← Chapters

ခွန်ရှု့နယ်မြေ၏ အစွမ်း အထက်ဆုံး

Vol. 8 Ch. 743

ခွန်ရှု့နယ်မြေ၏ အစွမ်း အထက်ဆုံး

Vol. 8 Ch. 743

လျှို့ဝှက်အဇူရာ ဂိုဏ်းချုပ် သို့မဟုတ် ခွန်ရှု့ နယ်မြေကို ရာစုနှစ် သုံးခု တိုင်တိုင် လွှမ်းမိုးခဲ့သော ပုဂ္ဂိုလ်ကား ရှုံ့းနိမ့်သွားခဲ့ရချေပြီ။ မရေမတွက်နိုင်သော လူများသည် ချန်းဖန်ကို ကြည့်ရင်း နေအသစ် တစ်စင်း ထွန်းလင်း လာသလို ခံစားကြရ၏။

ချီချင်းဝေ့မှာ နေရာတွင်ပင် ရုပ်တုတစ်ခုအလား အေးခဲနေမိ၏။ ချန်းဖန်ကဲ့သို့ မထင်မရှား လူတစ်ယောက်သည် ခွန်ရှု့နယ်မြေ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။

“ဆရာနိုင်ပြီ ... ဆရာနိုင်ပြီ  …”

အားရှို့မှာမူ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေခဲ့၏။

တစ်ချိန်တည်း၌ တောင်းပိုင်းနိုင်ငံ မင်းသမီးလေးသည် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

သူမသည် ချန်းဖန် နောက်သို့ အပျော်သဘော အနေဖြင့်သာ လိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုချောမောသော ကောင်လေးက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကို တကယ်ကြီး အနိုင်ရလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့ချေ။

ထိုအချိန်၌ သင်္ဘောပျံထက်ရှိ မီးဝိညာဉ် ဧကရာဇ်မှာမူ “အဲဒါ ငါ့သမက်လေးကွ  …” ဟု ကျယ်လောင်သော အသံဖြင့် အော်ဟစ်ရင်း ရယ်မော နေခဲ့၏။

“ဟူး ... ဟူး …”

တိုင်ယင် နတ်သမီးက ချက်ချင်းပင် တောင်ထိပ်သို့ ပျံသန်း တက်လာကာ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်အား ဖေးမ လိုက်သည်။

“ရွှမ်ဖုန်း ... ရှင် အဆင်ပြေရဲ့လား …”

“အဟွတ် ... အဟွတ် …”

တိုင်ယင် နတ်သမီး၏ ဖေးမမှုတွင် ရွှမ်ဖုန်းက ချောင်းဆိုးရင်း သွေးများကို ထွေးထုတ်လိုက်၏။ သူ၏ ဆံပင်များကား တစ်ဝက်ခန့်ဖြူရော် နေခဲ့ပြီ ဖြစ်သည်။

သူသည် ပေါက်ကွဲမှုတွင် အသက်ရှင်ခဲ့သည့်တိုင် သူ၏ အမြုတေမှာမူ ပျက်စီးသွားခဲ့၏။

ထို့ကြောင့် သူသည် ကောင်းကင် တန်ခိုးရှင် အဆင့် (ရွှေအမြုတေ အဆင့်)သို့ လက်ကျန် ဘဝ တစ်လျှောက်လုံး ဝင်ရောက် နိုင်တော့မည် မဟုတ်ချေ။

“ရှောင်ဟန် ... ငါအဆင်ပြေပါတယ် …”

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ညင်သာစွာ ပြောလိုက်၏။

“ဘုန်း ... ဘုန်း ... ဘုန်း …”

ရုတ်တရက် ထစ်ချုန်းသံ အချို့ ထွက်ပေါ်လာသည်။

ထိုအသံများကား ဂိုဏ်းကြီး ငါးဂိုဏ်းကို ကိုယ်စားပြုသော မြေကမ္ဘာ နတ်ဘုရား ငါးယောက်၏ အေးစက်သော အကြည့်များမှ တစ်ဆင့် ဖြစ်တည်လာခြင်း ဖြစ်သည်။ သူတို့ကား ဖြစ်နိုင်လျှင် ချန်းဖန်အား အမှုန့်ကြိတ်ချင်နေပုံပင် ရသည်။

“ဘာလဲ ... မင်းတို့က တိုက်ခိုက်ချင် နေတာလား …”

ချန်းဖန်၏ အမူအရာက စိုးရိမ်ခြင်း မရှိ တည်ငြိမ်နေသည်။

သူ၏ လက်ရှိ စွမ်းအား အရ ဆိုလျှင် မြေကမ္ဘာ ထိပ်ဆုံးအဆင့် ငါးယောက်ကို သတ်ဖြတ်ခြင်းက ငှက်ပျော အခွံခွာရသလောက် လွယ်၏။

