အိပ်မက်ဆိုးနဲ့ လူများ(3)
Vol. 19 Ch. 189
“မှတ်ထားနော်၊ မင်း နောက်ဆိုရင် သူတို့နေရာကို လုံးဝမသွားရဘူး!!”
သာမန်လုပ်သားလေးမှာ နောက်တစ်ရက် နိုးထလာချိန်တွင် အင်မတန် နားလည်ရခက်နေခဲ့သည်။
သူ အလွန်ထူးဆန်းလှသော အိပ်မက်တစ်ခု မက်ခဲ့ကြောင်းသာ မှတ်မိသည်။
အိပ်မက်ထဲတွင် မိခင်ဖြစ်သူက သူ့အား တောက်ဓမ္မဘုန်းကြီးကျောင်းသို့ အမွှေးတိုင်ထွန်းပူဇော်ရန် မသွားဖို့ မှာကြားခဲ့သည်။
ထိုတစ်ညထဲမှာပင်ကောလိပ်ကျောင်းသူလေးတစ်ဦးသည်က ညဉ့်နက်သည်ထိ ဝတ္ထုဖတ်နေရင်း အိပ်ပျော်သွားပြီးနောက် မျိုးရိုးလိုက်သည့် ရောဂါဖြင့် သေဆုံးခဲ့ရသော အချစ်ဆုံးသူငယ်ချင်းအား အိပ်မက် မက်ခဲ့သည်။
အိပ်မက်ထဲမှ သူငယ်ချင်းဖြစ်သူက အင်မတန် ဒေါသထွက်နေဟန်ပေါ်သောကြောင့် ကောလိပ်ကျောင်းသူလေးမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။
“ကျွမ်းဇီ ၊ ငါ့ကို အိပ်မက်ပေးနေတာလားဟင်? ငါ.. ငါ.. ငါ.. နင့်အပေါ်မှာ ဘာအပြစ်မှ မလုပ်ဖူးပါဘူး၊ နင့်ရဲ့ အင်တာနက်ရှာဖွေမှုမှတ်တမ်းကိုလည်း ဖျက်ပြီး ဖုန်းကိုလည်း ဖောမတ်ချဆို ချပေးပါ့မယ်ဟာ! နင်အကြိုက်ဆုံးရုပ်ပြနဲ့ ဝတ္ထုတွေကို မီးရှို့ပေးဆိုရင်လည်း ရှို့ပေးပါမယ်… ငါ ငါ ဘာလုပ်ပေးရမှာလဲဟင်?”
ကျောင်းသူလေးသည်ကား သူငယ်ချင်းဖြစ်သူ အိပ်မက်ထဲတွင် ပြောခဲ့သည့် စကားအလုံးစုံအား မမှတ်မိတော့။
သို့သော် သူမ သူငယ်ချင်းသည် အင်မတန်ဒေါသထွက်နေကြောင်း သေချာမှတ်မိသည်။
နောက်ဆုံးတော့ သူငယ်ချင်းဖြစ်သူသည်က သူမအား ဆက်တိုက် ဆက်ဆက်မှာကြားခဲ့သည်။
“ချစ်သူငယ်ချင်းလေး၊ ငါ့ကို ကုကျစ်စုန့်ရဲ့ ဓာတ်ပုံလှလှလေးတွေနဲ့ သူ့ရဲ့ ပရိတ်သတ်ပစ္စည်းလေးတွေ မီးရှို့ပေးဦးနော်!!”
