ဂိုဏ်းတစ်ဂိုဏ်းနှင့် လူတစ်ယောက်
Vol. 8 Ch. 746
“ဟူး ... ဟူး …”
နှင်းနတ်ဘုရား နန်းတော် အတွင်းမှ အသက် သုံးဆယ်ခန့် မိန်းမတစ်ယောက် ပျံသန်း ထွက်ပေါ်လာသည်။
သူမ၏ ရုပ်ရည်သည် ချမ်ရဲ့ရွှယ် ထက်ပင် ပိုမို လှပပြီး လူတိုင်းအား ထူးခြားသော ခံစားချက်ကို ပေး၏။
သို့သော်လည်း ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား သူမ၏ စွမ်းအား အငွေ့အသက်မှာ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထက်ပင် ပိုမို ပြင်းထန် နေခြင်းပင်။
“နန်းတော် သခင်မ …”
မြေကမ္ဘာ နတ်ဘုရားများက တညီတညွှတ်တည်း ဦးညွှတ်ရင်း နှုတ်ဆက် လိုက်ကြ၏။ ထို့နောက် တိုင်ဟန် နတ်သမီးက ရှေ့သို့ အနည်းငယ် တိုးကာ ပြောလိုက်သည်။
“ဆရာ ... ဒီကောင်စုတ်လေးက နှင်းနတ်ဘုရား နန်းတော်ကို ကျူးကျော်ပြီး အကြီးအကဲရုန်ကို သတ်ခဲ့ပါတယ် ... နောက်ပြီး သူက အရမ်းကို အစွမ်းထက် …”
နန်းတော်သခင်မက တိုင်ဟန် နတ်သမီး၏ စကားအား လက်ကာပြရင်း ဟန့်တား လိုက်၏။ ထို့နောက် သူမက ချန်းဖန်အား ကြည့်ရင်း ပြောလိုက်သည်။
“သင့်နာမည်က ချန်းပေ့ရွှမ်း ဖြစ်ရမယ် …”
“ချန်းပေ့ရွှမ်း …”
ထိုနာမည်အား ကြားသည်နှင့် နှင်းနတ်ဘုရား နန်းတော်၏ တပည့်များမှာ ဆွံ့အသွားကြ၏။ လူတိုင်းသည် ထိုနာမည်ကို အနည်းနှင့် အများ ကြားဖူးကြသည်။
သို့သော်လည်း ချန်းပေ့ရွမ်းမှာ ခွန်းဝူတောင်၌ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်နှင့် တိုက်ခိုက်နေသင့်သည် မဟုတ်လော။ သူက အဘယ်ကြောင့် နှင်းနတ်ဘုရား နန်းတော်ကို ရောက်လာရ သနည်း။
“သခင်မ ... သူက …”
တိုင်ဟန် နတ်သမီးက တစ်စုံတစ်ခုကို မေးရန် ဟန်ပြင်လိုက်သည်။
“သူက ခွန်းဝူတောင် တိုက်ပွဲမှာ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကို အနိုင်ယူခဲ့တယ် ... နင်တို့ သူ့ကို မနိုင်တာ ရှက်စရာ မဟုတ်ဘူး”
နန်းတော် သခင်မက တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“ဘယ်လို …”
ယခုတစ်ကြိမ်တွင်မူ မြေကမ္ဘာ အဆင့်များပင် ဆွံ့အသွားကြသည်။
ထိုမိစ္ဆာလေးက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကိုပင် အနိုင်ယူ လိုက်သည်လား။ သူက အဘယ်ကြောင့် ဤမျှအထိ အစွမ်းထက် နေရသနည်း။
“ကျင့်ကြံသူချန်း ... နှင်းနတ်ဘုရား နန်းတော်ကို ဘာကိစ္စကြောင့် လာခဲ့တာပါလဲ”
နှင်းနတ်ဘုရား နန်းတော်သခင်မက မေးလိုက်သည်။
“နှင်းနတ်ဘုရား နန်းတော်ရဲ့ တပည့်တွေက ငါ့မိတ်ဆွေကို အနိုင်ကျင့်တယ် ... မင်းတို့က ငါ သေသွားပြီလို့ ထင်နေတာလား”
