← Chapters

ရန်သူများစွာ

Vol. 8 Ch. 748

ရန်သူများစွာ

Vol. 8 Ch. 748

အပြင်ကမ္ဘာ တစ်ခုလုံး ပွက်လောရိုက် နေချိန်၌ နှင်းနတ်ဘုရား နန်းတော် အတွင်းတွင်လည်း ဖိအားများ မြင့်တက် နေခဲ့၏။

“ဆရာ ... သူတို့က ဆရာ့ကို သေမျိုး ကမ္ဘာက လာတာလို့ ပြောနေကြတယ် ... အဲဒါ ဟုတ်လား”

ချီရှို့အာက သတင်းအား ကြားကြားချင်းပင် ချန်းဖန်ထံသို့ အပြေး ရောက်လာသည်။ သူမနှင့် အတူ ချီချင်းဝေ့၊ ပိုင်စုရှင်း၊ တိုင်ဟန် နတ်သမီးနှင့် အခြားလူများပါ ပါလာကြ၏။

“ဟုတ်တယ် ... ငါက နင်တို့ သေမျိုး ကမ္ဘာလို့ ခေါ်ကြတဲ့ နေရာက လာခဲ့တာပဲ”

ချန်းဖန်က တည်ငြိမ်စွာပင် ပြန်လည် အဖြေပေး လိုက်သည်။

“ဘယ်လို …”

ချီရှို့အာသည် နေရာတွင်ပင် ရုပ်တုအလား အေးခဲ သွားသည်။

ချီချင်းဝေ့မှာမူ သူမ၏ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ရန် မျက်လုံးကို မှိတ်၍ အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်၏။

ပိုင်စုရှင်းက သက်ပြင်းတစ်ချက် ချသည်။ တစ်ချိန်တည်း၌ တိုင်ဟန် နတ်သမီးနှင့် အခြား လူများက ချန်းဖန်အား မိစ္ဆာ တစ်ယောက်အလား ထိတ်လန့်စွာ ကြည့်ကြ၏။

“ဘယ်လို ဖြစ်နိုင်မှာလဲ ... ဆရာက ဘယ်လို လုပ်ပြီး သေမျိုး ကမ္ဘာကလူ ဖြစ်နေတာလဲ”

ချီရှို့အာကား ထိုအရာကို လုံးဝ မယုံကြည် နိုင်ချေ။

ကောင်းကင်တံခါးမှ ထွက်သွားသည့် လူတိုင်း အသတ်ခံလိုက်ရသည့် နောက်ပိုင်း ခွန်ရှု့ နယ်မြေ၏ လူတိုင်းသည် သေမျိုး ကမ္ဘာအား မိစ္ဆာနယ်မြေအဖြစ် စတင် သတ်မှတ် လာခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ မျက်လုံး၌ သေမျိုး တစ်ယောက်ချင်းစီမှာ အလွန် ရက်စက် ကြမ်းကြုတ်သော မိစ္ဆာများ ဖြစ်သည်။

“ငါတို့ ပထမဆုံး စတွေ့တဲ့ အချိန်ကို နင် မှတ်မိမှာပေါ့ ... အဲဒီတုန်းက ငါ ကောင်းကင် တံခါးကို ဖြတ်သန်းပြီး ဒဏ်ရာ ရနေခဲ့တာ ... နင်က စိတ်ကောင်းရှိတဲ့ ကလေးလေးပဲ ... ငါ နင့်ကို မညာချင်ဘူး”

ချန်းဖန်က မိန်းကလေး၏ အနက်ရောင် ဆံနွယ်များကို သပ်တင်ပေးရင်း နူးညံ့စွာ ပြောလိုက်၏။

“ငါက နင့်ကို သင်ကြားပေးမယ် လို့ ကတိပေးပြီးပြီ ဆိုတော့ နင်က ဘယ်အချိန် ဘယ်အခါမှာ ဖြစ်ဖြစ် ငါ့တပည့်ပဲ ... ဘာမှ အများကြီး လျှောက်မတွေးနေနဲ့”

