မင်းတတ်တာ ဒါအကုန်လား
Vol. 8 Ch. 740
"ကလန့် ... "
ဓားချီက ကောင်းကင်သို့ နဂါး တစ်ကောင် အလား ထိုးတက်သွား၏။ လူများသည် အဝေးမှပင်လျှင် ထိုဓားချီ၏ ကြောက်မက်ဖွယ် ကောင်းပုံကို ခံစား၍ ရကြလေသည်။ တစ်ချိန်တည်း၌ ချန်းဖန်၏ အရေပြားမှာ ရွှေရောင် အလင်း တောက်ပနေ၏။ ထိုအလင်းက ခန္ဓာကိုယ် တစ်ခုလုံးမှ ညာဘက် လက်သီး ရှိရာသို့ စုစည်းသည်။
"သွားစမ် ... "
ချန်းဖန်က လက်သီးကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း တိုးဝင်လာသော ဓားအား ထိုးချ လိုက်သည်။
"ဘုန်း ... "
ရုတ်တရက် ခွန်းဝူ တောင်တစ်ခုလုံး တုန်ဟီး သွား၏။ တစ်ချိန်တည်းမှာပင် ချန်းဖန်၏ လက်သီးချက်၌ အဇူရာ ဓားအလင်း အလုံးစုံ ကျိုးပျက်ရ၏။ အကျိုးဆက် အနေဖြင့် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ် ပင်လျှင် အနည်းငယ် တုန်ရီကာ နောက်သို့ ဆုတ်လိုက်ရ၏။
သို့သော်လည်း လျှို့ဝှက်အဇူရာ ဂိုဏ်းချုပ်ကား ထိတ်လန့်သွားခြင်း မရှိချေ။ သူက ချက်ခြင်းပင် ဓားပျံ တစ်စင်းကို ပစ်လွှတ်ကာ ချန်းဖန်၏ လက်သီးချီအား သုံးကြိမ်တိုင်တိုင် တိုက်ခိုက်လိုက်၏။ ထိုတိုက်ခိုက်မှု၌ လက်သီးချီက တဖြည်းဖြည်း လွင့်ပြယ်ကာ ပျက်စီးသည်။
"လာစမ်း ... "
ချန်းဖန်က အော်ဟစ်ရင်း ကောင်းကင်သို့ ထိုးတက်သွားသည်။ ရွှေရောင်အလင်းက သူ၏ ခန္ဓာကိုယ် တစ်ဝိုက်၌ တောက်ပစွာ ဝန်းရံ၍ ပြိုင်ဘက်ကင်းခြင်းနှင့် ခွန်အား ဆိုသော သဘာဝကို ထုတ်ဖော်သည်။
"သွား ... "
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က သူ၏ မိုးသောက် အဇူရာဓားဖြင့် ဆယ့်သုံးချက် တိတိ ခုတ်ပိုင်းကာ ချန်းဖန်၏ ရွှေရောင် အလင်းကို ထိုးဖောက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ထိုအရာက အသုံး မဝင်လှချေ။
"မိုးသောက် အဇူရာဓားက လျှို့ဝှက် အဇူရာ ဂိုဏ်းရဲ့ ဒုတိယ အစွမ်း အထက်ဆုံးဓားပဲ ... ဒါပေမဲ့ အဲဒါကတောင် သူ့ကို မထိုးဖောက် နိုင်ဘူး ဆိုတော့ သူက ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းစဉ်မှာ မဟာစိန် အဆင့်ကိုတောင် ရောက်နေတာလား"
တိုင်ယင် နတ်သမီး၏ မျက်နှာ၌ ထိတ်လန့်ခြင်းနှင့် အံ့ဩခြင်းများက နေရာယူ လာခဲ့သည်။ ထိုအချိန်၌ ကောင်းကင်ရှိ တိုက်ပွဲသည်လည်း ဆက်လက် ပြင်းထန်နေတုန်း ဖြစ်သည်။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်နှင့် ချန်းဖန် နှစ်ယောက် စလုံးမှာ အလွန် အစွမ်းထက်သူများ ဖြစ်ရာ သူတို့၏ တိုက်ခိုက်မှု တစ်ခုချင်းစီက အလွန် ပြင်းထန် လှ၏။
"ဓားကိုးစင်း ဝင်္ကပါ လာစမ်း ... "
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က လက်တစ်ဖက်အား ဝှေ့ယမ်းရင်း မိုးသောက် အဇူရာဓားကို ဓားချီ ကိုးခု အသွင်သို့ ပြောင်းလဲ လိုက်သည်။
"ကလန့် ... "
ထိုဓားချီကိုးခုက မြည်သံပေးကာ ကောင်းကင်၌ ရှုပ်ထွေးစွာ ဝေ့ယမ်းရင်း ချန်းဖန်ဆီသို့ တိုင်းဝင်၏။
ထိုဓားချီ တစ်ခုချင်းစီကား ထွက်ပေါ်နေသော စွမ်းအားများ အရ မိုးသောက် အဇူရာဓားအောက် အားနည်းခြင်း မရှိချေ။ လျှို့ဝှက် အဇူရာဂိုဏ်းချုပ်သည် ထိုဓားဝင်္ကပါကို အသုံးပြု၍ မြေကမ္ဘာ နတ်ဘုရား ဆယ်ယောက်ကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ဖူး၏။ သို့သော်လည်း ချန်းဖန်က မည်သည့် အရာကိုမျှ ဂရုစိုက်ခြင်း မရှိပဲ ဓားဝင်္ကပါကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်စေလိုက်၏။
