သူက ပြိုင်ဘက်ကင်း
Vol. 8 Ch. 742
"ဟူး… ဟူး…"
ချန်းဖန်က လေထုကို ထိုးခွဲရင်း လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထံသို့ တိုးဝင်၏။ တစ်ချိန်တည်း၌ ရွှေရောင်မီးတောက်များက သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် ပူပြင်းသော အရှိန်ဖြင့် လောင်ကြွမ်း နေသည်။
"လာစမ်း…"
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ညင်သာစွာဖြင့် လက်အား ဆန့်ထုတ်လိုက်သည်။
"ဘုန်း…"
အရပ် ရှစ်မျက်နှာမှ အမတေ ချီများသည် သူ၏ အရှေ့၌ စုစည်းလာကာ မီတာ တစ်ထောင် မြင့်မားသော အဇူရာ လက်ကြီးအား ဖွဲ့စည်း၏။ ထိုလက်ကြီးက နတ်ဘုရား တစ်ပါး၏ လက်အလား ချန်းဖန်အား ပိတ်ဆို့သည်။
"ဒီလောက်နဲ့ ငါ့ကို တားချင်တာလား"
ချန်းဖန်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။
"ကလန့်…"
တစ်ချိန်တည်းမှာပင် နတ်ဘုရား ခန္ဓာကိုယ်၌ ရွှေရောင် အလင်း တစ်ခု လင်းလက် လာကာ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ လက်ကြီးအား တိုးဝင် ထိုးဖောက်သည်။
"ပိတ်ဆို့စမ်း …"
"ဘုန်း …"
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က အမိန့်ပေး လိုက်ရာ လက်ကြီးက ရုတ်တရက် ပေါက်ကွဲ၍ ဓားမုန်တိုင်း တစ်ခု အသွင် ပြောင်းလဲ၏။ ထိုဓားမုန်တိုင်းက အရပ် ရှစ်မျက်နှာမှ နေ၍ ချန်းဖန်အား တိုက်ခိုက်သည်။
"အရပ် ရှစ်မျက်နှာ မိန်ချင်းဓား…"
များစွာသော မြေကမ္ဘာ နတ်ဘုရားများက ဓားမုန်တိုင်းကို ကြည့်ရင်း ပင့်သက်ရှိုက် မိကြ၏။ ထိုဓားမုန်းတိုင်းကား ပထမ အကြိမ် အသုံးပြုစဉ် ကထက် အဆများစွာ ပို၍ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းတွင် ချန်းပေ့ရွှမ်း ဆိုသော ကောင်လေးမှာလည်း အားနည်းခြင်း မရှိချေ။ သူ၏ တိုက်ခိုက်မှု တစ်ခုချင်းစီက မြေကမ္ဘာ အထွတ်အထိပ် တစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ် ပစ်နိုင်စွမ်း ရှိသည် အထိ ပြင်းထန်သည်။
"ဒီတိုက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင် … နိုင်တဲ့သူက ခွန်ရှု့ နယ်မြေရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာမှာ သေချာတယ် … ခွန်ရှု့ နယ်မြေရဲ့ ဘယ်မြေကမ္ဘာ အဆင့်ကမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
အမေတေ ရောနှောခြင်း ဂိုဏ်း၏ ဂိုဏ်းချုပ်က ရေရွတ် လိုက်သည်။
"ဘုန်း … ဘုန်း … ဘုန်း …"
ထိုအချိန်၌ ချန်းဖန်၏ ရွှေရောင် အလင်း အကာအကွယ်ကား လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ဓားမုန်တိုင်း ဝါးမြိုမှုတွင် ပျောက်ကွယ်ခု မတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"ဝါးမြိုခြင်း …"
ချန်းဖန်က ရုတ်တရက် ရွှေရောင် အလင်းလုံး အဖြစ် ပြောင်းလဲ လိုက်၏။ ထိုအလင်းလုံး အတွင်း၌ ရွှေရောင် ခွန်ပန် တစ်ကောင် ရှိနေ၏။
"ဟူး … ဟူး …"
ခွန်ပန်က အတောင်ပံကို ဖြန့်ရင်း ကြီးမားသော ပါးစပ်ကြီးအား ဟကာ ကောင်းကင်ကို ဝါးမြို၏။
