← Chapters

ခွန်ရှု့ နယ်မြေ၏ တုန်လှုပ်မှု

Vol. 8 Ch. 747

ခွန်ရှု့ နယ်မြေ၏ တုန်လှုပ်မှု

Vol. 8 Ch. 747

“ချန်းပေ့ရွှမ်း …”

ခွန်ရှု့နယ်မြေရှိ လူတိုင်း လိုလိုသည် ထိုနာမည်အား အနည်းနှင့်အများ ကြားဖူး ကြသည်ချည်း ဖြစ်သည်။  ထိုအထဲ၌ ကောင်းကင်တံခါး အစောင့်များမှာလည်း ချွင်းချက် မဟုတ်ချေ။

“အဲ ... အဲဒါက တိုက်ဆိုင်တာပဲ ဖြစ်ရမယ် ... ကြည့်ရတာ သေမျိုး ကမ္ဘာမှာလည်း နောက်ထပ် ချန်းပေ့ရွှမ်း တစ်ယောက် ရှိနေတာ ထင်တယ်”

တစ်ခဏ အကြာ၌ အစောင့် တစ်ယောက်က ခြောက်ကပ်စွာ ရေရွတ် လိုက်သည်။

သို့သော်လည်း သူ၏ ဘေးရှိ အခြားလူများမှာမူ ရုပ်တုများ အလား အေးခဲ နေကြတုန်း ဖြစ်သည်။

ကောင်းကင်မိုးကြိုး ဂိုဏ်းချုပ်ကို သတ်ခဲ့သည့် သေမျိုး ကမ္ဘာမှ ချန်းပေ့ရွှမ်း …

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကို အနိုင်ယူခဲ့သည့် ရုတ်တရက် ပေါ်လာသော ချန်းပေ့ရွှမ်း …

အစောင့်အိုကြီး၏ လက်များက တဆတ်ဆတ် တုန်ရီနေ၏။

“အဓိပ္ပာယ်ရှိတယ် ... သူ့အကြောင်း ဘာမှ စုံစမ်းလို့ မရတာ သူက သေမျိုး ကမ္ဘာကနေ လာခဲ့တာ မလို့ပဲ ... ဒီကိစ္စက ကြီးမားတယ် ... ယွင်ထျန်း နန်းတော် ဂိုဏ်းချုပ်ကို ငါ ကိုယ်တိုင် သွားတွေ့မှ ဖြစ်မယ်”

အစောင့်အိုကြီးက ကျောက်စိမ်းပြားကို သိမ်းဆည်းကာ အလင်းတန်း အသွင်ဖြင့် ကောင်းကင်သို့ ပျံတက်၍ မိုးကုပ်စက်ဝိုင်း၏ အဆုံး၌ ပျောက်ကွယ် သွားတော့၏။

***

ထိုအချိန်၌ ချန်းဖန်သည် နှင်းနတ်ဘုရား နန်းတော်တွင်ပင် နေထိုင်လျက် ရှိ၏။ နန်းတော်၏ နတ်သမီးများသည် သူ့အား ခပ်မြန်မြန် ထွက်သွားစေချင်သော်လည်း မည်သူမျှ ပေါ်တင် မနှင်ရဲကြချေ။

“နှင်းနတ်ဘုရား နန်းတော်ရဲ့ စာအုပ်တွေ အားလုံးက ဒီမှာ ရှိနေတာလား”

ထိုနေ့၌ ချန်းဖန်သည် ဘောလုံးကွင်း တစ်ကွင်းစာမျှ ကြီးမားသော စာကြည့်တိုက်ကြီး တစ်ခု၏ အရှေ့၌ ရောက်ရှိ နေခဲ့သည်။

“ဒီစာအုပ်တွေက ခွန်ရှု့ နယ်မြေရဲ့ သမိုင်းနဲ့ လျှို့ဝှက်ချက်တွေအကြောင်း ရေးထားတဲ့ စာအုပ်တွေပါ …”

