← Chapters

အိပ်အက်ဆိုးနဲ့လူများ(2)

Vol. 19 Ch. 188

အိပ်အက်ဆိုးနဲ့လူများ(2)

Vol. 19 Ch. 188

မြေအောက်ကမ္ဘာ၏ ထုတ်ပြန်ချက်သည် ယုံကြည်စိတ်ချရကာ အထောက်အထား ခိုင်မာပြီဖြစ်သော်လည်း တရားဝင်ကျမ်းစာ တစ်ခုလည်း ပါဝင်သေးသည်။

ကျမ်းစာအား အသက်သွင်းလိုက်ချိန်တွင် အသိစိတ်ရှိကာ စိတ်သဘောထားကြီးဟန်ဖမ်းထားသော်ငြား ခြိမ်းခြောက်ကာ ဖိနှိပ်နေသော ရန်ကျန်းဇီ၏ မျက်နှာကြီးက လေထဲတွင်‌ ပေါ်လာခဲ့သည်။

နောက်ဆုံးရပ်တန့်သွားသည့်နေရာမှာ တောက်ကျန့်တစ်ဦးက ဒေါသကြီးနေသော မျက်နှာဖြင့် သားမြီးယပ်အား ဝှေ့ရမ်းရင်း ကုကျစ်စုန့်ထံသို့ ပြေးလာသည့်နေရာပင်ဖြစ်သည်။

တစ်ဖက်တွင်တော့ ပိန်ပါးသွယ်လျကာ သနားစရာကောင်းသည့် ကုကျစ်စုန့်လေးသည် ‘ကြောက်လွန်း၍ နေရာမှပင် မလှုပ်နိုင်၊ ရပ်တန့်’နေခဲ့သည်။

နောက်ဆုံး အဆုံးသတ်သည်ကား ကုကျစ်စုန့်က ဘယ်သောအခါကမှ မကောင်းဆိုးဝါးဝိဉာဉ်တစ်ဦးဖြင့် စာချုပ် ချုပ်ဆိုခဲ့ခြင်း မရှိကြောင်း သက်သေပင်။

သက်သေသက္ကာရများ ပြည့်စုံနေချိန်တွင် မည်သူမျှ မငြင်းဆန်နိုင်ကြတော့ပေ။

သဘာဝလွန်လောကမှ လူတိုင်းသည် ထို ‘စီနီယာ’ကြီးများ၏ မျက်နှာအား မြင်တွေ့ရပြီးနောက် ဒေါသတကြီး တုံ့ပြန်လာကြသည်။

ဤတစ်ကြိမ်တွင်တော့ ရွှမ်းမင်သည်က ‘ပမွှားလေးကုကျစ်စုန့်’အား အရေးမလုပ်ခဲ့သော်လည်း သူမကိုတော့ လုံးဝ အမှတ်ရသွားခဲ့ပြီဖြစ်သည်။

ရန်ကျန်းဇီမှာ အိပ်ရာပေါ်တွင် ပတ်တီးအပြည့်ဖြင့် လဲလျောင်းကာ ဒဏ်ရာကြောင့် အနားယူနေခဲ့သည်။

သူ၏ ဆံပင်သည်လည်း မီးလောင်သွားသော်ကြောင့် ရိတ်ပစ်လိုက်ရသည်။ အရေပြားပေါ်တွင်လည်း မီးလောင်ဒဏ်ရာ ဗလပွပင်။

သူ့အား ဖိုရမ်တွင် ခနဲ့ခြင်း၊ ပြောင်လှောင်ခြင်းနှင့် ဆဲဆိုခြင်းများအား မြင်တွေ့ရပြီးနောက် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးတုန်ယင်စွာ ကျိန်ဆဲလိုက်မိသည်။

“ဒီမိန်းမယုတ်က ငါ့ကို ချောက်ချပြီးတော့ ဗီဒီယိုခိုးရိုက်ထားတာ! မင်းတို့အားလုံး သူလိမ်တာ ခံနေရတာလို့!”

