( ပုတ်သင်ညိုလေးတဲ့လား? ဗီလိန်ဘော့စ်အရွယ် သားရဲကြီးကိုများ)
Vol. 8 Ch. 112
မဟာမြို့တော်ရဲ့ လမ်းကြားက ပျင်းဖို့ကောင်းလွန်းသည်။ ထိုပျင်းစရာ လမ်းကြားထဲမှာသာ ထပ်နေရရင် တစ်နေ့လုံးကို ဘယ်အသင့်စားခေါက်ဆွဲက ပိုကောင်းလဲ ထိုင်ငြင်းနေတဲ့ ထိုပျင်းစရာ အဘိုးအိုကြီးတွေထဲက တစ်ယောက်အဖြစ် ပြောင်းသွားနိုင်သည်။
သေချာပေါက် သူကတော့ အမဲသားအရသာ အချိုရဲ့ ပရိတ်သတ်ပဲပေါ့။
ဆိုင်တံခါးပေါက်မှာ မိနစ်အနည်းငယ်ကြာသည်အထိ ရပ်ပြီးနောက်မှာတော့ လက်ထဲက အာလူးကြော်ထုပ်ကို ဖောက်လိုက်လေပြီ။
ကျွတ် ဂျွတ်!
တစ်ကျွတ်ကျွတ် အသံလေးကိုက နားထောင်ရတာ ကျေနပ်ဖွယ်ပင်။
“ ဟမ်း”
“ ကောင်းတယ်” ထျန်းလု စားနေရင်းနဲ့ ရေရွတ်လိုက်သည်။
သူ ပူပြင်းနေတဲ့ လမ်းကြားထဲကို တစ်ချက် စိုက်ကြည့်လိုက်သည်။ မြေပြင်မှ အပူတွေ ခပ်ဖြည်းဖြည်း ထိုးထွက်နေပုံပင်။
အရမ်းကို တိတ်ဆိတ်တဲ့ မနက်စာတစ်ခုပဲ။
ဒါပေမဲ့ သူ နောက်တစ်ခု ယူတော့မဲ့ အချိန်မှာပဲ..
သူ့ရဲ့ခြေထောက်အောက်မှာ အနည်းငယ် တုန်ယင်နေသည်။
ထျန်းလု ချက်ချင်းပဲ စားနေတာ ရပ်သွားသည်။
သူ့ရဲ့အကြည့်တွေ စူးရှလာ၏။
နောက်ထပ် အသံတစ်ခုပဲ..
လျင်မြန်တဲ့ ခြေသံတွေနဲ့အတူ ဆူညံတွေပါ လိုက်ပါလာခဲ့သည်။
“ရပ်လိုက်! ငါနင့်ကို ရပ်လို့ပြောနေတယ်!”
လမ်းမကြီးကနေ မိန်းကလေးတစ်ယောက်ရဲ့ ခပ်စူးစူး အသံတစ်ခု ထွက်ပေါ်လာသည်။
ထျန်းလု အသံလာရာဘက်ကို လှည့်ကြည့်လိုက်သည်။.