နှင်းနတ်ဘုရား နန်းတော် သခင်မက အနည်းငယ် တုံ့ဆိုင်း နေပြီးမှ ဆက်လက် ပြောလိုက်၏။

“ဒီစာအုပ်တွေ အပြင် လျှို့ဝှက်ခန်းထဲမှာ သိမ်းထားတဲ့ ထိပ်တန်း ကျင့်စဉ်စာအုပ် အချို့တော့ ရှိပါသေးတယ် ... “

ချန်းဖန်က နှင်းနတ်ဘုရား နန်းတော် သခင်မအား ကြည့်ရင်း အနည်းငယ် ပြုံးလိုက် မိ၏။

“စိတ်မပူနဲ့ ... မင်းရဲ့ ကျင့်စဉ်တွေကို ငါ စိတ်မဝင်စားဘူး ... ငါ့အတွက် အဲဒီ ကျင့်စဉ်တွေက ဒီစာအုပ်တွေလောက်တောင် အရေး မကြီးဘူး”

“ဟုတ်ကဲ့ …”

နှင်းနတ်ဘုရား နန်းတော် သခင်မက အားတင်းကာ ပြန်လည် ပြုံးပြလိုက်သည်။ သူမ၏ စိတ်တွင်မူ စာအုပ်များကို ဖတ်ပြီးသည်နှင့် ချက်ချင်း ချန်းဖန် ထွက်ခွာသွားရန်သာ ဆုတောင်း နေမိသည်။

“ဘုန်း …”

ချန်းဖန်က အစီအရင် တစ်ခုကို ခင်းကျင်း လိုက်ရာ သူ၏ နဖူး၌ ရွှေရောင်စည်း တစ်ခု ဖြစ်ပေါ်လာ၏။

“ကလန့် …”

ထိုစည်းမှ ရွှေရောင် ရောင်ခြည်တန်းတစ်ခု ဖြစ်ပေါ်လာကာ စာကြည့်တိုက် တစ်ခုလုံးသို့ ဖြန့်ကြက် သွားသည်။

ထိုရွှေရောင် ရောင်ခြည်တန်းကား အသန့်စင်ဆုံး နတ်ဘုရား စိတ်အာရုံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ချန်းဖန်သည် ၎င်းကို အသုံးပြု၍ သာမန် လူသားများထက် အဆ တစ်ထောင် ပိုမို လျင်မြန်သော နှုန်းဖြင့် စာဖတ်နိုင်၏။

ထိုအရာကား တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက် ဖြစ်ရခြင်း၏ အားသာချက် ဖြစ်သည်။

နတ်ဘုရား စိတ်အာရုံ ပိုမို၍ သန်မာလေလေ ကျင့်ကြံသူသည် အချက်အလက်များကို ပိုမို၍ မြန်မြန်ဆန်ဆန် လက်ခံ မှတ်သားနိုင်လေ ဖြစ်သည်။ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူများ ဆိုလျှင် ဘီလျံနှင့် ချီသော အကြောင်းအရာများကို တစ်ချိန်တည်း၌ မှတ်သား နိုင်သည်။

“ရှေးဟောင်းခေတ်များ …”

“အတွေးအခေါ် …”

“  ... ”

“သမိုင်း …”

စာကြည့်တိုက် အတွင်းရှိ စာအုပ်များထဲမှ များစွာသော အချက်အလက်များမှာ ချန်းဖန်၏ စိတ်အတွင်း တဖျတ်ဖျတ် ဝင်ရောက်နေ၏။

တစ်ချိန်တည်းမှာပင် ချန်းဖန်သည် သမိုင်းကြောင်း၊ ဂိုဏ်းကြီးများ၏ မူလအစ၊ ဆင့်ကဲ ပြောင်းလဲပုံ၊ ရှေးဟောင်း နာမည်ကျော် ပညာရှင်များ ... စသည်ဖြင့် ခွန်ရှု့ နယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာများကို နားလည် လာခဲ့သည်။