ချန်းဖန်က ပြောရင်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
“ဟူး …”
ရုတ်ခြည်းပင် ဝူဟုန်ယန်၏ ခန္ဓာမှာ မမြင်ရသော လက်ကြီးဖြင့် ဆွဲခေါ်ခြင်း ခံရသည့်အလား ကောင်းကင်သို့ မြင့်တက်လာ၍ ချန်းဖန် အနီးသို့ ရောက်၏။
“သခင်မ ... ကျွန်မမှာ အပြစ် မရှိပါဘူးရှင် ... ကျွန်မကို ကယ်ပါ”
ဝူဟုန်ယန်က တုန်တုန်ရီရီဖြင့် အော်ဟစ်လိုက်သည်။
“အပြစ် မရှိဘူး ဟုတ်လား …”
ချန်းဖန်က နှာခေါင်းရှုံ့ရင်း သူ၏ လက်အား ဆုပ်လိုက်၏။
“ဘုန်း …”
ရုတ်ခြည်းပင် ဝူဟုန်ယန်၏ ခန္ဓာမှာ ပေါက်ကွဲ၍ သွေးမြူအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း နန်းတော် သခင်မ၏ မျက်ဝန်း၌ အေးစက်ခြင်းများ ဖြစ်ပေါ်လာသည်။
“ကျင့်ကြံသူချန်း ... သင်က ခွန်ရှု့ နယ်မြေရဲ့ ထိပ်ဆုံး ကျင့်ကြံသူ ဖြစ်တဲ့အတွက် ငါတို့က သင့်ကို လေးစားခဲ့တယ် ... ဒါပေမဲ့ အဲဒါက နှင်းနတ်ဘုရား နန်းတော်မှာ သင် လွတ်လွတ်လပ်လပ် သတ်ဖြတ် စော်ကား နိုင်တယ်လို့ မဆိုလိုဘူး ... ငါတို့ နှင်းနတ်ဘုရား နန်းတော်က ဂိုဏ်းကြီး ခုနစ်ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ ... ငါတို့ တပည့်တစ်ယောက် အမှားလုပ်ရင် ငါတို့ ဘာသာ ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးမယ်”
“ဟား ... ဟား …”
ချန်းဖန်က အော်ဟစ် ရယ်မောလိုက်၏။
“တပည့် တစ်ယောက်ကို ဝိညာဉ် ရှာဖွေခံရဖို့ အခြား ဂိုဏ်းတစ်ဂိုဏ်းဆီ လွှဲပေးတာကလည်း မင်းတို့ ဂိုဏ်းရဲ့ စည်းကမ်းလား …”
“အဲဒါက ကောင်းကင် သခင်ဂိုဏ်းရဲ့ သေဆုံးမှုအတွက် ရှာဖွေ စုံစမ်းဖို့ ဂိုဏ်းခုနစ်ဂိုဏ်း ပူးပေါင်းပြီး ပြုလုပ်ထားတဲ့ ဆုံးဖြတ်ချက် …”
နန်းတော် သခင်မ၏ စကား မဆုံးခင်မှာပင် ချန်းဖန်က လက်ကို ဝှေ့ယမ်းရင်း ဟန့်တား လိုက်၏။
“ရပ်စမ်း ... ငါ့ကို တိကျတဲ့ ရှင်းလင်းချက် မပေးနိုင်ရင် ငါ နန်းတော်ထဲက လူ အားလုံးကို သတ်မယ်”
“သင်က တကယ်ပဲ နှင်းနတ်ဘုရား နန်းတော်ရဲ့ ရန်သူ ဖြစ်ချင်တာလား”
နှင်းနတ်ဘုရား နန်းတော် သခင်မ၏ အေးစက်သော အရှိန်အဝါတွင် လေထု အတွင်းရှိ ရေခိုးရေငွေ့များသည် စတင်၍ အေးခဲလာ၏။
“ဟားဟား …”
ချန်းဖန်က လှောင်ပြောင်ကာ ရယ်မော လိုက်သည်။
“မင်းက ဒီဝိညာဉ် ရတနာနဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား ... နင်း နေရာမှာသာ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်သာဆို ငါကြောက်မိကောင်း ကြောက်မိနိုင်တယ် ... ဒါပေမဲ့ မင်းလိုလူမျိုးကိုတော့ ငါက လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တယ်”
ချန်းဖန်၏ မျက်လုံးများက မောက်မာခြင်းများနှင့် ပြည့်နှက်နေသည်။
