လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်နှင့် တိုက်ခိုက်ခြင်း
Vol. 8 Ch. 739
ဂိုဏ်းကြီး ခုနစ်ဂိုဏ်းသည် ခွန်ရှု့ နယ်မြေကို စိုးမိုးရာ သူတို့၏ ပေါ်လာမှုက များစွာသော လူများအား ကြောက်လန့်စေသည်။ အလင်းတန်း ခုနစ်သည် ခွန်းဝူ တောင်တန်း ပေါ်သို့ ကျရောက်သည်နှင့် မတူ ကွဲပြားသော ယောက်ျား၊ မိန်းမ ခုနစ်ယောက် အဖြစ် ပြောင်းလဲ သွား၏။
"ဟူး ... ဟူး ... ဟူး ... "
ထိုခုနစ်ယောက်၏ အလယ်၌ ရပ်နေသူကား အဇူရာ ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ယောက် ဖြစ်သည်။ သူ၏ အရောင်အဝါသည် ဘေးတစ်ဖက် တစ်ချက်ရှိ လူခြောက်ယောက်ထက် ပိုမို လင်းလက်ကာ တောက်ပနေ၏။ သူကား ခွန်ရှု့ နယ်မြေ၏ အုပ်ချုပ်သူ တစ်ဖြစ်လည်း လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ပင် ဖြစ်လေသည်။
"လျှို့ဝှက် အဇူရာဂိုဏ်းချုပ် ... "
"ဆင်နတ်ဘုရား ... "
"တိုင်ယင် နတ်သမီး ... "
"တရှီဂိုဏ်းချုပ် ... "
" ... "
"ဂိုဏ်းချုပ် လေးယောက်နဲ့ မဟာ အကြီးအကဲ သုံးယောက် ရောက်တာပဲ ... ဂိုဏ်းကြီး ခုနစ်ဂိုဏ်းက လူတွေ ခုလို မစုစည်းတာ အရမ်းကို ကြာနေပြီ"
တစ်ယောက်က အံ့ဩတကြီးဖြင့် ဆိုလိုက်သည်။ ထိုသူတော်စင် ခုနစ်ယောက်ကား ခွန်ရှု့ နယ်မြေ၏ အစွမ်း အထက်ဆုံး အင်အားစုများကို ကိုယ်စား ပြု၏။ သူတို့ ပေါင်းစပ်ထားသော အင်အားစုသည် မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို မဆို ဖျက်ဆီး ပစ်နိုင်သည်။
"ခွန်းဝူတောင်က လွန်ခဲ့တဲ့ ရာစုနှစ် ငါးခု လောက်က သာမန်တောင် တစ်လုံးပဲ ... ဒါပေမဲ့ လျှို့ဝှက် အဇူရာဂိုဏ်းချုပ် ပြိုင်ဘက်တွေ အားလုံးကို အနိုင်ယူခဲ့တဲ့ အချိန်က စပြီး အထွတ်အမြတ် နယ်မြေ တစ်ခု ဖြစ်လာခဲ့တယ်တဲ့ ... အခုဆိုရင် လွန်ခဲ့တဲ့ နှစ်သုံးရာလောက် ရှိခဲ့ပြီ"
အဘိုးအိုတစ်ဦးက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်အား လေးစား ကြည်ညိုစွာ ကြည့်ရင်း ဆိုလိုက်သည်။
"ဝှစ် ... "
အားလုံး၏ အကြည့်များ အောက်တွင်ပင် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က တောင်ထိပ် အမြင့်ဆုံး နေရာသို့ ပျံတက်ကာ ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ဒီကို ကြွပါ ... တန်ခိုးရှင် ဆရာချန်း"
များစွာသော လူများက သူတို့၏ အကြည့်များကို ချန်းဖန်ထံသို့ ပို့လွှတ် လိုက်ကြ၏။
"ဆရာ ... "
ချီရှို့အာက ချန်းဖန်အား ညင်သာစွာ ခေါ်လိုက်သည်။ သူမ၏ မျက်နှာက အနည်းငယ် ဖြူရော်၍ နေ၏။
"စိတ်မပူနဲ့ ... ခွန်ရှု့ နယ်မြေကို ဘယ်လို လွှမ်းမိုးရမယ် ဆိုတာ ဆရာ မင်းကို သင်ပြ ပေးမယ်"
ချန်းဖန်က ရယ်မောရင်း အင်္ကျီလက်အား တစ်ချက် ခါယမ်း လိုက်သည်။
"ဘုန်း ... "
ရုတ်တရက် ဒေါသနဂါးမြစ် အတွင်းမှ နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ ချန်းဖန်က ထိုနဂါး၏ နဖူးထက်၌ ထိုင်ရင်း တောင်ထိပ်သို့ တက်၏။
ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များ၊ မဟာ အကြီးအကဲများက ချန်းဖန်အား မျက်မှောင်ကြုတ်၍ ကြည့်ကြသည်။ ရေနဂါးအား ဆင့်ခေါ်ခဲ့သော စွမ်းအား အရ ထိုလူငယ်၏ စွမ်းအားမှာ သူတို့နှင့် မတိမ်းမယိမ်းတွင် ရှိနေကြောင်း သူတို့ အကဲခတ် လိုက်မိကြသည်။
"ငါ ဘာလို့ သူ့နာမည်ကို မကြားဖူးတာလဲ မသိဘူး ... သူ့လို ပါရမီရှင် လူငယ်မျိုးက ခွန်ရှု့ နယ်မြေမှာ အရမ်း ကျော်ကြားတဲ့လူ ဖြစ်နေရမှာ"
တရှီဂိုဏ်းချုပ်က ချန်းဖန်ကို ကြည့်ရင်း ဆိုလိုက်၏။ သူသည် ခပ်ပွပွ တာအို ဝတ်စုံကို ဝတ်ဆင်ထားကာ ဦးခေါင်း၌ ကျောင်းတော်သား ဦးထုပ်ကို ဆောင်းထားသည်။ သူ၏ ခြေထောက် အောက်တွင်မူ သေးငယ်သော နဂါးပျံ နှစ်ကောင် ရှိနေခဲ့သည်။
"သူ ဘယ်လောက်ပဲ အစွမ်းထက်ထက် ရွှမ်ဖုန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး ... "
တိုင်ယင် နတ်သမီးက အေးစက်စွာ ဆိုလိုက်သည်။
"အမှန်ပဲ ... ရွှမ်ဖုန်းက ခွန်ရှု့ နယ်မြေကို လွန်ခဲ့တဲ့ နှစ်သုံးရာက စပြီး လွှမ်းမိုး နိုင်ခဲ့တယ် ... နောက်ပြီး ဒီနှစ်သုံးရာ အတွင်း သူ ဘယ်လောက် အစွမ်းထက်လာ မလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး"
ဆင်နတ်ဘုရားကလည်း ခေါင်းညိတ် လိုက်သည်။ ရာစုနှစ်၏ တိုက်ပွဲကား မကြာခင် စတင် ချေတော့မည်။
"ဘုန်း ... "
တောင်ထိပ်သို့ ရောက်သည်နှင့် ရေနဂါးက ပေါက်ကွဲကာ အငွေ့ပျံ သွား၏။ ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း တောင်ထိပ်ထက်သို့ အေးဆေးစွာ ဆင်းသက် လာခဲ့သည်။
"ဟူး ... ဟူး ... "
တောင်ထိပ်သို့ ခြေချပြီးနောက် ချန်းဖန်သည် သူ့အား ကျောပေးကာ ရပ်နေသော လူ တစ်ယောက်အား တွေ့လိုက်ရသည်။ ခိုင်မာသော စွမ်းအင်များသည် ထိုလူ၏ ခြေထောက်မှ ထွက်ပေါ်ကာ ၎င်းနှင့် ခွန်းဝူ တောင်တန်း အကြား ဆက်သွယ် နေ၏။ သူကား လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ပင် ဖြစ်သည်။
"ချန်းပေ့ရွှမ်း ... သင် ဒီကို တကယ်ပဲ မလာခဲ့သင့်ဘူး ... "
လျှို့ဝှက် အဇူရာဂိုဏ်းချုပ်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဆိုလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်သုံးရာ အတွင်း စုစုပေါင်း ကျင့်ကြံသူ ကိုးယောက်ဟာ ဒီနေရာမှာ ငါနဲ့ မျက်နှာချင်းဆိုင် ရပ်ခဲ့ဖူးတယ် ... ဒါပေမဲ့ သူတို့ အထဲက နှစ်ယောက်ပဲ အသက်ရှင်လျက် ပြန်သွားနိုင် ခဲ့တယ် ... သင်က အရမ်းကို ငယ်သေးတယ် ... နောက် နှစ်တစ်ရာ အတွင်း ငါ့ရဲ့ ထိုက်တန်တဲ့ ပြိုက်ဘက် တစ်ယောက် ဖြစ်လာမှာ သေချာတယ်"
"ဟုတ်လား ... "
ချန်းဖန်က ထူးမခြားနားစွာပင် မေးလိုက်သည်။
"သင်က ဂိုဏ်းကြီးတွေကို စော်ကားခဲ့တာ ဆိုတော့ ငါ့မှာ သင့် အတွက် ရွေးချယ်စရာ နှစ်ခု ရှိတယ် ... တစ်ခုက လျှို့ဝှက် အဇူရာဂိုဏ်းက ဝင်ပြီး ငါနဲ့ ပူးပေါင်း မလား ... အခြား တစ်ခုက သေမလား"
