ဒူးထောက်မလား သေမလား
Vol. 8 Ch. 749
ကောင်းကင် မြို့တော် …
ကောင်းကင် မြို့တော်သည် ယွင်ထျန်း နန်းတော် အခြေစိုက်ရာ မြို့ဖြစ်ပြီး ခွန်ရှု့နယ်မြေ၏ အကြီးဆုံး မြို့လည်း ဖြစ်သည်။
ယနေ့ ကောင်းမြို့တော်တွင် ခွန်ရှု့ နယ်မြေ တစ်ခုလုံးရှိ ဂိုဏ်းများ၊ မိသားစုများ၊ တစ်ကိုယ်တော် ကျင့်ကြံသူများဖြင့် ပြည့်နှက် နေ၏။
“ချန်းပေ့ရွှမ်းက တကယ်ရော လာပါ့မလား …”
“နှင်းနတ်ဘုရား နန်းတော်ဆီက လာတဲ့ သတင်း အရဆို ချန်းပေ့ရွှမ်းက သူ့ရဲ့ နဂါးဖြူနဲ့ အတူ လာနေပြီတဲ့”
“ဒီတိုက်ပွဲက ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံး တိုက်ပွဲဖြစ်မှာ သေချာတယ် ... ယွင်ထျန်း နန်းတော်သာ ရှုံးရင် ငါတို့ အားလုံးက သူ့ရဲ့ လက်အောက်ကို ကျရောက်ရပြီပဲ”
ခွန်ရှု့ နယ်မြေ၏ များစွာသော ကျင့်ကြံသူများသည် တီးတိုး ဆွေးနွေးနေကြ၏။
“သေမျိုးကမ္ဘာကနေ ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက် ဘယ်လို ပေါ်လာရတာလဲ ... ငါသိသလောက်ဆို သေမျိုး ကမ္ဘာက ဝိညာဉ်ချီ ရှားပါးတဲ့အတွက် တန်ခိုးရှင် အဆင့်ကိုတောင် ရောက်ဖို့ ခက်ခဲတယ်တဲ့”
“ဘယ်သူက သိမှာလဲ ... ငါတော့ ယွင်ထျန်း နန်းတော် ဘယ်လို ပြင်ဆင်ထားလဲ ဆိုတာပဲ စိတ်ဝင်စားတယ်”
အချို့လူများမှာမူ တိုက်ပွဲ၏ ရလဒ်အတွက် စိတ်ပူနေကြသည်။
ချန်းပေ့ရွှမ်းကား အလွန်ပင် အစွမ်းထက်သည်။ သူသည် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကို အနိုင်ယူခဲ့သည့် အပြင် ဝိညာဉ် ရတနာကိုပါ လက်တစ်ဖက်တည်းဖြင့် ချိုးဖျက် ပစ်ခဲ့သည်။
ခွန်ရှု့ နယ်မြေ၏ သတ်မှတ်ချက် ဖြင့်ပင် သူသည် ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်သည်။ ယွင်ထျန်း နန်းတော် အနေဖြင့် သူ့အား ကိုင်တွယ်နိုင်မည်လား မည်သူမျှ သေချာ မသိကြချေ။
“ဟမ့် …”
တစ်ယောက်က နှာခေါင်းရှုံ့ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။
“ယွင်ထျန်း နန်းတော်ရဲ့ အင်အားက ဘယ်သူမှ မခန့်မှန်းနိုင်ဘူး ... သူတို့မှာ အရမ်း အစွမ်းထက်တဲ့ ပညာရှင် သုံးယောက်အပြင် အစွမ်းထက် ရတနာတွေလည်း ရှိသေးတယ် ... ကောလာဟလတွေ အရဆို ယွင်ထျန်း နန်းတော်ကို ကောင်းကင် တန်ခိုးရှင် တစ်ယောက်က စောင့်ရှောက် နေတယ်တဲ့ ... အဲဒါက အမှန်ဆိုရင် ချန်းပေ့ရွှမ်း အတွက် မျှော်လင့်ချက် မရှိတော့ဘူး”
လူအချို့က စကားပြောလိုက်သူအား ပြန်လည် ငြင်းခုန်ရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုသူ၏ ခရမ်းရောင် ဆံပင်နှင့် မီးတောက် မျက်လုံးများကို တွေ့မြင်ပြီး နောက်၌ ပါးစပ်ကိုသာ ပိတ်ထားလိုက်ကြ၏။
