(ကျားအိုကြီးလက်ကနေ စက္ကူစတောင် မလွတ်မြောက်နိုင်ဘူး)
Vol. 8 Ch. 102
ကျားအိုကြီးကျောင်းက အဆုံးမှာ သက်ပြင်းချကာ ကံတရားကို လက်ခံလိုက်လေတော့၏။
‘ ဟုတ်ပြီ ဟုတ်ပြီ! လောဘကြီးတဲ့ကောင်တွေ!’
ကိုယ့်ဗိုက်ကိုယ် ပုတ်ကာ တွေးလိုက်သည်။
ကျားအိုကြီးကျောင်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ပြုတော့မဲ့ အပြစ်သားနှယ် ကောင်တာရှိရာကို တရွတ်တိုက် သွားလိုက်သည်။
“ ငါ့ကို ရေခဲမုန့်တစ်ခုပေးပါ ကောင်လေး”
ဝိညာဉ်ကျောက်တုံးနှစ်တုံး ချပေးကာ ကတုန်ကယင် ဆိုလိုက်လေ၏။
ဟောင် အပြုံးတစ်ခုနဲ့လက်လှမ်းယူလိုက်သော်ငြား ကျားအိုကြီးရဲ့ လက်ချောင်းများကို ကယ်တင်လိုဟန်ဖြင့် ဝိညာဉ်ကျောက်တုံးကို စုပ်ကိုင်ထားဆဲပဲ။ စက္ကန့်တစ်ချို့ကြာပြီး နောက်မှာတော့ သူ လက်လွှတ်လိုက်ရပြီး ဟောင် ထံမှ ခြောက်ထောင့်ပုံ အပြားတစ်ခုကို ပြန်ရခဲ့သည်။
ကျားအိုကြီးကျောင်း ထိုအပြားကို စိုက်ကြည့်နေမိကာ
“ အဲ့ဒါ ရေခဲမုန့်လား?”
“.....”
ဟောင်ရဲ့ မျက်နှာတွန့်သွားပြီး ကောင်တာနဲ့ မျက်နှာချင်းဆိုင်ကို လက်ညိုးသာ ထိုးပြလိုက်သည်။
“ အဲ့နားက တောက်ပတဲ့ သတ္ထု ပစ္စည်းကြီးကို တွေ့လား? အဲ့နေရာက အနံ့ရနေတာပဲ”
“အဲ့ဒါက ခင်ဗျားကို ရေခဲမုန့်ပေးမဲ့ စက်ပဲ”
ကျားအိုကြီးကျောင်း မျက်လုံးပြူးသွားသည်။ ဒီတော့ အဲ့ဒီနေရာကနေ ကောင်းကင်ဘုံရဲ့ ရနံ့တွေ ထွက်နေတာပေါ့။
ထို ထူးဆန်းပြီး တောက်ပတဲ့ သတ္ထုသားရဲကြီးကနေလေ…။
“ အရင်ဆုံး အဲ့ဒါရဲ့ဘေးက သေတ္တာလေးထဲကို ဒီအပြားထည့်ရမယ်”
ဟောင် တိုကင်ထည့်စက်ကို လက်ညိုးထိုးရင်း ပြောလိုက်သည်။
ကျားအိုကြီးကျောင်း ခေါင်းညိတ်ကာ ချက်ချင်း သွားလိုက်လေ၏။ တိုကင်ထည့်စက် ဆိုတဲ့ အရာနားကို ရောက်တဲ့အခါမှာ လက်ထဲက အပြားအရွယ်ခန့် ကွက်တိကျသော အပေါက်ကို မြင်လိုက်ရသည်။
“ဒါမလား?”
“ ဟုတ်တယ်။ တိုကင်ထည့်ပြီးရင် အပေါက်ထဲ လက်ထည့်လိုက်ပါ”
“... အထဲကိုလေ?”
“ အင်း”
တွန့်ဆုတ်ခြင်းကြီးစွာဖြင့် ကျားအိုကြီးကျောင်း.လက်ထည့်လိုက်သည်။ သေးငယ်သော အသံတစ်ခု ထွက်လာလေ၏။
သူ အသက်ရှုအောင့်ကာ တစ်စုံတစ်ခုကို ရွတ်ဆိုပြီးမှ အောက်ရှိ ကြီးမားသော အပေါက်ထဲ လက်ထည့်လိုက်သည်။
ပလုပ်။
သူ တောင့်သွားသည်။
သူ့ရဲ့ လက်ဖဝါးမှာ ရုတ်တရက် အလေးချိန်တစ်ခုကို ခံစားမိသည်။ သူ ဖြည်းဖြည်းချင်း လက်ပြန်ထုတ်လိုက်သောအခါမှာ…..