ရှီကွေးက စာအား ဖတ်ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်သွားဟန်ပေါ်သည်။

“ချန်ကျင်းတာ့ကော၊ တာ့ကောရော ဘယ်လိုထင်လဲ?”

တောက်ကျန့် ချန်ကျင်းမှာ ဆက်တိုက် သက်ပြင်းချရုံမျှ မတတ်နိုင်ပေ။

“ရန်ကျန်းဇီနဲ့ အဖွဲ့တွေက တကယ့်ကို တော်တာပဲ၊ သူတို့က ကိုယ့်သေတွင်းကိုတူးနေတာ၊ သူတို့က ဒါမျိုးအဆုံးသတ်နဲ့ တန်တယ်! သူတို့အဖွဲ့က မာနထောင်လွှားတယ်ဆိုတာကို သိပေမယ့် သူတို့ ကိစ္စတွေကို ဒီလိုပုံစံမျိုးနဲ့ ‘ဆွေးနွေး’လိမ့်မယ်လို့ မထင်ခဲ့မိဘူး”

“ဒါပေမယ့် ဒီတောက်ကျန့်လေး ကုကျစ်စုန့်ပြောချင်တာကို နားလည်တယ်၊ ဒီလိုကိစ္စမျိုးဆိုတာ တင်စီးတာတွေ၊ အလိမ်အကောက်တွေနဲ့ ဆွေးနွေးလို့ ရတာမျိုးမဟုတ်ဘူးလေ”

ရှီကွေးလည်း မြင်လိုက်သည်။

ကုကျစ်စုန့်၏ ကျိုးကြောင်းဆီလျော်မှုကြောင့် သူ့စိတ်ထဲတွင် သဘောကျသွားရသည်။ သူမသည်က ကမ္ဘာကြီးအား မကူညီချင်၍ မဟုတ်ကြောင်း၊ ရန်ကျန်းဇီနှင့် အခြားလူများက အနိုင်ကျင့်ကြီးစိုးနေခြင်းကြောင့်သာ သဘောမတူခဲ့ခြင်းဖြစ်ကြောင်း ပြောလာခဲ့သည်။

ရွှမ်းမင်သည်က ထိုအရာအား အမှန်တကယ်လိုအပ်၍ စိတ်ရင်းအမှန်ဖြင့် လာရောက်ငှားရမ်းပါက သူမ သဘောတူညီမည် ဖြစ်ကြောင်း ရေးသားခဲ့သည်။

ယန်ဟဲနှင့် ဇနီးသည်တို့သည်လည်း ချက်ချင်း သဘောပေါက်ကာ အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော်တို့လုပ်ပါမယ်၊ ကျွန်တော်သွားပြီးတော့ ဒီတောက်ကျန့်လေးကို အခုပဲ သွားတောင်းပန်ပါ့မယ်!”

ထိုအချိန်တွင် ယန်ဟဲ၏ အကြီးဆုံးအစ်ကိုက အသံနက်ကြီးဖြင့် အော်လိုက်သည်။

“မင်းတို့ မသွားရဘူး! ဒီမိန်းမပျက်က အရမ်းကို မာနထောင်လွှားနေတာ၊ မင်းတို့ သူမကို သွားတောင်းပန်လိုက်ရင် ရွှမ်းမင်ကို မျက်နှာအိုးမည်းသုတ်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား?”

သူ၏ သားကလည်း မည်းနက်သောမျက်နှာဖြင့် ယန်ဟဲတို့မိသားစုအား သဘောမတူဟန် ကြည့်လိုက်သည်။

“ဦးလေးနဲ့ ဒေါ်လေး၊ ယန်ချန်ကောကို ကယ်ချင်တယ်ဆိုတာကို သိပါတယ်၊ ဒါပေမယ့် ဒီကုကျစ်စုန့်လား? ဒါက ကျွန်တော်တို့ ရွှမ်းမင်တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာတွေ၊ အရှက်တွေနဲ့ သက်ဆိုင်သွားပြီ!!”