ပိုင်စုရှင်းက ဒုတိယအကြိမ်အဖြစ် သက်ပြင်းချ လိုက်၏။ ထို့နောက် သူမက လေးပင်စွာဖြင့် မေးလိုက်သည်။

“တန်ခိုးရှင် ဆရာချန်း ... ရှင်က တကယ်ပဲ သေမျိုး ကမ္ဘာက လာတာလား ... ဒါဆို လျှို့ဝှက် အဇူရာဂိုဏ်း သခင်လေး၊ မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းနဲ့ ကောင်းကင်မိုးကြိုး ဂိုဏ်းချုပ်ကို သတ်ခဲ့တာ ရှင်ပေါ့ ဟုတ်လား”

“ဟုတ်တယ် …”

ချန်းဖန်က ခေါင်းညိတ် လိုက်၏။

“ရွှမ်လော့နဲ့ သူ့လူတွေက အရမ်း မောက်မာပြီး ငါတို့ဂြိုဟ်ပေါ်မှာ ထင်တိုင်းကြဲ သတ်ဖြတ်ခဲ့တယ် ... ဒါကြောင့် ငါက သူတို့ကို ပညာပေး လိုက်တာ”

လူတိုင်းသည် တိတ်ဆိတ် သွားကြသည်။ တစ်ချိန်တည်းတွင် သူတို့သည် ချန်းဖန်အား ဂြိုဟ်သား တစ်ယောက်အလား ငေးမော ကြည့်နေကြ၏။

အတန်ကြာ၌ တိုင်ဟန် နတ်သမီးက သူမ၏ ခေါင်းကို ငုံ့ရင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ကျင့်ကြံသူချန်း ... ကျေးဇူးပြုပြီး ထွက်သွားပေးပါ ... ကျွန်မတို့ နှင်းနတ်ဘုရား နန်းတော်က သင့်ကို ဧည့်မခံနိုင်တော့ဘူး”

ပိုင်စုရှင်းနှင့် အခြားလူများကလည်း တိုင်ဟန် နတ်သမီးနှင့် တစ်လေသံတည်း တောင်းဆိုကြသည်။

လုယန်ရွယ်၏ လက်ဖျားများမှာ အေးစက် လာခဲ့၏။ သူမက စိုးရိမ်စွာဖြင့် ချန်းဖန်၏ အနားသို့ တိုးကပ် လိုက်သည်။

“ငါ ထွက်သွားမှာပါ ... ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး …”

ချန်းဖန်က လုယန်ရွယ်က လက်ကို ဆုပ်ကိုင် ရင်းမှ ပြောလိုက်သည်။

“တိမ်ကောင်းကင် အဘိုးအိုကို အကြောင်းပြန်လိုက် ... နောက် ဆယ်ရက် နေရင် ငါ သူ့ဆီကို လာတွေ့ပြီး သူ ဘာလုပ်ရဲမလဲ ဆိုတာ ကြည့်မယ် လို့”

ချန်းဖန်၏ စကားက လျှင်မြန်စွာပင် ခွန်ရှု့ နယ်မြေ တစ်ခုလုံးသို့ မုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွား၏။ မရေမတွက်နိုင်သော လူများမှာ ဆွံ့အ သွားကြသည်။

သူတို့သည် ချန်းဖန်မှာ လူသားကမ္ဘာမှ လာကြောင်း ခန့်မှန်းမိသည့်တိုင် ယခုကဲ့သို့ သူ ကိုယ်တိုင် မှန်ကန်ကြောင်း ဝန်ခံလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ ထိုအရာက ဂိုဏ်းကြီး ခုနစ်ဂိုဏ်းနှင့် ခွန်ရှု့ နယ်မြေကို အတိအလင်း စိန်ခေါ်လိုက်ခြင်း မဟုတ်ပါလား။