"ကလန့် ... ကလန့် ... "
ရုတ်တရက် သတ္တုချင်း ရိုက်ခတ်သည့် အသံများ ပျံ့လွင့် လာသည်။ ဓားဝင်္ကပါ၏ တိုက်ခိုက်မှုကို ခံရသည့်တိုင် ချန်းဖန်၏ ခန္ဓာကိုယ်ရှိ ရွှေရောင် အလင်းမူကား ပုံမှန် အနေအထားခြင့် စီးဆင်းနေဆဲ ဖြစ်၏။
"လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ် ... မင်း ဒီထက် ပိုပြီး ကြမ်းကြမ်းလေး တိုက်ခိုက်လို့ မရဘူးလား"
ချန်းဖန်က ကောင်းကင်၌ ရပ်ရင်း အေးဆေးစွာ ပြောလိုက်၏။ သူသည် ယခုအထိ အစစ်အမှန် ခွန်အား၏ သုံးဆယ် ရာနှုန်းကိုသာ အသုံးပြုရသေးသည်။ ထိုအရာက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ အကန့်အသတ် ဆိုပါက ချန်းဖန် အမှန်ပင် စိတ်ပျက်မိပေလိမ့်မည်။
"ကောင်းပြီလေ ... "
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က တည်ငြိမ်စွာပင် အခြား ကျင့်စဉ်တစ်ခုကို ထုတ်ဖော် လိုက်၏။
"ခရက် ... "
ရုတ်တရက် မိုးသောက် အဇူရာဓားသည် သက်တန့် ဓားအလင်း အသွင်ကို ပြောင်းလဲ သွားသည်။ ဓားအလင်း၏ အရွယ်အစားက သေးငယ်သော်လည်း ၎င်း၏ သိပ်သည်းမှုမှာမူ တောင်တစ်လုံးကိုပင် ထက်ခြမ်း ပိုင်းဖြတ်နိုင်သည် အထိ ထူထပ်၏။
"သွားစမ်း ... "
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က သူ၏ အင်္ကျီလက်အား ခါယမ်း လိုက်သည်။
"ကလန့် ... "
သက်တန့် ဓားအလင်းက ရုတ်ချည်းပင် အသံ၏ အမြန်နှုန်းကို ချိုးဖောက်ကာ ချန်းဖန်ထံသို့ တိုးဝင် ပိုင်းဖြတ်၏။ ထိုဓား၏ ဖြတ်သန်းမှုတွင် လေထုပင်လျှင် ထက်ပိုင်း ပြတ်သည်။
"အရမ်းကောင်းတယ် ... "
ချန်းဖန်၏ မျက်လုံး၌ အလင်းတစ်ချို့ ဖြတ်ပြေးသွားသလို သူ၏ ခန္ဓာကိုယ်ရှိ ရွှေရောင် အလင်းမှာလည်း ပိုမို၍ တောက်ပ လာ၏။
"ကလန့် ... "
သူက လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်၍ လက်ဝါး နှစ်ဖက်ကို ညှပ်ကာ ဓားအလင်းအား ဖမ်းဆုပ် လိုက်သည်။
"သွားစမ်း ... "
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က သင်္ကေတ တစ်ခုကို ရေးဆွဲရင်း ပစ်လွှတ်လိုက်၏။
"ကလန့် ... "
ရုတ်တရက် ဓားအလင်းက ဆံချည်မျှင် အရွယ် အစားသို့ ပြောင်းလဲကာ ချန်းဖန်၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်ရန် ကြိုးစားသည်။
"နေစမ်း ... "
ချန်းဖန်က အောက်ရှိ လေထုအား ဆောင့်ကန်နင်းရင်း သက်တံ ဓားအလင်းကို ပိုမို တင်းကြမ်စွာ ဆုပ်ကိုင်သည်။ နောက်ဆုံး၌ တောက်ပနေသော သက်တံ့အလင်းသည် တဖြည်းဖြည်း မှေးမှိန်လာကာ တစ်မီတာရှည်သော ဓားအဖြစ် ပြန်လည် ပြောင်းလဲ သွား၏။
"ဘာဖြစ်တာလဲ ... "
မြေကမ္ဘာ အဆင့်များက မယုံကြည် နိုင်စွာဖြင့် ထိုမြင်ကွင်းအား ကြည့်ကြသည်။
ထိုအရာက လျှို့ဝှက် အဇူရာဂိုဏ်းချုပ်၏ မိုးသောက် အဇူရာဓားမှာ ချန်းဖန်၏ ရက်စက် ကြမ်းတမ်းသော အင်အား၏ အောက်၌ အညံ့ခံခဲ့ခြင်း မဟုတ်ပါလား။
"ဒီလိုစွမ်းအားမျိုး ... သူက ရှေးဟောင်း နတ်ဘုရား တစ်ယောက် ပြန်ပြီး ဝင်စားတာ ဖြစ်ရမယ် ... မဟုတ်ရင် အသက် ငယ်ငယ်နဲ့ ဒီလောက် အစွမ်းထက်မှာ မဟုတ်ဘူး"