ရှီကွေး: “……”

တောက်ကျန့်ချန်ကျင်း: “……”

ဤတစ်မိသားစုလုံးသည်က အရူးများသာဖြစ်ကြသည်။

အမှန်တကယ်တမ်းတွင် ယခုအဖြစ်အပျက်သည်က ရန်ကျန်းဇီနှင့် အဖွဲ့၏ သီးသန့်လုပ်ဆောင်ချက်သာ ဖြစ်သော်လည်း သူတို့ကတော့ ရွှမ်းမင်တစ်ခုလုံးအား ဇွတ်အတင်းဆွဲထည့်ချင်နေသည်။

ယခုအကြိမ်တွင်တော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ယန်ချန်က မျက်လုံးများ မော်ကြည့်လာကာ စကားဆိုသည်။

“မင်းတိုက ငါတို့ကို ဘာလုပ်ရမယ်၊ မလုပ်ရဘူးပြောနေရအောင် ကိုယ့်ကိုကိုယ် ဘာထင်နေကြတာလဲ”

သူကဖုန်းကို ထုတ်ကာ သက်တော်စောင့်များ ခေါ်လိုက်သည်။ ထို့နောက်  ယန်ဟဲ၏ အကြီးဆုံးအစ်ကို မိသားစုအား အိမ်တွင်းမှ ယဉ်ယဉ်ကျေးကျေး နှင်ထုတ်လိုက်သည်။

ပြီးနောက်တွင် သူ၏ လက်ထောက်ထံသို့ ဖုန်းဆက်ကာ ထိုမိသားစုအား ထောက်ပံနေမှုများကို ရပ်တန့်ရန် မှာကြားလိုက်သည်။

သူသည်က ထိုလူများမှာ ဖခင်၏ မိသားစုများဖြစ်သည်ဟု တွေးခဲ့မိသောကြောင့် မိဘများအား သူတို့နှင့် နီးနီးကပ်ကပ် နေထိုင်ခွင့်ပြုခဲ့သည်။

မည်သို့ပင်ဖြစ်ပါစေ သူသည်က ငွေအမြောက်အမြားရှာဖွေနိုင်ပြီး ဤကမ္ဘာတွင် သူဖြစ်တည်နေရသည့် အကြောင်းရင်းအား ရှာဖွေချင်ခဲ့သည်။

ထို့ကြောင့် သူတို့အား ငွေပေးကမ်းခဲ့ခြင်းသာဖြစ်သည်။

သို့သော် ယခုတွင်မူ သူ မပေးချင်တော့။

ထို့နောက်တွင် ယန်ချန်က ရှီကွေးနှင့် တောက်ကျန့်ချန်ကျင်းတို့အား စကားဆက်သည်။

“ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ဆရာတို့နှစ်ဦးလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်၊ ဒီနေ့ ပြဿနာဖြစ်စေရလို့လည်း တောင်းပန်ပါတယ်၊

ကျောက်စိမ်းလက်ချောင်းရိုးအတွက်ကတော့ ကျွန်တော်တို့ ယန်မိသားစုကပဲ ဆက်ပြီး စီစဉ်လိုက်ပါတော့မယ်၊ ရွှမ်းမင်ရဲ့ စီနီယာတွေကို အနှောင့်အယှက်မပေးတော့ပါဘူး”

စကားဆုံးသည်နှင့် ရွှမ်တောက်ကျန့်နှစ်ဦး၏ အကောင့်ထဲသို့ ဉာဏ်ပူဇော်ခ အများအပြားလွှဲပေးရန် ဝန်ထမ်းတစ်ဦးအား စီစဉ်စေပြီးနောက် ယန်မိသားစုအိမ်ရာမှ ပြန်လွှတ်လိုက်သည်။