မြင်ကွင်းထဲကို ကလေးမလေး တစ်ယောက် ဝင်ရောက်လာသည်။ လမ်းကြားထဲသို့ ဒယိမ်းဒယိုင် ပြေးဝင်လာနေတဲ့သူမရဲ့ နောက်တွင် ဖုန်မှုန့်တွေ လှိုင်းထနေသည်။
သူမရဲ့အရှေ့တွင် သားရဲကြီးတစ်ကောင်က တစ်ရှိန်ထိုးပြေးနေ၏။
သားရဲရဲ့ လိမ္မော်ရောင် မျက်လုံးတွင် အရိုင်းဆန်တဲ့ ပျော်ရွှင်မှုတွေ ခုန်ပေါက်နေပုံပဲ။
လေးဘက်ထောက် ပြေးလာနေတဲ့ သားရဲကောင်ရဲ့ခန္ဓာကိုယ်သည် ကြီးမားပြီး ပုကွကွနှင့်ပင်။
ကြေးနီရောင်ထနေတဲ့ သူ့ရဲ့ ချော်ရည်ကြေးခွံများတွင် အပူဓာတ်တစ်ချို့ ထုတ်လွှတ်နေသည်။
ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေသော လိမ္မော်ရောင် မျက်လုံးတောက်တောက်များက အရှေ့အနောက် ပြေးနေရင်း ပတ်ဝန်းကျင်က အရာတွေကို ရှာဖွေနေဟန်ရှိသည်။
ကျယ်လောင်နေတဲ့ ပါးစပ်ကြီးက ပွင့်ဟလို့..။
ဆောင်းရာသီမှာ အအေးငွေ့ထုတ်မိကြသလိုမျိုး သူ့ရဲ့ နှာခေါင်းပေါက်ကနေ အပူအငွေ့လုံးကြီး ထွက်နေသည်။
သူ့ရဲ့ ခပ်တိုတို အမြှီးက လမ်းကြားထဲ ဝင်လာချိန်မှာ နံရံနဲ့ရိုက်မိသွားသည်။ တစ်ချက် ရိုက်လိုက်ရုံနဲ့တင်းပုတ်နဲ့ ရိုက်လိုက်သလိုမျိုး နံရံကနေ အုတ်စတွေ ပျံထွက်လာ၏။
“ ပုတ်သင်ညိုလေး!”
ကောင်မလေးက မြေပြင်ပေါ်မှာ ခြေထောက်ကာ အားပြုရင်း အော်ခေါ်လိုက်သည်။
“ နင် ဘယ်သွားနေတာတုန်း?! အဲ့ဒါ ဈေးမဟုတ်ဘူးလို့!”
ပုတ်သင်ညိုကောင်က တိုးဖျော့တဲ့အသံသာ ထုတ်ပေးသည်။ ရယ်သံလဲဖြစ်နိုင်သည်။
ထို့နောက်မှာ အရှိန်ပိုတင်တော့သည်။ ပုတ်သင်ညိုကောင်ကို သူမက ကြိုးနဲ့ ဆွဲထားသည်ဖြစ်ရာ အရှိန်ပိုတင်လိုက်သည်နဲ့ လေပြင်းမုန်တိုင်းထဲ စွန်တစ်ခု ဝဲပျံသွားသလို ထိုကောင်မလေး လိုက်ပါလာရပြီ။
“ နေအုံး နေအုံးနေအုံး!”
“ ငါ့ဖိနပ်တွေက ပြေးလို့မရဘူးလို့!”
နောက်ထပ် နှစ်မီတာလောက်ထိ ဆွဲပါခံရတာကြောင့် သူမရဲ့ခြေထောက်တွေက တစ်ဝက်အရည်ပျော်သွားတဲ့ မြေကြီးထဲ ချိုင့်တစ်ခုလို ဖြစ်ပေါ်စေခဲ့ပြီပင်။
ထျန်းလု မျက်မှောင်ပင် ကြုတ်မိသွားသည်။
ဒီကောင်မလေး မနာဘူးလား?