“သူက ဖန်ရှင်း တောင်ကြားရဲ့ ကျိမိသားစုဝင် တစ်ယောက်မလား ... ကြည့်ရတာ ကျိမိသားစုကလည်း ချန်းပေ့ရွှမ်းကို လက်စားချေဖို့ လာတာ ထင်တယ်”
ကျိမိသားစုကား ကောင်းကင် မြို့တော်သို့ ရောက်လာသည့် တစ်ခုတည်းသော အင်အားကြီး မိသားစု မဟုတ်ချေ။
မကြာခင် မရေမတွက်နိုင်သော အလင်းတန်းများသည် အရပ်မျက်နှာ မျိုးစုံမှ ကောင်းကင်မြို့တော်သို့ ဆင်းသက် လာကြ၏။
လဲ့ယင်တောင်၊ အမြုတေ ရောနှောခြင်း၊ ကောင်းကင်မိုးကြိုးဂိုဏ်း၊ တရှီဂိုဏ်းမှ အရှင်သခင်များကား ရောက်ရှိ လာချေပြီ ဖြစ်သည်။
ဂိုဏ်းကြီးများ အနက် နှင်းနတ်ဘုရား နန်းတော်မှ လွဲ၍ ကျန်ဂိုဏ်းများ အားလုံးမှာ သူတို့၏ အစွမ်း အထက်ဆုံး မြေကမ္ဘာ နတ်ဘုရားများကို ကောင်းကင်မြို့တော်သို့ ပို့လွှတ်ကြ၏။
“တစ် …”
“နှစ် …”
“သုံး …”
“ ... ”
“ဘုရားရေ ... မြေကမ္ဘာ နတ်ဘုရား ငါးဆယ်ကျော်တောင် ရောက်လာတာ ပါလား ... ယွင်ထျန်း နန်းတော်က မြေကမ္ဘာ အဆင့်တွေပါ ထည့်ပေါင်းရင် စုစုပေါင်း အင်အားက ခုနစ်ဆယ် ကျော်နေပြီ”
ကျင့်ကြံသူ လူအိုကြီး တစ်ယောက်က မယုံကြည်နိုင်စွာ ရေရွတ်သည်။
“ဒီအင်အားက ကောင်းကင် တန်ခိုးရှင် တစ်ယောက်ကိုတောင် အခက်တွေ့စေမှာ သေချာတယ် ... ကြည့်ရတာ ဒီတစ်ခေါက်တော့ ချန်းပေ့ရွှမ်း သေပြီ ထင်တာပဲ”
မကြာခင် ကောင်းကင်၌ ပိုမို များပြားသော အလင်းများ ပေါ်ထွက်လာ၏။ ခဏအတွင်းမှာပင် ကောင်းကင်မြို့တော်သို့ ရောက်လာသော မြေကမ္ဘာ နတ်ဘုရား အရေအတွက်ကား တစ်ရာကျော် သွားခဲ့ပြီ ဖြစ်သည်။
“သူတော်စင် တစ်ရာကျော် စုစည်းမှု ... ဒီလို အခိုက်အတန့်မျိုး မရှိတာ ခွန်ရှု့ နယ်မြေမှာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ”
များစွာသော လူများက ပင့်သက်ရှိုက်ရင်း တွေးမိ ကြသည်။ ဂုဏ်ယူသော ခံစားချက်က သူတို့၏ နှလုံးသား၌ ရုန်းကြွနေ၏။
ထိုအရာကား ခွန်ရှု့ နယ်မြေ၏ အစစ်အမှန် အင်အား ဖြစ်သည်။ ထိုအင်အားက ခွန်ရှု့ နယ်မြေ၏ မည်သည့် ရန်သူကိုမဆို ချိုးဖျက် နိုင်သည်။ ထိုအင်အား၏ ကာကွယ်မှု အောက်၌ သူတို့ ထာဝရ လုံခြုံစွာ နေနိုင် ပေလိမ့်မည်။
ချီမူဖန်သည် ချီညီအစ်မနှင့်အတူ ကောင်းကင် မြို့တော်သို့ ရောက်ရှိ နေခဲ့၏။ သူတို့သည် အဆင့်အတန်းအရ ယွင်ထျန်း နန်းတော်၏ ဖိတ်ကြားခြင်း မခံရရာ တည်းခိုခန်း တစ်ခုတွင်သာ နေကြရသည်။
ချီရှို့အာသည် တစ်စုံတစ်ခုကို တွေးရင်း ယွင်ထျန်း နန်းတော်ဆီ ရှိရာဆီသို့ ငေးမော ကြည့်နေ၏။ ချီချင်းဝေ့က သူမ၏ နံဘေးသို့ လျှောက်လာရင်း ဦးခေါင်းအား ညင်သာစွာ ပွတ်သပ် ပေးလိုက်သည်။
