြစ်လာခဲ့ပြီး ရွှမ်းမင်ဆီမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။
မူလကတော့ အငယ်ဆုံးသား၏ မိသားစုသည်က သာမန်ဘဝဖြင့်သာ နေထိုင်သွားရမည်ဖြစ်သည်။
သို့သော် ယန်ဟဲ အိမ်ထောင်ပြုကာ ကလေးတစ်ဦးဖွားမြင်ချိန်တွင် သူ၏ အကြီးဆုံးသား ယန်ချန်မှာ မိခင်ဝမ်းကြာတိုက်မှ ကောင်းကင်ထိ ထိုးဖောက်နေသော ‘ပြင်းထန်လှသော အရှိန်အဝါ’ဖြင့် မွေးဖွားလာမည်ဟု မည်သူက ထင်ထားမည်နည်း?
ဖူချင်းအာသည်က မီးဖွားချိန်တွင် မေ့မြောမတတ်ဖြစ်ခဲ့ရုံသာမက ထိန်းချုပ်၍ မရနိုင်သော ‘မကောင်းဆိုးဝါးဝိဉာဉ်’သည် ယုံချန်မြို့ ပတ်ပတ်လည် မိုင်ပေါင်းများစွာမှ သရဲများကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
ထိုနေ့က ယုံချန်မြို့၏ ကောင်းကင်သည် မှုန်မှိုင်းနေသော အငွေ့အသက်များနှင့် ပြည့်နှက်နေခဲ့ကာ သရဲတစ္ဆေ ရာပေါင်းများစွာသည်က ညဘက်တွင် လျှောက်သွားနေခဲ့သောကြောင့် ရွှမ်းမင်၏ အာရုံစိုက်ခံခဲ့ရသည်။
ထိုကလေးသည်ကား တောက်ဓမ္မပညာအရ ‘မကောင်းသည့်နိမိတ်ဆိုး’ပင်ဖြစ်သည်။
သူသည်ကား ယခင်ဘဝများတွင် မကောင်းမှုများစွာ လုပ်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မြေအောက်ကမ္ဘာမှ တစ္ဆေဘုရင် သို့မဟုတ် စစ်သူကြီးတစ်ဦး ပြန်လည်ဝင်စားခြင်းကြောင့်သာလျှင် ထိုမျှ များပြားလှသော မကောင်းမှုစွမ်းအင်များအား သယ်ဆောင်လာခြင်းပင်ဖြစ်ပေလိမ့်မည်။
ထိုအချိန်က ရွှမ်းမင်မှ လူအများစုမီာ ယန်ချန်သည်က ချိန်ကိုက်ဗုံးတစ်လုံးသာဖြစ်သည်ဟုပင် ယုံကြည်ကြသည် ။ ထိုမျှ နူးညံ့လှသော ကလေးငယ်တစ်ဦးသည် ‘မကောင်းဆိုးဝါးဝိဉာဉ်’၏ တိုက်စားမှုနှင့် နှိပ်စက်မှုဒဏ်အား မခံစားနိုင်ပဲ အလျှင်အမြန် ကျရှုံးလိမ့်မည်ဟုသာ ထင်ခဲ့ကြသည်။
အနာဂတ်တွင် မကောင်းဆိုးဝါးဝိဉာဉ်၏ ဝါးမျိုခြင်းခံရပြီးနောက် ရက်စက်ကြမ်းတမ်းသော သတ္တဝါဖြစ်လာကာ ကမ္ဘာအား အနှောင့်အယှက်မပြုခင် ကလေးငယ်အား သုတ်သင်ရှင်းလင်းချင်ခဲ့ကြသည်။
သို့သော် ယန်ချန်အီာ ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါတစ်ဦးဖြစ်မလာနိုင်ဟု ယုံကြည်သည့် လူနည်းစုလည်း ရှိကာ ကလေးငယ်တစ်ဦး၏ အသက်အား နုတ်ယူခွင့်မရှိကြောင်း ပြောခဲ့သူများလည်း ရှိသည်။
ယန်ဟဲနှင့် ဇနီးသည်တို့၏ အနူးအညွှတ်တောင်းပန်မှုများအပြင် ရှားနိုင်ငံ၏ မပြည့်စုံသေးသော တရားဝင် ထိန်းချုပ်မှုများကြောင့် ရွှမ်းမင်၏ အဓိကသတ်ဖြတ်ရေးဂိုဏ်းမှ ယန်ချန်အား မသုတ်သင်ရန် ယာယီ သဘောတူခဲ့ကြသည်။