“ဒါတွေက ငါရှာနေတဲ့ဟာ မဟုတ်သေးဘူး …”

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။ သူသည် စာကြည့်တိုက် အတွင်းရှိ စာအုပ် တစ်ဝက်ခန့်ကို ဖတ်ပြီးသည့်တိုင် လိုချင်သည့် အချက်အလက်များအား တစ်စွန်းတစ်စပင် မတွေ့ရသေးချေ။

ချန်းဖန်သည် ကောင်းကင်တံခါး အကြောင်းကို နန်းတော်သခင်မထံ မေးကြည့်သော်လည်း သူမက ထိုနာမည်အား ကြားဖူးရုံမှ လွဲ၍ ဘာမှ တိတိကျကျ အဖြေ မပေးနိုင်ခဲ့ချေ။

မည်သို့ပင်ဆိုစေ ကမ္ဘာ၌  ရွှေအမြုတေ အဆင့် မပေါ်သည်မှာ နှစ်ထောင်ချီ၍ ကြာခဲ့ပြီ ဖြစ်လေသည်။ သို့ဖြစ်ရာ ခွန်ရှု့ နယ်မြေရှိ လူများမှာလည်း ကောင်းကင်တံခါး အကြောင်းကို မေ့လျော့ပင် နေကြပြီ ဖြစ်သည်။

“နန်းတော် သခင်မတောင် ဒီအကြောင်း မသိဘူး ဆိုတော့ ... ရှေးဟောင်း စာအုပ်တွေထဲမှာပဲ ငါရှာရတော့မယ် ထင်တယ် ... နှင်းနတ်ဘုရား နန်းတော်မှာ မတွေ့ရင် အခြား ဂိုဏ်းကြီးတွေကိုပါ သွားရမယ် ... သူတို့တွေ ငါ့ကို တားမယ်တော့ မထင်ဘူး”

ချန်းဖန်က တွေးလိုက်သည်။

“နေဦး ... ဟိုဟာက ဘာလဲ”

ရုတ်တရက် ချန်းဖန်သည် စာအုပ်စင် တစ်ခု၏ တတိယတန်း အစွန်တွင် ရှိနေသော စာအုပ် တစ်အုပ်ကို သတိထား လိုက်မိသည်။ နှစ်ပေါင်းများစွာတိုင် မဖွင့် မဖတ်ပဲ ထားသည့် သင်္ကေတ အဖြစ် ဖုန်များက ထိုစာအုပ်၏ အဖုံးတွင် ထူထပ်စွာ ကပ်ညိနေ၏။

ချန်းဖန်က ချက်ချင်းပင် စိတ်ဝင်စား သွားကာ သူ၏ နတ်ဘုရား စိတ်အာရုံကို ထိုစာအုပ်ထံသို့ ပို့လွှတ်၍ ဖတ်ရှု့ လိုက်သည်။

ထိုစာအုပ်ကား နှင်းနတ်ဘုရား နန်းတော် ပထမ မျိုးဆက်၏ အကြီးအကဲ တစ်ဦး ရေးထားသော မှတ်တမ်းစာအုပ် ဖြစ်သည်။ ထိုအကြီးအကဲသည် သူမ၏ ဘဝ တစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ထိုစာအုပ်တွင် ရေးသား မှတ်တမ်းတင် ထား၏။

စာအုပ်ထဲမှ စာကြောင်း တစ်ကြောင်းမှာ ချန်းဖန်၏ မျက်လုံးများအား ဝင်းလက် သွားစေ၏။

“ရှေးဟောင်း နတ်ဘုရားတွေ ကောင်းကင် တံခါးက ထွက်သွားပြီးတဲ့ နောက်ပိုင်း တံခါးကို စောင့်ကြပ်ဖို့ ယွင်ထျန်း နန်းတော်မှာ တစ်ခဏ နေထိုင်ခဲ့တယ် ... နောက် ခွန်ရှု့ နယ်မြေမှာပဲ အခြေချဖို့ ဆုံးဖြတ်ခဲ့တယ်”