ကောလိပ်ကျောင်းသူမှာ ထိုအဓိပ္ပာယ်မရှိသည့် အိပ်မက်ကြောင့် အားရပါးရ ရယ်မောလိုက်မိသည်။
သူမ အခုတလော ကုကျစ်စုန့်၏ edit ဗီဒီယိုများ အကြည့်များသွားသောကြောင့် အိပ်မက်ထဲပင် ထည့်မက်နေကြောင်း တွေးလိုက်ရင်း ကိုယ့်ခေါင်းကို အသာထုမိသည်။
မမျှော်လင့်ထားစွာပင် သူမ ဖုန်းထုတ်ကာ မျက်လုံးကြီးကောင်လေး appအား ဖွင့်လိုက်ချိန်တွင် ထိပ်တန်း#တစ်ခုအား တွေ့လိုက်ရသည်။
#ငါ့အိပ်မက်ထဲမှာ!#
ရှောင်ချောင် ပို့လိုက်သည့် ဆတ္တမမြောက်အပိုင်းအတွက် ဇာတ်ညွန်းဖြင့်အတူ ပူးတွဲရေးသားထားသည့် ‘စုန့်ကျဲ ထိပ်တန်းရှာဖွေမှုမှာ trend ဖြစ်နေပြန်ပြီထင်တယ်နော်’ ဆိုသည့် စာကြောင့် ကုကျစ်စုန့် နားမလည်နိုင်ဖြစ်သွားရသည်။
သူမက မြေအောက်ကမ္ဘာမှ ထုတ်ပြန်လိုက်သည့် တမန်တော်ခန့်အပ်ကြောင်းစာက အင်တာနက်တွင် ပျံ့နှံ့သွားသည်ဟုပင်ထင်လိုက်မိသည်။
သို့သော် သေချာစဉ်းစားကြည့်လိုက်ချိန်တွင် ထိုကဲ့သို့လည်း မဖြစ်နိုင်ပေ။ သက်ရှိကမ္ဘာနှင့် မြေအောက်ကမ္ဘာကပါ ထိုကဲ့သို့ ကိစ္စမျိုးအား သာမန်လူများကြားတွင် ချပြလိမ့်မည်မဟုတ်ပေ။
သူမက ‘အမှန်တကယ်’တွင်လည်း ယခုရက်ပိုင်း အိမ်ကပ်နေပြီး အပြင်မထွက်ခဲ့ပေ။
ရန်ကျန်းဇီနှင့် အခြားသူများထံမှ ရရှိငွေမှာ အကြမ်းဖျင်းအားဖြင့် ၄၀မီလီယံခန့်ရှိနေသည်။
သူမက မသန်စွမ်းကလေးငယ်များနှင့် မိဘမဲ့ကလေးငယ်များအား ကူညီမည့် ဖောင်ဒေးရှင်းတစ်ခု မ,တည်ရန်အတွက် ငွေအနည်းငယ်လောက် ချန်ထားခဲ့ပြီး သူမ ကြီးပြင်းခဲ့သော မိဘမဲ့ဂေဟာနှင့် အခြား မရှိဆင်းရဲကလေးငယ်များအား သူတို့ ရသင့်သည့် ထောက်ပံ့မှုများ ရရှိနိုင်ရန် လှူဒါန်းခဲ့သည်။
ကျန်သည့်ငွေများကိုလည်း တစ်ခုမှ ကိုယ်ကျိုးအတွက် မချန်ထားခဲ့ပေ။
သေချာစစ်ဆေးပြီးချိန်တွင် သူမက တောင်ပေါ်ဒေသများမှ ကလေးငယ်များ၏ ပညာရေးအတွက် ယုံကြည်စိတ်ချရသော ဖောင်ဒေးရှင်းများထံသို့ လှူဒါန်းခဲ့သည်။
ထိုကိစ္စများမှလွဲ၍ သူမ၏ အချိန်အားလုံးကို ထိုအနက်ရောင်စွမ်းအင်အား သန့်စင်ရန် ကြိုးစားနေခဲ့သည်။
သူမ ထူးဆန်းသော နည်းလမ်းများအားလုံး အသုံးပြုခဲ့ပြီးနောက်တွင်ပင် ဤအရာနှင့်သာ ဇာတ်ရှုပ်နေခဲ့သည်။
သူမအနေဖြင့် သတင်းထွက်ရန် ဘယ်မှာ အချိန်ရှိပါလိမ့်မည်နည်း?
သူမက ဝေ့ပေါ် ခေါင်းစဉ် #ငါ့အိပ်မက်ထဲမှာ!# ကို နှိပ်လိုက်ပြီးနောက် ထိုစာရေးသားပုံသည်က အနည်းငယ်ထူးဆန်းကြောင်းကို တွေးလိုက်မိသည်။
[ကယ်ကြပါဦး!! ငါက မနေ့က ငါတစ်ယောက်တည်းပဲ အိပ်မက်ပေးခံရတယ်လို့ထင်ခဲ့တာလေ၊ အခုကျတော့ လူတွေကို အများကြီးပဲလား? မနေ့က မြေအောက်ကမ္ဘာမှာ အဖွဲ့လိုက်ပရောဂျက်တွေ ဘာတွေများ ရှိတာလားဟ?]
