အိပ်မက်ဆိုးနဲ့ လူများ(1)
Vol. 19 Ch. 187
အတွင်းဘက်မှ လှုပ်ရှားလာသည့် အသံကိုကြားရချိန်တွင် ယန်မိသားစုမှ လူတိုင်းကမော့ကြည့်လာကြသည်။ ထို့နောက်တွင် ပိတ်ထားသည့် တံခါးသည်ကား သူတို့ ငြင်းခုန်နေသည့် အချိန်တွင် ပွင့်လာနှင့်နေပြီးဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။
မျက်နှာဖြူဖျော့ကာ ကုတ်အင်္ကျီဝတ်ဆင်ထားသည့် ယန်ချန်သည်က စိတ်မဝင်စားသည့် မျက်လုံးများဖြင့် မြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။
သူက ဦးလေးဖြစ်သူမိသားစုအား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် သူ၏မိဘနှစ်ပါးကို အနည်းငယ်နွေးထွေးသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“အဖေ၊ အမေ…”
ယန်ဟဲတစ်ယောက် ထိုအခါမှသာ သက်ပြင်းချနိုင်ပြီး ဖူချင်းအာကတော့ မျက်ရည်များဝိုင်းကာ သားဖြစ်သူထံသို့ အပြေးအလွှားသွားရှာသည်။
ရှီကွေးထံမှ သတိပေးစာရချိန်တွင် ယန်ချန်တစ်ယောက် အသိစိတ်လွတ်သွားပြီဖြစ်သောကြောင့် ရွှမ်းမင်လူများ၏ အတင်းအဓမ္မခေါ်ဆောင်သွားခြင်းကို ခံရတော့မည်ဟုပင် သူမ တွေးခဲ့မိသည်။
သားဖြစ်သူ၏ လက်အား ဆွဲရန် ပြင်လိုက်ချိန်တွင်မူ ယန်ချန်က မိခင်ဖြစ်သူ၏ လက်အား တည်ငြိမ်စွာ ရှောင်ရှားလိုက်သောကြောင့် ဖူချင်းအာ နေရာတွင် ရပ်သွားကာ ပို၍ပင် ဝမ်းနည်းဟန်ပေါ်သွားသည်။
ယန်ချန် အေးဆေးတည်ငြိမ်စွာ ရှင်းပြသည်။
“ကျွန်တော့်ရဲ့ ကိုယ်ထဲမှာ မကောင်းဆိုးဝါးဝိဉာဉ်ရှိနေသေးတယ်လေ၊ အဲဒါက အမေ့အတွက် မကောင်းဘူး”
သူသည်ကား အသက်ဆယ့်ရှစ်နှစ်ပြည့်သည်နှင့် နေအိမ်မှ ထွက်လာခဲ့သည်။ တခြားဦးလေး၊အန်တီများကတော့ မိသားစု တွင်းထဲ၌ သွေးကွဲနေလောက်ပြီဟု ထင်နေခဲ့ကြသည်။
သို့သော်လည်း သူ၏မိဘနှစ်ပါးသည်ကား သူ့အား ဂရုစိုက်ကာ မည်သည့်အချိန်ကမျှပင် သားဖြစ်သူအား မကောင်းဆိုးဝါးတစ်ကောင်ဟု မတွေးခဲ့ကြောင်းကို ယန်ချန်သိသည်။
သူ၏ ညီငယ် ရှုကွေးသည်လည်း သူ့အား ချစ်ခင်လေးစားပေသည်။ ပြင်ပလူများ ထင်ကြသကဲ့သို့ ညီအစ်ကို နှစ်ဦးသည်က တစ်ဦးနှင့်တစ်ဦး မနာလိုနေကြသည်မဟုတ်ပေ။
ယန်ချန်အနေဖြင့် မကောင်းဆိုးဝါးဝိဉာဉ်များ၏ နှိပ်စက်မှုဒဏ်အား ခံစားနေရသည်မှာ နှစ် ၂၀ကျော်ကြာမြင့်ခဲ့လေပြီ။ တဆစ်ဆစ် နာကျင်မှုသည်က သူ၏ ရိုးတွင်းခြင်ဆီထဲအထိ ညတိုင်း နှိပ်စက်တတ်သောကြောင့် သူသည်က ရံဖန်ရံခါတွင် စိတ်အလိုမကျဖြစ်ကာ စိတ်ဆတ်နေတတ်သည်။
ထိုကဲ့သို့ ဖြစ်နေခြင်းမှာ ကောင်းသောအရာမဟုတ်ကြောင်းကိုလည်း သူ နားလည်သည်။