တရှီဂိုဏ်းချုပ်က ခေါင်းအား ခါယမ်းရင်း ရေရွတ်လိုက်၏။
"ဟားဟား ... အဲဒါ ငါ့သမက်လေးကွ"
ထိုအချိန်၌ မီးဝိညာဉ် ဘုရင်ကမူ အားရပါးရ အော်ဟစ် ရယ်မော နေခဲ့၏။
"ဓားကောင်း တစ်ခုပါလား ... ဒါပေမဲ့ မင်းရဲ့ လှုပ်ရှားမှုက မသေသပ်ဘူး"
ချန်းဖန်က ဆိုရင်း ဓား၏ ကိုယ်ထည်ပေါ်၌ ရွှေရောင် ချိပ်တံဆိပ် တစ်ခု ရေးဆွဲကာ မှတ်သား လိုက်၏။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ မျက်နှာ၌ အမျက်ဒေါသ အရိပ်အယောင် အချို့ ပေါ်လာခဲ့သည်။ ထိုအရာက ချန်းဖန်မှာ သူ၏ မိုးသောက် အဇူရာ ဓားကို ပေါ်တင် ခိုးယူနေခြင်း မဟုတ်ပါလား။
"အရပ် ရှစ်မျက်နှာ ဓားကျင့်စဉ် ... "
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ သူ၏ အရှေ့၌ ဟင်းလင်းပြင် နယ်တစ်ခု ရေးဆွဲ လိုက်၏။
"ဘုန်း ... "
ရုတ်ချည်းပင် တစ်ဆယ် ကီလိုမီတာ အတွင်းမှ အမတေချီများက စီးဆင်းလာကာ မီတာ တစ်ရာ ထုထည်ရှိသော မုန်တိုင်း တစ်ခုကို ဖွဲ့စည်းသည်။ ထိုမုန်တိုင်း အတွင်း၌ အဆုံး မရှိသော ဓားများက မြူးထူး ကခုန်နေ၏။
"အဲဒါက ... "
ထိုမုန်တိုင်းအား မြင်သည်နှင့် မရေ မတွက်နိုင်သော လူများ၏ မျက်နှာများကား ရုတ်ချည်းပင် ဖြူရော် သွားကြ၏။ အရပ် ရှစ်မျက်နှာ ဓားကျင့်စဉ်သည် လျှို့ဝှက် အဇူရာဂိုဏ်း၏ လျှို့ဝှက် ဓားကျင့်စဉ် တစ်ခု ဖြစ်သည်။ ထိုကျင့်စဉ်အား လျှို့ဝှက် အဇူရာ ဂိုဏ်းတွင်ပင် ပါရမီရှင်များသာ လေ့ကျင့် ကြရ၏။
"ဘုန်း ... "
မုန်တိုင်းက မရေ မတွက်နိုင်သော ဓားများကို သယ်ယူ၍ ပြင်းစွာသော အဟုန်ဖြင့် ချန်းဖန်ထံသို့ အရပ် ရှစ်မျက်နှာမှ ပြေးဝင် တိုက်ခိုက်၏။
"ကလန့် ... "
ချန်းဖန်၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းမှာ ပိုမို တောက်ပစွာ လင်းလက်လာ၏။ ထိုအလင်းက ထူထပ်သော အကာအရံကို ထုတ်လွှတ်ကာ ဓားမုန်တိုင်းအား ခုခံသည်။
"ဖွဲ့စည်းစမ်း ... "
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က လက်အား ဝှေ့ယမ်းလိုက်ရာ ဓားမုန်တိုင်းက ကြီးမားသော သံကြိုး ကိုးကြိုးအသွင် ပြောင်းလဲ သွားသည်။ ထို သံကြိုးကိုးကြိုးက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ထိန်းချုပ်မှု၌ ချန်းဖန်အား ရစ်ပတ် ချည်နှောင်သည်။
"ဘုန်း ... "
ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းများ ပေါက်ကွဲ ထွက်လာ၏။ ထိုအလင်းများက ရစ်ပတ်နေသော သံကြိုး ကိုးကြိုးကို ဖျက်ဆီးကာ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထံသို့ပါ တိုးဝင်၏။
"ဘုန်း ... "
အလင်းများ၏ ပေါက်ကွဲမှုတွင် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ နောက်သို့ ခြေလှမ်း များစွာပင် ဆုတ်လိုက်ရသည်။
"ဟူး ... ဟူး ... "
ကောင်းကင်၌ ချန်းဖန်ကမူ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်၏။ သူက လက်နှစ်ဖက်ကို နောက်ပစ်ရင်း လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်အား ထူးမခြားနားစွာ ကြည့်လိုက်သည်။
"လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ် ... မင်းတတ်တာ ဒါအကုန်လား ... "
***