“ဟူး ... ဟူး …”

မြေကမ္ဘာ နတ်ဘုရား ငါးယောက်က ချန်းဖန်အား အရပ်မျက်နှာ ငါးခုမှ ဝိုင်းပတ် လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် အခြားသော မြေကမ္ဘာ အဆင့်များကလည်း ခွန်းဝူ တောင်ထိပ်သို့ ပျံသန်း လာကြ၏။

“တော်ကြတော့ …”

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ဆိုလိုက်၏။ သူ၏ အသံသည် အားနည်း တိုးတိတ် နေသည့်တိုင် လူတိုင်း ရှင်းလင်းစွာ ကြားရ၏။

“ငါတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ် ... ရောင်းရင်းချန်းက ပြိုင်ဘက်ကင်း စွမ်းအားကို ထုတ်ဖော်ပြီး ခွန်ရှု့ နယ်မြေရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်တယ် ဆိုတာ သက်သေပြ ပြီးပြီ ... ဂိုဏ်းကြီး ခုနစ်ဂိုဏ်း အနေနဲ့ ဒီရလာဒ်ကို လက်ခံရမယ် …”

ထို့နောက် သူက တိုင်ယင် နတ်သမီး၏ ဖေးမမှုဖြင့် ဖြည်းညင်းစွာ ထရင်း ချန်းဖန်အား ဦးညွှတ်လိုက်၏။

လူတစ်ယောက်ကို ဤကဲ့သို့ ဦးညွှတ်ရခြင်းက သူ့အား အနည်းငယ် ခက်ခဲစေသည်။ ထိုအရာက သူ၏ စွမ်းအား၊ ဂုဏ်သိက္ခာ အလုံးစုံ ရှုံးနိမ့်ခြင်းကို ကိုယ်စားပြု၏။

တစ်ချိန်တည်း၌ တိုင်ယင် နတ်သမီး၏ လက်များသည် တုန်ရီနေခဲ့သည်။ သူမသည် သူမ၏ ယောက်ျားအား တားဆီးချင်နေသော်လည်း နောက်ဆုံး၌ ဆိတ်ဆိတ်သာ နေခဲ့၏။

များစွာသော လူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မသက်မသာ ဖြစ်မှုကို ခံစား ကြရသည်။ သူတို့သည် ခွန်ရှု့ နယ်မြေကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့သော လျှို့ဝှက်အဇူရာ ဂိုဏ်းချုပ်၏ ကျဆုံးမှု အတွက် အနည်းငယ် ဝမ်းနည်းမိကြ၏။

“အောမိသောဖော ... ခွန်ရှု့ နယ်မြေရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် ရောင်းရင်းချန်း …”

ဆင်နတ်ဘုရားက ဦးညွှတ်လိုက်၏။

ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ မြေကမ္ဘာ နတ်ဘုရားများနှင့် အခြားသော မြေကမ္ဘာ နတ်ဘုရားများကလည်း တစ်ယောက်ပြီး တစ်ယောက် ဦးညွှတ် ကြသည်။

“ခွန်ရှု့ နယ်မြေရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် ရောင်းရင်းချန်း …”

ထို့နောက် တောင်ခြေရှိ ထောင်သောင်းချီသော လူထု ပရိသတ်က ဒူးထောက်ရင်း ချန်းဖန်အား ဂါရဝ ပြုကြ၏။

“ဂုဏ်ယူပါတယ် ကျင့်ကြံသူ အရှင်ချန်း ... ထာဝရ တည်တံ့တဲ့ စွမ်းအားကို ပိုင်ဆိုင်ပါစေ …”

ဟူး ... ဟူး …

ထိုအချိန် အထိ ချန်းဖန်ကား တောင်ထိပ်တွင် လက်နှစ်ဖက် နောက်ပစ်ကာ ရပ်နေဆဲ ဖြစ်သည်။ သူ၏ ရှည်လျားသော ဆံပင်နှင့် နောက်မှောင်သော အင်္ကျီကား လေနှင့်အတူ တဖျတ်ဖျတ် မြောလွင့်နေ၏။

ချီချင်းဝေ့၊ ပိုင်စုရှင်းနှင့် တောင်ပိုင်းနိုင်ငံ မင်းသမီးလေးတို့သည် ချန်းဖန်အား ခံစားချက် အမျိုးမျိုးဖြင့် ငေကြည့် နေခဲ့မိသည်။

