တိုက်ပွဲ စတင်ခြင်း
Vol. 8 Ch. 738
"ဆရာ ... ပြန်ရောက်လာပြီလား ... လျို့ဝှက်အဇူရာ ဂိုဏ်းချုပ်က ဆရာ့ကို တွေ့ချင်လို့တဲ့"
ချန်းဖန် တံခါးပိတ် ကျင့်ကြံခြင်း ပြီးဆုံး၍ လမ့်တိုင်မြို့သို့ ပြန်လည် ရောက်ရှိချိန်၌ ချီရှို့အာက သူ့အား အရေးတကြီး စောင့်ကြို နေခဲ့သည်။
"ကျင့်ကြံသူချန်း ... ကျုပ်တို့ ဂိုဏ်းချုပ်က သင့်ကို တွေ့ဖို့ ခွန်းဝူတောင်တန်းမှာ စောင့်နေပါတယ် ... သူက သင် အားရင် အလည်အပတ် လာခဲ့ဖို့ ကျုပ်ကို အကြောင်းကြားခိုင်း လိုက်ပါတယ်"
အဇူရာ ဝတ်စုံ ဝတ်ဆင်ထားသည့် မြေကမ္ဘာ အဆင့် တစ်ယောက်က ချန်းဖန် အနားသို့ ချည်းကပ်လာ၏။ ခန္ဓာကိုယ်မှ ဖြာထွက် နေသော စွမ်းအင်လှိုင်း အရ ထိုသူမှာ ဓားတန်ခိုးရှင် ချန်းဟယ်ထက် အားနည်းခြင်း မရှိချေ။
"ကောင်းပြီ ... "
ချန်းဖန်က တက်ကြွစွာပင် အဖြေပေး လိုက်သည်။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ ခွန်ရှု့ နယ်မြေ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်သည်။ သူ့အား အနိုင်ယူ လိုက်ပါက အခြားလူများအား တကူးတက လိုက်၍ သတိပေးစရာ မလိုတော့ချေ။ ထိုအရာက ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ကို ပစ်ခတ်ခြင်းလည်း မည်၏။
"နောက်တစ်လ ကြာရင် ငါ ခွန်းဝူတောင်တန်းကို အလည်လာခဲ့မယ်"
ထိုသတင်းက လျှင်မြန်စွာပင် ခွန်ရှု့ နယ်မြေ တစ်ခွင်အား ပျံ့နှံ့သွားသည်။ မကြာခင်မှာပင် ထိုသတင်းမှာ ရေပန်း အစားဆုံး သတင်းတစ်ခု ဖြစ်လာခဲ့၏။ လူတိုင်းမှာ ဖိတ်ခေါ်မှုကို ချန်းဖန် လက်ခံလိမ့်မည် ဟု လုံးဝ မထင်ထားကြချေ။
"သွားပြီး ကြည့်ရအောင် ... လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ဆင်နတ်ဘုရားရဲ့ စိန်ခန္ဓာကို ဓားနဲ့ ပိုင်းဖြတ်နိုင်ပြီးတဲ့နောက် ပေါ်မလာတာ နှစ်တစ်ရာ ရှိပြီ ... နောက်ပြီး ချန်းပေ့ရွှမ်းကလည်း သွားမစသင့်တဲ့ လူတစ်ယောက်ပဲ ... ဒီတိုက်ပွဲက ကြည့်ဖို့ ထိုက်တန်မှာ သေချာတယ်"
များစွာသော ဂိုဏ်းများ၊ တစ်ကိုယ်ဝောာ် ကျင့်ကြံသူများမှာ ခွန်းဝူတောင်တန်းသို့ စုစည်း ရောက်ရှိ လာကြ၏။ ထိုအချိန်၌ ချန်းဖန်မှာမူ တိတ်ဆိတ်သော နေရာ တစ်ခုကို ရှာဖွေကာ သူ၏ လတ်တလော အောင်မြင်မှုများကို ပြန်လည် သုံးသပ် နေခဲ့သည်။
"ငါ့မှာ ရှိသမျှ ဆေးတွေ ဝိညာဉ် ကျောက်တုံးတွေတော့ အကုန်လုံးကို ပြောင်ပြီ ... ထပ်ပြီး အဆင့်တက်ချင်ရင် ပစ္စည်းကောင်းလေးတွေ ရအောင် ရှာမှ ဖြစ်တော့မယ်"
ချန်းဖန်က ဖြူရော်စွာဖြင့် ပြုံးလိုက် မိ၏။ ကောင်းကင်ပန်းချီ ဆယ့်နှစ်ချပ်ကား အမှန်ပင် အကုန်အကျများလွန်းသော ကျင့်စဉ် ဖြစ်သည်။ သူ့အနေဖြင့် ကံကောင်းလွန်း သောကြောင့်သာ ပန်းချီဆယ့်နှစ်ခုမှ နှစ်ခုကို ကမ္ဘာတွင် အောင်မြင်အောင် ကျင့်ကြံ နိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒါပေမဲ့ ငါ့ရဲ့ ခွန်အားကလည်း ဝောာ်တော်လေးကို တိုးတက်လာတယ်"