ထိုစာကြောင်းမှာ အဓိပ္ပာယ်အရ သိပ်မရှင်းလင်း သော်လည်း ချန်းဖန် အတွက်မူ အမှောင်ထဲ၌ မီးအိမ် တစ်ခုကို တွေ့ရသည့်အလား ခံစားလိုက်ရသည်။

“ယွင်ထျန်း နန်းတော်မှာ နေပြီး ကောင်းကင် တံခါးကို စောင့်ကြပ်တယ် ... ဒါဆို ကောင်းကင်တံခါးက ယွင်ထျန်း နန်းတော်မှာပေါ့”

တစ်ခဏ အကြာ၌ ထပ်မံတွေ့ရသော စာပိုဒ် တစ်ခုက ချန်းဖန်၏ ခန့်မှန်းချက်ကို အတည်ပြု ပေးလိုက်၏။

“ကောင်းကင် ခုံရုံးရဲ့ နတ်ဘုရားတွေ ထွက်ခွာသွားတဲ့ နောက်ပိုင်းမှာ သခင်ကြီး ယွင်ထျန်းက ကောင်းကင်လမ်းကြောင်း အပြင်ဘက်မှာ နေထိုင်ပြီး ယွင်ထျန်း နန်းတော်ကို တည်ထောင်ခဲ့တယ် ... ရန်သူတွေဟာ ယွင်ထျန်း နန်းတော်ကို ကျော်လွန်ပြီး ကောင်းကင် လမ်းကြောင်းကို ဖြတ်သန်းနိုင်စွမ်း မရှိကြဘူး ... လိုအပ်တဲ့ အချိန်မှာ ကောင်းကင် လမ်းကြောင်းက ဖျက်ဆီးလို့ ရနိုင်တယ်”

ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပနေ၏။

ထိုအရာက နှင်းနတ်ဘုရား နန်းတော်၏ အကြီးအကဲ တစ်ယောက် ရေးခဲ့သော မှတ်တမ်းဖြစ်ရာ မှားနိုင်စရာ အကြောင်း မရှိချေ။ ဤသို့ဆိုလျှင် ယွင်ထျန်း နန်းတော်၌ ကောင်းကင် လမ်းကြောင်း တည်ရှိနေသည် ဆိုသော အကြောင်းကား သေချာနေခဲ့ပြီ ဖြစ်သည်။

“ကြည့်ရတာ ယွင်ထျန်း နန်းတော်ကို ငါ တစ်ခါလောက် သွားရမယ် ထင်တယ်”

ချန်းဖန်က သူ၏ နတ်ဘုရား စိတ်အာရုံကို ပြန်လည် ရုတ်သိမ်းလိုက်၏။ သို့သော်လည်း သူသည် အလျင်လိုခြင်း မရှိချေ။

နှင်းနတ်ဘုရား နန်းတော်သည် ဝိညာဉ်ချီ စွမ်းအားဖြင့် ပြည့်နှက်သော နေရာတစ်ခု ဖြစ်သည့် အပြင် ရေခဲကြာပန်း ကဲ့သို့သော ရတနာ ဆေးပင်များလည်း ရှိသေးရာ ကျင့်ကြံခြင်း အတွက် အမှန်ပင် သင့်တော်သော နေရာ တစ်ခု ဖြစ်သည်။

ထိုအကြောင်းရင်းများ အပြင် ချန်းဖန်သည် လုယန်ရွယ်အတွက် အချိန်ပေးရန်နှင့် အားရှို့အား သင်ပြပေးရန် အတွက် နှင်းနတ်ဘုရား နန်းတော်၌သာ ဆက်လက် နေထိုင်ခဲ့၏။

