တိုက်ခိုက်ခြင်း
Vol. 8 Ch. 750
ချန်းဖန်အတွက် ခွန်ရှု့ နယ်မြေမှ မြေကမ္ဘာ နတ်ဘုရားများမှာ ပြောပလောက်သော ရန်သူ မဟုတ်ချေ။
သို့သော်လည်း သူကား မကြာခင် ကမ္ဘာမှ ထွက်ခွာတော့မည့်သူ ဖြစ်သည်။ သူ မရှိသည့် အချိန်၌ ခွန်ရှု့ နယ်မြေက သူတို့၏ လက်စားချေမှု အတွက် ကမ္ဘာအား မကျူးကျော်ဟု မည်သူမျှ အာမ မခံနိုင်ချေ။
ထို့အပြင် ခွန်ရှု့နယ်မြေကား ကမ္ဘာ့နိုင်ငံများ၏ ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်နေသော ပြဿနာ ဖြစ်သည်။ ထို့ကြောင့်ပင် ချန်းဖန်က သူ ကမ္ဘာမှ မထွက်ခွာခင် ခွန်ရှု့ နယ်မြေအား ဖိနှိပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ချန်းပေ့ရွှမ်း ... ခွန်ရှု့ နယ်မြေရဲ့ အင်အားက စပြီး တည်ထောင်တဲ့ အချိန်ကစလို့ အမြဲတမ်း ဟန်ချက် ညီခဲ့တယ် ... အဲဒီ ဟန်ချက်ကို ဖျက်ဆီးပစ်နိုင်မယ်လို့ မင်းက ထင်နေတာလား”
တရှီဂိုဏ်းချုပ်က မောက်မာစွာ ဆိုလိုက်၏။
“အရိုင်းအစိုင်းကောင် ... မင်းက ဒီနယ်မြေမှာ ထင်တိုင်းကြဲရအောင် ငါတို့ကို သေသွားပြီလို့ ထင်နေတာလား …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်ကလည်း နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
“ဘယ်လောက်ပဲ အစွမ်းထက်ထက် ... မင်းက တာအိုကို ကံကောင်းလို့ တွေ့ရှိခဲ့တဲ့ သေမျိုး တစ်ယောက် သာသာပဲ”
“ငါက အရိုင်းအစိုင်း ဟုတ်လား …”
ချန်းဖန်က အေးစက်စွာ ရယ်မော လိုက်သည်။
“ကောင်းပြီလေ ... ဒီတော့ မင်းတို့ကို ငါက အရိုင်းစိုင်းဆုံး နည်းလမ်းနဲ့ သတ်ပြရမှာပေါ့”
“ဟမ့် ... ငါက မင်းကို ကြောက်နေမယ်များ ထင်နေလား”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က လက်အား ဝှေ့ယမ်းလိုက်ရာ သူ၏ လက်၌ အနက်ရောင် လှံတံ တစ်ခု ပေါ်လာ၏။
ထိုလှံတံက နေရောင် အလင်း၏ အောက်၌ အနက်ရောင် သလင်းကျောက်သဖွယ် တဖိတ်ဖိတ် တောက်ပနေ၏။
များစွာသော မြေကမ္ဘာ အဆင့်များက ထိုလှံတံကို ကြည့်ကာ အသိအမှတ်ပြုသည့် သဘောဖြင့် ခေါင်းညိတ် လိုက်ကြသည်။
“အမှောင်ယင်လှံ ... ကျူးမင်က ကျင့်စဉ်ကို အောင်မြင်သွားပြီပဲ …”
တရှီဂိုဏ်းချုပ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အမြုတေ ပေါင်းစည်းခြင်း ဂိုဏ်းချုပ်ကလည်း မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။