သို့သော် သူ၏ ထူးခြားသည့် အခြေအနေနှင့် အန္တရာယ်တို့ကြောင့် ယန်ချန်အနေဖြင့် အဓိက ဂိုဏ်းကြီး သုံးခု၏ ထိန်းချုပ်မှုအောက်တွင်သာ နေထိုင်ရမည်ဟု ရွှမ်းမင်မှ တောင်းဆိုချက်ထုတ်ခဲ့သည်။
ယန်ချန်အထိန်းအချုပ်မဲ့သွားသည်နှင့် ရွှမ်းမင်သည် သူ့အား တစ်ခါတည်း သုတ်သင်နိုင်ခွင့်ရှိသည်။
အသက် ၁၀နှစ်မတိုင်မီအထိ ယန်ချန်မှာ ရွှမ်းမင်၏ အဓိကမိသားစု သုံးခုတွင် နေထိုင်ခဲ့ရဿည်။
ရှီဟိုင်ဟုန်သည်ကား ယန်မိသားစု၏ အကြီးဆုံးသားဖြင့် ကလေးဘဝက တွေ့ဆုံခဲ့ဖူးပြီး သူ့အပေါ်တွင် ထားသည့် သူမ၏ အတွေးမှာ ထိုကောင်လေးသည် တိတ်ဆိတ်ကာ သနားစရာကောင်းသည်ဟုပင်ဖြစ်သည်။
မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ရှီကွေးမှ မိသားစုဝင်များအား ယန်ချန်ကို အနိုင်မကျင့်ရန် တင်းတင်းကြပ်ကြပ် မှာကြားထားသော်လည်း သူမ ၏ ဂိုဏ်းမှ ဝမ်းကွဲညီအစ်ကိုများသည် ကွယ်ရာတွင် သူ့အား မကောင်းဆိုးဝါးဟု ခေါ်ကြသည်။
သူကို သွားသေရန် ပြောကြသည်ကိုလည်း သူမ တွေ့ရသည်မှာ အကြိမ်ရေမနည်းလှချေ
ဤဖြစ်ရပ်သည် ကျူးဟဲဂိုဏ်း၏ ရှီမိသားစုတွင်း ကိစ္စသာဖြစ်သည်။
အဓိကမိသားစုကြီးသုံးခုတွင် သူ့အား သေစေချင်စိတ် အပြင်းထန်ဆုံး ချန်ချင်းဂိုဏ်းတွင်ဆိုပါက သူ၏ ဘဝသည် မည်မျှ ခက်ခဲဆိုးဝါးလိုက်မည်နည်း?
ရှီဟိုင်ဟုန် သူမ၏ မိဘများထံမှ ချန်ချင်းဂိုဏ်း၏ ဂိုဏ်းသားအချို့သည် ယန်ချန်ကို ဒေါသထွက်၍ အထိန်းအချုပ်မဲ့စေလိုစိတ်ဖြင့် တမင် အနိုင်ကျင့်ကြကြောင်းကို ပြောသံကြားဖူးခဲ့သည်။
ထိုသို့ကြုံတွေ့ရသည်တောင်မှ ‘မကောင်းဆိုးဝါးဝိဉာဉ်’အား သယ်ဆောင်ထားသည့် ယန်ချန်သည် အခက်အခဲအားလုံးကို သည်းခံခဲ့သည်။
သူသည်ကား ဆယ်နှစ်လုံးလုံး တစ်ကြိမ်မျှပင် အထိန်းအချုပ်မလွတ်ခဲ့ပေ။
ယန်ချန် အသက်ဆယ်နှစ်ပြည့်ချိန်တွင် ချန်ချင်းဂိုဏ်းသည်လည်း ထိုကလေးငယ်၏ ကောင်းမွန်သော ထိန်းချုပ်နိုင်စွမ်အား လက်မခံ၍ မရတော့ပေ။
မည်မျှပင် သဘောမတူချင်သော်ငြား သူတို့တွင် ကလေးငယ်အား ချုပ်ထားရန် အကြောင်းပြချက် မရှိတော့ပေ။
ထိုအချိန်မှစ၍ ယန်ချန်သည်က ရွှမ်းမင်၏ ကြီးကြပ်မှုအောက်တွင် ရှိနေသေးသော်ငြား ယန်မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့် ရခဲ့သည်။
နောက်ပိုင်းတွင်တော့ ရှီဟိုင်ဟုန် ထိုကောင်လေးအကြောင်း မကြားရတော့ပေ။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်မှ သူမ ထိုအကြောင်းကို ထပ်မံကြားသိရခြင်းဖြစ်သည်။
