← Chapters

မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း

Vol. 8 Ch. 744

မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း

Vol. 8 Ch. 744

လုယန်ရွယ်သည် အကြီးအကဲဟုန်၏ ခေါ်ဆောင်မှုဖြင့် သေမျိုးကမ္ဘာမှ နှင်းနတ်ဘုရား နန်းတော်သို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူမသည် နှင်းနတ်ဘုရား နန်းတော်တွင်ပင် ထင်ရှားစွာ နေတတ်သူ တစ်ယောက် မဟုတ်ရာ အပြင်လူများ အနေဖြင့် သူမ၏ နာမည်အား သိစရာ အကြောင်း မရှိချေ။

ထို့ကြောင့်ပင် ချန်းဖန်၏ မေးခွန်းကို ကြားပြီးနောက် အဖြူရောင် နတ်သမီးမှာ ဆွံ့အ သွားခြင်း ဖြစ်၏။

“လမ့်တိုင်တောင်မှာတုန်းက သူက အခြား မြေကမ္ဘာ နတ်ဘုရား ခုနစ်ယောက်ကို သတ်ပြီး ငါတစ်ယောက်တည်း ကိုပဲ အသက် ချမ်းသာပေးခဲ့တယ် ... အဲဒီတုန်းက ငါ့ရဲ့ ရုပ်ရည်ကို သဘောကျလို့ လို့ပဲ ငါ ထင်ထားခဲ့တာ ... ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်တွေမှာ သူက ငါ့ကို တစ်ခါမှတောင် စကား စပြောခဲ့ဘူး ... ခုကျတော့ ရုတ်တရက်ကြီး လုယန်ရွယ် အကြောင်းကို မေးလာတယ် ... ဖြစ်နိုင်တာက …”

ထိုအတွေးက အဖြူရောင် နတ်သမီးအား ထိတ်လန့်စေ၏။

အကယ်၍ သူမ၏ အတွေးသာ မှန်ကန်ခဲ့လျှင် ထိုကောင်လေးကြောင့် ခွန်ရှု့ နယ်မြေ တစ်ခုလုံး လွန်စွာ ရှုပ်ထွေး သွားနိုင်သည်။

“ငါအတွေးလွန်နေတာပဲ ဖြစ်မှာပါ”

သူမက စိတ်ရှုပ်ထွေးစွာပင် ချန်းဖန်၏ မေးခွန်းအား ပြန်လည် အဖြေပေး လိုက်သည်။

”ဟုတ်ကဲ့ ... ရှိပါတယ်…ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လလောက်က ကျင့်ကြံသူ လမ့်ရှောင်ရဲ့ ပြောစကား အရဆို ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေဟာ သေမျိုး ကမ္ဘာအကြောင်း အချက်အလက်တွေ ရဖို့ အတွက် လုယန်ရွယ်ရဲ့ ဝိညာဉ်ကို ရှာဖွေဖို့ ဆုံးဖြတ်ထားကြတယ်တဲ့”

“ဘယ်လို …”

ချန်းဖန်၏ မျက်လုံး၌ ဒေါသက မီးတောက်များ အလား တောက်လောင် လာ၏။

ဝိညာဉ် ရှာဖွေခြင်း နည်းစနစ်မှာ အလွန် ဘေးထွက် ဆိုးကျိုးများလွန်းသော နည်းစနစ် တစ်ခု ဖြစ်သည်။ လုယန်ရွယ်မှာ ယခုမှ ချီသန့်စင်ခြင်း အဆင့်တွင်သာ ရှိသေးရာ ဝိညာဉ် ရှာဖွေခြင်း နည်းစနစ်ဖြင့် ရှာဖွေခံရပါက ကျိန်းသေ သေဆုံးရပေလိမ့်မည်။

“နှင်းနတ်ဘုရား နန်းတော်ကို လမ်းပြ ...”