ချန်းဖန်က လက်ကို မြောက်ရင်း လက်ဝါးအား ဖြန့်လိုက်သည်။ သေချာ ကြည့်ပါက သူ၏ အရေပြားအောက်၌ ရွှေရောင် အလင်းလုံးလေးများက ဖြတ်ပြေး နေသည်ကို တွေ့နိုင်သည်။ ထိုအရာမှာ ရွှေအမြုတေ အဆင့် ခန္ဓာ၏ အကြို လက္ခဏာများ ဖြစ်၏။
အကယ်၍ တစ်ကိုယ်လုံး ရွှေရောင်သို့ ပြောင်းလဲသွားပါက သူ့အနေဖြင့် နတ်ဘုရား ခန္ဓာ(ကောင်းကင်ခန္ဓာ) ၏ စွမ်းအား အပြည့်အဝကို ရရှိပြီဟု ဆိုနိုင်သည်။
"ခန္ဓာကိုယ် အပြင် ငါ့ရဲ့ နတ်ဘုရား ဝိညာဉ် အစစ်အမှန် အမတေနဲ့ ကျင့်ကြံခြင်း အဆင့်လည်း တိုးတက် လာသေးတယ် ... "
ချန်းဖန်က ကျေနပ်စွာဖြင့် ပြုံးလိုက်မိ၏။ ထိုတိုးတက်မှုများ အပြင် သူသည် လိန်ဟူ ကောင်းကင် သားရဲ၏ သွေးနှင့် နတ်ဘုရား စွမ်းအားကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်သည်။
လိန်ဟူ သားရဲသည် ရှေးဟောင်း သားရဲ တစ်ကောင် ဖြစ်ပြီး ခွန်ပန်ထက် အားနည်းခြင်း မရှိချေ။ သို့သော်လည်း ခွန်ပန် ကောင်းကင် သားရဲ၏ တည်ငြိမ်ပြီး ငြိမ်းချမ်းသော သဘာဝနှင့် ဆန့်ကျင်စွာပင် လိန်ဟူသားရဲမှာ အလွန် ဒေါသကြီးပြီး ရန်လိုသော သားရဲ ဖြစ်သည်။
"ကောင်းကင်ပြို ပန်းချီကို အောင်မြင် ပြီးပြီ ဆိုတော့ သံလိုက် အမတေ တောင်ကို သုံးပြီး မိုးကြိုးငါးခု ချိပ်တံဆိပ်ကို အဆင့်မြှင့်လို့ ရပြီ"
ချန်းဖန်သည် အနက်ရောင် သံလိုက် အမတေ တောင်ကို ခွန်းလွန် နတ်ဘုရား သင်္ချိုင်း တောင်ကြား အတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အခါကပင် သူသည် သံလိုက် အမတေ တောင်ကို အသုံးပြု၍ မိုးကြိုးငါးခု ချိပ်တံဆိပ်အား ဝိညာဥ် ရတနာ အဖြစ် အဆင့်မြှင့်တင်ရန် ဆုံးဖြတ် ထားခဲ့ခြင်း ဖြစ်၏။
"ဝှစ် ... "
ချန်းဖန်က ဓားအားဖြည့် ကျောက်မျက် အတွင်းမှ သံလိုက် အမတေ တောင်နှင့် မိုးကြိုးငါးခု ချိပ်တံဆိပ် တို့အား ဆင့်ခေါ် လိုက်၏။
မိုးကြိုငါးခု ချိပ်တံဆိပ်မှာ မိုးကြိုး အခြေခံ လက်နက် ဖြစ်ပြီး သံလိုက် အမတေ တောင်မှာလည်း မိုးကြိုးဒြပ်စင် ပစ္စည်း တစ်ခု ဖြစ်သည်။ ထို့အတူ ချန်းဖန်၏ လိန်ဟူ ကောင်းကင်သားရဲမှာလည်း မိုးကြိုးသားရဲ ဖြစ်ရာ လက်နက် မွမ်းမံရန်က အလုံးစုံ ပြည့်စုံပြီဟု ဆိုနိုင်သည်။
"ဘုန်း ... "
ပြန်လည် မွမ်းမံခြင်း ဖြစ်စဉ် စတင်သည်နှင့် လျှပ်စီးအလင်းများက ချန်းဖန်၏ မျက်လုံးမှ ထွက်ပေါ်ကာ ချိပ်တံဆိပ် အတွင်း စီးဝင် လေ၏။
"ဘုန်း ... "
ထို့နောက် ချန်းဖန်က ခရမ်းရောင် မိုးကြိုးဓားအား အပိုင်းပိုင်း အစစ အဖြစ် ချိုးချေကာ ချိပ်တံဆိပ်နှင့် ပေါင်းစပ် လိုက်သည်။
ဆယ်ရက် ကြာပြီးနောက် ...