ရွှေအမြုတေ အဆင့်သို့ ဝင်ရောက်ခြင်းကား အလွန်ပင် ခက်ခဲသော အရာ ဖြစ်သည်။ မူလအဆင့် တစ်ရာတွင် တစ်ယောက်ပင် ရွှေအမြုတေ အဆင့်သို့ ဝင်ရောက်ရန် မလွယ်ကူချေ။
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် အတွက်ပင် အမြုတေကို အပြည့်အဝ ဖွဲ့စည်းပြီးရန် အတွက် နှစ်တစ်ထောင်ခန့် လိုအပ်ပေလိမ့်မည်။ သို့ဖြစ်ရာ နှင်းနတ်ဘုရား နန်းတော် သခင်မ အတွက် ရွှေအမြုတေ အဆင့်သို့ ရောက်ရန်မှာ ယခု ဘဝ၌ ဖြစ်နိုင်မည် မဟုတ်ချေ။
သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် အရှိန်အဝါများမှာ သူမ၏ ကိုယ်ပိုင် စွမ်းအားမှ မဟုတ်ဘဲ နန်းတော်၏ ဝိညာဉ် ရတနာမှ ငှားယူထားခြင်းသာ ဖြစ်သည်။
“အစစ်အမှန် နတ်ဘုရား လက်သီး …”
ချန်းဖန်က ဘာမှ ထပ်မပြောတော့ပဲ သူ၏ ခန္ဓာကိုယ် အတွင်းရှိ အစစ်အမှန် အမြုတေများကိုသာ စုစည်း၍ လက်သီးတစ်ချက်အား ပစ်လွှတ် လိုက်သည်။
“လာစမ်း …”
နှင်းနတ်ဘုရား နန်းတော် သခင်က သူမ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“ဘုန်း …”
ရုတ်တရက် ကောင်းကင်၌ လခြမ်းကွေး တစ်စင်း ထွန်းလင်းလာ၏။ လခြမ်းကွေး ပေါ်ထွက်လာသည်နှင့် လောက၏ အပူချိန်မှာ ချက်ချင်းပင် ရေခဲမှတ်၏ အောက်သို့ ကျဆင်း သွားသည်။
“အဲဒါက …”
များစွာသော တပည့်များမှာ ကောင်းကင်ရှိ လမင်းအား ကြည့်ကာ ဆွံ့အ သွားကြသည်။
“လဘီးက နှင်းနတ်ဘုရား နန်းတော်ရဲ့ ရတနာပဲ ... ဒဏ္ဍာရီတွေ အရဆို အဲဒီ ဝိညာဉ် ရတနာက ဂိုဏ်း တည်ထောင်သူ ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ အစွမ်း အထက်ဆုံး ရတနာ ဖြစ်ပြီးတော့ သူ့ရဲ့ နှစ်ထောင်ချီ သက်တမ်း အတွင်းမှာ မရေမတွက်နိုင်တဲ့ မြေကမ္ဘာ နတ်ဘုရားတွေကို သတ်ခဲ့တယ် တဲ့”
အဖြူရောင် နတ်သမီးက တီးတိုး ရေရွတ် လိုက်သည်။
တစ်ချိန်တည်းတွင် တိုင်ဟန် နတ်သမီးမှာမူ ကျေနပ်စွာ ပြုံးနေခဲ့၏။
“သခင်မက လဘီးကို အသက်သွင်း ပြီးပြီ ... ချန်းပေ့ရွှမ်း သေတော့မှာ သေချာတယ်”
“ဘုန်း …”
လခြမ်းကွေးနှင့် ချန်းဖန်၏ လက်သီး တိုက်ရိုက် ထိတွေ့ရာ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
လခြမ်းကွေး၏ တိုက်ခိုက်မှု တစ်ခုချင်းစီကား အမြုတေ ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်၏ အားအင် အပြည့် တိုက်ခိုက်မှုနှင့် ညီမျှ၏။
သို့သော်လည်း ချန်းဖန်ကမူ ထိုတိုက်ခိုက်မှုအား လက်တစ်ဖက်ဖြင့်သာ ရင်ဆိုင်သည်။ သူ၏ လက်သီးသည် နေတစ်စင်းအလား တောက်ပသော ရွှေရောင် အလင်းကို ထုတ်လွှတ်ရင်း လခြမ်းကွေးအား အကြိမ်ကြိမ် ထိုးခွဲ နေ၏။