နှင်းနတ်ဘုရား နန်းတော် သခင်မမှာမူ ချက်ချင်း ထွက်သွားမည့်ပုံ မရသည့် ချန်းဖန်တို့အား ကြည့်ကာ စိတ်ပျက်၍သာ နေခဲ့တော့၏။

ချန်းဖန် နှင်းနတ်ဘုရား နန်းတော်၌ ငြိမ်းချမ်းစွာ နေထိုင်နေစဉ်မှာပင် ခွန်ရှု နယ်မြေ၌ ကမ္ဘာပျက်မတတ် သတင်း တစ်ခု ထွက်ပေါ်လာသည်။

“ချန်းပေ့ရွှမ်း ဆိုတဲ့ ကောင်လေးက သေမျိုး ကမ္ဘာကနေ လာတာတဲ့ ... သူက ခွန်ရှု့ နယ်မြေကို ဖျက်ဆီးဖို့ အတွက် ဒီကို ရောက်လာတာ တဲ့”

လူအများစုသည် ပထမ၌ ထိုသတင်းကို မယုံကြည်ခဲ့ကြချေ။ သို့သော်လည်း သတင်း ရင်းမြစ်မှာ ယွင်ထျန်း နန်းတော် ဖြစ်ကြောင်း သိရသော အခါတွင်မူ စတင်ကာ ယုံကြည် လာခဲ့ကြသည်။

သိပ်မကြာခင်မှာပင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းက ထိုသတင်းအား အတည်ပြု၏။

များစွာသော လူများက ချန်းဖန်မှာ သေမျိုးကမ္ဘာတွင် ပြန်လည် ဝင်စားသည့် ကောင်းကင် တန်ခိုးရှင် တစ်ယောက် ဖြစ်လိမ့်မည်ဟု ယူဆကြသည်။

တစ်ချိန်တည်းတွင်ပင် အမတေ ရောနှောခြင်းဂိုဏ်း၊ တရှီဂိုဏ်း၊ ဖန်ရှင်း တောင်ကြား ... များစွာသော ဂိုဏ်းချုပ်များနှင့် မဟာအကြီးအကဲများက ချန်းဖန်အား တိကျသော ဖြေရှင်းချက် ပေးရန် တောင်းဆိုကြ၏။

“ရောင်းရင်း ကျင့်ကြံသူချန်း ... သင် ဘယ်ဂိုဏ်းက လာလဲ ဆိုတာ ပြောပြလိုက်ပါ ... သင်ဘက်က အပြစ်မရှိဘူး ဆိုတာသာ မှန်ကန်ရင် ဒီစွပ်စွဲမှုတွေက အလိုအလျောက် ရပ်တန့်သွား ပါလိမ့်မယ်”

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကပင်လျှင် ထိုသို့ ပြောသည်။

တိမ်ကောင်းကင် အဘိုးအိုကမူ ချန်းဖန်အား ဦးတည်၍ ပြတ်သားသော ရာဇသံ တစ်ခုကို ထုတ်ပြန်၏။

ထိုရာဇသံ၌ ချန်းဖန်အား သုံးရက်အတွင်း အကြောင်းပြန်ရန်နှင့် အကယ်၍ အကြောင်း မပြန်ပါက အမေးအမြန်း မရှိ အပြစ်ပေးမည် ဆိုသော အကြောင်းအရာ နှစ်ခု ပါရှိသည်။

ဤသို့ဖြင့် တစ်ခဏ အတွင်းမှာပင် ချန်းဖန်နှင့် နှင်းနတ်ဘုရား နန်းတော်တို့ကား ခွန်ရှု့ နယ်မြေ၏ အဓိက သတင်း ဖြစ်လာခဲ့သည်။ မရေ မတွက်နိုင်သော ခွန်ရှု့သားတို့သည် စိတ်ဝင်တစားဖြင့် ချန်းဖန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြတော့၏။

***

All Chapters