“ဒီလောက်ငယ်ရွယ်တဲ့ ကောင်လေးက ခွန်ရှု့ နယ်မြေရဲ့ အစွမ်း အထက်ဆုံး လူဖြစ်လာမယ်လို့ ဘယ်သူက တွေးမိမှာလဲ ... ကြည့်ရတာ ငါ တကယ်ပဲ အဘိုးကြီး ဖြစ်နေပြီ ထင်တယ် …”

ရေနက်ဂိုဏ်း အကြီးအကဲက ဖြူရော်စွာ ပြုံးရင်း ခေါင်းအား ငုံ့လိုက်မိ၏။

၁၂ လပိုင်း၊ ၅ ရက်နေ့ …

ချန်းဖန်သည် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကို အနိုင်ယူကာ ခွန်ရှု့ နယ်မြေ၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

***

“ခွန်းဝူတောင် တိုက်ပွဲ ပြီးသွားပြီတဲ့ ... မင်း ကြားပြီးပြီလား …”

“စိတ်ဝင်စားစရာ မကောင်းပါဘူးကွာ ... လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ပဲ နိုင်တာမလား ... ခွန်ရှု့ နယ်မြေ တစ်ခွင်လုံးမှာ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ …”

“မဟုတ်ဘူး ... ချန်းပေ့ရွှမ်း ဆိုတဲ့ လူငယ်လေးက နိုင်သွားတာကွ …”

“ဘာကြီး …”

ထိုကဲ့သို့ စကားဝိုင်းများက ခွန်ရှု့ နယ်မြေအနှံ့တွင် မရေမတွက်နိုင်အောင် ဖြစ်ပေါ်နေ၏။

ခွန်ရှု့ နယ်မြေမှ လူများအတွက် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ ဘယ်တော့မှ မရှုံးနိမ့်သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူ ရှုံးနိမ့်လိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ချေ။ ထိုသတင်းကား အနောက် အရပ်မှ နေထွက်သလိုပင် မယုံကြည် နိုင်စရာ ကောင်းလွန်း၏။

ချီရှန်းမြို့ …

ချီမူဖန်နှင့် ချီမိသားစု အကြီးအကဲများမှာ ဆွံ့အနေကြ၏။ သူတို့သည် ချန်းဖန် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကို အနိုင်ယူနိုင် လိမ့်မည်ဟု လုံးဝ မျှော်လင့် မထားကြချေ။

တစ်ချိန်တည်း၌ သူတို့သည် ပျော်ရွှင် နေမိကြသည်။ ချီမိသားစုမှ ချီရှို့အာမှာ ချန်းပေ့ရွှမ်း၏ တပည့် ဖြစ်ရာချီမိသားစု၏ အနာဂတ်မှာလည်း မြင့်တက်လာတော့မည် မဟုတ်ပါလား။

တစ်ချိန်တည်း၌ လျှို့ဝှက် အဇူရာ ဂီုဏ်းတစ်ခုလုံးမှာ တိတ်ဆိတ် နေခဲ့၏။

ယနေ့မှ စ၍ သူတို့၏ ဂိုဏ်းချုပ်သည် ခွန်ရှု့ နယ်မြေ၏ အရှင်သခင် မဟုတ်တော့ချေ။ ထိုနေရာ၌ အခြား တစ်ယောက်က အစားထိုးသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာက သူတို့အား ကြီးစွာသော နာကျင်မှုကို ခံစားရစေ၏။

တစ်ချိန်တည်း၌ များစွာသော မိသားစု ခေါင်းဆောင်များ၊ ဂိုဏ်းအကြီးအကဲများမှာ ချန်းဖန်အား ချည်းကပ်ရန် ကြိုးစားနေကြသည်။ သူတို့သည် ချန်းဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် အတွက် ဘာမဆို လုပ်ဆောင်ရန် ဆန္ဒ ရှိကြ၏။

အကယ်၍ သူတို့သာ ချန်းဖန်ကို ဂိုဏ်းအတွင်း ဝင်ရောက်ရန် စည်းရုံးနိုင်ပါက သူတို့၏ ဂိုဏ်းမှာ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းကို ကျော်လွန်၍ ခွန်ရှု့ နယ်မြေ၏ အင်အား အကြီးဆုံးဂိုဏ်း ဖြစ်လာမည် မဟုတ်ပါလား။

သို့သော်လည်း ချန်းဖန်မူကား ကြွက်တွင်း၌ ဘုရင်လုပ်ရန် ဆန္ဒမရှိချေ။ ခွန်ရှု့ နယ်မြေမှာ သူ့အတွက် အလွန်ပင် သေးငယ် လွန်း၏။

သူက ကမ်းလှမ်းမှု အားလုံးကို ပြတ်သားစွာပင် ငြင်းဆိုကာ ချီညီအစ်မကို ခေါ်၍ ခွန်းဝူတောင်မှ ထွက်ခွာရန် ပြင်လိုက်သည်။