"ဘုန်း …"
ရုတ်တရက် ကောင်းကင်၌ လေစုပ်ဝဲ တစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အရာရာအား စုပ်ယူ လေသည်။
"ဘုန်း … ဘုန်း …"
လေစုပ်ဝဲ၏ စုပ်ယူမှု၌ အမတေချီ၊ ရေ၊ သစ်ပင် အလုံးစုံ စုပ်ယူ ခံရ၏။ ထိုအထဲ၌ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ဓားမုန်တိုင်းမှာလည်း ချွင်းချက် မဟုတ်ခဲ့ချေ။
"မင်းဟာက ဘာမှလည်း မဟုတ်ပါလား … ငါ ဗိုက်တောင် မပြည့်သေးဘူး"
ခွန်ပန် ကောင်းကင်သားရဲက ဓားမုန်တိုင်းကို အလုံးစုံ ဝါးမြိုပြီးနောက် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်အား ကြည့်လိုက်၏။
"သူ … သူက ဘယ်လိုလုပ်ပြီး ငှက်တစ်ပိုင်း ငါးတစ်ပိုင်း သားရဲကြီး ဖြစ်သွားရတာလဲ"
တစ်ယောက်က ခွန်ပန်အား လက်ညိုးထိုးရင်း ထိတ်လန့်တကြား မေးလိုက်သည်။
"အဲဒါက သာမန် ရိုရိုးသားရဲ မဟုတ်ဘူး … ခွန်ပန် လို့ ခေါ်တဲ့ ရှေးဟောင်း ကောင်းကင် သားရဲပဲ… ဒဏ္ဍာရီတွေ အရဆို ခွန်ပန်တွေရဲ့ အစာအိမ်က အဆုံးသတ် မရှိဘူးတဲ့ … သူတို့က ကမ္ဘာ သုံးထောင်ကိုတောင် တစ်ခါတည်း ဝါးမြို နိုင်တယ်တဲ့ … ကြည့်ရတာ ချန်းပေ့ရွှမ်းက ခွန်ပန်ရဲ့ နတ်ဘုရား စွမ်းအားကို ရရှိထားတာ ထင်တယ်"
ဆင်နတ်ဘုရားက ထိတ်လန့်စွာဖြင့် ရှင်းပြလိုက်သည်။
"ခွန်ပန် ကောင်းကင် သားရဲ …"
မရေမတွက်နိုင်သော လူများကား ဆွံ့အ သွားကြ၏။ ခွန်ပန် သားရဲကား ခွန်ရှု့ နယ်မြေ၌ အလွန် ကျော်ကြားသော သားရဲ ဖြစ်သည်။ ခွန်ရှု့ နယ်မြေ၏ လူတိုင်း လိုလိုမှာ ခွန်ပန် ကောင်းကင်သားရဲ၏ ကြောက်မယ်ဖွယ် ဒဏ္ဍာရီများကို ကြားဖူးကြ၏။
"သူတော့… ဒုက္ခရောက်ပြီ ထင်တယ်"
တရှီဂိုဏ်းချုပ်က တုန်ရီစွာဖြင့် ရေရွတ် လိုက်သည်။ အမှန်ပင် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ ကြီးမားသော ဒုက္ခတွင်း အတွင်းသို့ ကျရောက် နေခဲ့၏။ သူ မည်မျှပင် အစွမ်းထက်သော ကျင့်စဉ်များ၊ နည်းစနစ်များ၊ နတ်ဘုရား စွမ်အားများ သုံးသော်လည်း ထိုအရာ အလုံးစုံကို ခွန်ပန်က ဝါးမြိုပစ်ခဲ့သည်။ ထိုအရာက သူ့အား မည်သို့ တိုက်ခိုက်ရမည်ကို အနည်းငယ် စဉ်းစားရ ခက်စေ၏။
"နိုးထ …"
နောက်ဆုံး၌ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ ရွေးချယ် စရာ မရှိဝောာ့ချေ။ သူက အမတေချီကို ကြီးမားသော လက်ကြီး တစ်ခု အဖြစ် ပြောင်းလဲကာ တောင်ကြီးအား ဆုပ်ကိုင်ရင်း ချန်းဖန်ထံသို့ ပစ်လွှတ် လိုက်သည်။
"ဘုန်း …"
ခွန်ပန်က သူ၏ အတောင်များကို ပြင်းထန်စွာ ခတ်လိုက်၏။ ထိုတောင်ပံများက ရွှေရောင် အလင်းများကို ထုတ်လွှတ်ရင်း ဓားများ အလား တောင်ကြီးအား ထက်ပိုင်း ပိုင်းဖြတ် လိုက်သည်။
"ဟူး … ဟူး …"
ချန်းဖန်က ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် လှုပ်ရှားသည်။ သူက အသံ၏ အမြန်နှုန်းကို အကြိမ် နှစ်ဆယ် အထိ ချိုးဖျက်ကာ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထံသို့ တိုးဝင်၏။