တစ်ချိန်တည်းတွင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းသည် ချန်းဖန်၏ နောက်ကြောင်းနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ် နေမိ၏။

ချန်းပေ့ရွှမ်းက ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ ဒေါသကို ရင်ဆိုင်ဝံ့သည် အထိ မည်သို့သော ဝှက်ဖဲများ ရှိနေရ သနည်း။

***

ခရမ်းရောင် လျှပ်စီးတောင်၊ ကောင်းကင် မိုးကြိုးဂိုဏ်း …

“ချန်းပေ့ရွှမ်းက ဂိုဏ်းချုပ် အပါအဝင် ငါတို့ ဂိုဏ်းသားတွေကို သတ်ဖြတ်ခဲ့တယ် ... သူကို  သတ်ပြီး ငါတို့ ဂိုဏ်းချုပ် အတွက် လက်စားချေရမယ်”

ကောင်းကင် မိုးကြိုးဂိုဏ်း၏ မဟာအကြီးအကဲ မြေကမ္ဘာ နတ်ဘုရား ကျူးမင်က ဒေါသတကြီး အော်ဟစ် လိုက်သည်။

ချန်းဖန်သည် လမ့်တိုင်တောင်၌ သူ၏ မျိုးဆက် ဝူတန့်ရှန်ကို သတ်ဖြတ်ခဲ့သည်။ ထိုစဉ်ကတည်းက သူသည် ချန်းဖန်အား သတ်ချင် နေသည့်တိုင် မည်သို့မျှ မလှုပ်ရှား ရဲခဲ့ချေ။

သို့သော်လည်း ယခုတွင်မူ အခြေအနေများကား လုံးဝ ခြားနား သွားခဲ့ပြီ ဖြစ်သည်။ အလွန် ဒေါသ ထွက်နေသော ဂိုဏ်းကြီး ခုနစ်ဂိုဏ်းနှင့် ပူးပေါင်း တိုက်ခိုက်မည် ဆိုပါက ချန်းဖန်ကို သတ်ရန်မှာ ခက်ခဲတော့မည် မဟုတ်ချေ။

“ဂိုဏ်းထဲက ရှိသမျှ ရတနာတွေနဲ့ တပည့်တွေကို စုစည်းကြစမ်း ... ငါတို့ ဂိုဏ်းချုပ်အတွက် ချန်းပေ့ရွှမ်းကို သွားသတ်ကြမယ်ဟေ့”

မြေကမ္ဘာ နတ်ဘုရား ကျူးမင်က အော်ဟစ် အမိန့်ပေး လိုက်၏။

***

လျှို့ဝှက် အဇူရာ ဂိုဏ်း …

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်သည် မျက်လုံးကို ပိတ်ရင်း ဆိတ်ငြိမ်စွာ ထိုင်နေခဲ့၏။

သူ၏ နံဘေးတွင်မူ ဒူးထောက်လျှက် ထိုင်နေသော တိုင်ယင် နတ်သမီးရှိသည်။ သူမ၏ ပါးပြင်၌ မျက်ရည်များက စိုရွှဲ နေခဲ့၏။

“ရွှမ်ဖုန်း ... သူက ကျွန်မတို့ရဲ့ ကလေးနော် ... ရှင်ရော ကျွန်မရောက မျှော်လင့်ချက်တွေ အားလုံးကို သူ့အပေါ်မှာ ပုံအောထားခဲ့တာ ... ဒါပေမဲ့ ချန်းပေ့ရွှမ်းက သူ့ကို သေမျိုး ကမ္ဘာမှာ သတ်ပစ်ခဲ့တယ် ... အဖေ တစ်ယောက် အနေနဲ့ ရှင် ဘာမှ မလုပ်တော့ဘူးလား”

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ လက်သည် တစ်ချက် တုန်ခါ သွားခဲ့၏။