သူသည်ကား မိသားစုအား ထိခိုက်အောင် လုပ်ရန် စိတ်ပင် မကူးခဲ့ဖူးပေ။ သို့သော် တစ်ခါတစ်ရံတွင် မကောင်းဆိုးဝါး ဝိဉာဉ် ကြီးစိုးသည့် အချိန်များလည်း ရှိတတ်သည်။
မိသားစုဝင်များသာ သူနှင့် ထိတွေ့မှုများပါက ကျန်းမာရေးအခြေအနေသည် ပို,ပို၍ ဆုတ်ယုတ်လာလိမ့်မည်ဖြစ်သည်။ ဖူချင်းအာ မီးဖွားရန် ခက်ခဲခဲ့သည်မှာ သာဓကတစ်ခုပင်။
ထို့အပြင် သူသည်က သိတတ်စအရွယ်တည်းက ရွှမ်းမင်၏ ထိန်းချုပ်မှုအောက်တွင် အနိုင်ကျင့် မုန်းတီးခံခဲ့ရပြီး အသက် ဆယ်နှစ်မတိုင်ခင်ထိ အိမ်မပြန်ခဲ့ရပေ။
သူ အိမ်သို့ ပထမဆုံး ပြန်ရောက်လာသည့် အချိန်တွင် ယန်ဟဲနှင့် ဖူချင်းအာတို့မှာ သားဖြစ်သူအပေါ် အားနာစိတ်၊ အပြစ်ရှိစိတ်များ ခံစားခဲ့ရသည်။ သူ့အား ကွဲရှလွဲသည့် ဖန်ခွက်လေးကဲ့သို့ တယုတယ ဆက်ဆံချင်ခဲ့ကြသည်။
ထိုအချိန်က သူနှင့် အိမ်သားများသည်ကား ရွှမ်းမင်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေရမည်ဖြစ်သောကြောင့် မိဘနှစ်ပါးနှင့် ညီငယ်ဖြစ်သူက သူ့အနားတွင် အနေအထိုင်ခက်လိမ့်မည်ဟု ယန်ချန် ထင်ခဲ့မိသည်။
သူတို့သည်က သွေးချင်းများဖြစ်သော်လည်း တခြားမိသားစုနှင့် ခြားနားကြသည်မဟုတ်ပေလော။
မိဘများမှာလည်း သူ၏ ညီကို ဆက်ဆံရာတွင် သူ့လောက် သတိကြီးကြီးမထားရပေ။
ထိုသို့ ထိုသို့သော အတွေးများအား ရင်ထဲတွင် မြှုပ်နှံခဲ့ပြီး အိမ်မှ အစောဆုံး ထွက်လာခဲ့သည်။
အကယ်၍ နောင်အနာဂတ်တွင် သူ အထိန်းအချုပ်မဲ့သွားခဲ့ပါလျှင်၊ သူ့အား မကောင်းဆိုးဝါးတစ်ကောင်အဖြစ် သမုတ်၍ သုတ်သင်ခံလိုက်ရပါလျှင် မိဘများနှင့် ညီငယ်များ ဝမ်းနည်း ပူဆွေးမှု များစွာ မခံစားရစေရန်ပင်။
ဖူချင်းအာ သားဖြစ်သူ၏ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း ခေါင်းရမ်းသည်။
“အမေ ဒါကို မကြောက်ပါဘူး! သားလေး ကျန်းမာရေးရော ဘယ်လိုနေလဲ?? တစ်ခုခု…”
ထိုအချိန်တွင် တောက်ကျန့် ချန်ကျင်းနှင့် ရှီကွေးတို့သည်လည်း ပစ္စည်းများကို ထုတ်ပိုးသိမ်းဆည်းကာ အခန်းထဲမှ ထွက်လာကြသည်။
‘မြေကမ္ဘာ’အဆင့် ရွှမ်တောက်ကျန့် နှစ်ဦးလုံး၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုက အတိုင်းသား ပေါ်နေခဲ့သည်။
သူတို့နှစ်ဦးအား မြင်ရပြီးနောက် ယန်ဟဲ၏ အစ်ကိုအကြီးဆုံးသည် ပါးစပ်နားရွက်ချိတ်မတတ် ပြုံးလိုက်ရင်း နှုတ်ဆက်သည်။
“အစ်ကိုချန်ကျင်း၊ အစ်ကိုရှီ”
တောက်ကျန့် ချန်ကျင်း မျက်မှောင်ကြုတ်ကာ သူ့အား တစ်ချက်ကြည့်သည်။
“အစ်ကိုယန်လည်း ဒီကို ရောက်နေတာပဲ”
ထိုစကားပြောပြီးသည်နှင့် သူ ယန်ချန်၏ မိသားစုအား ကြည့်ကာ ပြောလိုက်သည်။