“အမှောင်ယင်လှံက မရေမတွက်နိုင်တဲ့ သေမျိုး ဝိညာဉ်တွေနဲ့ မြေအောက်လောကရဲ့ နတ်ဆိုး မိုးကြိုးချီကို သုံးပြီး ဖန်တီးရတယ် ... ဒီကျင့်စဉ်ကို အောင်မြင်ဖို့ အတွက် ကျူးမင်က သန်းနဲ့ချီတဲ့ သေမျိုး ဝိညာဉ်တွေကို သုံးရမှာ သေချာတယ်”
“အောမိသောဖော …”
ဆင်နတ်ဘုရားက လက်အုပ်ချီရင်း ခေါင်းအား ငုံ့လိုက်၏။
“ကောင်းကင် မိုးကြိုးဂိုဏ်းက အရမ်း ခွန်ရှု့နယ်မြေကို စိုးမိုးဖို့ မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ကို အရင်းအမြစ်တွေ ပုံအောပြီး ပေးနေတယ်လို့ ကောလဟာလတွေ ကြားမိတယ် ... ကြည့်ရတာ အဲဒီ မြေကမ္ဘာ နတ်ဘုရားက ကျူးမင် ဖြစ်နေတဲ့ ပုံပဲ”
“ဟား ... ဟား …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က အော်ဟစ် ရယ်မောရင်း ချန်းဖန်ဆီသို့ ပြေးဝင်ကာ လက်ထဲရှိ လှံတံဖြင့် တရကြမ်း တိုက်ခိုက် လိုက်၏။
“ဟမ့် …”
ချန်းဖန်က ဂရု မစိုက်စွာပင် သူ၏ လက်တစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်၏။ ထို့နောက် သူက လက်ညှိုးအား ဆန့်ထုတ်ကာ လှံတံအား တောက်ထုတ်လိုက်သည်။
“ချန်းပေ့ရွှမ်း ... မင်းက ငါ့ ထောင်ချောက်ထဲကို တန်းတန်းမတ်မတ် ဝင်လာတာပဲ ... အမှောင်ယင်လှံက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မင်းကိုငါ ပြရမှာပေါ့”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က စိတ်ထဲမှ ကျိတ်ကာ လှောင်လိုက်ည်။
အမှောင်ယင်လှံကား နတ်ဆိုး ယင်ချီဖြင့် ဖန်တီးထားသော လှံဖြစ်သည်။ အမြုတေ ဖွဲ့စည်းခြင်း အဆင့် မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ပင် ထိုလှံ တိုက်ခိုက်မှုကို ခန္ဓာကိုယ် သက်သက်ဖြင့် ရင်ဆိုင်ဝံ့မည် မဟုတ်ချေ။
”ခရက် …”
လှံတံနှင့် ထိတွေ့သည်နှင့် ချန်းဖန်၏ လက်ညှိုး၌ ရွှေရောင် အလင်းများ တောက်ပ လာ၏။
“ပျက်စီးတော့ …”
ချန်းဖန်က အမိန့်ပေးလိုက်ရာ ရွှေရောင် အလင်းများက ပြိုင်ဘက်ကင်း စွမ်းအားကို ထုတ်လွှတ်၏ လှံတံအား ဝါးမျို၏။
“ဘုန်း …”
ရွှေရောင် အလင်းများ၏ ဝါးမျိုမှုတွင် အမှောင်ယင်လှံသည် အပိုင်းပိုင်းအစစအဖြစ် ပျက်စီး ပြိုကွဲ၏။
“ကလန့် …”
သို့သော်လည်း ချန်းဖန်၏ လက်ညှိုးက ရပ်တန့်ခြင်း မရှိဘဲ မြေကမ္ဘာ နတ်ဘုရား ကျူးမင်၏ ရင်ဘတ်သို့ ထိုးဖောက်သည်။
“သွားစမ်း …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က ထူးဆန်းသော လက်နက် တစ်ခုကို ပစ်လွှတ်၍ ချန်းဖန်၏ လက်ညှိုးအား တားဆီး လိုက်၏။