ထူးဆန်းတဲ့ ရွှေညိုရောင် ဦးချိုလို အရာတစ်ခု။
အပြင်ဘက်မှာ အတွန့်လေးတွေနဲ့ အနားကွတ်ထားပြီး အထဲမှာ ဟောင်းလောင်းပေါက် ဖြစ်နေသည်။
သူ နှစ်ကြိမ်မျှ လှည့်ပတ်ကြည့်ပြီးနောက်မှာ အနံ့ခံကြည့်လိုက်သည်။
“.. . ဒါက မွှေးတယ်”
“ ဒါလဲ စားရတယ်လား?”
“ အင်း စားလို့ရတယ်” ဟောင် ပြန်ဖြေလိုက်သည်။
“ အခု ရေခဲမုန့်စက်ဆီ သွားလို့ရပြီ”
ကျားအိုကြီးကျောင်း ခေါင်းညိတ်ကာ အရှေ့တိုးလိုက်သည်။ ရှေးဟောင်း ရတနာတစ်ခုနှယ် ပြုတ်ကျပျက်ဆီးမှာ စိုးစွာဖြင့် ကတော့ချွန်ကို လက်နှစ်ဖက်နဲ့ ကိုင်ဆောင်ထားလေ၏။
သူ အထူးသတိထားနေရသည်။ ဒီအရာက.. အရမ်းအရမ်း ကျိုးပဲ့လွယ်တယ်လို့ ခံစားရသည်။
ဒီအရာထက် ပိုမာတဲ့ သတ္ထုတွေကိုပင် အားတစ်ချည့်ထည့်မိတာနဲ့ သူ ကွဲကြေစေခဲ့ဖူးသည်။
“ ခင်ဗျားကိုင်ထားတဲ့ အရာကို အဲ့က တင်စရာပေါ် တင်လိုက်”
ဟောင် လက်ညိုးထိုးကာ ညွှန်ကြားနေ၏။
ကျားအိုကြီးကျောင်းလဲ လိုက်လုပ်သည်။
ထို့နောက်မှာ စက်က စတင်တော့သည်။
ထူးဆန်းတဲ့ သတ္ထုသားရဲက စတင်အသက်ဝင်ကာ အနည်းငယ် အသံပေးသည်။ ထို့နောက်မှာ ထိပ်သီးက လည်သွားသည်။
အထဲမှ နောက်ထပ် နူးညံ့တဲ့ မြည်သံတစ်ခု ပဲ့တင်ထပ်လာသည်။
ရှလုပ်။
တိကျတဲ့ ပမာဏရှိတဲ့ အဖြူရောင် အခွေလေးများ စတင်ကျလာခဲ့သည်။ သပ်ရပ်စွာ ခွေသွားပြီး ထိပ်လေးမှာ ပြီးပြည့်စုံတဲ့ အချွန်လေးကို ဖန်တီးသွားလေ၏။
ကျားအိုကြီးကျောင်းက ဓားအစီအရင်တစ်ခုကို ရှင်းပြနေသည့်နှယ် မျက်တောင်မခတ်စတမ်း ကြည့်နေခဲ့သည်။
တစ်စက်တောင် မဖြုန်းတီးခဲ့ဘူး။ တစ်စက်တောင် အောက်မကျသွားဘူး။
သူ တိုက်ပွဲအစီအရင်များစွာ မြင်ခဲ့ဖူးသည်။ ဒါပေမဲ့ အခုလောက် တိကျတာမျိုး မရှိဘူး။
“ကြည့်ရတာ ပုံထဲကနဲ့ တစ်ပုံစံထဲပဲ”
ကျားအိုကြီးကျောင်းက အံ့သြစွာ ပြောလာ၏။
“ခင်ဗျား စားလို့ရပြီရယ်”
ဟောင် လှမ်းပြောလိုက်သည်။
ကျားအိုကြီးကျောင်း အခုမှ အတွေးက လန့်နိုးစွာ မျက်တောင် တစ်ဖြတ်ဖြတ်ခတ်လိုက်သည်။
ကတော့ကို သေချာကိုင်ကာ ချက်ချင်းပဲ ထိပ်ပိုင်းကို ကိုက်ချလိုက်လေ၏။
အေးမြ ချောမွေ့ပြီး. ချိုတယ်။
ထို့နောက်မှာ
ဘန်း!