“ရွှေသမက်လေး ... နေပါဦးကွ ... အောင်ပွဲခံ ကြမယ်လေကွာ”

မီးဝိညာဉ် ဧကရာဇ်က အော်ဟစ်ရင်း ချန်းဖန်၏ နောက်သို့ ပြေးကာ လိုက်သည်။

ချန်းဖန်သည် လျှို့ဝှက် အဇူရာ ဂိုဏ်ချုပ်ကို လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သော်လည်း ထိုအရှက်မဲ့သော မြေကမ္ဘာ နတ်ဘုရားနှင့် ရင်ဆိုင်ရာ၌မူ အမြဲတမ်း အကူအညီမဲ့ရ၏။

သို့သော်လည်း မီးဝိညာဉ် ဧကရာဇ်မှာ အရူး မဟုတ်ချေ။ သူက ချန်းဖန်၏ အနားသို့ ကပ်ရင်း လေးနက်စွာ သတိပေးလိုက်သည်။

”လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ် ရှုံးသွားတယ် ဆိုပေမဲ့ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းရဲ့ အင်အားက ပြိုင်ဘက်ကင်း နေတုန်းပဲ ... ပုရွက်ဆိတ်တောင် သိန်းသန်းချီ အင်အားနဲ့ ဆိုရင် အရမ်း ကြောက်ဖို့ကောင်းတယ် ဆိုတာ မင်းလည်း နားလည်မှာပါ ...  လွန်ခဲ့တဲ့ နှစ်ခုနစ်ရာက ကောင်းကင် မိုးကြိုးဂိုဏ်းရဲ့ အတွင်းအား ထိပ်သီးအဆင့် ခုနစ်ထောင် ပူးပေါင်းပြီး မိန်ချင်းဂိုဏ်းရဲ့ မြေကမ္ဘာ အဆင့် တစ်ယောက်ကို သတ်ဖြတ်ဖူးတယ် ... အဲဒီ အချိန်က စပြီး ဘယ်မြေကမ္ဘာ အဆင့်မှ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းကို စိန်မခေါ်ရဲတော့ဘူး”

“နောက်ပြီးတော့ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှာ သူတို့ ဘိုးဘေး အဆက်ဆက်က လက်ဆင့်ကမ်းလာတဲ့ ရတနာတွေ ရှိတယ် ... လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က တိုက်ပွဲမှာ အဲဒီ ရတနာတွေကို ထုတ်မသုံးခဲ့ဘူး ... မဟုတ်ရင်း မင်း ခုလို သူ့ကို လွယ်လွယ်ကူကူ နိုင်မှာ မဟုတ်ဘူး ... နောက်ပြီးတော့ ယွင်ထျန်း နန်းတော်ကို သတိထားပါ ... သူတို့က ခွန်ရှု့ နယ်မြေရဲ့  နံပါတ်တစ် ဂိုဏ်းပဲ ... သူတို့မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

“ကောင်းပါပြီ ... ကျွန်တော် ဂရုစိုက် လိုက်ပါ့မယ်”

ချန်းဖန်က အလေးအနက် ပြန်လည် ပြောလိုက်သည်။

သူသည် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းကို ကြောက်လန့်ခြင်း မရှိသော်လည်း မီးဝိညာဉ် ဧကရာဇ်၏ သတိပေး စကားအား  အမှန်ပင် တန်ဖိုးထားသည်။ မည်သို့ပင် ဆိုစေ ထိုအရာက သူ့အား ကူညီနေခြင်း မဟုတ်ပါလား။

ထို့နောက် မီးဝိညာဉ် ဧကရာဇ်က ချန်းဖန်နှင့် မိတ်ဆွေ ဖြစ်ရသည်ကို ဝမ်းသာကြောင်း ပြောဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့၏။

မီးဝိညာဉ် ဧကရာဇ် ထွက်ခွာ သွားပြီးနောက် ချန်းဖန်က တိတ်ဆိတ်သော မြို့တစ်မြို့ကို ရှာဖွေကာ အဖြူရောင် နတ်သမီးအား ဓားအားဖြည့် ကျောက်မျက် အတွင်းမှ ထုတ်ယူ လိုက်၏။

နှင်းနတ်ဘုရား နန်းတော်မှာ လုယန်ရွယ်လို့ ခေါ်တဲ့ မိန်းကလေး ရှိလား …။

ချန်းဖန်၏ မေးခွန်းကို ကြားသည်နှင့် အဖြူရောင် နတ်သမီး၏ မျက်နှာတွင် မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်လာသည်။

“လုယန်ရွယ်ကို ရှင် ဘယ်လို သိတာလဲ …”

***

All Chapters