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က အေးဆေးစွာ ဆိုလိုက်၏။ သူ၏ လေသံက ချန်းဖန်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သော တရားသူကြီး တစ်ယောက် အလား တည်ငြိမ် နေခဲ့သည်။
"ဒါက တိုက်ကြည့်ပြီးမှ သိရမှာပေါ့"
ချန်းဖန်က အနည်းငယ် ပြုံးလိုက်သည်။
"ခေါင်းမာတဲ့ အရူးလေးပဲ ... "
ရှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ခေါင်းအား ခါယမ်းလိုက်သည်။
"လူတွေက ခွန်းဝူတောင်တန်းကို ထူးဆန်းတဲ့ ပုံသဏ္ဌာန် ရှိတဲ့ သာမန် တောင်တစ်လုံးလို့ မြင်ကြတယ် ... ဒါပေမဲ့ အဲဒါက တကယ်ပဲ နတ်ဘုရား လက်နက် တစ်ခု ဆိုတာ ငါ ရှာဖွေ တွေ့ရှိခဲ့တယ်"
စကားဆုံးသည်နှင့် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ချန်းဖန်ဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်၏။
"ခရက် ... "
ရုတ်တရက် အလင်းတန်း နှစ်ခုက လျှို့ဝှက် အဇူရာဂိုဏ်းချုပ်၏ မျက်လုံးမှ ထွက်ပေါ်လာကာ လေထုအား အေးခဲ စေသည်။
"တစ်စုံတစ်ယောက်က အဲဒီလို ပုံစံမျိုးနဲ့ ငါ့ကို မပြောတာ နှစ်ပေါင်း သုံးရာကျော် ကြာခဲ့ပြီ ... ငါ တကယ်ပဲ သဘောကျတယ် ... ငါ သင့်ကို ကောင်းကောင်း သင်္ဂြိုလ်ပေးမယ်လို့ ကတိပေးတယ်"
လေထုသည် တိုက်ခတ်ခြင်းကို ရပ်တန့်၍ ညက်သာစွာ အေးခဲလာ၏။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကား အရာရာကို အမိန့်ပေးနိုင်သူ၏ အသွင်ဖြင့် ရပ်နေဆဲ ဖြစ်သည်။ သူ၏ အားအင်မှာ လေထု၏ မော်လီကျူးများ အတွင်းတွင် ကိန်းအောင်း နေပြီး နေရာတိုင်းတွင် စိုးမိုး တည်ရှိနေ၏။
ဒဏ္ဍာရီများ အရ ဆိုလျှင် ရွှေအမြုတေ အဆင့်များသည် သဘာဝကို ထိန်းချုပ် နိုင်ကြသည် ဟု ဆိုသည်။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်သည် ထိုအဆင့်ကို မရောက်သေးသည့်တိုင် အလွန် နီးကပ် နေခဲ့ပြီ ဖြစ်သည်။
"ရှေးဟောင်းမှတ်တမ်းတွေ အရဆို ကောင်းကင် တန်ခိုးရှင်တွေက သူတို့ရဲ့ ကိုယ်ပိုင် နယ်မြေမှာ ရှင်သန် နေနိုင်ကြတယ်တဲ့ ... အဲဒီ နယ်မြေ အတွင်းမှာ သူတို့က ပြိုင်ဘက်ကင်း ကြတယ် ... လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က အဲဒီလို အဆင့်ကို ရောက်ဖို့ အရမ်းကို နီးကပ်နေပြီပဲ ... ငါတို့ မယှဉ်နိုင်တော့ပါဘူး"
ဆင်နတ်ဘုရားက ဖြူရော်စွာဖြင့် ရေရွတ် လိုက်သည်။ တိုင်ယင် နတ်သမီးက အနည်းငယ် ပြုံးရင်း ချန်းဖန်အား ကြည့်လိုက်၏။ ထိုကောင်လေးကား မကြာခင် အသတ်ခံရမည် မှာ သေချာသည်။ သို့သော်လည်း အံ့အားသင့်စွာပင် ချန်းဖန်မှာ ရန်သူ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိချေ။ သူက အေးဆေးစွာပင် ပြုံးရင်း မေးလိုက်၏။
"မင်းလုပ်နိုင်တာ ကုန်ပြီလား ... "
"ဟမ် ... "
အံ့အားသင့်ခြင်းက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ မျက်နှာဖြင့် ရုတ်တရက် ဖြတ်ပြေး သွားသည်။ သူသည် ချန်းဖန်က သူ၏ ထိန်းချုပ်မှုမှ လွယ်ကူစွာ ရုန်းထွက် နိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