“ရတယ်လေ ... ရှင် မသွားဘူး ဆိုရင် ကျွန်မ တစ်ယောက်တည်း သွားမယ်”

တိုင်ယင် နတ်သမီးက ဒေါသတကြီး ပြောရင်း အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။

သူမ တံခါးနားသို့ အရောက်၌ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က လေးပင်စွာဖြင့် သက်ပြင်း တစ်ချက် ချလိုက်၏။

“ကောင်းပြီ …”

***

လျှို့ဝှက် အဇူရာဂိုဏ်း၊ ကောင်းကင် မိုးကြိုးဂိုဏ်းများ အပြင် တရှီဂိုဏ်း၊ အမြုတေ ရောနှောခြင်းဂိုဏ်း၊ မိုးကြိုးတောင် စသည့် ဂိုဏ်းကြီးများမှာလည်း သူတို့၏ အင်အားများကို စုစည်းကြ၏။

ထို့အပြင် အမြုတေ ရောနှောခြင်း ဂိုဏ်းချုပ်သည် ချီချင်းဝေ့အား ပြန်ခေါ်သည်။ တစ်ချိန်တည်းတွင် ချီမူဖန်က နှင်းနတ်ဘုရား နန်းတော်သို့ ရောက်လာကာ ချီရှို့အာအား လာရောက် ခေါ်ဆောင်၏။

ချီရှို့အာမှာ ပထမ၌ ပြန်မလိုက်ချင်သော်လည်း ဖခင်ဖြစ်သူ၏ အကြပ်ကိုင်မှု၊ ချန်းဖန်၏ တိုက်တွန်းမှုတို့ကြောင့်  ချီရှန်းမြို့သို့ ပြန်လည် လိုက်ပါ သွားခဲ့သည်။

အဆုံး၌ လုယန်ရွယ် တစ်ယောက်သာ ချန်းဖန်နှင့်အတူ ကျန်ရစ်တော့၏။

“ရှောင်ရွယ် ... ငါက ပလိပ် ရောဂါသည်နဲ့ တူနေတယ်လို့ နင်မထင်မိဘူးလား …”

ချန်းဖန်က ရယ်မောရင်း မေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါကတော့ ဒီအခိုက်အတန့်ကို ကျေနပ်တယ် ... လူတွေ အားလုံးက နင့်ကို ပစ်သွားတဲ့ အချိန်မှာ ငါ တစ်ယောက်ပဲ နင့်ဘေးနားမှာ ရှိနေနိုင်တယ်လေ”

လုယန်ရွယ်က ကျေနပ်စွာဖြင့် ပြုံးရင်း ပြန်ပြောသည်။

“နင်မကြောက်ဘူးလား ... အခု ငါက ခွန်ရှု့ နယ်မြေ တစ်ခုလုံးရဲ့ ရန်သူ ဖြစ်နေပြီ ... သူတို့က ရတဲ့နည်းနဲ့ ငါ့ကို သတ်မှာ သေချာတယ် ... နင် ငါနဲ့ နေတာ အရမ်းကို အန္တရာယ် များတယ်”

ချန်းဖန်က လုယန်ရွယ်အား ကြည့်ရင်း လေးနက်စွာဖြင့် မေးလိုက်သည်။

“ကိစ္စ မရှိဘူး …”

လုယန်ရွယ်က ဆိုသည်။ သူမ၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် လင်းလက် နေ၏။

“ကောင်းတယ် …”

ချန်းဖန်က ခေါင်းညိတ် လိုက်၏။

“ငါ့ရဲ့ ရန်သူတွေက တစ်ကမ္ဘာလုံး ဖြစ်နေရင်တောင် ငါ သူတို့ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူ နိုင်တယ်”

၁၂ လပိုင်း ၂၀ ရက်နေ့ ...              

ချန်းဖန်သည် ယွင်ထျန်း နန်းတော်သို့ သွားခဲ့၏။

**

All Chapters