(ပထမစည်းကမ်းကြောင့် ပိတ်ပင်ခံလိုက်ရသော ရေခဲမုန့်)
Vol. 8 Ch. 105
ဟောင်ရဲ့ ဒုတိယ မေးခွန်းကိုလား? ထုံးစံအတိုင်း စနစ်က အဖက်မလုပ်ဘူးပေါ့။
‘ ဒီတော့သူက ခူရိုမီ၊ ထျန်းလု ဒါမှမဟုတ် တစ်ခြားဂိုဏ်းခေါင်းဆောင်တွေနဲ့ ယှဥ်လို့ရတယ်ပေါ့?’
‘ သောက်ကျိုးနည်းပဲ။ ငါဒီအဘိုးကြီးကို သန်မာမှန်း သိထားပေမဲ့ ဒီလောက်လို့တော့ မမျှော်လင့်ထားမိဘူး’
ကျားအိုကြီးကျောင်းဆီမှ ဘယ်လိုဖိအားမျိုးကိုမှ မခံစားရဘူး။
လေးလံတဲ့ အရှိန်အဝါလဲ မရှိဘူး။ မောက်မာခြင်းလဲ မရှိချေ။
“ မင်းငါ့မျက်လုံးကို စိုက်ကြည့်ရဲလား?” ဘာညာလဲ ပွဲရှာမနေဘူး။
လမ်းပေါ်က အိမ်စုတ်ထဲရောက်လာပြီး အစားစားရဖို့အရေး ဦးနှောက်ဆဲလ်တွေပါ ထုတ်ရောင်းပြီး တောင်းဆိုမဲ့ဟန်ရှိတဲ့ ထူးဆန်းတဲ့ ဦးလေးကြီးလို့သာ ခံစားရသည်။
ဟောင် လှမ်းကြည့်လိုက်သည်။
ကျားအိုကြီးကျောင်းက ရေခဲသေတ္တာထဲမှ မက်မွန်လက်ဖက်ရည်ကို ထုတ်ယူနေသည်။ ကျန်လက်တစ်ဖက်မှာလဲ အာလူးကြော်ထုတ်ကို အကြမ်းပတမ်း ယမ်းနေသေး၏။
ဘာလို့လဲ?
ဘာလို့ဆို အာလူးကြော်ထုတ်က ထွက်လာတဲ့ အသံကို သဘောကျလို့လေ။
အင်း။
အဲ့လိုထူးဆန်းတဲ့ ဦးလေးကြီးပါဆို။
ဟောင်ရဲ့ ခေါင်းထဲသို့ ယုတ်မာတဲ့ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။
ဒီလူအိုကြီးကို အလုပ်သမား အခွင့်အရေးနဲ့ ဆွယ်ရင် မဆိုးဘူးလေ။ ဟုတ်တယ်မလား?
သူက အတင်းတွန်းအားပေးမှာလဲ မဟုတ်ဘူး။
အနည်းငယ် ကမ်းလှမ်းချက် ထုတ်ပေးရုံပဲ။
သူသာ အလုပ်ဝင်ရင် တစ်ရက်ကို ရေခဲမုန့် သုံးပွဲကျွေးမယ်လို့ ပြောလဲရတယ်မလား?
သေချာပေါက် တရားဝင် မဲဆွယ်တာပဲ။ ဖြစ်နိုင်တာပေါ့လေ။
အခုထိ ရေခဲသေတ္တာပေါက်မှာ ရှိနေသေးတဲ့ ကျားအိုကြီးကျောင်းကို ဟောင် လှမ်းကြည့်လိုက်သည်။
ဟောင်ရဲ့ မျက်လုံးတွေ မှေးကျဥ်းသွား၏။
ဆိုင်ဝန်ထမ်းအသစ်တဲ့လား? မဖြစ်နိုင်တာ။
ဒီဦးလေးကြီးရဲ့ ပုံစံက အစာကို အနံ့ခံနေတဲ့ ရှဥ့်တစ်ကောင်လိုပဲ။
ကောင်တာ ထိုင်ခိုင်းရင် တစ်ညနေတောင် ခံပါ့မလား?