“အခုတစ်ကြိမ် အခြေအနေက တော်တော်လေး အန္တရာယ်များတယ်၊ ရှီကွေးတာ့ကောနဲ့ ငါနဲ့ ပေါင်းတာတောင် မကောင်းဆိုးဝါးဝိဉာဉ်ကို တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ဘူး”
ရှီကွေး မျက်ခုံးအား ပွတ်လိုက်ရင်း ခေါင်းငြိမ့်သည်။
“တော်သေးတာက ယန်ချန်ရဲ့ စိတ်ဆန္ဒက တော်တော်လေးကို ပြတ်သားတယ်”
ယနေ့ အချက်ပေးလာသော ဖွဲ့စည်းပုံအား အသက်သွင်းခဲ့သူမှာ ယန်ချန်ကိုယ်တိုင်သာ ဖြစ်သည်။
သူတို့နှစ်ဦးပေါင်းကာ ယန်ချန်၏ ကိုယ်တွင်းမှ မကောင်းဆိုးဝါးဝိဉာဉ်အား လမ်းညွှန်၍ ဖိနှိပ်ရန် ကြိုးစားနေခဲ့စဉ်က ခန္ဓာကိုယ် ကိုယ်တိုင်သည်လည်း စိတ်မလျှော့မိအောင် ကြိုးစားနေသည်အား ခံစားမိခဲ့သည်။
အမှန်အတိုင်းပြောရပါက မည်သူမျှ ယန်ချန် ဤအသက်အရွယ်ထိ အသက်ရှင်လိမ့်မည်ဟု ထင်မထားကြ။ သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် ဩချလောက်အောင်ပင် ခိုင်မာလွန်းလှသည်။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့်သာ မဟုတ်ပါလျှင် သူ၏ အောင်မြင်မှုများသည် ဤနေရာတွင် ရပ်တန့်သွားလိမ့်မည်မဟုတ်ပေ။
ကံမကောင်းစွာပင်……
ထူးခြားပြောင်မြောက်လှသည့် ဉာဏ်ကြီးရှင်ကလေးငယ်သည်က ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးရမည့် ကံကြမ္မာ ပါလာခဲ့သည်။
ဖူချင်းအာနှင့် ယန်ဟဲ သဘောပေါက်သော်လည်း ခေါင်းမာစွာ မေးမိသည်။
“အခြားနည်းလမ်း မရှိတော့ဘူးလား?”
“အခြားနည်းလမ်း မရှိဘူး၊ ယန်ချန်ရဲ့ ကိုယ်ထဲက မကောင်းဆိုးဝါးဝိဉာဉ်က ကြမ်းတမ်းတယ်၊ လေးလံပြီးတော့ ပြဿနာရှာလွန်းတာက အရင်က တစ်ခါမှတောင် မမြင်ခဲ့ဖူးဘူး၊
အဲဒါကို ဖယ်ရှားပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားစေချင်တယ်…”
ရှီကွေးရော တောက်ကျန့်ချန်ကျင်းပါ ဤမျှ ကြမ်းတမ်းရက်စက်လွန်းသည့် မကောင်းဆိုးဝါးအား မမြင်ခဲ့ဖူးပေ။
ယခင်ဘဝက ယန်ချန်သည်က မည်မျှ ပြင်းထန်သော မကောင်းမှုများ ကျူးလွန်ခဲ့၍ ယခုဘဝတွင် ဤကဲ့သို့ အဖြစ် ကြုံရပါသနည်းဟု သူ သိချင်မိသည်။
ထိုကဲ့သို့ ရက်စက်သူမျိုးသည်ကား အတိတ်ဘဝတွင် လူကောင်းမဖြစ်နိုင်သကဲ့သို့ သူ၏ စိတ်ဝိဉာဉ်တွင်းထိ မကောင်းမှုအတွေးများနှင့် ညစ်ညူးနေရမည်မှာ ဧကန်ပင်။
သို့သော် ယန်ချန်၏ စိတ်ဝိဉာဉ်သည်က သည်းခံနိုင်စွမ်းမြင့်မားကာ လောကဓံကိုလည်း ကြံ့ကြံ့ခံနိုင်သည်။
သူသည်ကား မည်သို့ပင်ကြည့်စေကာမူ လူယုတ်မာတစ်ယောက် မဖြစ်နိုင်ပေ။
ရှီကွေး မည်သည်ကိုတွေးရမည်ကိုပင် မသိတော့သည့်အတွက်ကြောင့် မေးခွန်းထုတ်မိသည်။
“ချန်ကျင်းတကော၊ ချန်ချင်းဂိုဏ်းက ဘာပြောသေးလဲ? ကုကျစ်စုန့်ဆိုတဲ့ ထူးခြားပညာရှင်က တကယ်ပဲ မလိုက်လျော ပေးနိုင်တော့ဘူးတဲ့လား?”