[ငါ့အဖိုးက ငါ့ကို ချန်ချင်းဘုန်းကြီးကျောင်းကို မသွားဖို့ မှာသွားတာ၊ အဖိုးပြောတာက အဲ့နေရာက မကောင်းဘူးတဲ့၊ အဲဒီနေရာက တကယ်ရှိတာလားဟင်? အရမ်းမိုက်တာပဲ၊ ဒါက ငါ ပထမဆုံး အိပ်မက်ပေးခံရတာ!]
[အပေါ်ကတစ်ယောက်၊ ငါက အရင်က ချန်ချင်းဘုန်းကြီးကျောင်းကို သွားနေကျပဲ၊ အဲဒါက Jပြည်နယ်မှာဆိုရင် နာမည်ကြီး ဘုန်းကြီးကျောင်းပဲ]
[ငါတော့ အန်တောင်အန်ချင်မိတယ်၊ အဲဒါက ကုကျစ်စုန့်ရဲ့ ထိပ်တန်းရှာဖွေမှုဖြစ်ပြန်ပြီ၊ သဘာဝလွန်ပညာကို မားကတ်တင်းဆင်းတဲ့ နည်းလမ်းပဲ မဟုတ်လား? မင်းတို့က တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ ကိစ္စဖြစ်တဲ့ ‘အိပ်မက်’မက်ခဲ့တာပေါ့ ဟုတ်လား?!]
[ဟားဟား၊ ငါလည်း အစကတော့ ကုကျစ်စုန့် မုန်းတီးရေးသမားပဲ၊ ဒါပေမယ့် မနေ့က ငါ့အဖွားကို အိပ်မက်မက်တယ်၊
အိပ်မက်ထဲမှာ အဖွားကပြောတာ ကုကျစ်စုန့်က တကယ့်ကို လူကောင်းတစ်ယောက်တဲ့၊ ငါ သူမကို မုန်းခဲ့တာတော့ အမှန်ပဲ၊ အခုတော့ ပြန်တောင်းပန်ပါတယ်..]
ထိုရှာဖွေမှုသည်က အင်မတန် ရှေးရိုးဆန်ကာ အယူသီးသည်ဟု ထင်ရသော်လည်း အိပ်မက်မက်ခဲ့သည့် လူတိုင်းကတော့ သူတို့အိပ်မက်များအကြောင်းကို အင်တာနက်ပေါ်တွင် တစ်ခြားကမ္ဘာတစ်ခု၏ တံခါးဝအား ထိတွေ့လိုက်နိုင်သည့်အလား ထုတ်ဖော်ပြောဆိုနေခဲ့ကြသည်။
အိပ်မက် မမက်ခဲ့သူများအတွက်တော့ ယုံကြည်ရန် ခက်ခဲနေဆဲပင်။
တချို့ ‘အတွေးလွန်သည့် ပရိသတ်များ’ကတော့ ကုကျစ်စုန့်၏ ကုမ္ပဏီမှာ မားကတ်တင်းဆင်းရာတွင် အင်မတန် လွန်ကဲသွားပြီး ယခုအိပ်မက်မက်သည်ဆိုသော သတင်းများ လွှင့်နေသည်လောဟု ထင်မြင်နေခဲ့ကြသည်။
ကုကျစ်စုန့်: “……”
သူမ မည်သည့်အရာများဖြစ်နေသည်ဆိုသည်ကိုတော့ အနည်းငယ် ခန့်မှန်းနိုင်သည်။
ယခုကဲ့သို့ တစ်စုတစ်ဝေးအိပ်မက်များသည် မြေအောက်ကမ္ဘာမှ ပရိသတ်များ၏ လက်ချက်သာလျှင် ဖြစ်ရမည်။
သူမ၏ လက်ထောက်ကတော့ ပြောဆိုနေဆဲပင်။ ပြိုင်ဘက်များမှ ငွေအမြောက်အမြားသုံး၍ မကောင်းသော ထိပ်တန်းရှာဖွေမှုများ ဖြစ်အောင် လုပ်နေခြင်းဖြစ်နိုင်ကြောင်း၊ အင်တာနက် troll များဖြင့် သတင်းဖြန့်နေကြောင်း၊ သူမသည်လည်း ငွေသုံးကာ ထိုလူများနှင့် ရှာဖွေမှုများကို အမြန်ဖယ်ရှားသင့်မသင့် တွေးတောနေကြောင်းတို့ကို ဆိုလာခဲ့သည်။
ကုကျစ်စုန့်ကတော့ သူမကို ကြည့်ရင်း စကားပင် မပြောနိုင်တော့။