“ဆင်နတ်ဘုရားတောင် ဝိညာဉ် ရတနာရဲ့ တိုက်ခိုက်မှုကို ခန္ဓာကိုယ် သက်သက်နဲ့ မယှဉ်နိုင်ဘူး ... ဒီမိစ္ဆာလေးရဲ့ ခန္ဓာကိုယ်က ဘာနဲ့ လုပ်ထားလို့ ဒီလောက်အထိ သန်မာ နေရတာလဲ”
တိုင်ဟန် နတ်သမီး၏ မျက်နှာမှ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ် လာခဲ့သည်။
ဝိညာဉ် ရတနာများကား ခွန်ရှု့ နယ်မြေတွင် ပြိုင်ဘက်ကင်း ဖြစ်တည်မှုအဖြစ် သတ်မှတ်ခံထားရသည့် အရာများ ဖြစ်သည်။ ထိုသို့သော အရာကို ခန္ဓာကိုယ် သက်သက်ဖြင့် ရင်ဆိုင်ရဲသည့် ပုဂ္ဂိုလ်မျိုး လွန်ခဲ့သည့် နှစ်တစ်ထောင် အတွင်း မပေါ်ခဲ့ဖူးချေ။
“သွား …”
အမိန့်ပေးသံနှင့် အတူ ချန်းဖန်၏ မျက်လုံးမှ သွေးရောင် အလင်းတစ်ခု ထွက်ပေါ်လာကာ လခြမ်းကွေးထံသို့ တိုးဝင်၏။
“ဘုန်း …”
သွေးရောင် အလင်း၏ ထိုးနှက်မှုတွင် လခြမ်းကွေးသည် နောက်သို့ လွင့်စဉ်ကာ မီတာ အကွာအဝေးမှ ရေခဲတောင် တစ်ခုအား နှစ်ပိုင်း ပိုင်းဖြတ်သည်။ ထို့နောက် ၎င်းက အရောင်မှိန်ကာ မြေပြင်သို့ ပြင်းထန်စွာ ကျလေ၏။
“ ... ”
ယခုတစ်ကြိမ်တွင်မူ မည်သူမျှစကား တစ်ခွန်းပင် မဆိုနိုင်တော့ချေ။ လူတိုင်းသည် တိတ်ဆိတ်စွာပင် ချန်းဖန်အား ငေးမော နေမိကြသည်။
ထိုအခိုက်၌ နှင်းနတ်ဘုရား နန်းတော် သခင်မပင်လျှင် ဆွံ့အနေခဲ့၏။ သူမ၏ မျက်ဝန်းတွင်မူ ကြောက်လန့်ခြင်း အချို့က နေရာယူ နေခဲ့သည်။
“မင်း ဆက်ပြီး တိုက်ခိုက် ချင်သေးလား …”
ချန်းဖန်က မေးလိုက်သည်။
နှင်းနတ်ဘုရား နန်းတော် သခင်မက အတန်ကြာ တိတ်ဆိတ်နေပြီးမှ သက်ပြင်း တစ်ချက် ချလိုက်၏။
“သင့်ကို ငါ မယှဉ်နိုင်ဘူး ... အရှုံးကို ငါ ဝန်ခံတယ် ... ဒါပေမဲ့ နန်းတော် တပည့်တွေရဲ့ အသက်ကိုတော့ ချမ်းသာပေးဖို့ မျှော်လင့် ပါတယ်”
ချန်းဖန်က ဘာမှ ပြန်မပြောပဲ ဓားအားဖြည့် ကျောက်မျက် အတွင်းမှ ရွှေရောင် ဓားပျံကို ဆင့်ခေါ်လိုက်သည်။ ချန်းဖန်သည် လုယန်ရွယ်ထံမှ တစ်ဆင့် သူမအား ဖိနှိပ်ခဲ့သူ အားလုံးကို သိရှိခဲ့ပြီး ဖြစ်သည်။
“ကလန့် …”
ဓားပျံက ကောင်းကင်၌ ရွှေရောင် အလင်းကို ချန်ရစ်ရင်း ရက်စက်သော တရားစီရင်ခြင်းကို စတင်၏။
ထိုနေ့၌ နှင်းနတ်ဘုရား နန်းတော်၏ အပြင်စည်း တပည့် သုံးဆယ့် ငါးယောက်၊ အတွင်းစည်း တပည့်ကိုးယောက်နှင့် မြေကမ္ဘာအဆင့် နှစ်ယောက်တို့သည် ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံရ၏။
“ဂိုဏ်းတစ်ဂိုဏ်းနဲ့ လူတစ်ယောက် ... ခွန်ရှု့ နယ်မြေမှာ ဒီလို ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်မျိုး မပေါ်တာ ဘယ်လောက် ကြာပြီလဲ”