နဖူးတည့်တည့်ကို သေးမျှတဲ့ အပ်ချည်မျှင်က ဖောက်ထွင်းသွားသလိုပဲ။
သာမာန် သူသာဆိုရင် ကတော့ကို ပစ်ချပစ်နိုင်သည်။
အနောက်ပြန်ရုတ်ပြီး အော်ပါ အော်ထုတ်ပစ်နိုင်သည်။
ကျားအိုကြီးကျောင်းက ထိုအစား ပြုံးလိုက်သည်။
‘ ဦးနှောက်ကိုတိုက်ခိုက်သိုင်းလား? ဟားဟား မဆိုးဘူး’
အံ့သြမှုကြောင့် သူ့ရဲ့လက်ချောင်းတွေ အနည်းငယ် တုန်သွားသော်ငြား စားနေတာတော့မရပ်ချေ။
ထိုအစား ရေခဲမုန့်ကို မရပ်မနား အရှိန်နဲ့ အသည်းအသန် စားနေလေ၏။
သူ့ရဲ့တစ်ဘဝလုံးကို အပူတွေ၊ ပျော်ရည်တွေနဲ့ ရှင်သန်ခဲ့ရသည်။ လေတိုက်ရင်တောင် လေပူကြီးပဲ။ ဒီအေးမျှမှုက တောင်အောက်မှာ အလိုအလျောက် ဖြစ်ပေါ်နေတဲ့ စိတ်ဝိညာဉ် စိမ့်စမ်းရေထဲ ဝင်ထိုင်လိုက်ရသလို ခံစားရစေသည်။
ဒါ အစားအသောက် မဟုတ်ဘူး။
ဒါက အသက်ကယ်ခြင်းပဲ!
ဒါက တရားမျှတမှုပဲ!
ဤခံစားချက်က.. ကျားအိုကြီးကျောင်း နှစ်ပေါင်းများစွာ တောင့်တခဲ့ရတဲ့ ခံစားချက်ပင်။
ဟောင် ကောင်တာအနောက်ကနေ ကြည့်နေခဲ့သည်။
'ဒီလူ ရေခဲမုန့်နဲ့ ဖိုက်တင် ပလေးနေတာလား?’
ကျားအိုကြီးကျောင်းအတွက် ရေခဲမုန့်က သူ့ရဲ့ အရိုးထဲထိ ရိုက်ခတ်သွားသလို ခံစားနေရသည်။ သူ အငမ်းမရ ရယူနေမိ၏။
သူ့ရဲ့မျက်လုံးတွေမှာ မီးတောက်နေပြီ။
ကတော့ချွန်ကို အနိုင်ပိုင်းပစ်ချင်တဲ့ စိတ်ဆန္ဒတို့နဲ့ အပီအပြင် စားနေလေ၏။
‘ ငါ့လူရေ..’
‘ အဲ့ဒါ ရေခဲမုန့်လေးပါဟ..’
ဟောင် တွေးမိသွားသည်။
ပထမဆုံး စားဖူးတဲ့ သူတစ်ယောက်အတွက် ရေခဲမုန့်က အဲ့လောက် ကောင်းတယ်ပေါ့။
ဒါဆို ရေခဲမုန့်က ရောင်းအားကောင်းလာနိုင်တာပဲ။
ပြီးတော့ ဒီထူးဆန်းတဲ့လူရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ရသလောက် ငရဲခန်းက အခုမှ ထွက်လာဟန် ရှိသည်။
ထိုအချိန်မှာ ကျားအိုကြီးကျောင်းက တစ်ဝက်ခန့် ကုန်သွားပြီပင်။
ဟောင် ပါးစပ်ဖွင့်ကာ အမြန်အသိပေးဖို့ လုပ်လိုက်၏။
“ နေအုံး.. အောက်နားက စက္ကူတွေ မစား..”
ကျွတ်!
နောက်ကျသွားလေပြီ။
ကျားအိုကြီးကျောင်းက တစ်ခုလုံးကို ဝါးမြိုပစ်လိုက်ပြီ။ ကေတာ့.. စက္ကူ.. ရေခဲမုန့်.. အကုန်ပြောင်ပြီ။
ဟောင် စိုက်ကြည့်နေရင်း စွံ့အလာသည်။
“....”
သူ့ရဲ့ မျက်နှာကို ပွတ်သပ်လိုက်ကာ
'ဒီလူ ရူးနေတာလား?’