ထိုအကြမ်းပတမ်း ရွှေ့လျားမှုကြောင့် သူမ အနောက်ရှိ အဖြူရောင် ကျစ်ဆံမြှီးရှည်က နဖူးကိုပင် အရှိန်နဲ့ရိုက်မိသွားသည်။
သူမက အရွယ်ငယ်ပြီး အရပ်ရှည်ပုံပေါက်သည်။ ဒါပေမဲ့ သူမရဲ့ လှုပ်ရှားမှုတွေက တွေးတောပြီး လုပ်နေရဟန်မရှိပေ။ အကုန်အလောတကြီး ဖြစ်နေသည်။
ပူပြင်းလှတဲ့ လိမ္မော်ရောင် ကောင်းကင်ကြီးအောက်မှာ အီဘိုမီရဲ့ အသားအရောင်က ချွေးများဖြင့် လက်ထနေခဲ့ပြီ။
တစ်ဝက်ဇစ်တပ်ထားတဲ့ သားရေဂျပ်ကတ်ကို သူမက လက်ခေါက်ရင်း ဝတ်ထား၏။ ဘောင်းဘီအစကို ဖိနပ်ရှည်ထဲ ထည့်ထားသည်ကြောင့် သူမရဲ့ပုံစံက သပ်သပ်ရပ်ရပ်ပင်။
ပေါက်သင်ညိုက ထျန်းလုအရှေ့က မီတာအနည်းငယ် အကွာမှာ ရပ်လိုက်သည်။ လေးလံလှတဲ့သက်ပြင်းချသံနဲ့အတူ အရှိန်က တစ်ဖြည်းဖြည်း နှေးသွားပြီးမှ နှာတစ်ချက် မှုတ်လိုက်သည်။
ထို့နောက်မှာ ထိုင်ချလိုက်တော့၏။
မြေကြီးပေါ်မှာ ဧရာမခွေးကြီး ထိုင်ချနေသကဲ့သို့ပင်။
ကောင်မလေးလဲ ပင်ပန်းစွာ ထိုသားရဲရဲ့ ဘေးမှ ဒူးထောက်ကျသွားသည်။ ပုတ်သင်ညိုကောင်ကို စိုက်ကြည့်ပြီးမှ သူမကိုယ်ပေါ်က ဖုန်တွေကို ခါလိုက်ရင်း
“ ပုတ်သင်ညိုလေး ငါနင့်ကို မပြောထားဘူးလား? ငါဒီနေ့ မပြေးဘူးဆိုတာကို!”
ပုတ်သင်ညိုက မျက်တောင်တစ်ချက် ခတ်သည်။
သူ့ရဲ့ နှာခေါင်းပေါက်က လှုပ်ရှားသွားသည်။ မျက်လုံးတွေက ထျန်းလုရဲ့ အာလူးကြော်ထုပ်ပေါ်ကို ကျရောက်သွားလေ၏။
“ မရဘူးနော်!”
ထိုကောင်မလေး ကိုယ့်စိတ်ဝိညာဥ်သားရဲရဲ့ ခေါင်းထဲက အတွေးတွေကို သိစွာနဲ့ သတိပေးရတော့သည်။
သူမရဲ့ မျက်လုံးတွေ ပြူးလာရပြီ။
ထျန်းလုကတော့ ကောင်မလေးကို ကြည့်ပြီးနောက်မှာ ပုတ်သင်ညိုကောင်ကို ကြည့်လိုက်လေ၏။
ပုတ်သင်ညိုလေးတဲ့လား? ဒါကြီးက ဘယ်နားက ‘လေး’ သွားတာလဲ?
တစ်ထိုင်ထဲနဲ့ ကလေးနှစ်ယောက်လောက်ကို မြိုချလို့ရလောက်တဲ့ ခန္ဓာကိုယ်ကြီးကိုများ…။
ပုတ်သင်ညိုကောင်ရဲ့ ပြင်းပြတဲ့ အကြည့်တွေက အာလူးကြော်ထုတ်မှာ ကပ်ညှိနေဆဲပဲ။ အနံ့ခံနေရင်းနဲ့ နှာခေါင်းပေါက်က ပိုပိုကျယ်လာတော့၏။
‘ အာလူးကြော်ကို ကြည့်နေတာလားဟ?’