တိုင်ဟန် နတ်သမီးက ကောင်းကင်သို့ ငေးမောကာ ကြည့်ရင်း ဖြူရော်စွာ ပြုံးလိုက်၏။
“သူက ... တကယ့်ကို ခွန်ရှု့ နယ်မြေရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်ပဲ”
ချီချင်းဝေ့ကလည်း တိတ်တခိုး သက်ပြင်း ချလိုက်သည်။
တစ်ခဏ အတွင်းမှာပင် အဇူရာ ဂိုဏ်းချုပ်ကို အနိုင်ယူပြီး နှင်းနတ်ဘုရား နန်းတော်ကို သွေးချောင်းစီးစေသည့် ချန်းဖန်၏ သတင်းက ခွန်ရှု့နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့ သွားသည်။ များစွာသော ကျင့်ကြံသူများ၊ ဂိုဏ်းများမှာ ထိုသတင်းကို ကြားပြီးနောက် အလွန်ပင် ကြောက်လန့်သွားကြ၏။
“ခွန်ရှု့ နယ်မြေတော့ ဒီနေ့က စပြီး ချန်းပေ့ရွှမ်းရဲ့ တစ်ခေတ်ကို ရောက်ပြီ ထင်တယ်”
မရေမတွက်နိုင်သော လူများက သက်ပြင်းချရင်း ဖြူရော်စွာ ရေရွတ် လိုက်မိကြတော့သည်။
***
မန်စန်းတောင် …
မန်စန်းတောင်၏ အတွင်းပိုင်း၌ အစောင့် တချို့သည် ကျောက်ဖြာ တစ်ခုပေါ်တွင် ထိုင်ကာ အလင်းတံခါးအား စောင့်ကြပ်နေကြ၏။ ထိုအလင်းတံခါးကား ခွန်ရှု့နယ်မြေ၏ ကောင်းကင်တံခါးပင် ဖြစ်သည်။
“ကောင်းကင်မိုးကြိုး ဂိုဏ်းချုပ် ဝင်သွားတဲ့ အချိန်က စပြီး ကောင်းကင် တံခါးက လုံးဝ သုံးမရတော့ဘူး ... နှစ်နဲ့ချီပြီး စောင့်မှပဲ ကောင်းကင်တံခါးက အရင်လို ပြန်ပြီး တည်ငြိမ်လာမယ် ထင်တယ် …”
အစောင့် တစ်ယောက်က ပျင်းရိစွာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ် ... ယွင်ထျန်း နန်းတော်ဆိုရင် ဖြစ်နိုင်ချေ ရှိသမျှ နည်းအားလုံးကို သုံးပြီး ကြိုးစားတာတောင် တပည့် တစ်ယောက်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကိုပဲ လူသား ကမ္ဘာဆီ ပို့လွှတ် နိုင်ခဲ့တယ်တဲ့”
အခြား တစ်ယောက်ကလည်း စိတ်ဝင်တစား ပြောလိုက်၏။
“ကလန့် …”
သူတို့ စကားကောင်းနေစဉ်မှာပင် ကောင်းကင် တံခါးက ရုတ်တရက် လင်းလက် တောက်ပ လာသည်။ တစ်ချိန်လုံး တိတ်ဆိတ် ငြိမ်သက်နေသည့် အစောင့်အိုကြီးသည် သူ၏ မျက်လုံးအား ဖြည်းညင်းစွာ ဖွင့်လိုက်၏။
“သတင်းရဖို့ အချိန်ကို ရောက်ပြီ …”
အစောင့်အို၏ စကားအဆုံးမှာပင် ကောင်းကင် တံခါးဆီမှ ကျောက်စိမ်းပြားတစ်ခု ပျံသန်း ထွက်ပေါ်လာသည်။
“သေမျိုးကမ္ဘာမှာ ကောင်းကင်မိုးကြိုး ဂိုဏ်းချုပ်ကို ဘယ်သူ သတ်သွားလဲ ကြည့်ရအောင် …”
အစောင့်အိုကြီးက ရေရွတ်ရင်း ကျောက်စိမ်းပြားအား လက်ဆန့်တန်းကာ ဖမ်းယူ လိုက်၏။
ကျောက်စိမ်းပြားပေါ်မှ စာသားအား ဖတ်ရှု့ပြီးနောက် အစောင့် အားလုံးသည် သရဲကို မြင်ရသည့်အလား အေးခဲ သွားကြတော့သည်။
စကားလုံးကား ခုနစ်လုံးမျှသာ။
“သတ်တဲ့သူက ချန်းပေ့ရွှမ်း …” ဟူ၍။
***