ဖခင်ဖြစ်သူ ရှီကွေး၏ စကားအရ ယန်ချန်သည်ကား သူ၏ ဖခင်ကဲ့သို့ပင် ငယ်ရွယ်စဉ်ကတည်းက စီးပွားရေးအား ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ခဲ့ပြီး စီးပွားရေးနှင့် ပတ်သတ်လျှင် ဉာဏ်ကြီးရှင်တစ်ဦးပင်ဖြစ်သည်။
ယန်ဟဲ၏ မူလလုပ်ငန်းအား အရင်းတည်၍ ယန်လုပ်ငန်းစု၏ နယ်မြေအား နိုင်ငံတကာဈေးကွက်အထိ ဆယ်နှစ်အတွင်း နယ်ပယ်စုံတွင် နည်းပညာမျိုးစုံသုံးကာ ချဲ့ထွင်နိုင်ခဲ့သည်။
သူသည်ကား ရွှမ်းမင်အလိုကျ ခြယ်လှယ်နိုင်သည့် ကံကြမ္မာဖြင့် ကလေးငယ်မဟုတ်တော့ပေ။
သူ့၏အခြေအနေက တစ်နေ့ထက် တစ်နေ့ ပို,ပိုဆိုးလာပါစေ၊ ရွှမ်းမင်မှ လူကြီးများ မည်မျှ ကြိုးစားပါစေ မည်သူမျှ သူ့အား သုတ်သင်ဖို့ပင် မဆိုထားနှင့်၊ အလွယ်တကူပင် မထိရဲကြတော့ပေ။
သူတို့အားလုံး လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့ခန္ဓာကိုယ်ထဲမှ မကောင်းဆိုးဝါးဝိဉာဉ်အား သန့်စင်ရုံသာဖြစ်သည်။
ယန်ချန်သည်က ယန်လုပ်ငန်းစုတွင် အရေးပါသူဖြစ်သောကြောင့် ယန်ချန်သေဆုံးပါလျှင် ရှားနိုင်ငံ၏ စီးပွားရေးအဖွဲ့များနှင့် နိုင်ငံအနှံ့၊ ကမ္ဘာအနှံ့မှ ယန်မိသားစု၏ လုပ်သားများ ရာထောင်ချီအား ထိခိုက်စေလိမ့်မည်ဖြစ်သည်။
တောက်ကျန့်ချန်းကျင်းနှင့် ရှီကွေးတို့အား တစ်ချိန်တည်းတွင် သတင်းပေးခံရသည့် အကြောင်းအရင်းမှာ ယန်ချန်၏ နေအိမ်တွင် ‘မကောင်းဆိုးဝါးဝိဉာဉ်’အား အာရုံခံရန် ရေးဆွဲထားသော အစီအရင်မှ ပြင်းထန်သည့် တုံ့ပြန်မှုတစ်ခု ပြုလာသောကြောင့်ပင် ။
အဓိပ္ပာယ်မှာ ယန်ချန်၏ ကိုယ်တွင်းမှ မကောင်းသည့် အငွေ့အသက်များသည်က အထိန်းအချုပ် လွတ်နေပြန်ပြီဖြစ်ကာ ယခုအကြိမ်သည် ယခင်အကြိမ်များထက် အဆပေါင်းများစွာ ပို၍ အန္တရာယ်များလှသည်။
ထို့ကြောင့် နှစ်ယောက်လုံး အဆောတလျင် ရောက်လာပြီးနောက် ဖွဲ့စည်းပုံအကြီးတစ်ခု ချမှတ်ကာ အခန်းထဲသို့ ဝင်သွားကြသည်။
သူတို့နှစ်ဦးလုံး အခန်းထဲမှ ထွက်မလာသည်မှာ တစ်နာရီကျော်ပင် ကြာနေခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် သတင်းလက်ခံရလိုက်သည့် ယန်ဟဲနှင့် ဖူချင်းအာတို့သည်လည်း လုပ်ငန်းများကို ပစ်ကာ သားဖြစ်သူထံသို့ အမြန်ရောက်လာခဲ့ကြသည်။
ဖူချင်းအာ၏ မျက်နှာတစ်ခုလုံးက ဖြူဖျော့နေခဲ့ပြီး ခင်ပွန်းသည်၏ လက်အားတင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း တီးတိုးရေရွတ်နေခဲ့သည်။
“တောက်ကျန့်ချန်ကျင်း ပြောတော့ မကောင်းဆိုးဝါးဝိဉာဉ်တွေကို သန့်စင်နိုင်တဲ့ ရတနာတစ်ခု ရှိတယ်ဆို?”