ဖူချင်းအာကတော့ ကျောက်စိမ်းလက်ချောင်းရိုးအကြောင်းကိုတွေးကာ ဆက်ပြောနေခဲ့သည်။

“ဒီရတနာရဲ့ ပိုင်ရှင်က ကုတောက်ကျန့်ဖြစ်နေခဲ့တာကိုး၊ သူသာ ထူးခြားပညာရှင်မှန်းသိရင် သူ့အစီအစဉ်ကို အရင်တည်းက ကြည့်ပါတယ်!

ရွှမ်းမင်က လူတွေ သူ့ကို ထိခိုက်အောင်လုပ်တာ လွန်လွန်းပါတယ်နော်… လောင်ယန်၊ ကျွန်မတို့ ကုတောက်ကျန့်ကို သွားပြီး‌တောင်းပန်ရအောင်၊ သူမရဲ့ ခွင့်လွှတ်မှုရမှကို ဖြစ်မယ်”

ယန်ချန်: “မလိုပါဘူး အမေ”

“ဘယ်လိုလုပ် မလိုရမှာလဲ?!”

ဖူချင်းအား စိတ်တုန်လှုပ်သွားသည်။

မိခင်ဖြစ်သူ သူ့အား ထပ်မံဖျောင်းဖြရန် ကြိုးစားနေသည်အား မြင်လိုက်ရပြီးနောက် ယန်ချန် လိုရင်းအား မြန်မြန် ပြောလိုက်သည်။

“ဒီပြဿနာက ကျွန်တော့်ကြောင့် ဖြစ်ရတာလေ၊ တရားခံက ကျွန်တော်ပါ၊ ကျွန်တော်ကိုယ်တိုင် သွားပြီးတောင်းပန်မှ သင့်တော်မှာပေါ့”

သူ မျက်လွှာချလိုက်သည်။

“ဒါမှ ကျွန်တော့်ရဲ့စိတ်ရင်းအမှန်ကို ပြနိုင်မှာလေ..”

မိဘနှစ်ပါးအား အိမ်ပြန်ရန် တိုက်တွန်းပြီးနောက် ‘ကိုယ့်ကိုကိုယ် ဂရုစိုက်ရန်’ အချိန်ကြာ မှာကြားပြီးချိန်တွင် ဧည့်ခန်းထဲ၌ ယန်ချန်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

သူ ဆိုဖာပေါ်တွင် ထိုင်ကာ မျက်လုံးများအား လက်ဖြင့် အုပ်ထားမိသည်။

သူ၏ လက်ဖဝါးများအောက်တွင် ဖုံးကွယ်ထားသည့် မျက်လုံးများသည်က စိတ်မကြည်မလင်၊ စိတ်ရှုပ်နေဟန်ပေါ်သည်။

ရွှမ်းမင်မှ ပြောနေခဲ့သည့် လက်ချောင်းအရိုးပိုင်ရှင်သည်က ကုကျစ်စုန့်ဖြစ်ကြောင်းကို သူမသိခဲ့ပေ။

သူတို့ အကူအညီတောင်းသည်ဆိုသည့် ကိစ္စကိုပင် သူ မသိခဲ့ရ။

ယခုတော့ မတော်တဆဖြစ်ရသည့် အဓိကအကြောင်းအရင်းဖြစ်သော သူ့ကို ကုကျစ်စုန့် မုန်းနေတော့မည်။

သူ့ကြောင့်သာ မဟုတ်ပါလျှင် သူမသည်က ရွှမ်းမင်မှ လူများ၏ ခြိမ်းခြောက်အနိုင်ကျင့်ခြင်းအား ဒေါသထွက်စွာ  ခံယူရမည်မဟုတ်ပေ…..