ထျန်းလု အနည်းငယ်ပင် ဂုဏ်ယူမိသွားသည်။ ဒါက ဆိုင်ရဲ့ စားလို့အကောင်းဆုံး အစားအသောက်ပဲလေ။
‘ အင်း ဒီစိတ်ဝိညာဥ်သားရဲရဲ့ အရသာခံနိုင်စွမ်းက မဆိုးဘူး’
ထျန်းလု ပြောလိုက်သည်။
“ ဒါက” “စားကောင်းတယ်” “ ကလေးမ”
ထိုကောင်မလေး မထင်ထားတဲ့ စကားကြောင့် မျက်တောင်တစ်ဖြတ်ဖြတ် ခတ်သွားကာ
“ကလေးမ?! ငါကနင့်ထက် ကြီးရင်ကြီးအုံး..”
သူမရဲ့ စကားတောင် မဆုံးသေးဘူး။ ထျန်းလုက ရက်ရက်ရောရောနဲ့ အာလူးကြော် လက်တစ်ဆုပ်ယူကာ ပုတ်သင်ညိုကောင်ကို ပစ်ကျွေးလိုက်သည်။
ပုတ်သင်ညိုတို့က ဒါမျိုးကို လက်နှေးမခံပေ။
အာလူးကြော်ရဲ့အပြားတွေ လေပေါ်ဝဲတာ မြင်တာနဲ့ သူ့ရဲ့ခန္ဓာကိုယ်က စိတ်လှုပ်ရှားစွာ တုန်ယင်သွားသည်။ အလွန်လျင်မြန်တဲ့ အရှိန်နဲ့ခုန်လိုက်ချိန်မှာ အမြှီးတုတ်တုတ်ကလဲ လှုတ်ယမ်းနေလေ၏။
ဒီလောက်ကြီးမားတဲ့ အကောင်ကြီးအတွက် မထင်ထားလောက်အောင် အလွန်လျင်မြန်တဲ့ အရှိန်ပင်။ သူ့ရဲ့ပါးစပ်ကလဲ တစ်ခါထဲ ဖွင့်ရက်ပဲ။
ကျွတ်!
အာလူးကြော် အပိုင်းသေးသေးလေးတောင် အောက်ကျမခံဘဲ အကုန်ပါးစပ်ထဲ ထည့်ပစ်လိုက်သည်။
ဒီကောင်ကြီးက ဝါးတောင်မဝါးဘဲ အကုန် မြိုချတာပင်။.မျက်နှာထက်မှာ မဖုံးကွယ်နိုင်တဲ့ ကျေနပ်မှုကြီးများဖြင့်…။
‘ ဒီစိတ်ဝိညာဥ်သားရဲက ပုတ်သင်ညိုကော ဟုတ်ရဲ့လား?’
ထိုသားရဲရဲ့ လျင်မြန်တဲ့ အစွမ်းကိုကြည့်ကာ ထျန်းလု တွေးမိသွားသည်။
‘လုံးဝကို မတူညီတဲ့ အကောင်တစ်ကောင် အဖြစ် ပြောင်းသွားသလိုပဲ’
“အာ…ဘယ်လိုတောင်လား?”
ကောင်မလေး မျက်လုံးများပင် ပွတ်သပ်လိုက်ရပြီးမှ မျက်တောင်ခတ်မိပြန်သည်။
သူမရဲ့ စိတ်ဝိညာဥ်သားရဲက အခုချိန်မှာ နေရာမှာ ထိုင်မြဲအတိုင်း ထိုင်နေရင်း တစ်ကိုယ်လုံးလဲ အနည်းငယ် တုန်နေဟန်ရှိသည်။
ထျန်းလုရဲ့ လက်ထဲက အာလူးကြော်ထုပ်ကို သားကောင်တစ်ကောင်ကို ကြည့်နေသည့်အတိုင်း ကြည့်ရင်း ထုတ်ညည်းလိုက်၏။ သူ့ရဲ့ အခုတစ်ခေါက် တောင်းဆိုမှုက ပိုဒရာမာဆန်လေသည်။
ထိုကောင်မလေးက ထျန်းလုရဲ့ရှေ့သွားရပ်ရင်း
“ ငါ့ပုတ်သင်ညိုလေးကို နင်ဘာကျွေးလိုက်တာလဲ?”