ရှီဟိုင်ဟုန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မည်သည့်စကားမှ မဆိုခဲ့ပေ။
ထိုအရာသည် အမှန်တကယ်ရှိသည်။
သို့သော် ရွှမ်းမင်၏ လက်ထဲတွင်တော့ မဟုတ်။
စီနီယာရန်ကျန်းဇီနှင့် သူ၏အဖွဲ့တို့ လွန်ခဲ့သည့် သုံးရက်က ပြန်လာချိန်တွင် ပထမဆုံးလုပ်သည့်အရာမှာ ရွှမ်းမင်မှ ကုကျစ်စုန့်အား ဖမ်းဆီးရန်ဖြစ်သည်။
သူမက မကောင်းဆိုးဝါးများကို တိတ်တဆိတ်မွေးထားသည့် စုန်းမဖြစ်ကြောင်း၊ စုန်းပညာလေ့လာကြောင်းနှင့် ဆွေးနွေးရုံသက်သက်လာသည့် သူမ၏ စီနီယာများအား အကြောင်းအရင်းမရှိ တိုက်ခိုက်ကြောင်း စွပ်စွဲခဲ့ကြသည်။
ရှီဟိုင်ဟုန် ထိုစကားများအား တစ်စက်လေးမျှပင် အယုံအကြည်မရှိ။
သူမ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်တွင် ကုကျစ်စုန့်နှင့် စကားပြောခဲ့ဖူးသည်။
ကုကျစ်စုန့်သည်ကား ရန်ကျန်းဇီနှင့် အခြားသူများ ပြောသကဲ့သို့ ရက်စက်ကာ ဝေခွဲနိုင်စွမ်းမရှိသူမဟုတ်ဟု သူမထင်သည်။
ထို့အပြင် ရန်ကျန်းဇီသည်က ချန်ချင်းဂိုဏ်း၏ ရှေးကျသော ပုံစံများကို သဘောကျကာ ရွှမ်းမင်နှင့် မပူးပေါင်းသော ထူးခြားပညာရှင်များကို ဆက်ဆံသည်မှာလည်း အင်မတန် စက်ဆုပ်ဖွယ်ကောင်းလှသောကြောင့် သူ့၏စကားက အမှန်ဖြစ်နိုင်ချေမှာ နည်းပါးလွန်းလှသည်။
ရှီဟိုင်ဟုန်အနေဖြင့် ရန်ကျန်းဇီနှင့် အခြားလူများက ကုကျစ်စုန့်အား မလေးမစားဆက်ဆံပြီး ရိုင်းပြခဲ့လိမ့်မည်ဟု စိတ်ထဲတွင် ခံစားနေရသည်။
သူတို့ပြောနေသကဲ့သို့ အပေးအယူဆွေးနွေးခြင်းသက်သက် မဖြစ်နိုင်ပေ။
သူမ ပို၍ အံ့အားသင့်မိသည်မှာ ရွှမ်းမင်မှ အဆင့်မြင့်အဖွဲ့တစ်ဖွဲ့လုံးသည် ကုကျစ်စုန့်တစ်ယောက်တည်းကိုပင် အနိုင်မယူနိုင်ခဲ့ပေ!!
ကုကျစ်စုန့်၏ တရားကျင့်ကြံမှုအဆင့်မှာ မည်မျှပင် မြင့်မားပါသနည်း?