“ရှို့အာ ... ခု အချိန်မှာ ချန်းပေ့ရွှမ်းက ခွန်ရှု့ နယ်မြေ တစ်ခုလုံးရဲ့ ရန်သူ ဖြစ်နေတာ ... အဖေ နင့်ကို ပြန်ခေါ်ဖို့ ဆုံးဖြတ် လိုက်တာက ငါတို့ မိသားစု အတွက် အကောင်းဆုံး ရွေးချယ်မှု ပဲ”
ယခုအချိန်၌ ချန်းဖန် ဘက်မှ ရပ်တည်ခြင်းကား ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်ခြင်းနှင့် ခြားနားမှု မရှိချေ။ ထိုအရာကို သူတို့ အတွက်သာမက ချန်းဖန်ကိုပါ ဝန်ပိ စေနိုင်သောအရာ ဖြစ်သည်။
“ဟုတ်ကဲ့ …”
ချီရှို့အာက ဖြည်းညင်းစွာဖြင့် သူမ၏ ခေါင်းကို ညိတ်လိုက်၏။
***
ထိုအချိန် ယွင်ထျန်း နန်းတော်၏ ခန်းမကြီးတစ်ခု အတွင်း၌ …
များစွာသော မြေကမ္ဘာ အဆင့်များသည် ကိုယ်ပိုင် ပလ္လင်များထက်၌ တင်ပျဉ်ချိတ်ကာ ထိုင်နေကြ၏။ ထိုအထဲ၌ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၊ တိုင်ယင် နတ်သမီး၊ ကောင်းကင် မိုးကြိုးဂိုဏ်း မဟာ အကြီးအကဲတို့ပါ ပါဝင်နေသည်။
“အားလုံးပဲ ... ကောင်းကင် မြို့တော်ကို လာပြီး ကျုပ်ကို ကူညီ ပံ့ပိုးပေးကြတဲ့အတွက် ကျေးဇူး တင်ပါတယ်”
ထိပ်ဆုံးရှိ ပလ္လင်တွင် ထိုင်နေသော တိမ်ကောင်းကင် အဘိုးအိုက လက်နှစ်ဖက်ကို ယှက်ရင်း ကျယ်လောင်သော အသံဖြင့် ဆိုလိုက်၏။
“ဟားဟား ... ခင်ဗျားက ယဉ်ကျေးလွန်း နေပါပြီ ... ချန်းပေ့ရွှမ်းက ကျူပ်တို့ အားလုံးရဲ့ ရန်သူပဲ ... ဒီပြဿနာက ကျုပ်တို့နဲ့လည်း သက်ဆိုင်ပါတယ်”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က ရယ်မောရင်း ပြန်ပြောသည်။ သူ၏ အသံလှိုင်း ရိုက်ခတ်မှုတွင် ခန်းမကြီး တစ်ခုလုံးသည် တုန်ရီ၍ သွား၏။
“အမှန်ပဲ ... နောက်ပြီးတော့ ငါတို့သာ တစ်ကိုယ်ချင်းစီ တိုက်ခိုက်မယ် ဆိုရင် ချန်းပေ့ရွှမ်းကို နိုင်မှာ မဟုတ်ဘူး”
အမြုတေ ရောနှောခြင်းဂိုဏ်း၏ မြေကမ္ဘာ နတ်ဘုရားကလည်း ဆိုသည်။
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာမူ ဘာကိုမျှ ဝင်မပြောပဲ တိတ်ဆိတ် ငြိမ်သက်စွာသာ ထိုင်နေခဲ့၏။ သူသည် ရှေ့တွင် ရှိသော ဝိုင်ခွက်နှင့် ပုလင်းမှ လွဲ၍ မည်သည့် အရာကိုမျှ စိတ်ဝင်စားပုံ မရချေ။
“ရား …”
ထိုအချိန်မှာပင် ကျယ်လောင်သော နဂါး အော်သံ တစ်ခု ပေါ်ထွက်လာ၏။ လူတိုင်းက အသံလာရာသို့ ကြည့်လိုက်ကြရာ မီစတာ ရာချီ ရှည်လျားသော ရေနဂါးဖြူကြီးကို တွေ့ကြရသည်။
နဂါးဖြူ၏ ဦးခေါင်းထက်တွင်မူ လက်နှစ်ဖက် နောက်သို့ ပစ်ကာ ရပ်နေသော ချန်းဖန် ရှိသည်။ သူ၏ နံဘေးတွင်မူ လုယန်ရွယ်က တည်ငြိမ်စွာ မတ်တတ် ရပ်နေခဲ့သည်။
ချန်းပေ့ရွှမ်းက ရောက်ရှိ လာချေပြီ ဖြစ်လေသည်။