ယန်ချန် သူ၏ မိခင်ဖြစ်အား လွယ်ကူစွာပြောလိုက်သည်တော့ မဟုတ်ချေ။ သူ အမှန်တကယ်လည်း ကုကျစ်စုန့်နှင့် လူချင်းတွေ့ကာ တောင်းပန်ချင်သည်။

သို့သော် သူမက သူ့ကို ခွင့်လွှတ်နိုင်ပါ့မလား?

သူမသည်က သူ မရ်သူဖြစ်ကြောင်း သိရချိန်တွင် မုန်းတီးရွံရှာသွားမည်လား?

သူ့အား ခွင့်လွှတ်ပါ့မလား?

မေးခွန်းပေါင်းများစွာဖြင့် ယန်ချန် တစ်ယောက် သူ၏နှုတ်ခမ်းပါးတို့အား တင်းတင်းစေ့ထားကာ ဘဝတွင် ပထမဆုံးအကြိမ် စိတ်မတည်မငြိမ် ဖြစ်လာခဲ့မိသည်။



ထိုညတွင် သဘာဝလွန်လောကတစ်ခုလုံးသည်က ကုကျစ်စုန့်၏ လုပ်ရပ်ကြောင့် အသက်ဝင်လှုပ်ရှားနေခဲ့ပြီး နိုင်ငံခြားမှ ပညာရှင်များထံသို့ပါ သတင်းပေါက်ရောက်သွားခဲ့သည်။

အချိန်အတော်ကြာအောင် ရွှမ်းမင်နှင့် ကတောက်ကဆဖြစ်ခဲ့သော အဖွဲ့များသည်လည်း အကြောင်းရင်းရှာတွေ့ကာ ရွှမ်းမင်အား ထူးခြားပညာရှင်ငယ်တစ်ဦးအား အနိုင်ကျင့်ခြင်းသည် အရှက်မရှိလုပ်ရပ်ဖြစ်ကြောင်း ဝိုင်း၍ ရှုံ့ချကြသည်။

ဖြစ်ကြောင်းကုန်စင်အား ခရေစေ့တွင်းကျသိသည့် ရွှမ်းမင်များအတွက်တော့ ကြိတ်မနိုင် ခဲမရဖြစ်နေကြသည်။

သို့သော် သူတို့တွင် သက်သေမရှိ။

ပို၍ ကြီးမားသော တုံ့ပြန်မှုကား သက်ရှိကမ္ဘာတွင်မဟုတ်၊ မြေအောက်ကမ္ဘာတွင်ဖြစ်ပေသည်။

ဆက်တိုက် ထုတ်ပြန်ချက်များကြောင့် မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများသည်လည်း ကုကျစ်စုန့်မှာ တမန်တော်အရာရှိ ဖြစ်လာကြောင်း သိရှိထားပြီးဖြစ်သည်။

မြေအောက်ကမ္ဘာတွင် ကျမ်းစာမထုတ်ပြန်သော်ငြား သရဲများကတော့ သတင်းရထားပေပြီ။

အချိန်တော်တော်ကြာသည်အထိ သတင်းအမှန်အမှားများ ရောယှက်နေခဲ့သည်။

‘ကုကျစ်စုန့် သက်ရှိကမ္ဘာမှာ အနိုင်ကျင့်ခံရတယ်’

‘စုန့်စုန့်ကို ထူးခြားပညာရှင်တွေ အကုန်လုံးက ဝိုင်းပြီး ဖိနှိပ်နေကြတယ်’

စသည် သတင်းများသည်က သရဲတစ္ဆေများအကြား ပျံ့နှံ့နေခဲ့သည်။

ဟွမ်ကွမ်းလမ်းမနှင့် စန်းတုချွမ်တွင် ခြေလှမ်းသုံးလှမ်း လှမ်းရုံမျှဖြင့် ကုကျစ်စုန့်၏ သရဲပရိတ်သတ်တစ်ဦး ရှိနေသောကြောင့် ယခုအဖြစ်အပျက်သည်က မြေအောက်ကမ္ဘာမှ ‘ပရိတ်သတ်’များ၏ ဒေါသအား နိုးဆွလိုက်ခြင်းပင်။

သူတို့၏ အိုင်ဒေါအား အနိုင်ကျင့်နေသည်ကို လက်ပိုက်၍ ကြည့်နေရမည်လော?