ဒါပေမဲ့ ဆိုင်အစောင့်အနေနဲ့တော့… အဆင်ပြေလောက်သည်။
အလုပ်အများကြီး လုပ်စရာမလိုဘူး။
ရုပ်တည်ကြီးနဲ့ ကြောက်ဖို့ကောင်းအောင် ရပ်နေရုံပဲ။
ထိုအချိန်မှာ….
ရေခဲမုန့်စက်အနား၌…
ယွဲ့ရှုယန်က ကတော့ကိုင်ထားရင်း ရှေ့ဆုံးမှာ ရပ်နေတာပင်။
နို့ရေခဲမုန့်လေးက တိုးညှင်းတဲ့အသံနဲ့ ကတော့ထဲ ခွေဆင်းလာတာမို့ အအေးဓာတ်က သူမရဲ့အာရုံခံမှုကို ရိုက်ခတ်သွားလေ၏။
သူမမျက်လုံးတွေ တောက်ပသွားကာ ချက်ချင်းပဲ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ဒါပဲလေ။
သူမ လျှာထုတ်ကာ အရသာခံတော့မဲ့ အချိန်မှာပဲ…
“ မမကြီးနေအုံး!”
သူမရဲ့ အနောက်ကနေ ငိုသံတစ်ချက်ထွက်လာသည်။
ယွဲ့ရှုယန် တစ်ကိုယ်လုံး.တောင့်တင်းသွားသည်။
သူမရဲ့ လျှာကလဲ လမ်းတစ်ဝက်မှာ ရပ်တန့်လို့…
သူမ မျက်တောင်ခတ်လိုက်သည်။
ခပ်ဖြည်းဖြည်းနဲ့ အန္တရာယ်အငွေ့အသက်တွေ ထုတ်လွှတ်စွာဖြင့်ပေါ့။
ဟွာဖေးရှုက လက်တစ်ဖက်မြှောက်ရင်း လူတန်းထဲမှ ထွက်လာခဲ့သည်။
“ ငါတို့ တစ်ချိန်ထဲမှာ အရသာခံသင့်တယ်”
ယွဲ့ရှုယန်ရဲ့ မျက်လုံးတွေ တွန့်သွားရလေပြီ။
တစ်ကြိမ်ပဲ မြည်းမှာလေ။
သူမရဲ့လျှာကို… အခုထိ မသွင်းရသေးဘူးလေ။
သူမရဲ့ မျက်နှာထားက.. ပိုမို အေးခဲလာသည်။
စားလို့မရသေးဘူးလို့ ပြောခံလိုက်ရတဲ့ ကြောင်တစ်ကောင်နှယ်…။
တိတ်တဆိတ်ပဲ သူမရဲ့ ညီမလေးကို လှည့်ကြည့်လိုက်သည်။
ဟွာဖေးရှုက ချက်ချင်းပဲ အကြည့်လွှဲလေတော့၏။
ရင်ထဲမှာ အပြစ်ရှိစိတ်တွေ ထိုးထွက်လာပြီ။
သူမ လက်တစ်ဖက်မြှောက်ပြီး တောင်းပန်တဲ့ အမူအရာလေးနဲ့ အသဲပုံလုပ်ပြလိုက်သည်။
အလုပ်ဖြစ်မယ် မျှော်လင့်ရင်းဖြင့်ပေါ့။
တစ်ကယ်လဲ အလုပ်ဖြစ်ခဲ့ပါသည်။
ယွဲ့ရှုယန် သက်ပြင်းချပြီး သူမရဲ့ လျှာကို ပြန်ရုတ်လိုက်တော့သည်။
သူမ စောင့်နေပေးလိုက်သည်။