ကောင်းကင်မြို့တော် တစ်ခုလုံးရှိ လူများသည် မတ်တတ်ရပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်သို့ ကြည့်ကြ၏။ ထိုတိုက်ပွဲက ခွန်ရှု့ နယ်မြေ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲ မဟုတ်ပါလား။
ချန်းဖန်ကမူ ယွင်ထျန်း နန်းတော် ရှိရာသို့ ဦးတည်ရင်း အော်ဟစ် လိုက်၏။
“ငါက ကမ္ဘာက လာတဲ့ ချန်းပေ့ရွှမ်းပဲ ... ငါ့ကို တွေ့ချင်တယ် ဆိုတဲ့ ယွင်ထျန်း နန်းတော် ဂိုဏ်းချုပ် ဘယ်မှာလဲ”
ထိုအသံက လှိုင်းများ အလား ယွင်ထျန်း နန်းတော်သို့ လွင့်ပျံသွား၏။ အသံလှိုင်း၏ ရိုက်ခတ်မှုတွင် ယွင်ထျန်း နန်းတော် တစ်ခုလုံးကား တဆတ်ဆတ်ပက် တုန်ရီ သွားသည်။
ယွင်ထျန်း နန်းတော်ရှိ အစောင့်များကား အသံလှိုင်း တိုက်ခိုက်မှုကို ခုခံရန်အတွက် အစီအရင်များကိုပင် အသက်သွင်း လိုက်ရသည်။
“ဆရာ ရောက်လာပြီ …”
ကောင်းကင်ရှိ ပုံရိပ်ကို ကြည့်ရင်း အားရှို့၏ မျက်နှာသည် ဝင်းလက် သွား၏။
ပိုင်စုရှင်း၊ ချီချင်းဝေ့နှင့် တောင်ပိုင်းနိုင်ငံ မင်းသမီးလေးတို့ကလည်း ချန်းဖန်အား ရှုပ်ထွေးသော ခံစားချက်များနှင့် ကြည့်ကြသည်။
“ကျင့်ကြံသူချန်း ... ကြိုဆိုပါတယ်”
ယွင်ထျန်း နန်းတော်ဆီမှ ငြိမ်းချမ်းသော အသံတစ်ခု ထွက်ပေါ်လာ၏။
ထိုအသံက မိုးစက်မိုးပေါက်များအလား ကောင်းကင်သို့ ဖြန့်ကြက်ရင်း ချန်းဖန်၏ အသံလှိုင်း တိုက်ခိုက်မှုကို တားဆီးသည်။
လူတိုင်းသည် တိမ်ကောင်းကင် အဘိုးအို၏ စွမ်းရည်ကို ကြည့်ကာ အံ့အားသင့် သွားကြ၏။ ထိုတုံ့ပြန်မှုကား လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထက် အားနည်းခြင်း မရှိချေ။
သို့သော်လည်း ချန်းဖန်ကမူ တုန်လှုပ်ခြင်း အနည်းငယ်ပင် မရှိချေ။ သူက ရေနဂါးဖြူ အထက်မှ ယွင်ထျန်း နန်းတော်ရှေ့ ရင်ပြင်ကျယ်သို့ ပျံသန်း၍ ဆင်းသက်၏။
ထိုအချိန်၌ လုယန်ရွယ်၏ မျက်နှာမှာမူ ဖြူရော် နေခဲ့ပြီ ဖြစ်သည်။ သူမက ချန်းဖန်၏ အနားသို့ တိုးကပ်ရင်း လက်မောင်းအား ဆုပ်ကိုင် ထား၏။
မည်မျှပင် သတ္တိရှိသည့် မိန်းကလေး ဖြစ်ပါစေ၊ ရာချီသော အရေအတွက် ရှိသည့် မြေကမ္ဘာ နတ်ဘုရားများနှင့် ရင်ဆိုင်ရချိန်၌ သွေးပျက်မိမည်မှာ အမှန်ပင် ဖြစ်သည်။
“ချန်းပေ့ရွှမ်း ... မင်း တကယ်ပဲ မလာခဲ့သင့်ဘူး”
ကောင်းကင် မိုးကြိုးဂိုဏ်း၏ အကြီးအကဲ တစ်ယောက်က ချန်းဖန်အား ကြည့်ရင် ဆိုလိုက်သည်။
“ဒါနဲ့ မင်းက ဘယ်သူလဲ …”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ထိုအကြီးအကဲအား ကြည့်လိုက်သည်။