“ ဟေးလူ”
“ အောက်နားက အဖြူရောင်အစလေ? အဲ့ဒါက မစားရဘူး”
ကျားအိုကြီးကျောင်းက လျှာသပ်ရင်း ပုခုံးတွန့်ပြသည်။
“ ငါ့အတွက်တော့ စားကောင်းတယ် ကောင်လေး”
ကျားအိုကြီးကျောင်းက လည်ပင်းကြော တစ်ချက်ဖြေကာ ရယ်လိုက်သည်။
“ သေချာလား အဲ့ဒါ စားမရတာ?”
ဟောင် လူသေကို ကြည့်နေသလိုသာ ကြည့်နေမိလေ၏။
“ အဲ့ဒါက စက္ကူစလို့”
“ အင်းပါ အင်းပါ..စက္ကူစလေးပဲကို”
ကျားအိုကြီးကျောင်းက ခေါင်းညိတ်ပြနေသည်။
“ အရသာ ဆန်သကြား အချပ်လေးတွေလိုပဲ”
“ဒါပေမဲ့ စားမရဘူးလို့”
“ နည်းနည်းဝါးလို့ကောင်းပြီး ပြားကပ်ကပ်လေးရယ်.. အာ ဗိုက်ထဲကို လျှောခနဲ ဝင်သွားတာပဲကွာ”
“ ခင်ဗျားရဲ့အူကတော့ မကြာခင် နောင်တ ရတော့မှာပဲ”
ကျားအိုကြီးကျောင်းက လက်တစ်ဖက် ယမ်းပြလိုက်သေး၏။
“ ငါ့အူက သားရဲပုန်းခိုစခန်းထက်တောင် မာသေးတယ်။ မုဆိုးမလျှိုရဲ့ အဆိပ်အသားကင်ကို သုံးနွေလောက် ဆက်တိုက် စားခဲ့တာတောင် ဘာမှ မဖြစ်ဘူး။ ရှင်းပြီလား?”
“ ဒါလောက်က ဘာမှကို မဟုတ်တာ”
ထို့နောက်မှာ ကျားအိုကြီးကျောင်းက ကောင်တာကို မှီလာကာ မျက်နှာပြင်ကို လက်ချောင်းများနဲ့ ထိလိုက်သည်။
“ ကောင်းပြီ ငါ့ကို နောက်တစ်ခုပေးပါ။ နောက်တစ်ခုလေးပဲ”
“ ဒီလူအိုမှာ ဝိညာဥ်ကျောက်တုံး ရှိသေးတယ်”
ဟောင် နံရံပေါ်က စည်းကမ်းတွေကိုပဲ ပျင်းရိစွာ လက်ညိုးထိုးပြလိုက်သည်။
စည်းကမ်းနံပါတ်တစ်- နေ့စဥ်ရောင်းကုန်သည် အကန့်အသတ်ရှိသည်။ ဈေးဝယ်တစ်ယောက်သည် တစ်နေ့လျှင် အမျိုးအစားတစ်မျိုးကို တစ်ခုသာ ဝယ်ခွင့်ရှိသည်။ လောဘကြီးတာ မကောင်းဘူး”
“ မနက်ဖြန်မှ ပြန်လာခဲ့ပါ။ တစ်ရက်ကို တစ်ခုပဲရမယ်”
ဟောင် ခံစားချက်မဲ့စွာ ပြောလိုက်လေ၏။
ကျားအိုကြီးကျောင်း မျက်တောင်ခတ်လိုက်သည်။
အံ့သြတကြီး ပါးစပ်ဟောင်းလောင်း ဖြစ်နေကာ
“....”
တစ်ဖြည်းဖြည်း ဒူးထောက်ကျသွားလေသည်။
လက်နှစ်ဖက်ကိုလဲ တင်းကျပ်စွာ ဆုတ်ကိုင်ရင်းဖြင့်…
“ ကောင်လေး.. ဒီအဖိုးကြီးက တောင်းဆိုပါတယ်ကွာ”
“ ငါ့ရဲ့လျှာက အိုနေပြီ။ ငါအခု အအေးဓာတ်ကို ခံစားနိုင်သေးတယ်။ ငါ့ရဲ့အိုဟောင်းနေတဲ့ လျှာက အဖော်ပြုပေးမဲ့အအေးဓာတ်ကို လိုနေတယ်”
ထို့နောက်မှာ လက်နှစ်ဖက်ကို ဒရာမာဆန်စွာ ရိုက်လိုက်လေ၏။
“ ဒီ အိုမင်းနေတဲ့ အရိုးတွေကို မင်းတွေ့တယ်မလား? ငါ မနက်ဖြန်အထိ အသက်ရှင်ချင်မှရှင်မှာ”
“ ကောင်လေးလို့…..…!”