ချန်းဖန်မှာ နောင်တရသော မျက်နှာဖြင့် လမ့်တိုင်မြို့သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ ဝိညာဉ် ရတနာ ဖန်တီးခြင်းကား ရွှေအမြုတေ အဆင့်များ အတွက်ပင် အလွန် ခက်ခဲသော အရာ တစ်ခု ဖြစ်၏။ ချန်းဖန်သည် မိုးကြိုး ငါးခု ချိပ်တံဆိပ်ကို တစ်ဝက် တစ်ပျက် ဝိညာဉ် ရတနာ အဖြစ်သာ အဆင့်မြှင့် နိုင်ခဲ့သည်။
"ဒါပေမဲ့ ဒီတစ်ဝက်တစ်ပျက် ရတနာက ခရမ်းရောင် မိုးကြိုးဓားထက် အများကြီး ပိုပြီး အစွမ်းထက်တယ် ... အဲဒါက ဝိညာဉ် ရတနာ ဖြစ်လု နီးနီးပဲ"
ချန်းဖန်က အကောင်းဘက်မှ တွေးရင်း စိတ်အား ပြန်လည် ဖြေသိမ့်လိုက်သည်။
***
ခွန်းဝူတောင်တန်း ...
ခွန်းဝူတောင်တန်းကား ခွန်ရှု့ နယ်မြေတွင် အလွန် ကျော်ကြားသော နေရာတစ်ခု ဖြစ်သည်။ ဒဏ္ဍာရီများ အရဆိုလျှင် ခွန်းဝူ နတ်ဘုရားသည် သူ၏ ဓားအား မြှောက်ကာ ခုတ်ပိုင်း၍ ခွန်ရှု့ နယ်မြေနှင့် ဒေါသနဂါး မြစ်အား ဖန်တီးခဲ့သည် ဟူသော အဆို ရှိ၏။
"အဲဒီဓားက နောက်ပိုင်းမှာ ခွန်းဝူတောင်တန်း ဖြစ်သွားခဲ့တာတဲ့"
ချီချင်းဝေ့က ချန်းဖန်အား စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။ ချန်းဖန်တို့ အဖွဲ့သည် လှေတစ်စင်းကို ငှား၍ ဒေါသနဂါးမြစ်ကြောင်း တစ်လျှောက် ဆန်တက်ရင်း ခွန်းဝူ တောင်တန်း ရှိရာသို့ ခရီးနှင် လာခဲ့ခြင်း ဖြစ်သည်။
"ဟမ့် ... အဲဒါတွေက ယုံတမ်း ဒဏ္ဍာရီတွေပဲ ဟာကို ... ခွန်ရှု့ နယ်မြေက အစောတည်းက သူ့ဘာသာသူ ဖြစ်နေတာ ... နောက်ပြီး ဒေါသ နဂါးမြစ်ကို ဓားနဲ့ခုတ်ပြီး ဖန်တီးနိုင်ရအောင် အဲဒီ ခွန်းဝူ နတ်ဘုရားက ဘယ်လောက် ကြီးနေတာ မလို့လဲ"
တောင်ပိုင်းနိုင်ငံ မင်းသမီးလေးက နှာခေါင်းရှုံ့ လိုက်၏။ ချီရှို့အာကမူ တိတ်ဆိတ်စွာသာ နားထောင် နေခဲ့သည်။ သူမသည် ထိုကဲ့သို့ ပုံပြင် ဒဏ္ဍာရီများအား နားထောင်ရသည်ကို အလွန်ပင် နှစ်သက်၏။
"ဟူး ... ဟူး ... "
ရေပြင်ထက်၌ လေပြည်သည် ညင်သာစွာ တိုက်ခတ်နေသည်။ ချန်းဖန်သည် လှေဦးထိပ်တွင် ရပ်ရင်း အဝေးရှိ တောင်တန်းအား ငေးမောကြည့် နေခဲ့၏။ ချီချင်းဝေ့ ပြောသည့် ခွန်ရှု့နယ်မြေ ဒဏ္ဍာရီမှာ ယုံတမ်း မဟုတ်ကြောင်း သူ ကောင်းစွာ သိသည်။
အတိတ်ဘဝ၌ သူကိုယ်တိုင်ပင် ကြီးမားသည့် ကမ္ဘာကြီးများအား ဖန်တီးနိုင်သည့် လူတစ်ယောက် ဖြစ်ခဲ့သည်။ ခွန်ရှု့ နယ်မြေ ကဲ့သို့ ကမ္ဘာငယ်လေးက စာပင် မဖွဲ့လောက်ချေ။ ခွန်ပန်တစ်ကောင်၏ ခန္ဓာကိုယ်ပင် ဂလက်စီ (ကြယ်အစုအဝေး) တစ်ခုလောက် ကြီးမားကာ နေတစ်စင်းလား အလွယ်တကူ ဝါးမြိုပစ်နိုင်သည်။