အထူးသဖြင့် ကုကျစ်စုန့်၏ နံပါတ်၁ ပရိတ်သတ် မားမြန်ဖြစ်သည်။ သူ၏ မျက်လုံးများသည်ကား သတင်းကြားလိုက်ရချိန်တွင်‌ ဒေါသကြောင့် ပြူးကျယ်နေခဲ့ပြီး သူ၏ ခရင်းခွဖြင့် တံတားထိပ်တွင် အပေါက်တစ်ခုပင် ထိုးဖောက်မိခဲ့သည်။

သူ ဒေါသတကြီးဖြင့် မြေအောက်ကမ္ဘာ၏ အင်တာနက်နှင့် ကွန်ယက်ဌာနသို့ အပြေးအလွှားသွားကာ အချိန်ပို အလုပ်လုပ်နေရသော ပရိုဂရမ်မာများအား ရန်ကျန်းဇီနှင့် အခြားသူများ၏ အချက်အလက်များ ရှာဖွေခိုင်းတော့သည်။

ထို့နောက် မြေအောက်ကမ္ဘာမိုဘိုင်းဖုန်းတွင် ဒေါသတကြီး စာရိုက်နေခဲ့သည်။

ထိုနေ့ညက သက်ရှိကမ္ဘာမှ သာမန်လုပ်သားများမှာ ပင်ပန်းရသည့် တစ်နေ့တာအဆုံးတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ကြသည်။

သို့သော် အိပ်မက်ထဲတွင် အများစုသည်ကား နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့သော မိဘများ၊ ဆွေမျိုးများအား အိပ်မက်  မက်ကြသည်။

ထိုသူများသည်က အားအင်အပြည့်ဖြစ်နေသော်လည်း တစ်စုံတစ်ရာအား ဒေါသထွက်နေဟန်ပေါ်ကြသည်။

သာမန်လုပ်သားလေးတစ်ယောက် နားမလည်နိုင်ဖြစ်ကာ ထိတ်လန့်နေမိသည်။

“အမေ၊ ဘာလုပ်နေတာလဲ? သား မသိတတ်တဲ့ အရာတစ်ခုခု လုပ်လိုက်မိလို့လားဟင်?”

သူ အတော်ကြာ စဉ်းစားပြီးနောက် မိခင်၏ အုတ်ဂူအား ယနေ့ အမှိုက်သရိုက်များ သန့်ရှင်းပေးခဲ့ကြောင်း ရုတ်တရက် သတိရလိုက်ကာ စက္ကူငွေစာရွက်များ မီးရှို့ခဲ့ကြောင်းလည်း အမှတ်ရလိုက်သည်။

သေဆုံးစဉ်ကထက် နုပျိုနေဟန်ပေါ်သည့် အဘွားအိုလေးသည်က ခါးထောက်ကာ အိပ်မက်ထဲတွင် အော်ဟစ်နေခဲ့သည်။

“မင်း ငါတို့ အရင်က ကိုးကွယ်တဲ့ ချန်ချင်းဘုရားကျောင်းကို မှတ်မိသေးလား? သူတို့ဆီကို သွားပြီး ပူဇော်ပသတာတွေ မလုပ်နဲ့တော့၊

အဲဒီကလူတွေ လူကောင်းတွေမဟုတ်ဘူး၊ အဲဒီတောက်ကျန့်အိုကြီးက ကလေးမလေးကို အနိုင်ကျင့်ရဲတယ်တော် အံ့ဩပါ့!!”

*

All Chapters