ပွင့်ပွင့်လင်းလင်းပြောရပါက သူတို့သည်လည်း ထိုကျောက်စိမ်းလက်ချောင်းရိုးအား မျက်မြင် မမြင်ဖူးကြပေ။ ထိုအရာသည်က မကောင်းဆိုးဝါးဝိဉာဉ်များအား သန့်စင်နိုင်သည်ဟုသာ ကြားဖူး၍ ယန်ချန်အား ကုသနိုင်၊ မကုသနိုင်ကို အတတ်မပြောနိုင်ပေ။
အခြားနည်းလမ်းသာ ရှိပါက သူတို့သည်လည်း ထိုကဲ့သို့ ထူးခြားပညာရှင်ငယ်လေးအား စူးစိုက်ကြည့်နေမည်မဟုတ်။
တောက်ကျန့်ချန်ကျင်းက ခေါင်းကို ရမ်းကာ မုတ်ဆိတ်မွေးအား ပွတ်လိုက်သည်။ လူကြီးများ စကားပြောနေစဉ်အချိန် ဖုန်းကိုခိုးကြည့်နေသော ရှီဟိုင်ဟုန်သည် သူမ မြင်တွေ့လိုက်ရသည့် သတင်းကြောင့် အင်မတန် အံ့ဩသွားရသည်။
မျက်လုံးများပင် ပြူးကျယ်ကာ စကားများလဲ ထစ်အနေခဲ့သည်။
“အဖေ! သမီး အခုလေးတင် မြေအောက်ကမ္ဘာကနေ သတင်းရလိုက်တယ်!!”
ရှီကွေးရော ကျန်သည့်လူများပါ သူမအား ကြည့်လိုက်သည်။ သူတို့ထဲတွင် ယန်ဟဲနှင့် ဖူချင်းအာတို့က မြေအောက်ကမ္ဘာမှာ သက်ရှိကမ္ဘာမှ လူများနှင့် အဆက်အသွယ်ရှိသည်ဟု ကြားရသည့်အတွက် အံ့ဩနေခဲ့ကြသည်။
ယန်ဟဲ၏ အကြီးဆုံးအစ်ကိုနှင့် အခြားမိသားစုဝင်များကတော့ တစ်ယောက်မျက်နှာကို တစ်ယောက်သာ ကြည့်လိုက်ကြလေ၏။
ရှီဟိုင်ဟုန်သည်ကား မြေအောက်ကမ္ဘာ၏ မတည်မြဲခြင်းအရာရှိဖြစ်ကြောင်း ကြားဖူးနားဝရှိကြသော်ငြား ယခုအကြိမ်သည် ပထမဆုံး မြင်တွေ့ဖူးခြင်းသာဖြစ်သည်။
ရှီကွေးတွင် သမီးတစ်ဦးသာ ရှိပြီး ထိုသမီးငယ်သည်လည်း ထူးခြားလှသော စွမ်းအင်ရှိကြောင်း သိကြပြီးနောက် သူတို့စိတ်ထဲတွင် မကောင်းသော အကြံများ ဝင်ရောက်လာကြသည်။
ရှီကွေး အသာချောင်းဟန့်သည်။
“ဘာလို့ အော်နေတာလဲ? ဘာတွေများ မြင်လိုက်ရလို့ အဲ့လောက်တောင် အံ့ဩသွားရတာလဲ?