ထျန်းလုက အာလူးကြော်ကို ခပ်ဖြည်းဖြည်း ဝါးနေရင်း ပြန်ဖြေသည်။
“အာလူးကြော်”
ထိုကောင်မလေးက စိုက်ကြည့်နေဆဲပဲ။
“အာလူး…ကြော်?”
သူမ လိုက်ပြောလိုက်မိသည်။
သူမ အခုကြားလိုက်ရတဲ့ စကားလုံးကို လုံးဝ မသိနေဘူး။
တစ်ဘဝလုံးမှာ ကြားဖူးခဲ့တဲ့ အရာမဟုတ်ဘူး။
ဒီလူ ပါးစပ်ထဲလာတဲ့ နာမည် ပြောနေတာလား?
'ဒါက..အစားအသောက်ကော ဟုတ်ရဲ့လား?’
“အဲ့ဒါဘာကြီးလဲ?” သူမ မေးရပြီ။
“ စားစရာ”
ထျန်းလုက လက်နှစ်ဖက်ကို ခါလိုက်ရင်း ပြန်ဖြေသည်။
“ စားစရာဟုတ်လား?”
သူမထပ်ပြီး ကိုယ့်သားရဲကိုယ် ပြန်လှည့်ကြည့်မိပြန်သည်။
ပုတ်သင်ညိုလေးရဲ့ ခန္ဓာကိုယ်က ဝပ်နေဆဲပဲ။ အမြှီးလေးတစ်ယမ်းယမ်းနဲ့ သခင်ရဲ့ အချက်ပြမှုကို စောင့်နေသည့်နှယ်။
သံသယ ဖြစ်စရာမလိုတော့ဘူး။ ဒီကောင် အာလူးကြော်ကို ကြိုက်နေတာပဲ။
သေလောက်အောင် ကြိုက်နေတာ ဖြစ်နိုင်သည်။
သူမ အာလူးကြော်ထုပ်ကို ခေါင်းစောင်း ကြည့်မိသွားသည်။
အဆင်ပြေလောက်မှာပါ။
အကယ်လို့ အန္တရယ်များတဲ့ အစားအသောက်ဆိုရင် ပုတ်သင်ညိုလေးက တောင်းဆိုပါ့မလား?
အရင်တစ်ခေါက်က ကျိန်စာသင့် ချော်ရည်သစ်သီး အပုံလိုက်ကြီး စာမိခဲ့တာတောင်မှ ပုတ်သင်ညိုလေးက နှာပဲချေခဲ့တာလေ။
ဒါကလား?
ဒီလောက်နဲ့ ပုတ်သင်ညိုလေး ဘာမှဖြစ်မှာ မဟုတ်ဘူး။
“ ဒါဘယ်က ဝယ်တာလဲ?”
သူမ မေးလိုက်တော့သည်။
ဒီပုံစံကိုကြည့်ရသလောက် ဝိညာဥ်မီးတောက် မြို့တော်က ဖြစ်တန်ချေ မရှိဘူး။ အရင်က ဈေးမှာလဲ မမြင်ဖူးခဲ့ဘူး။
ပြီးတော့ အဲ့ဒီထူးဆန်းတဲ့ ထုတ်ပိုးပုံ… အဲ့ဒီ နာမည်.. အဲ့ဒီအနံ့…ဖြစ်နိုင်တာ တိုင်းတစ်ပါးကပဲ။
ပျော်ရည်ပြာ နယ်မြေကြီးရဲ့ အပြင်ဘက်က ဖြစ်ရမည်။
ပြီးတော့ ဒီလူလဲ တိုင်းတစ်ပါးက ဖြစ်နိုင်သည်။
သူ့ရဲ့ ပုံပန်းသွင်ပြင်က.. ဒေသခံနဲ့ တူမနေဘူး။ ပိုဝေးတဲ့နေရာက ဖြစ်နိုင်သည်။
စာစဉ်ပြီး၏