ဒါပေမဲ့ သူမ စိတ်ထဲမှာတော့ မကြိုက်လှဘူး။
ရေခဲမုန့်က သူမရဲ့ စိတ်ရှည်မှုကို စမ်းသပ်နေခဲ့ပြီ။
သူမ မျှော်လင့်ခြင်းကြီးစွာဖြင့် စိုက်ကြည့် နေလေတော့၏။
အလင်းရောင်အောက်မှာ ရေခဲမုန့် ခွေခွေလေးများက အနည်းငယ် တောက်ပနေသလိုပဲ။
သူမ မတော်တဆ လျပ်မိတော့မလို ဖြစ်သွားသည်။
သူမ မတော်တဆ လျပ်မိမလို ဖြစ်သွားပြန်၏။
‘ မြန်မြန်လုပ်’ ဟွာဖေးရှုကို စိတ်ထဲမှ ဆက်သွယ်လိုက်သည်။
ဟွာဖေးရှု တောင့်တင်းသွားသည်။
သူမ ငိုချင်လာပြီ။
လင်ယွီကျွင်းကိုသာ ခေါင်းကနေ ထုချပြီး အရှေ့ရောက်အောင် ပို့ပေးလို့ရရင် လုပ်ပြီးနေတာ ကြာပြီရယ်!
ဒါပေမဲ့ သူမ မလုပ်နိုင်ဘူး။
သူမ နေရာမှာသာ သနားစဖွယ် ရပ်စောင့်နိုင်နေ၏။
ယွဲ့ရှုယန်ရဲ့ နှုတ်ခမ်းတွေ တုန်လာခဲ့ပြီ။
အလင်းရောင်အောက်မှာ တောက်ပနေတဲ့ ရေခဲမုန့်က ကျင့်ကြံတဲ့အချိန်တွေ့ရတဲ့ မိစ္ဆာဆန်တဲ့ဆွဲဆောင်မှုလိုမျိုးပဲ။ တောက်ပမှု တစ်ခုစီက သူမရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်နေလေ၏။
သူမရဲ့ အကြည့်က ဟွာဖေးရှုရဲ့ နောက်ကျောထံကို ကျရောက်သွားသည်။
မြန်မြန်လုပ်….။
ဖိအားက ပြင်းထန်လှ၏။
ဟွာဖေးရှု လက်ဖဝါးမှာ ချွေးပင်စို့လာခဲ့ပြီ။
သူမ အမကြီးရဲ့ စိတ်ဝိညာဥ်က ကျောပေါ်ကို တက်စီးနေသလို ခံစားနေရသည်။
သူမရဲ့ အလှည့်ရောက်တာနဲ့ သူမရဲ့ အသက်က ရေခဲမုန့်ပေါ် မူတည်နေသလို အပြေးသွားယူတော့သည်။
ကတော့ကိုလဲ လက်ထဲမှာ အဆင်သင့် ကိုင်ထားပြီးပြီ။
စက္ကန့်တွေ ကုန်ဆုံးသွားလေ၏။
အရှေ့က နှစ်ယောက်ကလဲ ရေခဲမုန့် ယူနေခဲ့တာ မပြီးနိုင်ဘူး။ ကောင်းကင်ဘုံက သူမရဲ့ သည်းခံမှုကို စမ်းသပ်နေတာပဲ။
ဟွာဖေးရှု နောက်ဆုံးတော့ ရေခဲမုန့် ရသွားခဲ့ပြီ။
သူမရဲ့ ကတော့ကို သေချာလေး ဆုတ်ကိုင်လိုက်၏။
“ မမကြီး ငါရပြီ!”