ရှောင်ချောင်အား စိတ်မပူရန်ပြောလိုက်ပြီးနောက် သူမက ပေါ့ပေါ့ပါးပါး အထုတ်အပိုးထုတ်လိုက်ပြီး ဆတ္ထမမြောက်အပိုင်း၏ ရိုက်ကွင်းနေရာသို့ ထွက်လာခဲ့တော့သည်။
ပရိုဂရမ်၏ ဆတ္ထမမြောက်အပိုင်းသည်က တနင်္ဂနွေနေ့တွင် တိုက်ရိုက်လွှင့်လိမ့်မည်ဖြစ်သည်။
ဒါရိုက်တာအဖွဲ့မျှော်လင့်ထားသကဲ့သို့ပင် တိုက်ရိုက်ထုတ်လွှင့်ခန်းကို ဖွင့်လိုက်သည်နှင့် အလုပ်သွားရန်မလို၊ ကျောင်းသွားရန်မလိုသည့် လူပေါင်းများစွာ တစ်ပြိုင်တည်း ဝင်ရောက်လာကြသည်။
ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသည်က ဆယ်မိနစ်အတွင်းမှာပင် လူအမြောက်အမြား ဝင်ရောက်လာခဲ့ပြီးဖြစ်ကာ လူဦးရေစုစုပေါင်း ဆယ်မီလီယံကျော်သွားခဲ့သည်။
သူတို့နောက်မှ ဒေတာများအား ကြည့်ရင်း ဒါရိုက်တာအဖွဲ့ကတော့ စံချိန်ချိုးပြီးရင်း ချိုးနေခဲ့သည်ကို အကြိမ်ကြိမ်တွေ့မြင်ခဲ့ပြီးသော်လည်း အကြိမ်တိုင်း စိတ်လှုပ်ရှားနေကြမြဲပင်။
လက်ထောက် ဒါရိုက်တာက တိုက်ရိုက်ထုတ်လွှင့်မှုဒေတာအား ကြည့်နေပြီးနောက် မျက်လုံးကြီးကောင်လေးမှ ထိပ်တန်းရှာဖွေမှုများအား ကြည့်လိုက်ပြီးနောက် ပါးစပ်နားရွက်တက်ချိတ်တော့မတတ် ပြုံးဖြီးနေခဲ့သည်။
“ဒါရိုက်တာလီ၊ ကုကျစ်စုန့်ကို ဒီအစီအစဉ်မှာ လူစားထိုးအနေနဲ့ လက်ခံလိုက်တာက ဒါရိုက်တာရဲ့ ဘဝတစ်ခုလုံး လုပ်ခဲ့သမျှ ဆုံးဖြတ်ချက်တွေထဲက အကောင်းတကာ့ အကောင်းဆုံးပဲ!”
ကုကျစ်စုန့် ဤပြိုင်ပွဲသို့ ရောက်ရှိလာသည့်အချိန်မှစ၍ သူမသည်က ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ ပရိုဂရမ်အဖွဲ့တစ်ခုလုံးအား ကျော်လွှားနိုင်ခဲ့သည်။
သူမ၏ ထိပ်တန်းရှာဖွေမှုများနှင့် နာမည်ကျော်ကြားမှုတို့သည် ကျသွားသည်ဟူ၍ မရှိ၊ သူမ၏ အစီအစဉ်သည်လည်း အမြဲတစ်စေ လူပြည့်နေခဲ့သောကြောင့် သူတို့အတွက်ကတော့ အနိုင်ပြီးရင်း အနိုင်သာဖြစ်ပေသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကုကျစ်စု့န်ကတော့ ခဏတာ အိပ်စက်နေခဲ့ပြီးနောက် အိပ်ယာနိုးကာစအချိန်တွင်ပင် အစီအစဉ်စတင်လာခဲ့သည်။ သူမက အကြောဆန့်လိုက်ပြီးနောက် စကားစသည်။
“အစီအစဉ်ကတော့ အရင်ကအတိုင်းပဲ၊ ကြည့်ရှုသူတွေက ‘ပါဝင်မည်’ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး တိုက်ရိုက်ဆက်သွယ်မှုမှာ ပါဝင်လို့ရတယ်”