ချန်းဖန်၏ မောက်မာသော တုံ့ပြန်ပုံက အကြီးအကဲ၏ မျက်နှာအား နီရဲ သွားစေသည်။ သူက ဒေါသတကြီးဖြင့် တစ်ခုခု ပြန်ပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် မြေကမ္ဘာ နတ်ဘုရား ကျူးမင်က နှာခေါင်းရှုံ့ရင်း ဝင်ရောက် ပြောလိုက်သည်။
“မင်း သူ့ကို မသိရင်တောင် ငါ့ကိုတော့ သိရမယ် ... မင်းက ငါတို့ ဂိုဏ်းချုပ် အပြင် ငါ့ရဲ့ မျိုးဆက်ကိုပါ သတ်ဖြတ်ခဲ့တယ် ... အဲဒီ ပြစ်မှု အတွက် မင်း ဒီနေ့မှာ ပြန်ပြီး ပေးဆပ် ရမယ်”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်သည် ကောင်းကင် မိုးကြိုးဂိုဏ်း၏ မဟာ အကြီးအကဲ ဖြစ်သည်။ ထို့ကြောင့် သူသည် ကောင်းကင် မိုးကြိုးဂိုဏ်း၏ ကိုယ်စား စကားပြောနိုင်၏။
“ဒီတော့ ... မင်းတို့ အားလုံးက ယွင်ထျန်း နန်းတော်နဲ့အတူ ငါ့ကို တိုက်ခိုက်ကြ မယ်ပေါ့”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း များစွာသော မြေကမ္ဘာ နတ်ဘုရားများအား တစ်ချက် ဝှေ့ကြည့်လိုက်၏။
“တကယ်လို့ သင်သာ ခုချက်ချင်း အညံ့ခံပြီး လဲ့ယင်တောင်မှာ နှစ်သုံးရာ အပြစ် ဆင်ခြင်မယ် ဆိုရင် ... နောက်ပြီး ငါ့ကို သင့်ရဲ့ ခန္ဓာကျင့်စဉ် ပေးမယ် ဆိုရင် ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးဖို့ အားလုံးဆီမှာ တောင်းဆိုပေးမယ်”
ဆင်နတ်ဘုရားက ဆိုလိုက်သည်။
“လောဘ ကြီးလိုက်တဲ့ ဘုန်းကြီး …”
ကျိမိသားစု ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်၏။
“ချန်းပေ့ရွှမ်း ... ငါ မင်းနဲ့ ခန္ဓာ ကျင့်စဉ်ကို မလိုသလို မင်းကိုလည်း အကျဉ်းမချဘူး ... မင်းရဲ့ မီးနတ်ဘုရား စွမ်းအားကို ငါ့ကို ပေးပြီး ခွန်ရှု့ နယ်မြေကို ဘယ်တော့မှ မလာတော့ဘူးလို့ ကတိပဲပေး ... ငါ မင်းကို ဒီကနေ ထွက်သွားဖို့ ကူညီပေးမယ်”
အခြားသော ဂိုဏ်းချုပ်များကလည်း ချန်းဖန်ထံမှ သူတို့ အလိုရှိသည့် အရာများကို တောင်းဆိုကြ၏။ အချို့က ချန်းဖန်၏ ဓမ္မရတနာများကို တောင်းဆိုကြပြီး အချို့က ချန်းဖန်၏ ခွန်ပန် ကောင်းကင် ပန်းချီကို တောင်းဆို ကြသည်။
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်နှင့် တိမ်ကောင်းကင် အဘိုးအိုတို့သာ တိတ်ဆိတ်စွာဖြင့် ချန်းဖန်အား ကြည့်နေခဲ့ကြသည်။ သူတို့ကား အခြား အရာများထက် ချန်းဖန်၏ အသက်ကိုသာ လိုချင် နေကြပုံ ပေါ်သည်။
“မင်းတို့ အားလုံး ပြောလို့ ပြီးပြီလား ... မင်းတို့ ပြီးရင် ငါ့အလှည့်ပေါ့”
ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။
“ငါကတော့ တစ်ခုပဲ တောင်းဆိုမယ် ... ခွန်ရှု့ နယ်မြေ တစ်ခုလုံး ငါ့ရှေ့မှာ ဒူးထောက် မဟုတ်ရင် မင်းတို့ အားလုံးကို ငါ သတ်မယ်”
***