ဟွာဖေးရှု ပျော်ရွှင်မှုအပြည့်ဖြင့် ခုန်ပေါက်လိုက်သည်။
ယွဲ့ရှုယန် တစ်ချက်သာကြည့်ပြီး တည်ငြိမ်စွာဖြင့်
“ အရင်ထိုင်”
သူမ စောင့်နေခဲ့ရတာ အရမ်းကြာပြီ။
ထိုင်စားရင် ပိုစားကောင်းလောက်မည်။
ကောင်မလေး နှစ်ယောက်က သပ်ရပ်စွာ စီထားတဲ့ အလင်းအနည်းငယ်ရသော ခုံပုလေးများဆီ သွားလိုက်ကြသည်။
ထိုင်ခုံတွေက ပြင်ကျယ်ပြီး ချောမွေ့တာမို့ ထိုင်လို့ကောင်း၏။ သန့်ရှင်းတဲ့ စားပွဲခုံကလဲ အလင်းရောင်အောက်မှာ အလင်းပြန်နေသည်။
ထိုင်ခုံပုလေးများရဲ့ ပုံစံက ထူးခြားသည်။ အပြားဝိုင်းလေးဖြစ်ပြီး အောက်ရှိ ခုံခြေထောက်များသည် အပြင်ဘက်ကို ကွေးထွက်သွားသည်။
တစ်ချက်ကြည့်လိုက်ရင်တော့ အလွယ်တကူ ကျိုးပဲ့နိုင်သလို ခံစားရသည်။
ဒါပေမဲ့ ထိုင်ကြည့်ပြီးနောက်မှာ ခံစားချက်က လုံးဝ မတူညီတော့ဘူး။
ခိုင်ခံ့မှုနဲ့ နူးညံ့မှုက သူမတို့ရဲ့ ခန္ဓာကိုယ်တွေကို ထောက်ပံ့ပေးထားသလို ခံစားရ၏။
“ ဒီထိုင်ခုံက တစ်ကယ်ကောင်းတာပဲ!”
ဟွာဖေးရှုက မသိလျှင် မသေမျိုးဖြစ်ဖို့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားသည့်နှယ် အံ့သြတကြီး လေသံဖြင့် ပြောလိုက်လေသည်။
“ အကိုကြီးက တစ်ကယ် တွေးတတ်တာပဲ!”
ယွဲ့ရှုယန်ကတော့ ဘာစကားမှ မပြောချေ။
ဒါပေမဲ့ သဘောတူစွာဖြင့် ခေါင်းညိတ်သည်။
ဒီထိုင်ခုံတွေရဲ့ ပြုလုပ်ထားပုံ နည်းပညာက ထိပ်တန်းပင်။ ကျွမ်းကျင်တစ်ယောက် လုပ်ထားတာ ဖြစ်နိုင်သည်။
ထို့နောက်မှာ သူမတို့ရဲ့ အကြည့်က လက်ထဲက ရတနာလေးများဆီ ပြန်ကျရောက်သွားခဲ့သည်။
အဖြူရောင် အခွေလေးများ…..။
ဒါက နို့ရေခဲမုန့်ပဲ။
မစားဖူးတဲ့ သူတစ်ယောက်အတွက်တော့ ကောင်းကင်ပေါ်က တိမ်စိုင်လေးတွေကို မုန့်အဖြစ် အထူးကောင်းကင် မီးတောက်နဲ့ ဖန်တီးထားသလို ထင်ရသည်။
ခပ်လှမ်းလှမ်းက လင်ယွီကျွင်းကတော့ စားနေတာ တစ်ဝက်ပင် ကုန်တော့မည်။
သူ့ရဲ့ လျှာက တစ်ဖြည်းဖြည်း အရှိန်တက်လာသည်။
ပိုမြန်ပိုသွက်လာပြီး စက္ကန့်နဲ့အမျှ အရှိန်တက်နေသည်။
ဒါပေမဲ့ သူ လျှာနဲ့မလျပ်ဘဲ သွားနဲ့ကိုက်စားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
……မှားလေပြီ။
သူ့ရဲ့မျက်နှာက တစ်ဝက်တစ်ပျက် အေးခဲသွားလေ၏။
ဦးနှောက်လဲ ထုံကျင်သွားပြီ။
ရေခဲမုန့်ရဲ့ ပုန်းကွယ်နေတဲ့ အစွမ်းကို ကြောက်ခြင်းကြီးစွာဖြင့် သူ ထပ် မကိုက်ရဲတော့ပေ။ ခပ်မြန်မြန်ပဲ လျှာနဲ့ ပြန်လျပ်နေလိုက်တော့သည်။
‘ ဟိုအဖိုးကြီး အသည်းအသန်တောင်းဆိုနေတာ မအံံ့သြတော့ပါဘူးလေ’
‘ ဒါက ထိုက်တန်တယ်!’