ထိုအချိန်တွင် အခြားယန်မိသားစုဝင်များသည်လည်း သတင်းကြားပြီးနောက် အပြေးအလွှား ရောက်ရှိလာကြသည်။ ရောက်ရှိလာကြသူများသည်က ယန်မိသားစု၏ အကြီးဆုံးအစ်ကို၊ လက်ရှိရွှမ်းမင်တွင် ရှိနေသော မိသားစု၏ အကြီးအကဲပင်ဖြစ်သည်။
ယန်ဟဲပင် အနည်းငယ်အံ့အားသင့်သွားသည်။
“အစ်ကို၊ ဘာလို့ ဒီကိုရောက်လာရတာလဲ?”
“ဟင်း… တောက်ကျန့်ချန်ကျင်းရော ရှီလူကြီးမင်းတို့ပါ နှစ်ယောက်လုံးထွက်သွားကြတယ်လေ၊ အဲဒါက ယန်ချန် တစ်ခုခု ပြဿနာဖြစ်လို့ပဲဖြစ်ရမယ်”
ယန်ချန်၏ လက်ရှိအခြေအနေ မဟန်ကြောင်း သိရှိပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက သွေးအေးစွာ စကားဆိုသည်။
“စန်းတိ၊ မင်းက အရမ်းကြင်နာလွန်းနေတာပဲ၊ သူ မွေးတုန်းကဆိုရင် စန်းမိန့်က သွေးထွက်လွန်ပြီး သေတော့မလိုတောင် ဖြစ်တာ၊ မင်းက နှလုံးသားပျော့ညံ့ပြီး သူ့ကို ဇွတ်မမွေးခဲ့သင့်ဘူး၊
မဟုတ်ရင် အခု အဲ့လောက်တောင် ပြဿနာရှုပ်နေမှာမဟုတ်ဘူး၊ သူအသိစိတ်လွတ်ပြီး မကောင်းမှုတွေ ကျူးလွန်လိုက်တာနဲ့ ငါတို့ ယန်မိသားစုလည်း အပြစ်သားတွေ ဖြစ်ကုန်မှာပဲ!!”
သူနှင့်အတူပါလာသည့် ဇနီးသည်မှာလည်း ထူးခြားပညာရှင်တစ်ဦးဖြစ်သည်။ သူမ ဖူချင်းအာ၏ လက်ကို ကိုင်ကာ တီးတိုးပြောသည်။
“ယောက်မလေး၊ မင်း သူ့ကို လက်မလွှတ်ချင်ဘူးဆိုတာကို ငါသိပါတယ်၊ ဒါပေမယ့် မင်းအတွက်မင်းရော၊ ရှုကွေ့အတွက်ပါ စဉ်းစားရဦးမယ်လေ!”
“ရှုကွေ့က ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဘာအကြောင်းအရင်းမှ မရှိပဲ ပြန်ပေးဆွဲခံလိုက်ရတယ်ဆို? အခုထိ ဆေးရုံမှာ ကုသမှု ယူနေရတုန်းပဲမဟုတ်ဘူးလား? စဉ်းစားနော်၊
ယန်ချန်ရဲ့ မကောင်းဆိုးဝါးဝိဉာဉ် ပြဿနာဖြစ်ပြီး မကြာခင်မှာပဲ ရှု့ကွေ့ ဒုက္ခရောက်တာလေ…”
ဖြူဖျော့သည့် မျက်နှာဖြင့် ဖူချင်းအာက ယောက်မဖြစ်သူ၏လက်ထဲမှ သူမလက်အား ဖယ်လိုက်ပြီးနောက် စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
“အစ်မ၊ ဒါက ဘာကို ဆိုလိုချင်တာလဲ? အစ်မတို့ သားတွေကလည်း ရွှမ်းမင်ရဲ့ မြေးတွေမဟုတ်ဘူးလား? သူတို့အကြောင်းကို အဲဒီလိုပြောတာကို နားထောင်နိုင်လား?
ယန်ချန်က ရှင်တို့ရဲ့ တူအရင်းခေါက်ခေါက်ပါ! အရင်က ယန်ချန် ကျန်းမာနေတုန်းကတော့ ရှင်တို့ သူရှာထားတဲ့ ငွေတွေ သုံးဖြုန်းနေခဲ့ကြတာလေ၊ အဲ့တုန်းကကျ ဒီစကားတွေ ဘာလို့ မပြောတာလဲ?
အခု သူအန္တရာယ်ကြုံနေရတော့မှ ရှင်တို့က ဖြောင့်မတ်ချင်ယောင်ဆောင်နေကြတယ်!!”