"ခွန်းဝူနတ်ဘုရားက အခြေတည် ဝိညာဉ် အဆင့် ဒါမှမဟုတ် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် မဟာကျင့်ကြံသူ တစ်ယောက် ဖြစ်ရမယ် ... မဟာ ကျင့်ကြံသူတွေက ထာဝရ အသက်ရှင်နိုင်တယ် ဆိုတော့ သူက အခုထိတောင် အသက်ရှင် နေနိုင်သေးတယ်"
ချန်းဖန်က တွေးရင်း မျက်မှောင်ကြုတ် လိုက်၏။ ထိုအချိန်၌ များစွာသော လူများမှာလည်း ခွန်းဝူတောင်တန်းသို့ တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။ သူတို့အထဲမှ အများစုမှာ ချန်းဖန်တို့ ကဲ့သို့ပင် ရေလမ်း ခရီးကိုသာ ရွေးခြယ် ကြသည်။
"ချန်းပေ့ရွှမ်း ရောက်လာပြီ ... "
မကြာခင် ထိုသတင်းက ဒေါသနဂါးမြစ် အတွင်းရှိ ကျင့်ကြံသူများ အကြား၌ ပျံ့နှံ့ သွားသည်။
"အဲဒါက ချန်းပေ့ရွှမ်းလား ... သူပုံစြံ ရိုရိုး လူငယ် တစ်ယောက်လိုပဲနော် ... ရုပ်ကတော့ အရမ်း ချောတယ်"
ဆယ်မီတာခန့် ရှည်သော အနက်ရောင် လှေအတွင်းမှ မိန်းကလေး တစ်ယောက်က ချန်းဖန်အား လက်ညိုးထိုးကာ ပြောလိုက်သည်။
"စကားကို သတိထားပြီးပြော ယွင်မို ... အရှင်ချန်းက သွားစလို့ ရတဲ့သူ မဟုတ်ဘူး ... သူက ငါတို့ ရေနက်ဂိုဏ်း တစ်ခုလုံးကို လက်တစ်ချောင်းတည်းနဲ့ ရှင်းပစ်နိုင်တယ် ... မင်း ဆရာဦးလေး သေမျိုး ကမ္ဘာမှာ သေပြီးတဲ့ နောက်ပိုင်း ငါတို့ဂိုဏ်းက နှိမ့်ချပြီး နေမှ ဖြစ်မယ်"
သူမ၏ ဘေးရှိ အဘိုးအိုက မာန်မဲ လိုက်သည်။
"ဟုတ်ကဲ့ပါ ... ဆရာ ... "
မိန်းကလေးက ခေါင်းညိတ် လိုက်၏။ သူမ၏ စိတ်အစဥ်ကမူ သေမျိုး ကမ္ဘာ၌ အသတ်ခံ လိုက်ရသော အချစ်ဆုံး သူငယ်ချင်းလေး ရှောင်ဝူထံသို့ ပျံ့လွင့် သွားခဲ့သည်။ မရေမတွက်နိုင်သော လူများက ရိုးရှင်းသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်အား ခံစားချက် မျိုးစုံဖြင့် ကြည့်နေကြ၏။
များစွာသော ဂိုဏ်းချုပ်များကမူ မနာလိုမှုအား ခံစားနေရသည်။ သူတို့သည် မြေကမ္ဘာ အဆင့်ကို ရောက်ရှိရန် နှစ်ရာချီ၍ ကျင့်ကြံခဲ့ရသည်။ သို့သော်လည်း ထိုကောင်လေးကမူ အသက် နှစ်ဆယ် အရွယ်ဖြင့်ပင် ခွန်ရှု့ နယ်မြေ၏ အထွတ်အထိပ် နေရာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လေသည်။
"သူသာ ဒီတိုက်ပွဲကို နိုင်ခဲ့ရင် ခွန်ရှု့ နယ်မြေ တစ်ခုလုံးကို နောက် နှစ်ငါးရာ အထိ စိုးမိုးနိုင်မှာ သေချာတယ်"