“ဘုန်း …”
အကာအကွယ်၏ အောက်တွင်ပင် လက်ညှိုး၏ အင်အားက မြေကမ္ဘာ နတ်ဘုရား ကျူးမင်၏ ခန္ဓာကိုယ်အား နောက်သို့ လွင့်စဉ် သွားစေ၏။
“အဲဒါက …”
သူ၏ လက်ညှိုးအား ခုခံလိုက်သော လက်နက်ကို ကြည့်၍ ချန်းဖန်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။
“အဲဒါက ကောင်းကင် မိုးကြိုးဂိုဏ်းရဲ့ ဝိညာဉ်ရတနာ နတ်ဘုရား မိုးကြိုး ကြေးပြားပဲ”
လုယန်ရွယ်က ဆိုလိုက်သည်။
သူမသည် နှင်းနတ်ဘုရား နန်းတော်တွင် နေထိုင်စဉ်က ကျော်ကြားသော လက်နက်များ အကြောင်းကို လေ့လာခဲ့ဖူးရာ ထိုလက်နက်ကို မှတ်မိနေခြင်း ဖြစ်သည်။
“ချန်းပေ့ရွှမ်း ... အရိုင်းအစိုင်းကောင်”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က ဒေါသတကြီး အော်ဟစ်ရင်း ချန်းဖန်ဆီသို့ ပြန်လည် တိုးဝင်လာ၏။
“ဘုန်း …”
တစ်ချိန်တည်း၌ သူ၏ နတ်ဘုရား မိုးကြိုး ကြေးပြားက ဇုနတ်မင်း၏ မိုးကြိုး လက်နက်အလား လျှပ်စီးအလင်းများကို ထုတ်လွှတ်သည်။ ထိုအလင်းများက ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို တိုက်စားကာ ချန်းဖန်အား ဝါးမျိုရန် ကြိုးစားသည်။
“မြေကမ္ဘာ နတ်ဘုရား ကျူးမင်က ကောင်းကင် မိုးကြိုးဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ဓမ္မ ရတနာကို ယူလာတာပဲ ... ကြည့်ရတာ သူက ကောင်လေးကို တော်တော်မုန်းနေတာ ဖြစ်ရမယ်”
တရှီဂိုဏ်းချုပ်က ပြုံးရယ်ရင်း မှတ်ချက်ချ လိုက်သည်။
“ဘုန်း …”
လျှပ်စီးအလင်းများက နဂါးတစ်ကောင်အလား အလုံးစုံကို ဖျက်ဆီးကာ ချန်းဖန်ထံသို့ တိုးဝင်လာ၏။
ချန်းဖန်က အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် သူက ရွှေရောင် အကာအကွယ် အလင်းကို ရုပ်သိမ်းကာ ထိုလျှပ်စီးများအား ခန္ဓာကိုယ် ပေါ်သို့ တိုက်ရိုက် ကျခွင့် ပေးလိုက်၏။
“အဲဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ နေတာပဲ ... အဲဒီ တိုက်ခိုက်မှုက ကောင်းကင် တန်ခိုးရှင် တစ်ယောက်ကိုတောင် ထိခိုက် စေနိုင်တယ်လေ”
များစွာသော လူများက တွေးလိုက် ကြ၏။
“ဟီး ... ဟီး …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်၏ မျက်နှာက ဝင်းပသွား၏။
“ဘုန်း …”
သူ၏ အကြည့်များ အောက်တွင်ပင် လျှပ်စီးများက ချန်းဖန်၏ ရင်ဘတ်ပေါ်သို့ ကျသည်။
သို့သော်လည်း မယုံကြည်နိုင်စွာပင် ချန်းဖန်၏ ခန္ဓာကိုယ်က တစ်ချက်ပင် ယိမ်းယိုင် မသွားဘဲ မူလ နေရာတွင်ပင် မားမားမတ်မတ် ရပ်တည် နေခဲ့၏။