သက်လတ်ပိုင်းမာစတာရွှမ်မှာ ချက်ချင်းသီးသွားပြီးနောက် ပုံဆိုးပန်းဆိုး မျက်နှာဖြင့် ရန်ရှာတော့သည်။
“စန်းတိ၊ မင်းရဲ့မိန်းမ ဘာစကားပြောတာလဲ? မိသားစုထဲမှာ စည်းမျဉ်းစည်းကမ်းဆိုတာ မရှိတော့ဘူးလား!!?”
ဖူချင်းအာတစ်ယောက် နှစ်ပေါင်းများစွာ မျိုသိပ်ထားရသည့် စကားလုံးများအား ပြောနေရင်း လက်များ တုန်ရီနေခဲ့သည်။
“ဘာလဲ? ကျွန်မပြောတာ မှားလို့လား? ရှင်တို့မှာ အဲ့လောက် အစွမ်းအစရှိနေရင် ကျွန်မတို့မိသားစုရဲ့ ပစ္စည်းဥစ္စာတွေကို လာသုံးဖြုန်းမနေကြနဲ့!”
“ရှင်တို့သာ အကြီးတွေဖြစ်တယ်ဆိုပြီး ရှောင်ချန်နဲ့ ရှုကွေ့ရှေ့မှာ အကျိုးအကြောင်းမရှိတဲ့ စကားတွေမပြောခဲ့ဘူးဆိုရင် ရှောင်ချန်လည်း အိမ်ကနေ ထွက်သွားရမှာမဟုတ်ဘူး?
ရှင်တို့ ရွှမ်းမင်လူတွေကို စိတ်ကုန်လှပါပြီ၊ ဘာလို့များ ကျွန်မသားကို ကျွန်မရင်ထဲကနေ ဆွဲထုတ်သွားချင်နေရတာလဲ!?”
စကားဆုံးသည်နှင့် သူမ ချုံးပွဲချ ငိုတော့သည်။
သူ့ကိုယ်သူ ယန်မိသားစု၏ ခေါင်းဆောင်ဟု သတ်မှတ်ထားကာ အဆင့်အတန်းရှိသည်ဟု သတ်မှတ်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးသည်ကား ယခုအကြိမ်တွင်တော့ မျက်နှာတစ်ခုလုံးနီရဲဒေါသထွက်ကာ ဖူချင်းအာအား လက်ညိုး ငေါက်ငေါက်ထိုးရင်း ပြောဆိုနေခဲ့သည်။
“မိန်းမယုတ်! နင်က ဘာသိလို့လဲ? စန်းတိ၊ မင်းလည်း မင်းမိန်းမလိုပဲ တွေးနေတာလား?”
ယန်ဟဲ ဇနီးဖြစ်သူ၏ လက်ကို ကိုင်ထားရင် အသံနက်နက်ဖြင့် ပြောလိုက်သည်။
“တာ့ကော၊ ဒီမှာ အရေးကြီးတာ ပြောစရာ၊ လုပ်စရာမရှိဘူးဆိုရင် ကျွန်တော်တို့ကို လာမနှောင့်ယှက်ပါနဲ့၊ ကျွန်တော်တို့က သာမန်လူတွေပါပဲ။ ရွှမ်းမင်နဲ့ ဘာမှ မပတ်သတ်ချင်ဘူး”
“ယန်ချန်က မကောင်းမှုကြယ်စင်မဟုတ်ဘူး၊ ကျွန်တော်တို့သားကို ထိခိုက်အောင် မလုပ်နိုင်ဘူး”
“ကောင်းပါပြီ၊ ကောင်းပါပြီ! ငါတို့ကပဲ အားအားယားယား စိတ်ပူနေတာပေါ့!”
ယန်မိသားစု၏ ပြဿနာ ပို,ပို၍ ပြင်းထန်လာချိန်တွင် ကြားညှပ်နေသော ရှီဟိုင်ဟုန် ချောင်းဟန့်လိုက်ရင်း မြေကြီးအက်ကွဲလာပြီး သူမအား ဝါးမျိုသွားပါစေဟုသာ ဆုတောင်းနေမိတော့သည်။
ထိုအခိုက်တွင် အသံတစ်ခုကြားလိုက်ရပြီး ယန်မိသားစုဝင်အားလုံး လှမ်းကြည့်လိုက်ပြီးနောက် တံခါးပွင့်လာပြီဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။