သို့သော်လည်း လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ အတွေ့အကြုံ ရင့်ကျက်သော မြေကမ္ဘာ နတ်ဘုရား တစ်ယောက် ဖြစ်ရာ တန့်သွားခြင်း မရှိချေ။ သူက ချက်ချင်းပင် လက်ကို ဝေ့ယမ်း၍ အခြား အစီအရင် တစ်ခုကို ခင်းကျင်း လိုက်သည်။
"ဖွဲ့စည်းစမ်း ... "
"ဘုန်း ... "
လေထုရှိ အေးခဲနေသော အမတေချီသည် ရုတ်တရက် ပိုမို သိပ်သည်းကာ လေးလံ လာ၏။ တစ်ချိန်တည်းတွင် တိုင်ယင် နတ်သမီး၏ မျက်လုံးများမှာလည်း ပိုမို၍ အေးစက်လာ၏။
သူမ၏ ယောက်ျားသည် အစစ်အမှန် စွမ်းအားကို ထုတ်ဖော်နေပြီ ဖြစ်ကြောင်း သူမ ကောင်းစွာ သိသည်။ လေထု၏ ဖိအားမှာ အလွန် ပြင်းထန်ရကား သာမန် မြေကမ္ဘာ အဆင့် တစ်ယောက်ပင် သွေးမှုန်များ အဖြစ် ပြောင်းလဲ သွားနိုင်သည်။ သို့သော်လည်း ထိုဖိအား၏ အောက်၌ ချန်းဖန်မှာ ပေါ့ပေါ့ပါးပါးပင် ရှိနေသေးသည်။ သူက လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ လေထုအား လွှဲယမ်း လိုက်၏။
"ပျက်စီးစမ်း ... "
"ခရက် ... "
ရုတ်တရက် မီတာ တစ်ရာခန့် ရှည်လျားသော ပိုးမျှင်တစ်ခု ချန်းဖန်၏ တစ်ဝိုက်၌ ပေါ်လာခဲ့၏။ ထိုပိုးမျှင်က သိမ်မွေ့စွာပင် လှုပ်ရှားကာ ဖိအားအား ဖျက်ဆီးသည်။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ မျက်နှာသည် လေးနက်၍ သွား၏။
ချန်းဖန်၏ တိုက်ခိုက်မှုသည် အားနည်းဟန် ရသော်လည်း ထိုပိုးမျှင်က သူဖန်တီးထားသည့် ဖိအားကို လွယ်ကူစွာပင် ချိုးဖျက် နိုင်ခဲ့သည်။ ထိုအရာက သူ၏ အစစ်အမှန် အမတေမှာ မည်မျှ အားကောင်းကြောင်း ဖော်ပြ နေခဲ့၏။
"အရမ်း ကောင်းတယ် ... "
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က အေးစက်စွာ ပြုံးလိုက်၏။
"ချန်းပေ့ရွှမ်း ... ငါ သင့်ကို အထင်သေး ခဲ့မိတာပဲ ... ကောင်းပြီလေ မင်းကို ငါ့ရဲ့ အစစ်အမှန် ခွန်အားကို ပြသရတာပေါ့"
ထို့နောက် သူက လက်တစ်ဖက်အား ဝေ့ယမ်း လိုက်သည်။
"ဓား လာစမ်း ... "
"ဝှစ် ... "
ရုတ်တရက် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ အင်္ကျီလက် အတွင်းမှ အဇူရာဓား တစ်စင်း ထွက်လာခဲ့၏။
"ဒီဓားကို မိုးသောက် အဇူရာဓား လို့ ခေါ်တယ် ... သူက ငါ့နံဘေးမှာ နှစ်ပေါင်း လေးရာ ငါးဆယ် နေထိုင်ခဲ့ပြီး ရန်သူပေါင်း တစ်ရာ ခုနစ်ဆယ့် လေးယောက်ရဲ့ အသက်တွေကို နှုတ်ယူ နိုင်ခဲ့တယ်"
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ဓားအား လက်ဖြင့် အသာအယာ ဖမ်းဆုပ်ရင်း ဆိုလိုက်သည်။
"စကားများ မနေနဲ့ ... စပြီး တိုက်ခိုက်တော့ ... "
သို့သော်လည်း ချန်းဖန်က ထိုအရာကို ဂရုစိုက်ခြင်း မရှိဘဲ မောက်မာစွာဖြင့် စိန်ခေါ်လိုက်၏။
"ကောင်းပြီလေ ... "
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က နှုတ်ခမ်းတွန့်ကာ ပြုံးရင်း ချန်းဖန်အား ဓားဖြင့် ခုတ်ပိုင်း လိုက်သည်။ ရာစုနှစ်၏ တိုက်ပွဲကား စတင်ခဲ့ချေပြီ ဖြစ်လေသည်။
***