ထိုအချိန်မှာ ယွဲ့ရှုယန်တို့ အတွဲကတော့ ထိုင်ခုံမှာ ကျကျနန ထိုင်ပြီးသွားပြီ။
သူမတို့ရဲ့ ကျောပြင်တွေက ပြေလျော့နေပြီး.. ကတော့ကို လက်ချောင်းများနဲ့ ဖွဖွလေး ကိုင်ဆောင်ထားသည်။
သူမတို့နှစ်ယောက် တစ်ချိန်ထဲလိုလို အရှေ့တိုးလိုက်ကြသည်။
.
သူမတို့ရဲ့ အကြည့်က လက်ထဲရှိ ရေခဲမုန့်ထံတွင်သာ။
ထို့နောက်မှာ သူမတို့ ခံစားမိလိုက်သည်။
တည်ရှိမှုတစ်ခု… စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံ… မျှော်လင့်ချက်တွေ ဝန်းရံနေတဲ့ လေထု…။
သူမတို့ မော့ကြည့်လိုက်တဲ့အခါမှာ…
ထောင့်မှာထိုင်နေတဲ့ ကျားအိုကြီးကျောင်းရဲ့ မျက်လုံးထဲမှ မနာလိုမှု လှိုင်းလုံးကြီးများ ထုတ်လွှတ် နေတာပင်။
သူ့ရဲ့ မျက်လုံးထဲမှာ ပူဆွေးသောကတို့ အရိပ်ထင်နေလေ၏။
‘ ငါ ဒီနေ့ တစ်ခုလောက်သာ ထပ်စားလို့ ရခဲ့ရင်ကွာ..’
‘ တစ်ခုလောက်ပဲ’
သူ တစ်ဖန် ရေခဲသေတ္တာတံခါးကို ဆွဲဖွင့်လိုက်ပြန်သည်။
‘ ဒီပစ္စည်းတွေက ငါ့ကိုစိတ်ပြေစေနိုင်လောက်မယ်’
မိန်းကလေးနှစ်ယောက်ကတော့ လျစ်လျူရှုလိုက်လေ၏။
သူမတို့ရဲ့ အချိန်ကျပြီလေ။
ယွဲ့ရှုယန် တစ်လက်မချင်း တိုးကပ်သွားပြီး ရေခဲမုန့်ထိပ်ပိုင်းလေးကို လျှာနဲ့တို့ကြည့်လိုက်သည်။
ဟွာဖေးရှုလဲ ထိပ်ပိုင်းကို ခပ်သေးသေး.ကိုက်လိုက်လေ၏။ သူမရဲ့ သွားနဲ့ ထိတယ်ဆိုရုံမျှလေး ထိလိုက်တာပင်။
ထို့နောက်မှာ…
အချိုဓာတ်က သူမတို့ နှစ်ယောက်လုံးကို ရိုက်ခတ်သွားတော့သည်။
မွှေးပျံ့တဲ့ အချိုဓာတ်ကြားမှာ အေးမျှမှုက အားကူဖြည့်ပေးနေသည်။
ရေခဲမုန့်က သူမတို့ကို စောင့်စားနေသည့်နှယ် စားလိုက်တာနဲ့ ပါးစပ်ထဲမှာ ပျော်ဝင်သွားလေတော့၏။