ချန်းဖန်က အေးစက်စွာ ဆိုရင်း ဓားအားဖြည့် ကျောက်မျက်ထဲမှ ရေနဂါးဖြူကို ဆင့်ခေါ် လိုက်သည်။

“ဟူး …”

ချက်ချင်းပင် ရေနဂါးဖြူသည် သာမန် မြွေတစ်ကောင် အရွယ်အစားမှ မီတာ ရာချီသော နဂါး နဂါး တစ်ကောင်အဖြစ် ပြန်လည် ပြောင်းလဲ၏။

“ကောင်းပါပြီ …”

ချန်းဖန်၏ ဒေါသ အငွေ့အသက်များ အောက်၌ အဖြူရောင် နတ်သမီးမှာ ငြင်းဆိုရန် မဝံ့ရဲခဲ့ချေ။ သူမက နာခံစွာပင် ရေနဂါးဖြူ ပေါ်သို့ တက်လိုက်၏။

ချီချင်းဝေ့နှင့် ချီရှို့အာတို့သည် ချန်းဖန်အား မေးခွန်းများ မေးချင်နေသော်လည်း ချန်းဖန်၏ အေးစက်မှုကို ခံစားမိကြရာ စကား တစ်ခွန်းပင် မပြောရဲခဲ့ချေ။

“ဟူး ... ဟူး …”

ထို့နောက် သူတို့ လေးယောက်သည် ရေနဂါးဖြူကို စီးနင်းရင်း နှင်းနတ်ဘုရား နန်းတော် ရှိရာ မြောက်အရပ်သို့ ခရီးနှင် လာခဲ့ကြ၏။

ခွန်ရှု့နယ်မြေသည် အလွန် ကြီးမားသော နယ်မြေဒေသကြီး ဖြစ်သည်။ သို့သော်လည်း ရေနဂါးဖြူ၏ ပျံသန်းမှုကား အလွန်တရာ မြန်ဆန်လှရာ တစ်နာရီ မပြည့်ခင်မှာပင် သူတို့ နှင်းနတ်ဘုရား နန်းတော် ရှိရာ အရပ်သို့ ရောက်လာခဲ့၏။

“ဟူး ... ဟူး …”

ထူထပ်သော သစ်တော တစ်ခု၏ အပေါ်မှ ဖြတ်သန်း ပျံသန်းပြီးနောက် နတ်သမီး ပုံပြင်များထဲမှ ရေခဲ နန်းတော်ကြီး တစ်ခုက ရုတ်တရက် ချန်းဖန်တို့၏ အရှေ့၌ ပေါ်လာခဲ့သည်။

ထိုရေခဲ နန်းတော်ကြီးသည် နှင်းတောင်ကြီး တစ်ခု၏ အထက်၌ နေမင်း၏ သရဖူ အလား ထည်ဝါ အထီးကျန်စွာ တည်ရှိ နေ၏။

”ရား …”

ရေနဂါးဖြူက ကျယ်လောင်စွာ အော်ဟစ်ရင်း ရေခဲ နန်းတော်ကြီး၏ အရှေ့ ဂိတ်တံခါးနား၌ ဆင်းသက်၏။

ရေနဂါးဖြူအား မြင်သည်နှင့် နှင်းနတ်ဘုရား နန်းတော်၏ တပည့် နှစ်ယောက်က လျှင်မြန်စွာ ချည်းကပ် လာကြသည်။ သူတို့ နှစ်ယောက် စလုံးသည် တန်ခိုးရှင် အဆင့်၌ ရှိနေကာ တူညီသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။

“ဧည့်သည်တော် ... သင်က ဘယ်သူလဲ ဆိုတာ ... ဟမ် ... အဲဒါက အဖြူရောင် နတ်သမီး မလား”

နှင်းနတ်ဘုရား နန်းတော်၏ တပည့် နှစ်ယောက်မှာ အဖြူရောင် နတ်သမီးကို တွေ့သည်နှင့် အံ့အားသင့် သွားကြ၏။

အဖြူရောင် နတ်သမီးသည် မြေကမ္ဘာ အလယ်ဆင့် ဖြစ်ပြီး နှင်းနတ်ဘုရား နန်းတော်၏ ပဉ္စမြောက် အစွမ်း အထက်ဆုံး နတ်သမီးလည်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏ ပုံရိပ်မှာ နှင်းနတ်ဘုရား နန်းတော် အတွင်း၌ အလွန် ကြီးမားသည်။

“ဆရာဒေါ်လေးကို ရန်သူ ဖမ်းထားတယ် ထင်နေတာ ... ဘယ်လို ပြန်ပြီး လွတ်လာတာလဲ”

တပည့် မိန်းကလေး နှစ်ယောက်မှာ ထိုမေးခွန်းကို မေးချင်နေကြသော်လည်း စိတ်ထဲတွင်သာ ပြန်လည် သိမ်းဆည်း လိုက်ကြသည်။