“ဘာလဲ …”
လူတိုင်း ဆွံ့အ သွားကြ၏။
“မဖြစ်နိုင်ဘူး …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က သူ၏ လက်ထဲမှ နတ်ဘုရား မိုးကြိုး ကြေးပြားအား ငုံ့ကြည့်လိုက်သည်။
ထိုအရာကား ကောင်းကင် မိုးကြိုးဂိုဏ်း၏ အစွမ်းအထက်ဆုံး ဝိညာဉ်ရတနာ ဖြစ်သည်။ သို့သော်လည်း ထိုဝိညာဉ် ရတနာက မြေကမ္ဘာ နတ်ဘုရား တစ်ယောက်၏ ခန္ဓာကိုယ်ကိုပင် မထိုးဖောက် နိုင်သည်လား။
“နောက်တစ်ကြိမ် …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က အံကို တင်းတင်းကြိတ်ရင်း လျှပ်စီး အလင်းများကို ထပ်မံ ပစ်လွှတ်လိုက်၏။ ထိုအလင်းများကား ပထမ တိုက်ခိုက်မှုထက် အဆများစွာ ပိုမို ပြင်းထန်သည်။
“ဟဟ …”
ချန်းဖန်က အေးဆေးစွာပင် ထိုအလင်းများအား သူ၏ ခန္ဓာကိုယ်ဖြင့် တားဆီး လိုက်ပြန်၏။ ထို့နောက် သူက လက်တစ်ဖက်အား ဝှေ့ယမ်း လိုက်သည်။
“လာစမ်း …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်၏ လက်ထဲရှိ နတ်ဘုရား မိုးကြိုး ကြေးပြားက တုန်ရီလာကာ ရုန်းထွက်ရန် ကြိုးစား၏။
“ဘာဖြစ်တာလဲ …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က နတ်ဘုရား မိုးကြိုး ကြေးပြားအား လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ရင်း တားဆီးသော်လည်း ထိုအရာက ပြင်းထန်သော အဟုန်ဖြင့် ရုန်းထွက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
“ကလန့် …”
နောက်ဆုံး၌ နတ်ဘုရား မိုးကြိုး ကြေးပြားကား ကျူးမင်၏ လက်မှ လွတ်ကာ ချန်းဖန်၏ လက်သို့ ဆင်းသက်၏။
“ကျူးမင် အန္တရာယ် ရှိနေပြီဟေ့ ... အတူတူ တိုက်ကြရအောင်”
ဆင်နတ်ဘုရားက အော်ဟစ်ရင်း ထူးဆန်းသော ဗုံတစ်လုံးအား ထုတ်ယူလိုက်၏။
မဟာ မိုးကြိုးဗုံ…
ထိုအရာကား လဲ့ယင်တောင်၏ ဝိညာဉ် ရတနာ ဖြစ်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ဘုန်းကြီးအိုက ဗုံအား လက်နှစ်ဖက်ဖြင့် တီးခတ် လိုက်ရာ ရွှေရောင် အသံလှိုင်းများ ထွက်ပေါ်လာ၏။
“ငါတို့လည်း ကူညီမယ် …”
ဖန်ရှင်း တောင်ကြား ကျိမိသားစု ခေါင်းဆောင်နှင့် အမြုတေ ပေါင်းစည်းခြင်း ဂိုဏ်းချုပ်တို့ကလည်း သူတို့၏ ဝိညာဉ် ရတနာများနှင့်အတူ ချန်းဖန်ထံသို့ ပြေးဝင် လာကြသည်။
ခဏအတွင်းမှာပင် ချန်းဖန်ကား ခွန်ရှု့ နယ်မြေ အရှင်သခင် လေးယောက်၏ ဝန်းရံမှု အလယ်သို့ ကျရောက် သွားခဲ့ပြီ ဖြစ်လေသည်။
***