မြေအောက်ကမ္ဘာက သတင်းဆိုတာ ဒီအတိုင်းလျှောက်ပြောလို့ ရတဲ့အရာမဟုတ်ဘူးလေ”
ရှီဟိုင်ဟုန်၏ မျက်နှာအမူအယာမှာ ဖတ်ရန် ခက်ခဲလှသည်။
“မဟုတ်ဘူး… မတည်မြဲခြင်းအရာရှိတွေအကုန်လုံး သတင်းရတာ၊ မြေအောက်ကမ္ဘာက သဘာဝလွန်လောကကို အသိပေးချင်လို့ ကြေညာတာ၊ မြေအောက်ကမ္ဘာမှာ တမန်တော်အသစ်ခန့်အပ်လိုက်ပြီတဲ့!”
ရှီကွေးနှင့် တောက်ကျန့်ချန်ကျင်း:
“ဘာကြီး?!”
တမန်တော်နှင့် မတည်မြဲခြင်းအရာရှိများသည်က ကွဲပြားခြားနားကြောင်း သူတို့သိထားကြသည်။
မတည်မြဲခြင်းအရာရှိများသည်ကား မြေအောက်ကမ္ဘာနှင့် စာချုပ်ချုပ်ဆိုထားသော လုပ်သားများဖြစ်ကာ ဝိဉာဉ်များအား လမ်းပြခေါ်ဆောင်ခြင်းသာ တတ်နိုင်ပြီး အစစ်အမှန်စွမ်းအင်မရှိပေ။
သို့သော် တမန်တော်များကတော့ ကွဲပြားသည်။ မြေအောက်ကမ္ဘာသည်က ထူးချွန်ထက်မြက်သည့် ထူးခြားပညာရှင်တစ်ဦးနှင့် တရားဝင်စာချုပ် ချုပ်ဆိုကာ ထိုတမန်တော်များသည်ကား လူ့ခန္ဓာကိုယ်နှင့်ပင် သက်ရှိကမ္ဘာသာမက မြေအောက်ကမ္ဘာသို့ပါ သွားလာဖြတ်သန်းနိုင်ခွင့်ရှိသည်။
ထိုကဲ့သို့သော အရာရှိမျိုးသည်ကား ယမမင်းနန်းတော်မှ သီးသန့်ရွေးချယ်ထားခြင်းဖြစ်ကာ သူတို့တွင် အမှန်တကယ် စွမ်းအင်ရှိရုံသာမက အာဏာလည်း အထိုက်အလျောက်ရှိသည်။
သဘာဝလွန်လောကနယ်ပင်တွင် မြေအောက်ကမ္ဘာ၏ တမန်တော်အသစ် မပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း မည်မျှပင် ရှိပြီနည်း?
အဘယ်သို့သော ထူးခြားပညာရှင်မျိုးသည်က ထိုမျှ ကြီးမားသည့်အရာတစ်ခုအား မပြောမဆို လုပ်နိုင်လိုက်ပါသနည်း?
ရှီကွေးရော ချန်ကျင်းပါ မျက်နှာမကောင်းကြ။ သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်သည်နှင့် သိလိုက်ကြသည်။ ထိုတမန်တော်သည်က သူတို့၏ ကလေးမဟုတ်မှန်းကို သိလိုက်သောကြောင့် ပို၍ပင် ရင်လေးသွားရသည်။
မြေအောက်ကမ္ဘာမှ တမန်တော်သည်သာ ချန်ချင်းဂိုဏ်းသားဖြစ်ပါက ရွှမ်းမင်၏ မူလမိသားစုသည် ချန်ချင်းဂိုဏ်း၏ အဓိက အာဏာအကြီးဆုံး မိသားစုဖြစ်လာမည်ဖြစ်သည်။
ချန်ချင်းဂိုဏ်းသား မဟုတ်ပါကလည်း စိတ်မအေးနိုင်ပေ။
သဘာဝလွန်မိသားစုအသစ်တစ်ခုက ချက်ချင်း အဆင့် မြင့်တက်လာနိုင်ပြီး လက်ရှိ တော်ဝင်မိသားစုသုံးခုကိုပင် ပြောင်းပြန်လှန်သွားနိုင်ချေရှိသည်။
ရှီကွေး အက်ကွဲစွာ မေးလိုက်သည်။
“သူက ဘယ်မိသားစုကလဲ?”