ယနေ့တွင် ကြည့်ရှုသူအမြောက်အမြားရှိနေသောကြောင့် ကုကျစ်စုန့်အား ပြောင်းပြန်လှန်နိုင်မည့် သက်သေအား လက်ဆုတ်ကိုင်ထားသည်ဟု တွေးထင်နေကြသည့် ‘black fan’များလည်း ရှိနေခဲ့သည်။
သူတို့အားလုံးသည်ကား မှတ်ချက်ဧရိယာတွင် ကုကျစ်စုန့် ဝယ်ယူထားသည့် ‘အိပ်မက်မက်သည်’ဆိုသော ရှာဖွေမှုအကြောင်းကို မေးခွန်းထုတ်နေကြသည်။
ခဏတာမျှ မှတ်ချက်ဧရိယာတစ်ခုလုံး ရပ်တန့်သွားပြီးနောက် မှတ်ချက်များအား ဆွဲ၍ ဖတ်မရတော့ပေ။
သူတို့က ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်အား ကြည့်ရုံသာ ကြည့်နေနိုင်သည်။
ထိုအချိန်သည် ‘အပြန်အလှန်ဆက်သွယ်ခြင်း’တွင် ပါဝင်ရန် အချိန်စေ့သွားချိန်နှင့် အကိုက်ဖြစ်နေခဲ့သည်။
ပုံမှန်အတိုင်းပင် ပါဝင်ကြသည့် ကြည့်ရှုသူ သန်းပေါင်းများစွာထဲမှ တစ်ယောက်သာ ရွေးချယ်ခံလိုက်ရပြီး အနိုင်ရသူဖြစ်လာခဲ့လေ၏။
ကုကျစ်စုန့်က ကြည့်ရှုသူ၏ နာမည်ပြောင်အား ရေရွတ်လိုက်သည်။
“ဒီမှာ ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ ရှိလား?”
အစီအစဉ်၏ အပိုင်းများစွာ ကြည့်ရှုပြီးဖြစ်နေသော ရွေးချယ်ခံရသူသည်က ချက်ချင်းပင် ကင်မရာကို ဖွင့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ကျွန်မ ဒီမှာပါ ကုတောက်ကျန့်၊ ဘုရားရေ၊ ငါတော့ ထီပေါက်တာပဲဟေ့! ညနေ ဟင်းချက်ပြီးလို့ရင် အပြင်ထွက်ပြီး ထီလက်မှတ်သွားဝယ်ဦးမယ်!!”
ရွေးချယ်ခံရသူသည်ကား တက်ကြွပျော်ရွှင်တတ်သည့် အမျိုးသမီးတစ်ဦးဖြစ်နေခဲ့သည်။ သူမက အင်မတန်ပျော်ရွှင်နေခဲ့ပြီး ကင်မရာရှေ့တွင်လည်း ရှက်ခြင်း၊ ရွံ့ခြင်း အလျဉ်းမရှိဘဲ စိတ်လှုပ်ရှားနေခဲ့လေသည်။
ယခင်ကြည့်ရှုသူများနှင့် မတူညီသည့်အချက်မှာ သူမသည်ကား တိုက်ရိုက်ထုတ်လွှင့်မှုတွင် တစ်ယောက်တည်းမဟုတ်ပေ။ သူမ၏လက်ထဲတွင် ချစ်စဖွယ်ကလေးငယ်လေးအား ချီထားခဲ့သည်!
ကလေးငယ်လေး၏ မိခင်ငယ်သည်က ကလေး၏ လက်လေးအား ကိုင်ကာ ကင်မရာဘက်သို့ လက်ရမ်းပြလိုက်သည်။
“လာပါ အကုန်လုံးကို နှုတ်ဆက်လိုက်ဦး”
မထင်မှတ်ထားစွာ ကလေးငယ်သည် နှုတ်ခမ်းလေးများမဲ့၍ ကင်မရာရှေ့တွင် အော်ငိုတော့သည်။ မိခင်ဖြစ်သူလည်း ချက်ချင်း တောင်းပန်စကားဆိုကာ ရှက်ရှက်ဖြင့် ကလေးငယ်အား ချော့မြူနေခဲ့သည်။
ကုကျစ်စုန့် ထိုအခြေအနေအား အသုံးချကာ မှတ်ချက်ဧရိယာသို့ ထပ်ကြည့်လိုက်သော်လည်း မှတ်ချက်ဧရိယာကတော့ ရပ်တန့်နေဆဲပင်။
သူမ ကင်မရာအနီးသို့ ကပ်လာပြီးနောက် မေးလိုက်သည်။
“ဒါက ရပ်နေတာလား?”
*