အနီရောင် ဖုန်မှုန့်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဆိုလိုက်၏။
"ဟုတ်တယ် ... "
သူ၏ အနားရှိ လူများက ခေါင်းညိတ် လိုက်ကြသည်။ ချန်းဖန် တောင်ခြေသို့ ရောက်ရှိလာသည့် အချိန်တိုင် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ ပေါ်မလာခဲ့သေးချေ။ ထို့ကြောင့် ချန်းဖန်က ကျောက်တုံး တစ်ခုပေါ်တွင် ထိုင်ရင်း စောင့်လိုက်၏။ အခြားသော လူများကလည်း သူနှင့် အတူ စိတ်ရှည်စွာ စောင့်ကြသည်။
"ဟူး ... ဟူး ... "
မကြာခင်မှာပင် မိုးကုပ်စက်ဝိုင်း၌ တောက်ပသော အလင်းရောင် တစ်ခု ပေါ်ထွက် လာ၏။ တဖြည်းဖြည်း နီးကပ်လာသည်နှင့် ထိုအလင်းမှာ ကျောက်မျက် ရတနာများ စီခြယ်ထားသော သင်္ဘောပျံကြီး တစ်စင်း ဖြစ်ကြောင်း လူတိုင်း တွေ့လိုက်ရ၏။
"အဲဒါ အဖေ ... အဖေ ရောက်လာပြီ"
တောင်ပိုင်းနိုင်ငံ မင်းသမီးလေးက လက်ညိုးထိုးရင်း အော်ဟစ် လိုက်သည်။
"ဟူး ... ဟူး ... "
သင်္ဘောပျံ အတွင်းမှ ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူကြီး ခန့်ညားစွာ ထွက်ပေါ်လာသည်။ သူ၏ လက်တစ်ဖက် တစ်ချက်က လှပသော မိန်းမပျိုလေး နှစ်ယောက်အား ဖက်ထား၏။ သူကား တောင်ပိုင်းနိုင်ငံ၏ အုပ်ချုပ်သူ ဘုရင် "မီးဝိညာဉ် ဧကရာဇ်" ပင် ဖြစ်သည်။
မီးဝိညာဉ် ဧကရာဇ်က ချန်းဖန်အား တွေ့သည်နှင့် ကျယ်လောင်စွာ ရယ်မောရင်း နှုတ်ဆက်လိုက်သည်။
"သမက်လေး ... "
မီးဝိညာဉ် ဧကရာဇ်မှာ ချန်းဖန်က သူ၏ သမီးကို လက်ထပ်ထားသည့် အလား ရင်းနှီးစွာ ပြောဆို ဆက်ဆံနေ၏။ သူက သင်္ဘောထက်ရှိ မိန်းမလှလေးများကို မျက်စ ပစ်ပြရင်း ချန်းဖန်အား သင်္ဘောပေါ်သို့ လာရောက်ရန်ပင် ဖိတ်ခေါ်နေသေးသည်။ သို့သော်လည်း ချန်းဖန်က ပြတ်သားစွာပင် ငြင်းဆိုခဲ့၏။
"ဟမ့် ... ပန်းသီးက သစ်ကိုင်းကနေ ကြွေမကျဘူးပဲ"
ချီချင်းဝေ့က ကြိတ်၍ နှာခေါင်းရှုံ့ လိုက်မိသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
ထိုအချိန်မှာပင် ကောင်းကင်၌ အလင်းတန်း ခုနစ်ခု လင်းလက်ကာ ခွန်ရှု့တောင်ထက်သို့ ကျရောက်လာ၏။ လူတိုင်းက မျှော်လင့်တကြီးဖြင့် ထိုအလင်းတန်းများအား ကြည့်လိုက်ကြသည်။ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းကား ရောက်ရှိ လာခဲ့ ချေပြီ။ တိုက်ပွဲကား မကြာခင် စတင် ပေတော့မည်။
***