ရှီဟိုင်ဟုန် အသံတိတ်သွားပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အဲဒီလူက ရွှမ်းမင်က မဟုတ်ဘူး၊ သူမက ကုကျစ်စုန့်ပဲ”
“လာနောက်နေတာလား?”
ရှီကွေး အံ့အားသင့်စွာဖြင့် သမီးငယ်၏ ဖုန်းကို ယူကြည့်လိုက်ချိန်၌ အကြောင်းကြားစာသည်က အမှန်ပင်ဖြစ်နေခဲ့သည်။
ရွှမ်းမင်သာမက ရှားနိုင်ငံတွင်းမှ ရွှမ်တောက်ကျန့်များအားလုံး ထိုသတင်းအား တစ်ယောက်စကားတစ်ယောက်နားပေါက်ကာ ကြားသိပြီးဖြစ်ကြသည်။
အချို့ကတော့ စိတ်လှုပ်ရှားသည်၊ အချို့ကတော့ အံ့ဩသည်၊ အချို့ကတော့ မယုံကြည်နိုင်ကြ။
လူအများကတော့ ကုကျစ်စုန့်မှာ မည်သူဖြစ်သနည်းဆိုသော မေးခွန်းများသာ ထပ်ချည်းတလဲ မေးနေခဲ့ကြ၏ ။
တစ်ချိန်တည်းမှာပင် ဖိုရမ်တွင် မြေအောက်ကမ္ဘာမှ ထုတ်ပြန်ချက်တစ်ခုနှင့် တရားဝင် ကမ္ဗည်းစာတို့ကို ပျံ့နှံ့နေခဲ့လေသည်။
ထုတ်ပြန်ချက်သည်ကား မြေအောက်ကမ္ဘာ၏ ယင်အရာရှိတစ်ဦး ရေးသားထားခြင်းဖြစ်သည်။
ထိုအရာရှိသည်ကား ဝမ်ချွမ်မြစ်ကမ်းတွင် အလုပ်လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်းလေးရာတိင် ကြာမြင့်ပြီဖြစ်လေသည်။
ထိုအချိန်အတွင်း သူသည်က သရဲတစ္ဆေပေါင်းများစွာ၏ ချစ်ခြင်း၊ မုန်းခြင်းများအား အကြိမ်ပေါင်းများစွာ မှတ်တမ်းတင်ခဲ့သည်။
သူ၏ စာရေးသားဟန်သည် နူးညံ့ကာ ခံစားချက်အပြည့်ပင်။ သူသည် ကုကျစ်စုန့်ကိုယ်စား ထုတ်ပြန်ချက်အား အသေးစိတ်ကျကျ ရေးသားပေးခဲ့ခြင်းပင်ဖြစ်သည်။
သူ၏ ဖော်ပြချက်မှာ ရွှမ်းမင်ဂိာဏ်းမှ ရန်ကျန်းဇီနှင့် အခြားသူများ၏ အနိုင်ကျင့်မှုကိုပင် ဖြစ်နေခဲ့သည်။
အဖွဲ့ကြီးများမှ အငယ်များအား အနိုင်ကျင့်ကြောင်း၊ သူမအား အများနှင့်တစ်ယောက် အနိုင်ကျင့်ကြကြောင်း…
ယင်အရာရှိသည်က အားနည်း၍ ငယ်ရွယ်သော၊ အကူအညီမဲ့သည့် ထူးခြားပညာရှင်ငယ်လေးတစ်ဦးသည် ဤအဖြစ်အပျက်ကြောင့် ထိခိုက်ခံစားနေရချိန်တွင် မကူညီနိုင်ခဲ့သည့် သူ့ကိုယ်သူအား အပြစ်တင်ကာ ဒေါသထွက်နေကြောင်း ရေးသားခဲ့သည်။
တစ်မျက်နှာသာ ရှိသည့် ထုတ်ပြန်ချက်မှာ လူအများအပြားကို ဒေါသထွက်စေခဲ့ပြီး ကုကျစ်စုန့်အပေါ်လည်း သနားဂရုဏာ သက်စေခဲ့သည်။
*