"ထိန်းချုပ်ခြင်း …"
ချန်းဖန်၏ အမြန်နှုန်းကို တွေ့ပြီးနောက် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ ထိတ်လန့် တုန်လှုပ် သွားသည်။ သူက လျှင်မြန်စွာပင် အမတေချီကို ထိန်းချုပ်ကာ သံမဏိပြား အဖြစ် ပြောင်းလဲ လိုက်၏။
သို့သော်လည်း ခွန်ပန်က ဟင်းလင်းပြင်ကို ထိန်းချုပ်ကာ သံမဏိပြားကို ဖြတ်ကျော်၍ ရှေ့သို့ ဆက်လက် တိုးဝင်လာသည်။
"သွားစမ်း … သွားစမ်း …"
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က အဇူရာ လက်ချောင်း ဓားများ အပြင် ကောင်းကင်ဓား နှစ်ချောင်းကိုပါ ပစ်လွှတ် လိုက်သည်။
သို့သော်လည်း ခွန်ပန် အသွင် ပြောင်းလဲထားသော ချန်းဖန်ကား ရွှေအမြုတေ အဆင့်ကိုပင် ယှဉ်နိုင်သည် အထိ အစွမ်းထက်နေပြီ ဖြစ်သည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုလေးများက သူ့အား မည်ကဲ့သို့ ထိခိုက်စေပါမည်နည်း။
"ဘုန်း … ဘုန်း … ဘုန်း …"
ချန်းဖန်၏ အတောင်ပံများက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ တိုက်ခိုက်မှု အလုံးစုံကို ချိုးဖဲ့ ဖျက်ဆီး ပစ်လိုက်၏။
"သေစမ်းကွာ ..."
လျှို့ဝှက် အဇူရာဂိုဏ်းချုပ်ကား ရူးသွပ်လု မတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူက အမြုတေ၏ စွမ်းအား အလုံးစုံကို ညာဘက် လက်ဝါးတွင် စုကာ ချန်းဖန်အား ဦးတည် ရိုက်နှက် လိုက်၏။
"ဘုန်း …"
ထိုတိုက်ခိုက်မှုကား ရွှေအမြုတေ အဆင့်၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ် နိုင်သည်။
"လာစမ်း …"
သို့သော်လည်း ချန်းဖန်က ကြောက်လန့်ခြင်း အနည်းငယ်ပင် မရှိချေ။ သူက ရွှေရောင် အလင်းတန်း အသွင်ဖြင့် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထံ ဆက်လက် တိုးဝင်သည်။
"ဘုန်း … ဘုန်း … ဘုန်း …"
ရုတ်ချည်းပင် ခွန်းဝူတောင်စဉ် တစ်လျှောက်၌ ပေါက်ကွဲမှုများဖြင့် ပြည့်နှက် သွားသည်။ ထိုမုန်တိုင်းက လှိုင်းများ အသွင်ဖြင့် ပတ်ဝန်းကျင်အား အထပ်ထပ် ရိုက်ခတ် လေ၏။
စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှု၌ မြေကမ္ဘာ နတ်ဘုရားများ အပါအဝင် လူတိုင်းအား မတ်မတ်ပင် မရပ်နိုင်ကြတော့ချေ။ သူတို့က စွမ်းအင်လှိုင်း လွတ်ရာ နေရာသို့ ရောက်သည် အထိ ထွက်ပြေးကြ၏။
"ဘယ်သူ နိုင်သွားတာလဲ …"
တရှီဂိုဏ်းချုပ်က ခန္ဓာကိုယ်ပေါ်မှ ဖုန်များကို မခါအားဘဲ အရင် မေးလိုက်သည်။
"ဟူး … ဟူး …"
ဖုန်များ၊ မြူမှုန်းများ ကြဲပြန့် သွားသည်နှင့် ခွန်းဝူတောင်သည် အားလုံး၏ မြင်ကွင်း၌ တဖြည်းဖြည်း ပြန်လည် ပေါ်လာခဲ့သည်။
"ဟူး … ဟူး …"
တောင်ထိပ် တစ်နေရာတွင်မူ လက်နှစ်ဖက် နောက်ပစ်ရာ မတ်တတ် ရပ်နေသော ချန်းဖန် ရှိ၏။ သူ၏ အနီးတွင်မူ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ ငြိမ်သက်စွာ လဲလျောင်း နေခဲ့သည်။
"သူက …"
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။
"သူက … ပြိုင်ဘက်ကင်းပဲ"
***