“ငါတို့ကို လုယန်ရွယ် ရှိတဲ့နေရာကို ခေါ်သွားပေး …”

အဖြူရောင် နတ်သမီးက ခပ်မြန်မြန်ပင် ပြောလိုက်သည်။ သူမသည် ချန်းဖန်၏ စိတ်ရှည်မှုများ ကုန်ဆုံးသွားမည်ကို အမှန်ပင် စိုးရွံ့နေခဲ့၏။

“ကောင်းပါပြီ …”

တပည့် မိန်းကလေး နှစ်ယောက်က သူတို့၏ ခေါင်းများအား ငုံ့လိုက်ကြ၏။

သူတို့နှစ်ယောက်၏ ဦးဆောင်မှုဖြင့် ချန်းဖန်တို့ အဖွဲ့သည် နှင်းနတ်ဘုရား နန်းတော် အတွင်းသို့ ရောက်ရှိ လာခဲ့ကြသည်။

နှင်းနတ်ဘုရား နန်းတော်၏ တပည့်များအား အပြင်စည်း တပည့်၊ အတွင်းစည်း တပည့်နှင့် ဆက်ခံသူများ ဟူ၍ သုံးမျိုးသုံးစား ခွဲခြား ထား၏။ တန်ခိုးရှင် အဆင့်သို့ ရောက်သော သူများသာ “ဆက်ခံသူ” ဟူသည့် ဂုဏ်ထူးကို ဆက်ခံ နိုင်ကြသည်။

လုယန်ရွယ်သည် ရေခဲဝိညာဉ် သွေးကြောကို ပိုင်ဆိုင်ထားသည့် ပါရမီရှင် ဖြစ်သော်လည်း ယခုမှ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသေးရာ အတွင်းစည်းများ အကြားတွင်သာ နေထိုင်ရသည်။

မကြာခင်မှာပင် ချန်းဖန်တို့ အဖွဲ့သည်  အတွင်းစည်း တပည့်များ နေထိုင်ရာ နေရာသို့ ရောက်လာခဲ့၏။

“ရွှမ်း …”

လုယန်ရွယ်အား မတွေ့ရသေးခင်မှာပင် ရုတ်တရက် ကျယ်လောင်သော ကြာပွတ်ရိုက်သံ တစ်ခုအား သူတို့ ကြားလိုက်ရ၏။ ထိုအသံနှင့် အတူ နိုင်ထက်စီးနင်း နိုင်သော စကားသံကပါ ကပ်ပါလာသည်။

“ငါ့ကို သေမျိုး ကမ္ဘာရဲ့ အကြောင်း အခု ပြောပြစမ်း ... မဟုတ်ရင် ယွင်ထျန်း နန်းဝောာ်ရဲ့ အစ်ကိုကြီးကုန်းက နင့်ကို ခွန်ရှု့ နယ်မြေမှာ ဘယ်လို စစ်ဆေးသလဲ ဆိုတာ ပြမယ်”

“ဟူး ... လား ... လား …”

ရုတ်ခြည်းပင် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံသည် နံရံများစွာကို ကျော်ဖြတ်၍ အသံထွက်ပေါ်လာသည့် နေရာသို့ ပျံ့လွင့်သွား၏။

ထိုအချိန် အတွင်းစည်း တပည့် အဆောင်၊ အလုံပိတ် အခန်း တစ်ခု အတွင်း၌ …

ရေခဲကြာပွတ် ကိုင်ဆောင်ထားသော မိန်းကလေး တစ်ဦးနှင့် ခန့်ညား ချောမောသော ယောက်ျား တစ်ဦးတို့သည် အခြား တပည့်များကို ခြံရံရင်း မတ်တတ်ရပ် နေကြသည်။

သူတို့ နှစ်ယောက်၏ အရှေ့ ကြမ်းပြင်တွင်မူ ဒူးထောက်နေသော မိန်းကလေး တစ်ယောက် ရှိသည်။

“အစ်ကိုကြီးကုန်း ... အမဝူ ... အပြင် ကမ္ဘာမှာ မြေကမ္ဘာ နတ်ဘုရား ရှိတယ်လို့ ကျွန်မ တစ်ခုမှ မကြားဖူးပါဘူး ... ကျွန်မ သိထားတဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူက တန်ခိုးရှင် အဆင့်ပဲ ရှိတာပါ ... အဲဒါက ကျွန်မ သိထားတာ အကုန်ပါပဲ ... ကျိန်ပြောဆို ကျွန်မ ကျိန်ပြောပါ့မယ်”

ဒူးထောက်နေသော မိန်းကလေးက ခေါင်းကို ငုံ့ရင်း တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။  သူမကား ချန်းဖန်၏ မိတ်ဆွေဟောင်း တစ်ဖြစ်လည်း လုယန်ရွယ်ပင် ဖြစ်သည်။

“ဟမ် ... နင်က ခုထိ အခြေအနေကို နားမလည် သေးဘူးပေါ့”

အစ်မဝူက နှာခေါင်းရှုံ့ရင်း လက်ထဲမှ ကြာပွတ်အား နောက်တစ်ကြိမ် မြှောက်လိုက် ပြန်၏။

“ရပ်စမ်း …”

ရုတ်တရက် အေးစက်သော အသံတစ်ခု အခန်း အတွင်း ပျံ့လွင့်လာသည်။

လူတိုင်းက အသံလာရာသို့ ကြည့်လိုက်ရာ အခန်း အတွင်းသို့ အနက်ရောင် ဝတ်ဆင်ထားသော လူငယ် တစ်ယောက် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

“ငါ့နာမည်က ဝူဟုန်ယန် ... နှင်းနတ်ဘုရား နန်းတော်ရဲ့ ဆက်ခံသူ တစ်ယောက်ပဲ ... နင်က ဘယ်သူလဲ”

အမဝူက လူငယ်အား စူးရဲစွာ ကြည့်ရင်း မေးလိုက်သည်။

“ချန်း ... ဖန် …”

လုယန်ရွယ်မှာမူ လူငယ်အား ကြည့်ရင်း ဆွံ့အနေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူမ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျ လာခဲ့၏။

“ငါဘယ်သူလဲ ဆိုတာ နင့်အမေကို သွားမေးလိုက် …”

ချန်းဖန်က အေးစက်စွာ ပြောရင်း မူလ အဆင့်၏ အရှိန်အဝါကို ဖော်ထုတ်လိုက်သည်။

“ဘုန်း …”

ရုတ်ခြည်းပင် အခန်း၏ လေထု၌ ကြီးမားသော ဖိအားတစ်ခု ပျံ့လွင့် လာသည်။ များစွာသော တပည့်များကား ထိုဖိအားကို တောင့်မခံနိုင်ရာ သူတို့၏ ဒူးများကိုသာ ထောက်လိုက်ရ၏။

“မလေးမစား ပြုမိတဲ့ အတွက် ခွင့်လွှတ်ပါ ခင်ဗျာ ... ကျုပ်က ယွင်ထျန်း နန်းတော်ရဲ့ တပည့် ကုန်းချန်းရှန့်ပါ ... အခု ကျုပ်တို့တွေက ဂိုဏ်းကြီး ခုနစ်ဂိုဏ်းရဲ့ အမိန့်အရ လုယန်ရွယ်ကို စစ်ဆေး နေတာပါ …”

အစ်ကိုကြီးကုန်းက ချန်းဖန်အား ခပ်မြန်မြန်ပင် ရှင်းပြလိုက်သည်။

သူသည် ချန်းဖန်မှာ ဤနေရာသို့ လုယန်ရွယ်ကြောင့် ရောက်လာကြောင်း ရိပ်စားမိ၏။ ထို့ကြောင့်ပင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ အမည်ကို သုံးကာ သူ့ကိုယ်သူ ကာကွယ်လိုက်ခြင်း ဖြစ်သည်။

“နားငြီးတယ် …”

သို့သော်လည်း ချန်းဖန်က သူ့အား တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ သူက လက်တစ်ဖက်အား ဝှေ့ယမ်း၍ စွမ်းအင်လှိုင်း တစ်ခုကိုသာ ပစ်လွှတ် လိုက်၏။

“ဘုန်း …”

ထိုစွမ်းအင်လှိုင်းက ကုန်းချန်းရှန့်ထံသို့ တိုးဝင်ကာ သူ့အား သွေးမြူအဖြစ် ပြောင်းလဲ လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း အမဝူ အပါအဝင် များစွာသော တပည့်များကား ဆွံ့အ သွားကြသည်။ သူတို့ကား ပါးစပ်ကိုပင် မဟရဲ ကြတော့ချေ။

“နင် ... အဆင်ပြေရဲ့လား”

ချန်းဖန်က လုယန်ရွယ်၏ အနားသို့ လျှောက်လာရင်း ညင်သာစွာ မေးလိုက်သည်။

လုယန်ရွယ်က မြေပြင်မှ တုန်တုန်ရီရီဖြင့် ကြိုးစားထလိုက်၏။ ထို့နောက် သူမက ချန်းဖန်အား ဖြူရော်စွာ ပြုံးပြလိုက်သည်။

“ငါ့အတွက် နင်ရောက်လာလိမ့်မယ် လို့ မထင်ထားခဲ့မိဘူး ... ကျေးဇူးတင်ပါတယ်”

စကားဆုံးသည်နှင့် လုယန်ရွယ်၏ ဒူးများက ခွေကာ ယိုင်လဲကျသွားသည်။

ချန်းဖန်က အလိုက်သင့်ပင် သူမ၏ ခန္ဓာကိုယ်လေးအား ညင်သာစွာ ဖမ်းယူ ထားလိုက်၏။

ချီရှို့အာနှင့် ချီချင်းဝေ့တို့သည် အခန်း အတွင်းသို့ ဝင်သည်နှင့် ချန်းဖန်နှင့် အလွန် လှပသော မိန်းကလေး တစ်ယောက် ပွေ့ဖက်နေသည်ကို တွေ့လိုက်ရသည်။

သူတို့သည် ထိုမိန်းကလေး မည်သူဖြစ်မှန်း မသိကြချေ။ သို့သော်လည်း ချန်းဖန်၏ အမူအရာအရ ထိုမိန်းကလေးမှာ ချန်းဖန်၏ နှလုံးသားထဲတွင် နေရာ တစ်ခု ယူထားကြောင်း အကဲခတ် လိုက်မိ၏။

“နှင်းနတ်ဘုရား နန်းတော်ကို ဘယ်သူက ကျူးကျော်ရဲတာလဲ”

ရုတ်တရက် ကောင်းကင်၌ အဖြူရောင် အလင်း တောက်ပလာကာ အဘွားအို တစ်ဦး၏ ပုံရိပ် ပေါ်လာခဲ့၏။

“အကြီးအကဲရုန် …”

အဘွားအိုအား တွေ့သည်နှင့် ဒူးထောက်နေသော တပည့်များက အားကိုးတကြီး ခေါ်လိုက်ကြသည်။

အကြီးအကဲရုန် …

အကြီးအကဲရုန်ကား နှင်းနတ်ဘုရား နန်းတော်၏ အစောင့်အရှောက် ဖြစ်သည်။ သူမသည် အလွန် အစွမ်းထက်ပြီး နှင်းနတ်ဘုရား နန်းတော်၏ ဂိုဏ်းချုပ်ကပင် သူမအား လေးစားစွာ ဆက်ဆံရ၏။

“အကြီးအကဲရုန် ... သူက အစ်ကိုကြီးကုန်းကို သတ်ပစ်လိုက်တယ် ... သူ့ကို ဆုံးမပေးပါ”

ဝူဟုန်ယန်က ဒူးထောက်ထားရင်းမှ အော်ဟစ်လိုက်သည်။

“သင်က ဘယ်သူလဲ …”

အကြီးအကဲရုန်က ချန်းဖန်အား မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ သူမသည် ခွန်းဝူတောင် တိုက်ပွဲသို့ သွားမကြည့်ခဲ့ရာ ချန်းဖန်အား မမြင်ဖူးချေ။

“ငါက နင့်ကို သတ်မဲ့သူ …”

ချန်းဖန်က အေးစက်စွာပင် အဖြေပေး လိုက်သည်။

“ဟူး ... ဟူး …”

တစ်ချိန်တည်း၌ သူ၏ မျက်လုံးများကား  သတ်ဖြတ်လိုစိတ်ဖြင့် ရူးသွပ်စွာ တောက်ပနေ၏။

ထိုအရာက ခွန်ရှု့နယ်မြေသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ အမှန်တကယ် ဒေါသထွက်ခြင်းပင် ဖြစ်သည်။

***

All Chapters